အခန်း (၉၇၀)
Vol. 66 Ch. 970
နက်ရွှေရောင် ရှောင်ကျီ၏ အားအင်အဆင့်သည် အလွန်ကောင်းမွန်လှသည်ဆိုသော်လည်း တိုက်ခိုက်ရေး စိတ်ဝိညာဉ် အများအပြားနှင့် တိုက်ခိုက်နေရသည်ဖြစ်သောကြောင့် သူတစ်ယောက်တည်း ဆက်လက်ကာ မတိုက်ခိုက်နိုင်တော့ချေ။ ထို့ကြောင့် အကူအညီလှမ်းကာ တောင်းခဲ့ခြင်းပင် ဖြစ်တော့သည်။
“သွားစို့”
ဝှစ် ဝှစ်
လီချင်းယန် ဦးဆောင်သော အတွင်းစည်းတပည့်များအားလုံးသည် အောက်သို့ခုန်ဆင်းကာ အပြေးသွားတော့၏။ ခရမ်းရောင်ဘုရင်၊ တင်းရှင်းဝမ်နှင့် တခြားသော အကြီးအကဲများအားလုံးသည်လည်း အဓိကတောင်ထွတ်ဆီမှ ခုန်ဆင်းကာ တစ်ဖက်ရန်သူများဆီသို့ ဦးတည်လိုက်ကြ၏။
တိုက်ခိုက်ပွဲသည် ထပ်မံကာ ဖြစ်တည်လာခဲ့တော့သည်။ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးသည်မို့ ၎င်းတို့သည် အလွန်လျင်မြန်စွာဖြင့် တစ်ဖက်လူများအား အဆုံးသတ်နိုင်ခဲ့တော့၏။ ဤတိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးအား တိုက်ခိုက်ရေးအတွေ့အကြုံများ လာရောက်မျှဝေနေခြင်းနှင့်ပင် ဆင်တူနေ တော့သည်။
တိုက်ခိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ရှောင်ကျီသည် ခံတပ်ဆီသို့ ပြန်လည်ရောက်ရှိလာ၏။ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်များသည် ကုန်ဆုံး သွားခဲ့၏။ ခန္ဓာကိုယ်၏ နက်ရွှေရောင် အသားအရည် သည်လည်း ပျောက်ကွယ်သွားခဲ့သည်။ တိမ်လေရတနာ သည် သူ၏ရှေ့တွင် ပေါ်လာခဲ့တော့၏။ သို့ပေမဲ့ အရောင်အဆင်းသည် မှေးမှိန်လျက်ရှိနေ၏။ အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုပြီးသည့်နောက်မှာတော့ အချိန်ကာလအကန့်အသတ်တစ်ခုကို ပြန်လည်ရင်ဆိုင်ရပေတော့မည်။
“ဘယ်လိုခံစားရလဲ”
ရှောင်ကျီ၏ မျက်လုံးများသည် တောက်ပလျက်ရှိနေ၏။ “အရမ်းအားကောင်းလွန်းတယ်”
အဆုံးမဲ့တိုက်ကွက်နှင့် ဆိုလျှင် သူသည် အလွန်အားကောင်းလှသော စွမ်းရည်နှင့် အလွန်အားကောင်းလှသော အကာအကွယ်များကို ထုတ်ဖော် အသုံးပြုနိုင်ခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတွင် နှစ်ဦးနှစ်ဖက် မျှတသည့် အခြေအနေတစ်ခုဆီသို့ လက်ငင်းရောက်ရှိသွားခဲ့ခြင်းပင် ဖြစ်သည်။
လီဖေး၊ ထျန်းချီနှင့် တခြားသူများ အားလုံးသည် မနာလိုပင် ဖြစ်နေကြ၏။ ထို့ကြောင့် ၎င်းတို့သည် လျင်လျင်မြန်မြန်ပဲ ဆောက်လု်ပရေးတည်နေရဆီသို့ ပြေးသွားကြတော့၏။
သို့ပေမဲ့ ၎င်းတို့၏ ရှေ့၌ ဂျူနီယာ ညီလေး ရီရှင်းချန်နှင့် ဟယ်ဝူတီတို့ အုတ်ခဲများကို အားကြိုးမာန်တက် သယ်လျက်ရှိနေကြောင်းကို မြင်လိုက်ရချိန်မှာတော့ နှုတ်ခမ်းများပင် တုန်ယင်သွားခဲ့ကြသည်။ “သူတို့က ငါတို့ထက်တောင် ပိုပြီးတော့ ဝီရိယကောင်းနေတာကိုး”
...................
