မှော်ဝိဇ္ဇာရဲ့ ရှေ့ဖြစ်ဟောပြောမှု
Vol. 014 Ch. 1379
ဤနေ့ရက်များတွင် မှော်ဝိဇ္ဇာနန်းတော်၌ ပျားပန်းခတ်တမျှ လှုပ်ရှားနေကြသည်။ အထူးသဖြင့် မနေ့ကစ၍ ဖြစ်သည်။
မှော်ဝိဇ္ဇာက သူ၏ ထုံးစံကို ပြောင်းကာ လာလည်သည့် လူများကို ငြင်းပယ်ခြင်းမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေသော လည်ပတ်သူများကို စတင်ကာ လက်ခံတွေ့ဆုံနေသည်။
များပြားလှသည့် နတ်ဆိုးသားရဲကြီးများနှင့် လူသားတန်ခိုးရှင်များပင်လျှင် ယခင်နှစ်ရက်မှ စကာ မှော်ဝိဇ္ဇာနန်းတော်သို့ လာရောက် လည်ပတ်ကြပြီး အနာဂတ်ကြည့်ပေးရန် တောင်းဆိုကြသည်။
လူအများသည် ဤတစ်ကြိမ်၌ မှော်ဝိဇ္ဇာ၏ ပုံမှန်မဟုတ်သော အပြုအမူသည် ကောင်းကင်အာဏာစက်ဘုံ၏ ပြောင်းဘဲမည့် အနာဂတ်နှင့် သူ၏ နှုတ်ဖျားမှ ထွက်လာသည့် ပုဂ္ဂိုလ်ကြီးတို့ဖြင့် ပတ်သက်နေသည်လားဟု ခန့်မှန်းနေကြသည်။
မှော်ဝိဇ္ဇာနန်းတော်သည် နတ်ဆိုးမြို့ဟောင်း၏ အနောက်ဘက်တွင် တည်ရှိသည်။ နေရာသည် အလွန် ကျယ်ပြောပြီး မြူများဆိုင်းနေတတ်ကာ ထာဝရရှင်သန်သူတို့၏ နယ်မြေကဲ့သို့ ထင်မှတ်ရသည်။
ယခုတွင် လူများစွာသည် ကွင်းကြီးတစ်ခုတွင် ရပ်နေကြသည်။ သူတို့၏ ရှေ့တွင် မီတာထောင်ချီသည် လှေကားထစ်များရှိပြီး ထိုလှေကားများ၏ အထက်တွင် နန်းတော်တစ်ခု ရှိသည်။ ယင်းမှာ ခမ်းနားထည်ဝါခြင်း မရှိသော်လည်း ထူးဆန်းသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။
လှေကားများ အထက်နှင့် နန်းတော်အပြင်ဘက် နန်းတော်တံခါးဝဘေးတွင် နတ်ဆိုးသားရဲ ရုပ်ထုတစ်ခု ရှိ၏။
ဤနတ်ဆိုးသားရဲသည် မတူညီသည့် နတ်ဆိုးသားရဲကြီးများ၏ လက္ခဏာများစွာကို ပေါင်းစပ်ထားပြီး ကျားခေါင်း၊ ချိုတစ်ချောင်း၊ ခွေးနားရွက်နှစ်ဖက် နဂါးခန္ဓာကိုယ်၊ ခြင်္သေ့အမြီး နှင့် ဦးချိုတစ်ချောင်းရှိ ဒဏ္ဍာရီမြင်း(ယူနီကွန်း)၏ ခြေထောက်များ ရှိသည်။ ၎င်းက ရုပ်တုတစ်ခုသာ ဖြစ်သော်လည်း ရုပ်တု၏မျက်လုံးများက အသက်ဝင်နေပေသည်။ ရုပ်တုသည် မှော်ဝိဇ္ဇာနတ်ဆိုးသားရဲ၏ သဏ္ဌာန်ဖြစ်သည်။
သို့သော် ယနေ့ နတ်ဆိုးဘုံရှိ ဤ မှော်ဝိဇ္ဇာနန်းတော်တွင် မှော်ဝိဇ္ဇာသားရဲ တစ်ကောင်သာ ရှိလေသည်။
ရီဖူရှင်း ရောက်လာသည့် အချိန်တွင် အပြင်ဘက်၌ များပြားလှသော နတ်ဆိုးသားရဲများနှင့် လူသားများ စောင့်ဆိုင်းလျက် ရှိနေကြပေသည်။
