← Chapters

အခန်း (၉၆၉)

Vol. 66 Ch. 969

အခန်း (၉၆၉)

Vol. 66 Ch. 969

သူ့အား နတ်ဘုရားအဆင့် လက်နက်တစ်ခု ပေးတော့မည်ဟု ဂိုဏ်းချုပ်က ပြောလိုက်သည့်အချိန်တွင် ရှောင်ကျီ၏ စိတ်ထဲတွင် ခန့်ညာလွန်းသော လက်နက်များ၏ ပုံရိပ်များ ပေါ်လာခဲ့သည်။ သူ၏ လက်နက်သည် ဒုတိယစီနီယာအစ်ကို၏ မိုးကြိုးဓားကဲ့သို့ အလွန်တရာ အားကောင်းလှမည်ဟု ထင်မှတ်မိ၏။ သို့ပေမဲ့ ဒယ်အိုးကြီးတစ်ခုကို မြင်ရသည့်အချိန်မှာတော့ သူသည် စာခြောက်ရုပ်ကြီးတစ်ခုကဲ့သို့ တည်နေရာတွင် မတ်မတ်ရပ်၍ အသိအာရုံ ပျောက်ကွယ်လုမတတ် ဖြစ်နေတော့သည်။

“ဒါ ဒါ.. ငါ့ရဲ့ နတ်ဘုရားအဆင့် လက်နက်လား”

လီဖေး၊ ထျန်းချီးနှင့် တခြားသောသူများ၏ နှုတ်ခမ်းများသည်လည်း တုန်ယင်သွားမိ၏။ ဤဒယ်အိုးသည် လက်နက်တစ်ခု ဖြစ်နေသည်လား။

ဟုတ်ပေသည်။ ဤအရာသည် လက်နက်တစ်ခုဖြစ်နေသည်ဆိုလျှင်တောင်မှ ဂျူနီယာညီမလေးလျှိုကိုသာ ပေးအပ်ရမည် မဟုတ်ပါလား။ ထို့ပြင် ဤအရာသည် တိုက်ခိုက်ရာတွင် အသုံးပြုရသည့် အရာမဟုတ်ချေ။ အားလုံးစားသောက်ရန်အတွက် ချက်ပြုတ်ရသည့်အရာလည်း ဖြစ်နေ၏။

တကယ့်တကယ်တမ်းမှာတော့ တိမ်လေလက်နက်သည် နတ်ဘုရားလက်နက်ခန်းမဆောင်ထဲတွင်ရှိနေသော ပစ္စည်း ဖြစ်နေသောကြောင့် ဆိုးရွားလှသည်တော့ မဟုတ်ပေ။ အထူးသဖြင့် အရောင်သည် နက်ရွှေရောင် တောက်ပလျက်ရှိနေပြီး အလွန်ခံညားလှသည့်အော်ရာမျိုး ထုတ်ဖော်လျက်ရှိနေ၏။ သို့ပေမဲ့ ပုံပန်းသွင်ပြင်မှာ ဆန်းကြယ်လွန်းလှသည်။

ထို့ကြောင့် သိုင်းကျင့်ကြံသူများအနေဖြင့် ဤဒယ်အိုးကဲ့သို့သောအရာကို လက်နက်အဖြစ် ထုတ်ဖော်အသုံးပြုရမည်ဆိုခြင်းကို လက်မခံနိုင်သလို ဖြစ်နေ၏။ တွေးကြည့်ရမည်ဆိုလျှင် ဒယ်အိုးကြီးတစ်အိုးကို ကိုင်၍ တိုက်ခိုက်ရမည်ဆိုသည်မှာ အားလုံးသောသူများ မျက်စိစူးရမည့်အရာပင် ဖြစ်ပေလိမ့်မည်။

“ရှောင်ကျီ”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီပစ္စည်းကို တိမ်လေလို့ခေါ်တယ်၊ ပုံပန်း သွင်ပြင်က ဆိုးရွားတယ်ဆိုပေမယ့် နတ်ဘုရားအဆင့် အကာအကွယ် ရတနာမျိုးပဲ၊ မင်းအသုံးပြုဖို့အတွက် သင့်တော်တယ်”