အလယ်ပိုင်းကုန်းမြေဒေသ၏ စောင့်ကြည့်ရေးမျှော်စင်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို ထပ်မံကာ ရှင်းလင်းလိုက်သည့်အချိန်မှာတော့ အချိန်ကာလသည် ခြောက်ဆယ်မိနစ် လျော့ကျသွားခဲ့ပြန်သည်။ ဤနှုန်းအတိုင်းဆိုလျှင် အထက်နယ်မြေသည် ကြယ်ကြွေကုန်းမြေ၏ ခံတပ်ဆီသို့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ စေလွှတ်နေသည်နှင့်အမျှ ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်ရမည့် အချိန်ကာလသည်လည်း တဖြည်းဖြည်း တိုးလာပေလိမ့်မည်။
“အချိန်အကန့်အသတ်က ထပ်ပြီးတော့ တိုးသွားပြန်ပြီလား”
စောင့်ကြည့်ရေးမျှော်စင်ဆီမှ သတင်းကို ရရှိပြီးသည့် နောက်မှာတော့ ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်ရန် သဘောတူညီမှု ရယူခဲ့ပြီးသော ပထမအသုတ်၏ သိုင်းကျင့်ကြံသူ များအားလုံးသည် ၎င်းတို့၏ အသုဘကိုပင် ကြိုတင်ကာ ပြင်ဆင်နေကြပြီး တချို့ဆိုလျှင် အုတ်ဂူများကိုပင် ကြိုတင်ကာ တည်ဆောက်နေကြပြီ ဖြစ်တော့သည်။ ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်ရန် နီးကပ် လာသည်နှင့်အမျှ ကြယ်ကြွေကုန်းမြေတိုက်ကြီး တွင်တော့ ဆွေးမြေ့စရာ ကိစ္စရပ်များ ဖြစ်ပေါ်လျက် ရှိနေကြသည်။
“အဖေ... အခုတစ်လော ဘာတွေလုပ်နေတာလဲ၊ ခဏ ခဏ လာတယ်နော်”
“ငါ မင်းကို မြင်ချင်လို့ပါ”
စားသောက်ခန်းထဲမှာတော့ မူချန်းဟုန်သည် ထမင်းစားနေရင်းမှ သူ့သမီးကို လှမ်းကြည့်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ မျက်လုံးထောင့်စွန်းတွင် ပေါ်လာသော မျက်ရည်များအား အသာကြိတ်ကာ သုတ်လိုက်မိ၏။
“အဖေ... ကျွန်မ အပြင်မှာ လေ့ကျင့်တာ အခုမှပြီးခဲ့တာလေ၊ ဒီတော့သွားပြီးတော့ တန်ခိုးကျင့်တော့မယ်” မူဟုန်လင်သည် သူ့အဖေ၏ ပုံမှန်မဟုတ်သော အမူအရာကို သတိမပြုမိချေ။ ထိုအစား စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ထဲသို့သွား၍ ရရှိခဲ့သော သိုင်းကျင့်ကြံခြင်းအတွေ့အကြုံများအား ပြန်လည်ကာလေ့လာ သုံးသပ်လျက် ရှိနေတော့သည်။
“မြို့တော်ဝန်မူ”
ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် ဝိုင်တစ်ခွက်ကိုကိုင်ကာ ထိုင်ချလိုက်၏။ မြို့တော်ဝန်မူ အတွက် ဝိုင်နည်းနည်းကို လောင်းထည့်ပြီးသည့်နောက်မှာတော့ ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးက ငရဲခန်းကြီးလည်း မဟုတ်ပါဘူး၊ ဒီတော့ အဲလောက်ကြီး စိုးရွံ့နေစရာ မလိုပါဘူး”
“ဟင်း....”