ရီဖူရှင်းသည် လူသားတန်ခိုးရှင် လောကမှ ရင်းနှီးနေသည့် ပုံရိပ်များကိုပင် မြင်တွေ့ခဲ့သည်။
ဥပမာအနေနှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များလည်း ဤနေရာသို့ ရောက်ရှိလာကြပေသည်။
ရီဖူရှင်း ရောက်လာသည့်အခါ လူအများက သူ့ကို ကြည့်လိုက်ကြသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များလည်း သူ့ကို သတိပြုမိကြ၏။ သို့သော် သူမသည် အံ့သြခြင်းမရှိစွာနှင့် မျက်လုံးများကို အဝေးသို့ ကြည့်လိုက်သည်။
သို့ပေမဲ့ သူမက အနည်းငယ် သံသယရှိနေသည်။ ရီဖူရှင်းက မည်သည့်အကြောင်းအရာကို မေးမြန်းလိုသနည်း။ သူ၏ အနာဂတ်လား။
“လူတွေ မှော်ဝိဇ္ဇာနန်းတော်ကို လာလည်ကြတယ်ဆိုတာ သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်း အနာဂတ်ကို သိချင်ကြလို့။ တချို့ကကျတော့လည်း သူတို့ မိသားစုရဲ့ ကံကြမ္မာကို မေးချင်ကြတယ်။ ပြီးတော့ တချို့ကတော့ နောက်ပိုင်း ဘာလုပ်ရမယ်ဆိုတဲ့အကြောင်း မေးကြတယ်။ အတိုချုပ်ရရင်တော့ မေးခွန်းအားလုံးက အဲဒီအမျိုးအစားတွေပါပဲ။ အချို့ လူသားမိန်းကလေးတွေကတော့ လက်ထပ်ခြင်းအကြောင်း မေးမြန်းကြတယ်။ ဒါပေမဲ့ အဲဒါကတော့ ဖြစ်ခဲပါတယ်” ကျူးကျောက် ရီဖူရှင်းကို ပြောလိုက်သည်။
သူ၏ စကားများကို ကြားပြီးနောက်၌ ရှားရှင်းယွန်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်များ ပေါ်ပေါက်လာသည်။
ရီဖူရှင်းသည် မျက်ခုံးတို့ကို ပင့်မလိုက်ပြီး ပြောသည်။ “မှော်ဝိဇ္ဇာက လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကိုရော သိနိုင်လား”
“မသိဘူး၊ ဒါပေမဲ့ ဒီနေ့ရောက်လာတဲ့ လူတချို့ကလည်း မင်းလိုပဲ သူတို့လည်း တစ်ယောက်ယောက်ရဲ့ သေခြင်းရှင်ခြင်းကို သိချင်နေကြတာ ဖြစ်လိမ့်မယ်” ကျူးကျောက် ပြောလိုက်သည်။ ရီဖူရှင်းက သူ ဆိုလိုသည်ကို နားလည်လေသည်။
ကောင်းကင်အာဏာစက်ဘုံမှ လူများစွာသည် ဂူထျန်းရှင်း သေသည် ရှင်သည်ဟူသော ကိစ္စအား သိလိုနေကြပေသည်။
ထိုအခိုက်တွင် လူတစ်ယောက် လျှောက်လာပြီး လှေကား အစွန်းပေါ်တွင် ရပ်လိုက်သည်။ သူသည် ငယ်ရွယ်သည့် တံခါးစောင့် ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းက ရှန့်ထိုအဆင့် ဖြစ်ပေသည်။ သူသည် နတ်ဆိုးသားရဲကြီးတစ်ကောင်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“ဝင်လာခဲ့”