“အကာအကွယ် ရတနာလား”

အနည်းငယ် စိတ်ဓာတ်ကျလျက်ရှိသော ရှောင်ကျီသည် ရုတ်တရက် စိတ်အား ထက်သန်လာခဲ့သည်။ သူသည် ပြိုင်စံရှားဂိုဏ်းတပည့် ဖြစ်လာကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းကိုသာ အထူး ဦးစားပေးကာ ကျင့်ကြံခဲ့ခြင်းဖြစ်ပြီး အကာအကွယ်အရာတွင် ပိုမိုအားကောင်းသူဖြစ်၏။ ထို့ကြောင့် သူ၏ အကာ အကွယ်ကို ပိုမိုအားကောင်းစေအောင် ပြုလုပ်ပေးနိုင်သည့် ရတနာပစ္စည်းဖြစ်ပါက ပုံပန်းသွင်ပြင်သည် အရေးမကြီး လှတော့ချေ။

ရှောင်ကျီသည် ဒယ်အိုးကြီးကို ပိုက်ကာဖြင့် ပြောလိုက်၏။ “ကျေးဇူးပါပဲ ဂိုဏ်းချုပ်၊ ဒယ်အိုးကြီးကို ပေးတဲ့အတွက်”

“.........”

ရီရှင်းချန်သည် ဆွံ့အလျက်ရှိနေတော့၏။ “ဒီလို ရှက်စရာကောင်းတဲ့လက်နက်မျိုးကို ကိုင်ပြီးတော့ တိုက်ခိုက်ရမယ် ဆိုရင်... တော်ပြီ၊ မစဉ်းစားတော့ဘူး၊ ရှက်စရာကြီး”

ဖေးအားညိုသည် ဂုဏ်သိက္ခာတရားကို အလေးထားသော လူတစ်ယောက်ဖြစ်၏။ ဤဒယ်အိုးသည် နတ်ဘုရားအဆင့် လက်နက်တစ်ခုဖြစ်သည်ဆိုလျှင်တောင်မှ သူသည် ရှက်ရွံ့လွန်းသောကြောင့် ထုတ်ဖော် အသုံးပြုလိမ့်မည် မဟုတ်ပေ။

ရှောင်ကျီမှာတော့ ထိုကဲ့သို့သောအတွေးမျိုး မရှိပေ။ ထို့အပြင် သူသည် တစ်လောကလုံး၏ အမှိုက်ဖြစ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်၏။ ထို့ပြင် နှစ်ပေါင်းများစွာလည်း သူတောင်းစားအဖြစ် ရှင်သန်နေထိုင်ခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ဂုဏ်သိက္ခာဆိုသည်ကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ လက်နက်သည် သူ့အား ကူညီပေးနိုင် သည်ဆိုပါက နှောင့်နှေးမှု တစ်ချက်မရှိဘဲ ထုတ်ဖော်အသုံးပြုမှာ သေချာသည်။

“ရှောင်ကျီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဒယ်အိုးဆီမှာ အမြောင်းမြောင်းလေးတွေရှိတယ်၊ အဲတာက အဆုံးမဲ့ တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုလို့ရတဲ့ အရာပဲ၊ တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေ မနက်ဖြန်ပေါ်လာပြီ ဆိုတာနဲ့ မင်းဒါကိုသုံးပြီး စမ်းကြည့်လိုက်”

“ကောင်းပါပြီ” ရှောင်ကျီသည် အမိန့်ကို နာခံလိုက်တော့သည်။

................