မူချန်းဟုန်သည် သူ၏ဝိုင်ခွက်ကို အသာမြှောက်ကာဖြင့် မော့သောက်ပစ်လိုက်၏။ ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ “စောင့်ကြည့်ရေးမျှော်စင်ဆီက ရတဲ့သတင်းတွေ အရဆိုရင် ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ဝင်ဖို့အတွက် ရက်ခြောက်ဆယ်ပဲ လိုတော့တယ်”
“ခြောက်ဆယ်ရက် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာ ပြန်မေးလိုက်၏။ “နှစ်နှစ်တောင် ကျန်သေးတာ မဟုတ်ဘူးလား”
“ပထမတုန်းက နှစ်နှစ်ပဲ၊ ဒါပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဘယ်သူက အထက်နယ်မြေကို ရန်ပြု မိလဲ မသိပါဘူး၊ အခု နှစ်လအထိ လျော့ကျသွားခဲ့ပြီ” မူချန်းဟုန်သည် နာကျင်နေသည့်မျက်နှာဖြင့် ပြောလိုက်တော့ သည်။
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘယ်တုန်းက လျော့ကျသွားခဲ့တာလဲ”
မူချန်းဟုန်သည် ရရှိခဲ့သည့် သတင်းများကို သေသေချာချာ ပြန်လည် ပြောဆိုလိုက်၏။ ထိုအချက်အလက်များကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ငြိမ်သက်တိတ်ဆိတ်သွားမိ၏။ ဤအချိန်ကာလများ လျော့ကျ သွားခြင်းသည် သူ၏ ဂိုဏ်းတပည့်များ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များကို တိုက်ခိုက်နေသည့်အချိန်ဖြစ်ကြောင်း ခန့်မှန်းမိ၏။ ဤနှစ်ခုသည် ပတ်သက်ဆက်နွယ်နေသည်လား။
“ဖြစ်နိုင်တာက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးမှာရှိတဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ခံတပ်တည်နေရာကို ပိုမိုပြီး ကျယ်ဝန်းလာတာနဲ့အမျှ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီက ကျင့်ကြံသူတွေ ဒီထဲကိုဝင်လာဖို့ အချိန်ကာလက တဖြည်းဖြည်း တိုးလာတာပဲဖြစ်ရမယ်”
ကျွင်းချောင်ရှောင်း၏ ခန့်မှန်းမှုသည် အမှန်ပင်ဖြစ်တော့၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်ပြီးနောက် တစ်စုံတစ်ယောက်သည် မြို့သေးလေးအဆင့်အနေအထားတစ်ခုရောက်အောင် ချဲ့ထွင်ရမည် ဖြစ်တော့သည်။ ထိုမှသာလျှင် လွတ်လွတ်လပ်လပ် သွားလာနိုင်စွမ်း ရှိပေတော့၏။ လက်ရှိတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်သည် မြို့သေးသေးလေးအဖြစ်သို့ ရောက်ရှိနေပြီဖြစ်၏။ ထို့ကြောင့် အထက်နယ်မြေသည် လိုအပ်ချက်များနှင့် ပြည့်စုံနေသည့်အရာအား အဘယ်ကြောင့် အချိန်ဆွဲနေတော့မည်နည်း။
“စိတ်မပူနဲ့ မြို့တော်ဝန်မူ”
ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို မြှောက်ကာဖြင့် ပြောလိုက်မိ၏။ “အထဲမှာ မထင်မှတ်ထားတဲ့ကိစ္စတွေ ဖြစ်လာပါလိမ့်မယ်”
“ကျုပ်လည်း ဒီလို မျှော်လင့်မိတယ်” မူချန်းဟုန်သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိပြီး အစားအစာများကို အလကားကုန်းဆင်းကာ ဝိုင်များကိုပင် သောက်သွားခဲ့သေး၏။ ပြီးသည့်နောက်မှာတော့ မူးမူးရူးရူးနှင့် ပြန်သွားခဲ့ တော့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသော အရက်များကို ပြန်လည်ထုတ်ပြီးသည့်နောက်မှာတော့ အဓိကဟောခန်းတွင် ထိုင်လျက်ရှိသည်။ သူသည် မေးထောက်ကာဖြင့် ပြောလိုက်မိ၏။ “ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ဝင်ရမယ့်အချိန်ကာလက တိုးသွားတယ်၊ ဒီတော့ ငါကလည်း ဈေးနှုန်းကို လျင်လျင်မြန်မြန်နဲ့ ချမှတ်မှ ဖြစ်တော့မယ်”
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ဝင်ရောက်ပြီး သည်ဆိုသည်နှင့် သေဆုံးတော့မည်ဟု ထင်မှတ်ထားခဲ့ကြ၏။ အကယ်၍ ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်ပြီး ဘာမှမဖြစ်နိုင်သည်ဆိုသော အချက်ကို သိရှိရမည်ဆိုလျှင် ပိုက်ဆံများ ပေးသင့်သည်မဟုတ်လား။
.......................