နတ်ဆိုးသားရဲကြီးက ခေါင်းညိတ်လိုက်ပြီးနောက် လှေကားပေါ်သို့ လျှောက်တက်သွားကာ မှော်ဝိဇ္ဇာနန်းတော်သို့ ဝင်ရောက်သွားလေသည်။
“မှော်ဝိဇ္ဇာက ဒီနေ့ ဘယ်လိုများ အရမ်းကောင်းနေရတာလဲ။ သူက အဆက်မပြတ်ကို လူတွေ အခေါ်လွှတ် တွေ့ပြီး ဘာလုပ်နေတာလဲ” ကျူးကျောက် အနည်းငယ် တွေဝေစွာနှင့် ရေရွတ်လိုက်သည်။
ထိုအခိုက်တွင် တံခါးစောင့်က ကျူးကျောက်နှင့် ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ “မင်းတို့ထဲက ဘယ်သူက မှော်ဝိဇ္ဇာကို တွေ့ချင်တာလဲ။ ဘာအတွက်လဲ”
“ကျုပ်တို့ အားလုံးတွေ့ချင်တာပါ။ မေးစရာကတော့ အများကြီး ရှိတယ်။ ဒါပေမဲ့ မှော်ဝိဇ္ဇာက တွေ့ဆုံချင်စိတ် ရှိမရှိပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ မှော်ဝိဇ္ဇာက ကျုပ်တို့ထဲက တစ်ယောက်နှစ်ယောက်ကို ခေါ်ဖို့ ဆန္ဒရှိတယ်ဆိုလည်း စည်းမျဉ်းအတိုင်းပဲ မေးခွန်းတွေကို မေးမှာပါ” ကျူးကျောက် ပြောလိုက်သည်။
“ကောင်းပြီ” တံခါးစောင့်က ခေါင်းညိတ်လိုက်ပြီး သူ နားလည်ကြောင်း ပြလေသည်။
သူတို့သည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။ ထိုအခိုက်အတန့်တွင် တစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ “ဆရာရီ ခင်ဗျားကရော အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းကို သိချင်လို့ လာခဲ့တာလား”
ရီဖူရှင်းက ပြောလိုက်သည့်သူ ထံသို့ ကြည့်လိုက်သည်။ ထိုသူက ငယ်ရွယ်ပုံပေါ်သည်။ သူ့တွင် နောက်လိုက်များများစားစား မပါလာသော်လည်း လူတိုင်းသည် ကောင်းမွန်သည့် အရှိန်အဝါ ရှိလေသည်။ ထိုသူက အပြုံးနှင့် ပြောလိုက်သည်။ “ကျွန်တော့် နာမည်က ကျန်းမို့ ပါ။ ကောင်းကင်နတ်တံခါးဂိုဏ်းက။ ဆရာရီရဲ့ အရည်အချင်းက အရမ်းထူးချွန်တာမို့ အနာဂတ်မှာ ရန်ဟောင်အဆင့်ကို ဝင်နိုင်မှာပါ”
ကျန်းကလန်သည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ ကလန်ကြီး သုံးခုမှ တစ်ခုဖြစ်သည်။
