အခန်း (၉၇၂)
Vol. 66 Ch. 972
စားဖိုမှုးနတ်ဘုရားပြိုင်ပွဲ ပြီးဆုံးသွားပြီးသည့်နောက် မြို့အသီးသီးတွင်ရှိသော ပုံရိပ်ယောင်အစီအရင်သည် အချိန် အတော်ကြာ ရပ်တန့်နေခဲ့ပြီး ဖြစ်နေ၏။ ယခုအချိန်မှာတော့ ပုံရိပ်ယောင်အစီအရင်ကြီးသည် ထပ်မံကာ အသက် ဝင်လာခဲ့တော့သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် အုတ်အော်သောင်းနင်းဖြစ်ကုန်ကြ၏။ သိုင်းကျင့်ကြံသူများအားလုံး သည် ကြော်ငြာများ ဝင်လာမည်ကို စိုးရွံ့နေမိကြ၏။
ဝှစ်
ချက်ချင်းပဲ မြို့အသီးသီးရှိ ပုံရိပ်ယောင်မြင်ကွင်းများပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့တော့သည်။ ကျွင်းချောင်ရှောင်း ၏ ချောမောလှသော မျက်နှာသည် ပုံရိပ်ယောင်မြင်ကွင်းပေါ်တွင် ပေါ်လာ၏။
“ရောင်းရင်းတို့... ကျုပ် ခင်ဗျားတို့ကို အရမ်းလွမ်းနေတာ”
“ချီးတဲ့မှ... ငါ ခန့်မှန်းတာ အမှန်ပဲ၊ ဒီအရှက်မဲ့တဲ့အကောင် ထပ်ပြီးတော့ ပေါ်လာပြန်ပြီ”
သိုင်းကျင့်ကြံသူများ အားလုံးသည် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရသည့်အချိန်မှာတော့ မြေပေါ်တွင် လဲပြိုလု မတတ် ဖြစ်နေကြတော့၏။ တစ်ဖက်လူသည် ပေါ်ပေါက်လာသည်ဆိုသည်နှင့် ကျိန်းသေပေါက် တစ်စုံတစ်ခုကို ကြော်ငြာတော့မှာ သေချာ၏။ ဤအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
...................
ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေသော မြို့တော်ဝန်ဟန်သည် နှုတ်ခမ်းများ တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်း၏ အပြုံးကို မြင်လိုက်သည်ဆိုသည်နှင့် သူသည် မည်သို့မှ မနေနိုင်ဘဲ အရှေ့ဆီသို့သွားကာ တစ်ဖက်လူ၏ ဦးခေါင်းကို ကိုင်ကာဖြင့် မြေပြင်နှင့် ရိုက်ချင်စိတ် ပေါက်နေမိ၏။
“အဟမ်း အဟမ်း”
ကျွင်းချောင်ရှောင်းသည် ချောင်းဟန့်ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “အားလုံးပဲ၊ ဂြိုဟ်တိုက်ပွဲတည်နေရာကြီး အကြောင်းကို သိပြီးပြီလို့ ယုံကြည်တယ်”
“ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး ဟုတ်လား” များပြားလှသော မြို့အသီးသီးရှိ သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အလျက် ရှိနေကြ၏။
မြို့တော်ဝန်ဟန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် အလျင်အမြန်ပဲ အသံ ပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ဒီလိုကိစ္စမျိုးကို ထုတ်ပြောလို့ မဖြစ်ဘူး”
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးနှင့်ပတ်သက်၍ ကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော ကျင့်ကြံသူများနှင့် အဓိကဂိုဏ်းကြီးများသာလျှင် သိရှိသောအရာဖြစ်သည်။ ၎င်းတို့သည် အဆင့်နိမ့် သိုင်းကျင့်ကြံသူများအားလုံးကို ထိုအကြောင်း မပြောကြချေ။ အဘယ်ကြောင့်ဆိုသော် သိရှိသည်ဆိုပါက အကူအညီ မဖြစ်နိုင်သလို ကုန်းမြေတိုက် ကြီးတစ်ခုအနေနှင့် ထိတ်လန့်စိုးရွံ့မှုများပင် ဖြစ်စေနိုင်သည် မဟုတ်ပါလား။