ပြောရမည်ဆိုလျှင် ထူးဆန်း၍နေ၏။ ရှောင်ကျီသည် မနေ့က သူ၏အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုပြီး သည့်နောက်မှာတော့ ရက်အနည်းငယ်အတွင်း တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ ထပ်မံ၍ ပေါ်မလာခဲ့ချေ။
“ကြောက်သွားတာလား” ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ တိုက်ခိုက်ရေးစိတ်ဝိညာဉ် များ မရှိသည့်အချိန်မှာတော့ လီချင်းယန်နှင့် တခြားသူများ အားလုံးသည် ကျင့်ကြံပြီးသည်နှင့်တပြိုင်နက် ဆောက်လုပ်ရေးလုပ်ငန်းများကို အာရုံစိုက်ကာ ဆောက်လုပ်လျက်ရှိ၏။ တောင်တန်းများသည် နေ့စဉ်နေ့တိုင်း ပြောင်းလဲလျက်ရှိနေ၏။
လီထျန်းထျန်း၊ မူဟုန်လင်နှင့် တခြားသောသူများအားလုံးသည် လုံလောက်သည့်တိုက်ခိုက်ရေး အတွေ့အကြုံကို ရရှိခဲ့ကြပြီးဖြစ်၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် သိုင်းတာအိုများကို နားလည်ရန်သာ စိတ်အာရုံ စူးစိုက်ထားခဲ့ ကြတော့၏။ ၎င်းတို့အားလုံးသည် သိုင်းအုပ်စိုးသူအဆင့်ကို ထိတွေ့ခွင့်ရရှိခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် လွယ်လွယ် ကူကူဖြင့် အဆင့်တက်နိုင်တော့မှာ သေချာသည်။
ဝိုး....
စားသောက်ခန်းထဲမှာတော့ လျှိုဝမ်ရှစ်သည် သူမ၏ နတ်ဘုရားအိမ်မက်ယောင်းမကို ကိုင်ဆောင်ကာ ပျော်ရွှင်စွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဒီယောင်းမက အရမ်းလှတာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကောင်မလေး.... ဒီယောင်းမက ရိုးရိုးယောင်းမ မဟုတ်ဘူး၊ နတ်ဘုရား လက်နက်ပဲ”
ခွီ
လျှိုဝမ်ရှစ်သည် အရွန်းဖောက်လိုက်၏။ “ဂိုဏ်းချုပ်... ယောင်းမပါဆိုမှ ချက်ဖို့ပဲ သုံးရမှာပေါ့၊ ဘယ်လိုဖြစ်ပြီး နတ်ဘုရားလက်နက် ဖြစ်နိုင်မှာလဲ”
“မင်း ငါ့ကို မယုံဘူးလား”
ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်တာ ပြောလိုက်၏။ “ဒါဆိုလည်း စမ်းကြည့်လိုက်လေ”
“ကောင်းပါပြီ”
လျှိုဝမ်ရှစ်က ပြောလိုက်သည်။ “စမ်းကြည့်တာပေါ့”
..............