ရီဖူရှင်းက သူ့ကို ကြည့်လိုက်သည်။ သူသည် ကောင်းကင်နတ်တံခါးဂိုဏ်းမှ ကလန်ကြီး သုံးခုအကြောင်းကို သိရှိသော်လည်း ထိုနှစ်က မည်သည့်အကြောင်းအရာများ ဖြစ်ပွားခဲ့သည်ကို မရှင်းလင်းသည့် အတွက် ကျန်းကလန်နှင့် ဂူကလန်က မည်သည့်ဆက်ဆံရေး ရှိလဲ သိရှိခြင်း မရှိပေ။
“မင်းကရော” ရီဖူရှင်းက မေးလိုက်သည်။
“ကျွန်တော်က ဒီမှာ ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ အနာဂတ်ကို မေးမြန်းဖို့ လာတာပါ” ကျန်းမို့က ပြောလိုက်သည်။
ရီဖူရှင်းက ဖြေးညင်းစွာ ခေါင်းညိတ်လိုက်သည်။ ယခု ဂူထျန်းရှင်း၏ သေခြင်းရှင်ခြင်းကို မည်သူမှ မသိရှိပေ။ အစ်ကိုသုံး ထွက်ပေါ်လာပြီး နတ်ဆိုးဘုံ၏ မူလတောင်တန်းသို့ ခေါ်ဆောင်ခံလာရသည်။ ယခု ဤမုန်တိုင်းသည် ကောင်းကင်နတ်တံခါးဂိုဏ်း အနာဂတ်ကို သက်ရောက်လာနိုင်သည့်အတွက် ကောင်းကင်နတ်တံခါးဂိုဏ်းသည် ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုပေသည်။
“ဂူထျန်းရှင်း သေသေရှင်ရှင် ကောင်းကင်နတ်တံခါးဂိုဏ်းက ဂူကလန်နဲ့ သပ်သပ်စီနေတာ ပိုကောင်းလိမ့်မယ်”တစ်ယောက်၏ အသံက အထက်စီးဆန်ဆန် ထွက်ပေါ်လာသည်။ ထိုသူမှာ ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင် ဖြစ်သည်။ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ဂူထျန်းရှင်းသည် မဟာရန်သူများ ဖြစ်ကြသည်။ ကောင်းကင်နတ်တံခါးဂိုဏ်းကသာ ဂူထျန်းရှင်း ဘက်က ရပ်တည်လျှင် သူတို့က ရန်သူများသာ ဖြစ်ကြရပေလိမ့်မည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များသည် မှော်ဝိဇ္ဇာကို ဂူထျန်းရှင်း၏ သေခြင်းရှင်ခြင်း အကြောင်း မေးမြန်းရန် လာခဲ့ခြင်း ဖြစ်သည်။
“အဲဒါက ကောင်းကင်နတ်တံခါးဂိုဏ်းက အကြီးအကဲ ခေါင်းဆောင်တွေ ဆုံးဖြတ်ရမယ့် ကိစ္စပဲ။ အဲဒါကြောင့် ကျုပ်က အဲဒီအကြောင်း တွေးနေစရာမလိုဘူး။ ပြီးတော့ မင်းကလည်း ကောင်းကင်အာဏာစက်ပြည်ထောင်နဲ့ ကောင်းကင်နတ်တံခါးဂိုဏ်း အကြား ဆုံးဖြတ်ပိုင်ခွင့်မှ မရှိဘဲ” ကျန်းမို့က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံရှိ ထိပ်တန်းအင်အားစုတစ်ခုလည်း ဖြစ်သည်။ သူသည် ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများအပေါ်တွင် နှစ်သက်မှုမရှိပေ။
သူတို့၏ ဆက်ဆံရေးကလည်း အမြဲ ကောင်းမွန်ခဲ့ခြင်း မရှိပေ။
ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မည်သည့် စကားမှ ထပ်မပြောတော့ပေ။
ခဏအကြာတွင် ထိုနတ်ဆိုးသားရဲကြီး မှော်ဝိဇ္ဇာနန်းတော် အပြင်ဘက်သို့ ပြန်ထွက်လာပြီး သူ၏ ခေါင်းကို ငုံ့ထားကာ အတော်လေး မချင့်မရဲ ဖြစ်နေပုံ ရလေသည်။
ထိုအချိန်တွင် တံခါးစောင့်၏ မျက်လုံးများက ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်ပေါ်သို့ ကျရောက်သွားကာ ပြောလိုက်သည်။ “ဝင်လာခဲ့ပါ”
ဗြဟ္မာ့သန့်စင်ကောင်းကင်၏ အဖွဲ့သားများကို ဦးဆောင်လာသည့် နတ်မိမယ်သည် ကျက်သရေရှိ လှပသော မျက်နှာနှင့် ရင်သပ်ရှုမောဖွယ် လှပပေသည်။ သူမသည် ကောင်းကင်အာဏာစက်ဘုံတွင် အလွန် ကျော်ကြားသည်။
“ဒီနေ့ ကျင့်ရီးနတ်မိမယ်က ဘာမေးမှာလဲမသိဘူး” ကောင်းကင်အာဏာစက်ပြည်ထောင်မှ တစ်ယောက်က မေးလိုက်သည်။ “စုံတွဲကျင့်ကြံဖက်အကြောင်းများလား”
ကျင့်ရီးနတ်မိမယ်က သူမ၏ ခေါင်းကို လှည့်ကာ ကြည့်လိုက်သော်လည်း မည်သည့်စကားကိုမှ ပြန်မဖြေခဲ့ပေ။ ထို့နောက် သူမသည် လှေကားသို့ တန်းမတ်စွာ တက်သွားပြီး မှော်ဝိဇ္ဇာနန်းတော်သို့ ဝင်ရောက်သွားသည်။
သူမသည် ရှေ့သို့သာ ဆက်လျှောက်သွားသည်။ နန်းတော်အတွင်းတွင် တန်ဆာမဆင်ထားသည့် အိမ်တော်ဝန်းတစ်ခု ရှိပြီး အဖြူရောင်ဆံပင်များနှင့် နတ်ဆိုးသားရဲတစ်ကောင်က ထိုနေရာတွင် ထိုင်နေသည်။ ထိုသည်က မှော်ဝိဇ္ဇာ နတ်ဆိုးသားရဲ ဖြစ်သည်။ သူသည် လူသားခန္ဓာကိုယ်အသွင်သို့ မပြောင်းလဲဘဲ မူလသားရဲခန္ဓာအတိုင်း ရှိနေသည်။ သူ၏ မျက်လုံးများက ရဲရဲနီသည့် အလင်းတို့ ရောင်ပြန်ဟပ်နေပြီး သူသည် ကျင့်ရီးနတ်မိမယ်ကို ကြည့်လိုက်သည်။ အကြည့်တစ်ချက်နှင့်ပင် ကျင့်ရီးနတ်မိမယ်သည် သူမကို ဖောက်ထွင်းကြည့်နေသကဲ့သို့ ခံစားလိုက်ရပေသည်။ သူမ၏ စိတ်သည် အဆင်မပြေတော့သကဲ့သို့ ခံစားလိုက်ရသည်။
“မင်းအတွက် စောင့်နေတဲ့ နတ်ဘုရားပြစ်ဒဏ် ရှိနေတာပဲ” မှော်ဝိဇ္ဇာက အသံအက်အက်နှင့် ပြောလိုက်သည်။ ကျင့်ရီးနတ်မိမယ်သည် သူမ၏ ရွှန်းစိုသော မျက်လုံးများနှင့် သူ့ကို စိုက်ကြည့်လိုက်သည်။ “ဘယ်လို ပြစ်ဒဏ်မျိုးလဲ”
“အချစ်နဲ့သက်ဆိုင်တဲ့ကံဆိုးမှု” မှော်ဝိဇ္ဇာက ပြောလိုက်သည်။