“ခင်ဗျားတို့ မသိဘူးလား”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပိုမို၍ လေးနက်လာခဲ့သည်။ “မြို့တော်ဝန်ဟန်... ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆိုတာက ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးရဲ့ အနာဂတ်နဲ့ ပတ်သက်နေတယ် လေ၊ ဒီတော့ အကြာကြီး ဖုံးကွယ်ထားလို့ မဖြစ်ဘူး၊ ဘာလဲ.. ခင်ဗျားက တစ်သက်လုံး ဖုံးကွယ်ထားချင်တာလား”
“ဒါက” မြို့တော်ဝန်ဟန်သည် ဆွံ့အလျက်ရှိနေ၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းကျင့်ကြံသူတွေအနေနဲ့ သူတို့ရဲ့လောကကြီးပေါ်မှာ ကျဆင်းလာနိုင်တဲ့ ကပ်ဘေးကြီးကိုသိရှိဖို့ လိုတယ်လေ၊ ဒါက သူတို့ရဲ့အခွင့်အရေးပဲ” ကျွင်းချောင်ရှောင်း၏ အသံသည် ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာသည်။ သူသည် အသံပို့လွှတ်ကာ မြို့တော်ဝန်ဟန်ကို ပြောဆိုနေခြင်း မဟုတ်ပေ။ ကုန်းမြေတိုက်ကြီး တစ်ခုလုံး ကြားစေရန် ပြောဆိုနေခြင်းပင် ဖြစ်တော့သည်။
“ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး ဟုတ်လား”
“ကပ်ဘေးကြီး”
သိုင်းကျင့်ကြံသူများ အားလုံးသည် ပိုမိုကာ အံ့အားသင့်လျက်ရှိနေ၏။ အစစ်အမှန်ကို သိသော သိုင်းကျင့်ကြံသူ များမှာတော့ ဝမ်းနည်းမှုများနှင့် ပြည့်နှက်လာခဲ့ကြတော့သည်။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် ၎င်းတို့၏ စိတ်ထဲမှာ ကြီးမားလှသော ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်တော့၏။ ၎င်းတို့၏ သူငယ်ချင်း၊ ရောင်းရင်းနှင့် မိသားစုများကိုပင် ထုတ်ဖော်မပြောကြားရဲချေ။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် ကြောက်မက်ဖွယ်ကောင်းလှသော ကပ်ဘေးကြီး ဖြစ်နေသောကြောင့်ပင်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် ပုံရိပ်ယောင်မြင်ကွင်းဆီသို့ လှမ်းကြည့်ကာ လေးနက်တည်ကြည်စွာ ပြောလိုက်တော့သည်။ “အထက်နယ်မြေဆီမှာ စည်းမျဉ်းတစ်ခုရှိတယ်၊ ငါးနှစ်ပြည့်တိုင်း ပြည့်တိုင်းမှာ ဂြိုဟ်တစ်ခုခုကို ရွေးချယ်လိမ့်မယ်၊ ရွေးချယ်ခံခဲ့ရတဲ့ဂြိုဟ်က ဂြိုဟ်တိုက်ပွဲထဲကို ဝင်ရောက်ပြီး တိုက်ခိုက်ရမယ်၊ အနိုင်ရရှိတဲ့ လူက အသက်ရှင်မှာဖြစ်ပြီးတော့ ရှုံးနိမ့်တဲ့လူက သေဆုံးလိမ့်မယ်၊ ကံဆိုးမှု တစ်ခုပေါ်လာတယ်”
ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ သူက ဆက်ကာပြောလိုက်တော့၏။ “ဒီဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ရွေးချယ်ခြင်းကို ခံရတယ်၊ အနည်းဆုံး သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူနှစ်ထောင်ကျော်က အထဲကို ဝင်ရလိမ့်မယ်”
ကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြသည်။ သိုင်းအုပ်စိုးသူ နှစ်ထောင်ကျော်ကို ပို့ဆောင်ရမည်ဆိုခြင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။ ဦးနှောက်ကို မသုံးဘဲ ခြေထောက်ကိုသုံးကာ စဉ်းစားရမည်ဆိုလျှင် ရက်စက်လွန်းလှသော အချင်းအရာဖြစ်ကြောင်း နားလည်နိုင်စွမ်း ရှိပေလိမ့်မည်။
“သိုင်းအင်ပါယာတွေရဲ့ တိုက်ပွဲ ပြီးကတည်းက ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ပျက်စီးခဲ့ရတာလေ၊ အခုမှ ပြန်ပြီးတော့ အနည်းငယ် ထွန်းတောက်ရုံပဲ ရှိသေးတယ်၊ ဂြိုဟ်တိုက်ပွဲကြီးဆီကို သွားရမယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတာပဲ မဟုတ်လား၊ ဒီတော့ ဒါကြီးကို ကြောက်မက်ဖွယ်ရာကောင်းလှတဲ့ ကပ်ဘေးကြီးလို့ သုံးနှုန်းခဲ့တာမှားလား ပြော ….” ဂိုဏ်းချုပ်ကျွင်းသည် ဟန်ပါပါဖြင့် ပြောလိုက်၏။
ဘုတ်
မြို့တစ်မြို့၏ ဂိတ်တံခါးတွင် ရှိနေသော လူငယ်အနည်းငယ်တို့သည် မြေပေါ်တွင် ဒူးထောက်ထိုင်ချကာ အော်လိုက်၏။ “ဆရာ... အချိန်အတိုင်းအတာတောအတွင်း ထွက်ခွာသွားမယ်ပြောခဲ့တာ ဒီအရာလား”
“အင်း”
နောက်ကျောပေးထားသော အဘိုးအိုသည် သူ၏တပည့်များကို လှမ်းကြည့်ကာဖြင့် သက်ပြင်းချလိုက်မိ သည်။ “အမှန်ပဲ.... ငါဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို သွားရတော့မှာ”
ကျွင်းချောင်ရှောင်း၏ စကားကို ကြားရသည့်အချိန်မှာတော့ ဂျူနီယာတချို့သည် တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်းကို ခံစားမိလိုက်ကြသည်။ ၎င်းတို့၏ အကြီးအကဲများအားလုံးသည် သေဆုံးပြီးသည့်နောက် ပြုလုပ်ရ မည့်အရာများအားလုံးကို ကြိုတင်ကာစီစဉ်ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့သေး၏။ သူတို့သည် ချက်ချင်းပဲ ထိုအချင်းအရာအား နားလည်သွားခဲ့ကြပြီဖြစ်သည်။
“အဖေ”
မိသားစုတစ်ခုထဲမှာတော့ လူငယ်တစ်ယောက်သည် သူ၏အဖေရှိရာသို့ပြေးကာ ဒူးထောက်လိုက်၏။ ပြီးနောက် အော်ဟစ်ငိုယိုကာ ပြောလိုက်၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို သွားတော့မှာ မဟုတ်လား၊ ဒါကြောင့် မိသားစုခေါင်းဆောင်နေရာကို ကျုပ်ကို ပေးခဲ့တာ မဟုတ်လား”
“သား”
မိသားစုခေါင်းဆောင်တစ်ယောက်သည် မတ်တပ်ထရပ်ကာဖြင့် ၎င်း၏သားရဲ့ ဦးခေါင်းကို ပုတ်လိုက်သည်။ “သိပြီးပြီဆိုမှတော့ ပြင်းပြင်းထန်ထန် ကြိုးစားထား၊ ချင်မိသားစုရဲ့ အနာဂတ်က မင်းအပေါ်မှာ မူတည်နေတယ်”
“အဖေ... မသွားလို့ မရဘူးလား” လူငယ်သည် အော်ဟစ်ငိုယိုလျက်ရှိသည်။
မိသားစုခေါင်းဆောင်သည် ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲကြီးဆိုတာ ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် ဘေးအန္တရာယ်ကြီးတစ်ခုပဲလေ၊ ဒါက ဓားတောင်တွေ၊ မီးပင်လယ်တွေ ဖြစ်မယ်ဆိုရင်တောင်မှ မဖြစ်မနေ သွားရမှာ၊ မဟုတ်ရင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးက ဒီထက်ကြီးမားတဲ့ ကပ်ဘေးကြီးကို ကျရောက်သွား လိမ့်မယ်”
...................