“စီနီယာအစ်ကိုချု... သိုင်းတာအိုအပေါ် နားလည်မှု တိုးတက်ပြီလား” ဟုန့်လင်သည် ပြုံးကာ မေးလိုက်၏။
ချူရှိုးနန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ငါ လဝက်အတွင်းမှာ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိမယ် လို့ ခံစားချက် ရနေတယ်”
“ကျုပ်လည်း တူတူပဲ”
ဟုန့်လင်သည် ပြုံးကာပြောလိုက်၏။ ၎င်းတို့နှစ်ယောက်သည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ ရံဖန်ရံခါဆိုသလို ဝင်ရောက်ခွင့်ရခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေး အတွေ့အကြုံနှင့် နားလည်မှု များသည် ပိုမိုကာ တိုးပွားလာခဲ့တော့သည်။ ၎င်းတို့၏ ပါရမီသည် အစောကြီးကတည်းက ကောင်းမွန်ပြီးသား ဖြစ်၏။ ထို့ကြောင့် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိဖို့ကိစ္စ ဆိုသည်မှာ လွယ်ကူပေလိမ့်မည်။
“အရင်ဆုံး စားသောက်ခန်းကို သွားပြီး စားကြရပေါ့”
ဟုန့်လင်နှင့် ချူရှိုးနန်တို့သည် စားသောက်ခန်းထဲသို့ ဝင်ရောက်သည့်အချိန်မှာပဲ ချက်ချင်း ရပ်တန့်သွားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် စားသောက်ခန်းထဲတွင်တော့ များပြားလှသည့် ရွှေရောင်အလင်းတန်းများ ထွန်းတောက်လျက် ရှိနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။ ၎င်းတို့သည် မျက်လုံးတောင် မဖွင့်နိုင်ဘဲ စူးရှလျက်ရှိ၏။
“ဘာတွေဖြစ်နေတာလဲ”
“ဘာလို့ ဒီလောက် အားကောင်းလှတဲ့ ရွှေရောင်အလင်းတန်းတွေ ပေါ်နေရတာလဲ”
စားသောက်ခန်းဆီသို့ ဝင်လာကြသော တပည့်များသည်လည်း ထိုအချင်းအရာကို သတိပြုမိလိုက်ကြသည်။ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်ပြီးသည့်နောက် ၎င်းတို့သည် မီးဖိုခန်းထဲတွင် စုဝေးလျက် ရှိနေကြ၏။ လျှိုဝမ်ရှစ်သည် မီးဖိုတစ်ခု၏ရှေ့တွင် ရပ်လျက်ရှိနေပြီး မျက်လုံးအပြူးသားနှင့် ဖြစ်နေတော့သည်။ ၎င်း၏ ရှေ့တွင် ကြီးမားလှသော အိုးကြီးနှင့် ထမင်းကြော်များ ရှိနေတော့၏။ ထမင်းတစ်စေ့ချင်းစီတိုင်းသည် ရွှေရောင်အလင်းတန်း များနှင့် တောက်ပလျက်ရှိနေသည်။
“ဒါက”
လျှိုဝမ်ရှစ်သည် မျက်လုံးကို အသာပွတ်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဘာတွေ ဖြစ်နေတာလဲ”
ဤအရာ၏ ပါဝင်ပစ္စည်းသည် ရိုးရှင်းလွန်းလှ၏။ ထမင်းကြော်သာလျှင် ဖြစ်သည်။ ကြော်သည့်နည်းလမ်း သည်လည်း အရင်တုန်းကအတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့် ယခုကြော်ရသည့်အချိန်တွင် ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားရသနည်း။
“ဖြစ်နိုင်တာက”
လျှိုဝမ်ရှစ်သည် စဉ်းတီတုံးပေါ်တွင် တင်ထားသော နတ်ဘုရားအိမ်မက်ယောင်းမကြီးအား လှမ်းကြည့်ကာ ပြောလိုက်မိ၏။ “ဒီဟာနဲ့ ကြော်လို့များလား”
...............