ကျင့်ရီးနတ်မိမယ်က သူ့ကို ယုံကြည်ခြင်းမရှိပေ။ သူမက အရေးမကြီးသကဲ့သို့ ကြည့်လိုက်ကာ ပြောသည်။ “ကျွန်မ ကြားတာတော့ ရှင်က အနာဂတ်ကို သိနိုင်တယ်တဲ့။ ဒါပေမဲ့ အခုတော့ ဂုဏ်သတင်းနဲ့ မကိုက်ညီပါ့လား။ ကျွန်မက အမျိုးသားနဲ့ အမျိုးသမီးကြားက ပတ်သက်မှုကို ဘယ်တုန်းကမှ စိတ်မဝင်စားဘူး။ အခု ဒီကိုလာတာ အဲဒီအကြောင်း မေးဖို့ မဟုတ်ဘူး”
“မင်းက နတ်မိမယ်ကိုးပါးထဲက တစ်ပါး ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ အနာဂတ်က မင်းတော့ ဖြစ်မှာ မဟုတ်ဘူး။ ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ အနာဂတ်က လူတစ်ယောက်နဲ့ ချည်နှောင် ထားလိမ့်မယ်” မှော်ဝိဇ္ဇာ၏ အသံအက်အက်က တစ်ဖန်ထပ်၍ ထွက်ပေါ်လာပြန်သည်။ သို့သော် ထိုအသံသည် ဤနေရာ၌သာ ကြားသိနိုင်ပြီး အပြင်လောကနှင့် သက်ဆိုင်ခြင်းမရှိပေ။
ကျင့်ရီးနတ်မိမယ်၏ လှပသော မျက်လုံးများက သူ့ကို စိုက်ကြည့်လိုက်သည်။ သူက သူမ မေးချင်နေသည့် အကြောင်းကို သိရှိနေသည်လား။
သူမသည် အမျိုးသားနှင့် အမျိုးသမီးကြားမှ ပတ်သက်မှုအပေါ် အထင်မကြီးသည့် သဘောရှိကာ ကြီးမြတ်သည့် တန်ခိုးရှင်သာ ဖြစ်လိုပေသည်။ သူမသည် ကောင်းကင်နတ်မိမယ်ကိုးပါးလက်အောက်ရှိ ရှန့်ထိုများထဲမှ တစ်ယောက် ဖြစ်သော်လည်း သူမ၏ အကြီးမားဆုံး ဆန္ဒမှာ နတ်မိမယ်ကိုးပါးထဲမှ တစ်ပါးဖြစ်လာရန် ဖြစ်သည်။ သူမသည် ဤနေရာ၌ ကံစမ်းကြည့်ရန် လာခဲ့ခြင်း ဖြစ်ပြီး မှော်ဝိဇ္ဇာက ဘုံသုံးထောင်အတွင်းရှိ အရာအားလုံးကို ကြားနိုင်ပြီး အနာဂတ်ကို ဟောကိန်းထုတ်နိုင်သည်ဟု ပြောကြသည်။ ထို့ကြောင့် သူမသည် လာကြည့်ချင်ခဲ့ခြင်းဖြစ်သည်။
“မင်း အခု သွားလို့ရပြီ” မှော်ဝိဇ္ဇာက တည်ငြိမ်စွာ ပြောလိုက်သည်။ ကျင့်ရီးနတ်မိမယ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းမရနိုင်သော စွမ်းအားကို ခံစားမိတာကြောင့် သူမသည် ပြန်လှည့်ကာ ထိုနေရာမှ ထွက်သွားတော့သည်။
သူမသည် နတ်မိမယ်ကိုးပါးမှ တစ်ပါးဖြစ်လာမည်ဖြစ်ပြီး ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ကံကြမ္မာကတော့ သူမ မဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်လိမ့်မည်။
မည်သူများ ဖြစ်လိမ့်မည်နည်း။