မြို့တော်ဝန်ဟန်သည်လည်း ကြည့်ရှုလျက်ရှိနေသည်။ သူသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ သူ၏ အမူအရာ တစ်ခုလုံးသည် ပိုမိုနာကျင်သည့် အမူအရာများ ဖြစ်တည်လာခဲ့၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ကျွင်းချောင်ရှောင်းတစ်ယောက် ပေါက်ကရတွေ လျှောက်ပြောနေသည် မဟုတ်မှန်း နားလည်လိုက်မိကြ၏။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး ဆိုသည်မှာ အမှန်တကယ် တည်ရှိနေတော့၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ဤကဲ့သို့ ကြီးမားလှသည့် ကပ်ဘေးကြီးကို သွားရောက်ကာ ရင်ဆိုင်ရပေတော့မည်။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းသည် စကားလမ်းကြောင်းပြောင်းကာ ပြုံး၍ပြောလိုက်တော့၏။ “ဂြိုဟ်တိုက်ပွဲ တည်နေရာထဲကို ဝင်ရတော့မယ့် ကျွမ်းကျင်သူတွေအနေနဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး ပိုက်ဆံသုံးမယ် ဆိုရင်တော့ ဘယ်အန္တရာယ်မှ ကျရောက်မှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ချက်ချင်းပဲ အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ပြောင်းလဲမှုမှာ အလွန်ပင် မြန်ဆန်လွန်းလှသည်။ သူသည် စောနတုန်းက စကားများကို ပြောဆိုသည့်အချိန်တွင် ဟန်ပါပါဖြင့် မျက်ရည်ဝိုင်းလုမတတ်ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ ဤပိုက်ဆံကိစ္စသို့ ရောက်ရှိချိန်မှာတော့ မျက်နှာတစ်ခုလုံးသည် ပြုံးရွှင်သွားခဲ့တော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
မြို့တော်ဝန်ဟန်သည် မျက်လုံးပြူးသွားမိ၏။ “အဆက်အသွယ်ဆိုတာ ဘာကို ဆိုလိုတာလဲ”
“ဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ ပိုက်ဆံတွေကို အသုံးပြုတာလေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ပိုက်ဆံကို အသုံးပြု၍ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်သည် ဆိုခြင်းကို မြို့တော်ဝန်ဟန်သည် ကောင်းကောင်း နားလည်မိ၏။ ထို့ကြောင့် အလောတကြီးဖြင့် ပြောလိုက်၏။ “ဘယ်အဆက်အသွယ်တွေလဲ၊ ဘယ်သူ့ကို ဆက်သွယ်ရမှာလဲ”
ဂိုဏ်းချုပ်ကျွင်းသည် သူ့ကိုသူ လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “ကျုပ်ကိုပေါ့”
“မင်း ဟုတ်လား”
“မှန်တယ်”
မြို့တော်ဝန်ဟန်သည် ပြိုလဲလုမတတ် ဖြစ်သွား၏။ “ဂိုဏ်းချုပ်ကျွင်း... ကြယ်ကြွေကုန်းမြေတိုက်ကြီးက ကြီးမားတဲ့ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရတာ၊ ဒါကို လာပြီး ဟာသလုပ်နေတာ ကောင်းတယ်ထင်လို့လား”
သိုင်းကျင့်ကြံသူများအားလုံးသည် ဒေါသထွက်လျက် ရှိနေကြတော့သည်။ ၎င်းတို့သည် ဂြိုဟ်တိုက်ပွဲတည်နေရာ ကြီးတွင် သေဆုံးရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့ပေမဲ့ ဤကောင်သည် လာ၍ ဟာသ လုပ်လျက်ရှိ၏။ သူတို့ မည်သို့မှ သည်းမခံနိုင်ချေ။။