နောက်တစ်ရက်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ထင်မှတ်ထားသည့်အတိုင်း ရောက်ရှိလာခဲ့၏။ လီချင်းယန်နှင့် တခြားသောသူများသည် နားလည်မှုရှိရှိဖြင့် လှုပ်ရှားမှုကို မပြုလုပ်ကြချေ။ ရှောင်ကျီသည် ဒယ်အိုးကြီးကို သယ်ဆောင်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်တော့သည်။

“ဘယ်ဟာက အဆုံးမဲ့ တိုက်ကွက်လဲ”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အပြင်ဘက်တွင်ထိုင်ရင်း မျှော်လင့်တကြီးဖြင့် ကြည့်လျက်ရှိနေ၏။ မိုးကြိုးဓား၏ အဆုံးမဲ့တိုက်ကွက်သည် အလွန်အားကောင်းလွန်းလှပြီး ခရမ်းရောင်ဘုရင်ကိုပင် ၎င်း၏အားအင်အဆင့် သုံးဆယ်ရာခိုင်နှုန်းထုတ်ဖော်ကာ ခုခံရလောက်သည့် အခြေအနေမျိုးကို ရောက်ရှိစေခဲ့၏။

ဤဒယ်အိုး၏ ပုံပန်းသွင်ပြင်သည် ထူးဆန်းလှသည်ဆိုသော်လည်း ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကိုပေးကာ ဝယ်ယူခဲ့ရသည့်အရာဖြစ်၏။ ထို့ကြောင့် သာမန်ထက်ပိုသော အစွမ်းသတ္တိမျိုး ရှိမှာသေချာသည်။

ရှောင်ကျီသည် မတ်တပ်ရပ်လိုက်သည်။ သူသည် အနောက်မှာ လွယ်ပိုးထားသော ဒယ်အိုးကြီးအား အရှေ့သို့ ထုတ်လိုက်၏။

ဆွစ် … ဆွစ် …။

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ရာကျော်တို့၏ မျက်လုံးများသည် အလင်းရောင်များ တောက်ပလာခဲ့သည်။ ချက်ချင်းပဲ ၎င်းတို့အားလုံးသည် လှုပ်ရှားရန် အသက်ဝင်သွားခဲ့၏။

လက်ရှိအချိန်တွင် ရှောင်ကျီသည် အထက်နယ်မြေမှ ဖန်တီးခဲ့သော ထိုသတ္တဝါများအားလုံးကို တစ်ဦးတည်း ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်တော့သည်။

ခရက်

တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ အားလုံးသည် တစ်ကောင်ပြီးတစ်ကောင် ခေါင်းမော့လာခဲ့ကြသည်။ ၎င်းတို့၏ လက်ထဲတွင်တော့ နက်မှောင်နေသည့်လှံများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့အားလုံးသည် ရှေ့ဆီသို့ လှမ်းတက်လာကြ၏။

ရှောင်ကျီသည် ခေါင်းကိုမော့ပြီးသည့်နောက်မှာတော့ ဒယ်အိုးပေါ်ရှိ မျဉ်းကြောင်းလေးရှိရာနေရာဆီကို လက်မနှင့် ဖိနှိပ်လိုက်တော့သည်။ ထူးခြားသည့်မှတ်ဉာဏ်များသည် သူ၏အသိစိတ်ထဲသို့ ပေါင်းစပ်ဝင်ရောက်လာခဲ့သည်။

လီချင်းယန်သည် မိုးကြိုးဓားကို အသက်သွင်းလိုက်သည့်အချိန်တုန်းက ထိုကဲ့သို့ ထူးခြားသည့်မှတ်ဉာဏ်များကို အမွေဆက်ခံရရှိခဲ့ပြီး ထိုအရာကို အသုံးပြုပုံနှင့် မည်ကဲ့သို့ အသုံးပြုရမည်ဆိုခြင်းကို ကောင်းကောင်းမွန်မွန် နားလည်ခဲ့၏။

ယခု ရှောင်ကျီသည်လည်း ဤအတိုင်းပင်ဖြစ်သည်။ ဤဒယ်အိုးကို အသုံးပြုရန်အတွက် လိုအပ်သည့် မန္တန်များ သည်ပင်လျှင် သူ၏အသိစိတ်ထဲသို့ ဝင်ရောက်လျက် ရှိနေသည်။ သူသည် လက်များကို ဖြန့်ကားကာဖြင့် ကြီးမားလှ သည့် ဒယ်အိုးကြီးကိုပိုက်၍ အော်လိုက်တော့သည်။ “သူရဲကောင်းမန္တာန်”