သူမသည် မှော်ဝိဇ္ဇာနန်းတော်မှ ထွက်လာပြီး လှေကားများအတိုင်း ဆင်းလာခဲ့ကာ တစ်လမ်းလုံး အတွေးများ နက်နေခဲ့၏။ အပြင်ကို ရောက်လျှင် သူမ၏ အကြည့်များက လူအုပ်ကြီးပေါ်သို့ ကျရောက်သွားသည်။
“ကျင့်ရီးနတ်မိမယ်က ဘာအကြောင်းမေးခဲ့တာလဲ” ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူက တစ်ဖန် ထပ်မေးလိုက်သည်။
“အဲဒါက ရှင်နဲ့ ဘာမှမဆိုင်ဘူး” ကျင့်ရီးနတ်မိမယ်က အေးစက်စွာ ပြောလိုက်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အဖွဲ့ဆီ ပြန်သွားပြီးနောက် သူမသည် ချက်ချင်း ထွက်ခွာမသွားခဲ့သေးပေ။
ခဏအကြာတွင် တံခါးစောင့် ထွက်လာပြီး ကောင်းကင်နတ်တံခါးဂိုဏ်းမှ ကျန်းမို့ကို ကြည့်ကာ ပြောလိုက်သည်။ “ဝင်လာခဲ့ပါ”
“မှော်ဝိဇ္ဇာက ဘာလို့ လူသားတွေကို ဆက်တိုက် ခေါ်နေရတာလဲ” နတ်ဆိုးက မှုန်တေတေနှင့် ပြောလိုက်သည်။
တံခါးစောင့်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျား သွားလို့ရပြီ။ မှော်ဝိဇ္ဇာက ခင်ဗျားကို တွေ့မှာမဟုတ်ဘူး”
“မင်း...” နတ်ဆိုးသားရဲကြီးသည် မှောင်မည်းသွားပြီး မနှစ်မြို့သော အမူအရာနှင့် ကြည့်လိုက်သည်။ ထိုအခိုက်တွင် မှော်ဝိဇ္ဇာနန်းတော်မှ ထူးခြားပြင်းထန်သည့် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ဖိနှိပ်ကာ မလှုပ်ရှားနိုင်အောင် ဖြစ်လာပြီး သူ၏ ခန္ဓာကိုယ်က လွင့်စက်သွားခဲ့သည်။
“ကျွန်တော့်ရဲ့ ဝေဖန်မှုအတွက် တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ” သူက တုန်ယင်နေသည့် အသံနှင့် ပြောလိုက်သည်။ နတ်ဆိုးဘုံရှိ မှော်ဝိဇ္ဇာသည် အတိတ်နှင့်အနာဂတ် အကြောင်း သူ၏ သိမြင်မှုများကြောင့် ကျော်ကြားသော်လည်း လူအများက မှော်ဝိဇ္ဇာ၏ ကျင့်ကြံမှုက အလွန်အစွမ်းထက်သည်ကို မေ့နေကြပုံရလေသည်။
ကျင့်ရီးနတ်မိမယ်ကဲ့သို့ပင် ကျန်းမို့သည်လည်း မှော်ဝိဇ္ဇာကို တွေ့ဆုံရန် သွားခဲ့သည်။ သူသည် ဦးညွှတ်ကာ အရိုအသေပြုလိုက်သည်။ “ကောင်းကင်နတ်တံခါးဂိုဏ်းက ကျန်းမို့က ဒီမှာ လာရောက်တွေ့ဆုံပါတယ် စီနီယာ”
လူသားတစ်ယောက်က နတ်ဆိုးသားရဲထံ လာလည်၍ ‘စီနီယာ’ ဟု ခေါ်ခြင်းမှာ ရယ်ရွှင်ဖွယ် ဖြစ်သော်လည်း ယခုအချိန်၌ သည်ထုံးတန်းစဉ်လာသည် ပုံမှန်ပင် ဖြစ်သည်။