“ခင်ဗျားတို့ မယုံဘူးဆိုတာ ဒီကျွင်းက ကောင်းကောင်းသိတာပေါ့၊ ဒါပေမဲ့ ရှင်းပြရမှာပျင်းတယ်၊ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးကို ဝင်ပြီးတဲ့အချိန် ခင်ဗျားတို့နားလည်လာလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် အတင်းတွန်းအား မပေးချေ။ ထို့အပြင် ခံတပ်တည်နေရာကြီးသည် မြို့အဆင့်တစ်ခုဆီသို့ တိုးတက်ရောက်ရှိခဲ့ပြီဖြစ်သည်ဟု ပြောဆိုလျှင်တောင်မှာ တစ်ဖက်လူများသည် ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးသို့ ဝင်ရောက်ပြီးမှသာလျှင် အဖြစ်မှန်ကို ပိုမိုကာ သိရှိပေလိမ့်မည်။
“ဒါပေမဲ့ ….”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည် “ကျုပ် ခင်ဗျားတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်။ ဂြိုဟ်တိုက်ပွဲ တည်နေရာထဲကို ပထမဆုံး ဝင်မယ့်သူတွေကို ကျုပ်ကို သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ ပေးဖို့လိုတယ်။ ဒါဆိုရင် အထဲကို ရောက်တာနဲ့ လုံခြုံမှုကို ခံစားရမယ်။ ဒါပေမဲ့ အထဲကို ရောက်ပြီးမှ ပေးမယ် ဆိုရင်တော့ ဈေးက အဆမတန် တက်သွားနိုင်တယ်”
“သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း ဟုတ်လား။”
“ဒီကောင် ငါတို့ကို အရူးလာလုပ်နေတာလား”
“သူ အရူးလာလုပ်နေတာ မဟုတ်ဘူး။ လာလိမ်နေတာလို့ ထင်တယ်”
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူများသည် အလွန်အမင်း ဒေါသထွက်သွားကြသည်။
မြို့တော်ဝန်ဟန်သည်ပင် ဆက်လက်ကာ သည်းမခံနိုင်တော့ချေ “ဂိုဏ်းချုပ်ကျွင်း … အားလုံး ဒုက္ခရောက်နေတဲ့အချိန်ကို အမြတ်ထုတ်ချင်နေတာလား။ ဒါက လွန်လွန်းတယ်”
သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းပေးလျှင် ဂြိုဟ်တိုက်ပွဲ တည်နေရာထဲတွင် လုံလုံခြုံခြုံ နေထိုင်နိုင်မည်။ ထိုအကြောင်းကို အရူးတွေမှသာလျှင် ယုံကြည်ပေလိမ်မည်။
ဝှစ် …
ထိုအချိန်မှာပဲ မြို့တစ်ခုချင်းစီတိုင်းတွင် ရှိနေသော ပုံရိပ်ယောင် အစီအရင်သည် မှေးမှိန်သွားတော့သည်။
“မြို့တော်ဝန်ဟန်”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည် “ယုံချင်ယုံ .. မယုံချင်နေ.. ဒါက ခင်ဗျားသဘောပါပဲ။ ဒီကျွင်းက အရင်ဆုံး ထွက်သွားပါအုံးမယ်”
ပြီးသည့်နောက်မှာတော့ လှည့်ကာ ထွက်ခွာသွားတော့သည်။
သူ အလယ်ပိုင်းကုန်းမြေမြင့်ဆီသို့ လာရောက်ရသည့် အဓိက အကြောင်းရင်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်ရမည့် ကျွမ်းကျင်သူများကို ကယ်တင်ချင်သောကြောင့် ဖြစ်သည်။ သို့ပေမဲ့ သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ မပေးပါက မကယ်တင်ပေ။
မေးချင်စရာရှိသည်မှာ အကြီးအကဲနှင့် ကျွမ်းကျင်သူများသည် ဒီမျှကောင်းမွန်သည့် ကမ်းလှမ်းမှုရှိနေသည်ကို ဘယ့်ကြောင့် မပေးကြသနည်း ဆိုသည်ပင်။
အဖြေမှာတော့ မယုံကြည်သောကြောင့်သာ ဖြစ်၏။
“ဟင်း ….”
ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတစ်ခုတွင် ထိုင်ကာ ဦးခေါင်းကို ခါယမ်းလိုက်မိသည် “ငါ … ကျွင်းချောင်ရှောင်းက လောကကြီးကို ကယ်တင်သူ ဖြစ်လာလိမ့်မယ်လို့ အရင်က မထင်မိဘူး။ အစစ်အမှန်အခြေအနေကို သိရင် မြို့တော်ဝန်မူ ငါ့ကို ဂုဏ်ပြုစာတမ်းတောင် လာထိုးပေးအုံးမယ်။”