ဝှစ်

နက်ရွှေရောင်အလင်းတန်းများ တောက်ပသွားပြီးသည့်နောက် သူ့ကို ဖုံးလွှမ်းသွားခဲ့တော့သည်။ အလင်းရောင် သည် အလွန်စူးရှလွန်းသောကြောင့် လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် မျက်လုံးကိုပင် မှိတ်လိုက်ကြရ၏။

တစ်ချိန်တည်းမှာပဲ အလွန် လေးလံပြီး အားကောင်းလွန်းလှသော အော်ရာများသည် လေထုထဲတွင် ဖြစ်တည်လာခဲ့တော့၏။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ နက်ရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်းနှင့် ပြန်လည်ကာ အားပျော့သွားခဲ့၏။ ရှောင်ကျီသည် တူညီသည့်တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိ၏။ သို့ပေမဲ့ သူကိုင်ဆောင်ထားသော ကြီးမားသည့် ဒယ်အိုးကြီးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“နေအုံး... ဂျူနီယာညီလေးရှောင်ရဲ့ ပုံပန်းသွင်ပြင်က ပြောင်းလဲသွားတာပဲ”

လီချင်းယန်နှင့် ရီရှင်းချန်တို့သည် မျက်လုံးအပြူးသား ဖြစ်သွားမိကြသည်။ ရှောင်ကျီသည် ၎င်းတို့အား နောက်ကျောပေးထားသည်ဆိုသော်လည်း ၎င်းတို့၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရှောင်ကျီ၏ ခန္ဓာကိုယ်တစ်ခုလုံး နက်ရွှေရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့တော့၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ရောင်စဉ်များ ထွက်ပေါ်နေခဲ့ပြီး မူလအားဖြင့် အမဲရောင်ဆံပင်များအားလုံးသည်လည်း နက်ရွှေရောင်အဖြစ်သို့ ပြောင်းလဲနေပြီး လေထုထဲတွင် ကြမ်းကြမ်းရမ်းရမ်းနှင့် ယမ်းခါလျက် ရှိနေ၏။

“ချီးတဲ့မှ” ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ထအော်လိုက်မိသည်။

“ဒါက အသွင်ပြောင်းသွားတာလား၊ ခန္ဓာကိုယ်တစ်ခုလုံးက လောကကြီးနဲ့ တသားတည်းဖြစ်သွားသလို ခံစားရတယ်”

ရှောင်ကျီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်၏။ သူ၏ မျက်စိ သူငယ်အိမ်များသည် နက်ရွှေရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီး သူ၏မျက်ခွံပေါ်တွင် သူရဲကောင်းဆိုသော စာတမ်း သည် ထင်ပေါ်လျက် ရှိနေတော့၏။

ရုတ်တရက် ရှောင်ကျီသည် မြေပြင်ကို ဆောင့်နင်းပြီးသည့်နောက် နက်ရွှေရောင်အလင်းတန်းများအဖြစ် ရန်သူများ ဆီသို့ ရောက်ရှိသွားခဲ့သည်။

ဆွစ် ဆွစ်

တစ်ချိန်တည်းမှာပဲ တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ဒါဇင်ကျော်တို့သည် ၎င်းတို့၏ လှံများကို မြောက်ကာဖြင့် တိုက်ခိုက်လိုက်တော့၏။ လှံ၏ထိပ်များ အားလုံးသည် ရှောင်ကျီဆီသို့ တည့်တည့်ထိမှန်၏။

ဒင်.. ဒင် ဒင်

ရှောင်ကျီသည် ထိုအရာများကို မရှောင်ရှားချေ။ ထိပ်တိုက်ပင် ရင်ဆိုင်တိုက်ခိုက်ခြင်းကို ပြုမူ၏။ လီချင်းယန်နှင့် တခြားသူများအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားမိသည်။

“ဂျူနီယာညီလေးရှောင်ရဲ့ ခန္ဓာကိုယ်က သံမဏိလိုပါပဲလား၊ သူက တစ်ဖက်က တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေရဲ့ တိုက်ခိုက်ရေးအလင်းတန်းတွေကို ထိပ်တိုက်ရင်ဆိုင်ခံယူနေရတယ်”

စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ တပည့်ခန္ဓာကိုယ်က နက်ရွှေရောင် ပြောင်းပြီးတဲ့နောက်မှာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မြေအဆင့် အကာအကွယ်လက်နက်တစ်ခုလို ဖြစ်သွားတာပဲ”

“ဒါ အမှန်ပဲလေ”

ကုန်းရှန့်သည် ပြုံးကာပြောလိုက်၏။ “ဂိုဏ်းစုဆောင်းမှတ်တစ်သောင်းတောင် ပေးပြီး ဝယ်ထား ရတဲ့ နတ်ဘုရားလက်နက်ပါဆို၊ သာမန်အိုးလိုပဲ ဖြစ်နေရင် ဘယ်သင့်တော်ပါ့မလဲ”

များပြားလှသော အလင်းတန်းများသည် ရှောင်ကျီဆီသို့ တိုးဝင်လာခဲ့သည်။ ထိုအလင်းတန်းများ၏ နောက်တွင် အမဲရောင်လှံများ တိုးဝင်လာနေ၏။

ရှောင်ကျီသည် ညာဘက်လက်ကို ဝှေ့ယမ်းပြီးသည့်နောက်မှာတော့ လက်သီးပုံသဏ္ဍာန်တစ်ခုမျိုး ဖန်တီးကာ သူ့ဆီသို့ တိုးဝင်လာခဲ့သော လက်နက်များကို ထိပ်တိုက်ပင် လွင့်စင်အောင် ပြုလုပ်ခဲ့၏။

ဘုတ် ဘုတ်

တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ၏ ဦးခေါင်းများသည် လေထုထဲ၌ပင် ကွဲထွက်ကုန်ကြ၏။ အံ့အားသင့်စရာ ကောင်းလွန်းလှချေသည်။ ထို့အပြင် ဤတိုက်ခိုက်ရေးစိတ်ဝိညာဉ်သားရဲများအားလုံးသည် သိုင်းအုပ်စိုးသူ ထိပ်ဆုံး အဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သည့် ကျင့်ကြံသူများ ဖြစ်နေသည်မဟုတ်ပါလား။ လက်နက်၏ ထောက်ပံ့မှုမပါလျှင် ရှောင်ကျီသည် သိုင်းအုပ်စိုးသူ ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်သာဖြစ်၏။ သို့ပေမဲ့ သူ၏ လက်သီးချက်သည် တစ်ဖက်လူများအား တခါတည်း သေဆုံးခြင်းရောက်အောင် ပြုလုပ်နိုင်စွမ်းရှိနေသည်။

ဆွစ် ဆွစ် …..။

သူ၏နောက်မှာတော့ များပြားလှသည့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ရှေ့ဆီသို့ လှမ်းတက်လာပြီးသည့် နောက်မှာတော့ ရှောင်ကျီ၏ ကျောကုန်းကို လှံများဖြင့် ထိုးနှက်ကြ၏။ တဒင်ဒင် မြည်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သို့ပေမဲ့ ရှောင်ကျီသည် တည်နေရာတစ်ခုတွင် မတ်မတ်ရပ်လျက်ရှိနေပြီး တစ်ချက်ကလေးမှ မလှုပ်ရှားချေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ့်ကို အားကောင်းတယ်”

“သွားစမ်း”

သူ၏နောက်တွင် လာရောက်ထိမှန်ခဲ့သော လှံများအားလုံးအား ရှောင်ကျီသည် အသာဖမ်းယူလိုက်ပြီး သည့်နောက်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်နှစ်ဆယ်တို့အား ဘေးတစ်ဖက်သို့ လွင့်စင်သွားအောင် ပစ်လွှတ် လိုက်တော့၏။ တချိန်တည်းမှာပဲ သူ့အား ဘေးတစ်ဖက်ဆီမှ ထိုးနှက်လာသော လှံများအား ဂျိုင်းကြားနှင့် လှမ်း၍ ဖမ်းလိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ တဖန် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များအား အဝေးဆီသို့ ရောက်အောင် လွှင့်ပစ်လိုက်ပြန်၏။

“အံ့အားသင့်စရာပဲ”