မှော်ဝိဇ္ဇာက သူ့ကို ကြည့်လိုက်ပြီး ကျန်းမို့သည် ထိုအကြည့်တစ်ချက်ကြောင့် ကျင့်ရီးနတ်မိမယ်ကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ထွင်းဖောက်ကြည့်ခံနေရသကဲ့သို့ပင် ဖြစ်သည်။
“ဂူထျန်းရှင်း သေလိမ့်မယ်” မှော်ဝိဇ္ဇာက ပြောလိုက်သည်။ ကျန်းမို့သည် အနည်းငယ် တုန်ယင်သွားခဲ့၏။
ထိုစကားတွင် အဓိပ္ပာယ် နှစ်မျိုးရှိသည်။ ဂူထျန်းရှင်းသည် ယခုတိုင် အသက်ရှင်နေသေးသော်လည်း သူက ယခင် အောင်မြင်ကျော်ကြားစဉ်ကကဲ့သို့ မဟုတ်တော့ပေ။ နောက်တစ်ခုမှာ ဝိညာဉ်အကြွင်းအကျန်သာ ရှိတော့ပြီး သူက သေဆုံးသွားပေလိမ့်မည်။
“ကောင်းကင်နတ်တံခါးဂိုဏ်း အနာဂတ်အတွက်တော့ မင်းရဲ့ ကြိုးစား အားထုတ် ကူညီမှုနဲ့ သခင်အသစ် ထွက်ပေါ်လာရလိမ့်မယ်။ မဟုတ်ရင် ကောင်းကင်နတ်တံခါးဂိုဏ်းက ပျက်သုဉ်းသွားလိမ့်မယ်” မှော်ဝိဇ္ဇာက ဆက်ပြောလိုက်သည်။ ကျန်းမို့၏ နှလုံးသားက တုန်ယင်နေပြီး သူသည် မှော်ဝိဇ္ဇာကို မော့ကြည့်ကာ မေးလိုက်သည်။ “သခင်အသစ်က ဘယ်သူများလဲ”
ကောင်းကင်နတ်တံခါးဂိုဏ်းသည် ထိုအချိန်က အဓိက ကလန်ကြီးသုံးခု ပူးပေါင်းအုပ်ချုပ်နေခြင်း ဖြစ်သည်။ ဂူကလန် ကျဆုံးသွားပြီးနောက် ကလန်နှစ်ခုသာလျှင် ပူးပေါင်း၍ ကောင်းကင်နတ်တံခါးဂိုဏ်းကို အုပ်ချုပ်နေခြင်း ဖြစ်သည်။ ဂူထျန်းရှင်း၏ ကျော်ကြားခဲ့သော နေ့ရက်များတွင် သူသည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ ကိုယ်စားပြု ဖြစ်ခဲ့သော်လည်း သူသည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ အုပ်ချုပ်သူ မဟုတ်တော့ပေ။
“မင်း အခု သွားလို့ရပြီ”
မှော်ဝိဇ္ဇာက သူ့ မေးခွန်းကို ပြန်မဖြေခဲ့ဘဲ ထွက်သွားရန် ပြောလိုက်သည်။ ကျန်းမို့၏ အမူအရာက အေးခဲသွားပြီး သူသည် တစ်ခုခု ထပ်၍ မေးလိုသေးသော်လည်း မှော်ဝိဇ္ဇာ၏ သြဇာအောက်တွင် သူသည် မည်သည့် စကားမှ မဆိုနိုင်ဘဲ လှည့်ပြန်ခဲ့ရသည်။ သို့ပေမဲ့ မှော်ဝိဇ္ဇာက သူ့ကို ပြောလိုက်သည့် စကားများက သူ့ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ကောင်းကင်နတ်တံခါးဂိုဏ်း၏ အကြွင်းမဲ့ အုပ်ချုပ်သူ ပေါ်ပေါက်လာလိမ့်မည်လား။
‘မဟုတ်ရင် ကောင်းကင်နတ်တံခါးဂိုဏ်း ပျက်စီးရလိမ့်မယ်’
‘ဂူထျန်းရှင်း သေဆုံးလိမ့်မယ်’
အနာဂတ်မှာ မည်သည့်ကိစ္စတို့ ဖြစ်လာလိမ့်မည်နည်း။
***