“ကောင်းကင်ဘုံ... စီနီယာအစ်မလျှို ကြော်တဲ့ထမင်းကြော်က အရင်ကထက်ပိုပြီး စားကောင်းတာပဲ၊ ကျုပ်ရဲ့ဝိညာဉ်တွေတစ်ခုလုံး ကောင်းကင်ပေါ်ကို ပျံသန်းနေပြီ”
“အိုး.... လောကကြီးမှာ ဒီလောက်မွှေးပျံ့တဲ့ ထမင်းကြော်ဆိုတာ ရှိလို့လား”
စားသောက်ခန်းထဲမှာတော့ တပည့်များအားလုံးသည် အငမ်းမရနှင့် စားသောက်ကာ ချီးကျူးလျက်ရှိနေကြတော့ သည်။ ကျန်းတယ်ကျွင်းသည် စားစားပြီးချင်းမှာပဲ ပန်းကန်ကို အသာမြှောက်ကာ လျှာနှင့်ပင် လျက်လိုက်သေး၏။ ပြီးသည့်နောက် ကျယ်လောင်စွာ ပြောလိုက်သည်။ “ရိဟိုင်.. နောက်ထပ် တစ်ပန်းကန် ပေးအုံး”
“ဂိုဏ်းချုပ်”
မီးဖိုခန်းတံခါးတွင် ရပ်လျက်ရှိသော လျှိုဝမ်ရှစ်သည် ယောင်းမကြီးကို အသာပိုက်ကာဖြင့် ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဒီယောင်းမက အရမ်းကို အစွမ်းထက်တာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သိုင်းကျင့်ကြံသူတွေအတွက် ဓားဆိုတာက လက်နက်ပဲ၊ ဒီလိုပဲ စားဖိုမှူး တွေအတွက် ယောင်းမဆိုတာကလည်း လက်နက်ပဲလေ၊ ဒီတော့ နတ်ဘုရားလက်နက်လို့ ငါပြောတာ မမှားဘူးမို့လား”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်” လျှိုဝမ်ရှစ်သည် အလျင်အမြန် ခေါင်းညိတ်လိုက်၏။
ဟူး ဟူး
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ အဆင့်တက်သည့်အော်ရာမျိုး ထွက်ပေါ်လာခဲ့တော့သည်။
“ဟုန်လင်က အဆင့်ချိုးဖြတ်တော့မှာပဲ” ကုန်းရှန့်သည့် ပြုံးကာပြောလိုက်မိ၏။
ဟူး ဟူး
ရုတ်တရက်ဆိုသလိုပဲ အလွန်တရာ ထက်ရှလှသော ဓားအော်ရာများသည် အတွင်းစည်းတပည့်များ နေထိုင်ရာ တောင်ထွတ်ဆီမှ ထွက်ပေါ်လျက် ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် တုန်လှုပ်စွာ ပြောလိုက်မိ၏။ “ကျိုးဟုန်ကလည်း ဓားအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိ တော့မှာပဲ”
ဂြိုဟ်တိုက်ပွဲကြီးသည် တည်နေရာတွင်ပေါ်လာသည်မှာ ကြာပြီဖြစ်၏။ သို့ပေမဲ့ ကျိုးဟုန်သည် ထွက်ပေါ်မလာ ခဲ့ချေ။ သူသည် ဓားတာအိုကို အလွန်နက်နဲစွာ နားလည်စေရန်သာ ကြိုးစားနေသည် မဟုတ်ပါလား။
“ဒီကောင်သာ အဆင့်ချိုးဖြတ်သွားပြီဆိုရင်တော့ ငါ့ထက်တောင် ပိုပြီး အားကောင်းသွားအုံးမယ်” ရီရှင်းချန်သည် တွေးလိုက်မိတော့၏။ သူသည် သိုင်းအုပ်စိုးသူအဆင့်ဆီသို့ အစောကြီးကတည်းက ချိုးဖြတ် ရောက်ရှိခဲ့သူဖြစ်သည်။ သို့ပေမဲ့ ကျိုးဟုန်ကဲ့သို့ ဓားအုပ်စိုးသူတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုလျှင် အလွန်တရာ ခက်ခဲလိမ့်မည် ဟု သူကောင်းကောင်းသိရှိ၏။
ဟူး ဟူး ….
အဆင့်တက်သည့်အော်ရာများသည် ငြိမ်သက်သွားပြီးသည့်နောက် ခဏအကြာတွင် ငြိမ်သက်သွားခဲ့သည်။ မူဟုန်လင်သည် သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ကျိုးဟုန်သည် ဓားအုပ်စိုးသူအဆင့် ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့သည်။
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီည ဓားအုပ်စိုးသူတစ်ယောက် ထွက်ပေါ်လာတဲ့ အတွက် ဂိုဏ်းက ပျော်ပွဲလုပ်ကြမယ်”
“ကောင်းပါပြီ” လီလိုရှုက ခေါင်းညိတ်လိုက်၏။
အဝေးတစ်နေရာတွင် ရပ်တန့်လျက်ရှိသော ရီရှင်းချန်၏ မျက်နှာပေါ်တွင် ဇဝေဇဝါအမူအယာများ ပေါ်လာ၏။ သူသည် စိတ်ထဲမှာ ကြိတ်ကာ သန္နိဌာန် ချလိုက်မိ၏။ “ငါသောက်လို့မရဘူး၊ ငါ ကျိန်းသေပေါက် အရက်သောက်လို့ မဖြစ်ဘူး”