လီဖေးနှင့် ထျန်းချီတို့သည် ကြောင်အလျက် ရှိနေကြ၏။ သူတို့၏ ဂျူနီယာညီလေး တိုက်ခိုက် လျက်ရှိသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံးသည် အဝါရောင် အလယ်အလတ်အဆင့် သိုင်းကျင့်ကြံသူ များ ဖြစ်နေကြပြီး ၎င်းတို့အနေနှင့် ဆိုလျှင် ဤမျှ များပြားသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များကို တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

အဓိကတောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်လျက် တိုက်ပွဲကို ကြည့်ရှုနေသော ခရမ်းရောင်ဘုရင်သည် ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။ “ဒီကောင့်ရဲ့ ခန္ဓာကိုယ်အားအင်က မဆိုးဘူးပဲ”

ဘန်း ဘန်း ဘန်း

တိုက်ခိုက်ရေးတည်နေရာထဲမှာတော့ ရှောင်ကျီ၏ လက်သီးသည် ကြောက်မက်ဖွယ်ရာကောင်းသော အားအင် အဟုန်များနှင့်အတူ ဖြစ်တည်လျက် ရှိနေ၏။ တစ်ဖက်ခြမ်းဆီမှ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ၏ ဦးခေါင်းများကို ထိမှန်ပြီးသည့်နောက်မှာတော့ ထိုသတ္တဝါများသည် ချက်ချင်းပဲ ဦးခေါင်းကွဲထွက်ကာ သေဆုံးကုန်ကြ၏။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ မြေပေါ်တွင် ချပ်ဝတ်နှစ်ဆယ်တို့သည် အောက်သို့ ပြုတ်ကျလျက် ရှိနေ၏။

ဟုတ်ပေသည်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ရှောင်ကျီအား ထပ်မံ၍ မတိုက်ခိုက်တော့ချေ။ မြေအဆင့် စိတ်ဝိညာဉ်အနည်းငယ်တို့သည် ရှေ့ဆီသို့ လှမ်းတက်လာကြ၏။ ၎င်းတို့သည် စွမ်းအင်များကို လှံ၏ထိပ်တွင် စုစည်းပြီးသည့်နောက်မှာတော့ ရှောင်ကျီကို ထိုးနှက်တော့သည်။

သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ ရနိုင်သော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ရှောင်ကျီသည် တစ်ကိုယ်တည်း ရင်ဆိုင်ကာ ရှောင်တိမ်းလျက် ရှိနေသည်။ သူ့အနေနှင့် တစ်ဖက်လူများကို ဒဏ်ရာရရှိအောင် မပြုလုပ်နိုင်ဘူး ဆိုလျှင်တောင်မှ မိမိကိုယ်ကိုတော့ ကာကွယ်ထားနိုင်သေး၏။

“ဒီ နက်ရွှေရောင် ဂျူနီယာညီလေးရှောင်က တကယ့်ကို အားကောင်းတာပဲ” တပည့်များ အားလုံးသည် တုန်လှုပ်လျက် ရှိနေ၏။ တချိန်တည်းမှာပဲ ဂိုဏ်းချုပ်သည် သူတို့အား မည်မျှဆိုးရွားသည့် လက်နက်မျိုးကို ပေးစွမ်းသည်ဖြစ်ပါစေ ထိုအရာသည် အလွန်အားကောင်းလိမ့်မည်ဟု နားလည်လိုက်မိကြတော့သည်။

“အလုပ်ကြိုးစားရမယ်၊ အလုပ်ကြိုးစားရမယ်” ဂိုဏ်းအတွက် ပိုပြီးတော့ ကောင်းကျိုးပြုမယ်ဆိုရင် သူတို့အနေနှင့် နတ်ဘုရားအဆင့်လက်နက်များကို ရရှိကြမှာဖြစ်၏။

“စီနီယာအစ်ကိုတို့”

ထိုအချိန်မှာပဲ ရှောင်ကျီသည် စိတ်ဓာတ်တကျဖြင့် လှမ်းပြောလိုက်၏။ “ဝင်ကြတော့လေ၊ ကျုပ် ဆက်ပြီးတော့ တောင့်မခံထားနိုင်တော့ဘူး”

All Chapters