အခန်း (၉၇၇)
Vol. 66 Ch. 977
ထိုက်ရွှမ်အအေးဂိုဏ်းနှင့် တောက်ပအလင်းနတ်ဂိုဏ်းတို့မှ ကျွမ်းကျင်သူရှစ်ယောက်တို့သည် ခံတပ်၏ အပြင်ဘက်သို့ ရောက်ရှိပြီး ဂြိုဟ်တိုက်ပွဲအတွင်းမှ ကျွမ်းကျင်သူများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရတော့သည်။ အခြေအနေသည် ဆိုးရွားလွန်းလှ၏။ ဂိုဏ်းချုပ်ကျွင်းပြောသည့်အကြောင်းအရာကို ကြားပြီးသည့်နောက် သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်သည် အလျင်အမြန်ပဲလှမ်း၍ အော်လိုက်၏။ “ဂိုဏ်းချုပ်ကျွင်း.... ကျုပ်ပေးမယ်”
ဤနေရာတွင် လူအနည်းငယ်သာရှိသည်ဆိုပါက သူတို့အနေနှင့် တိုက်ခိုက်ရန် သတ္တိရှိပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိဝိုင်းရံနေကြသူများထဲတွင် သူတို့ထက် မည်သို့မှ အားမနည်းနိုင်သော သိုင်းနယ်မြေကျင့်ကြံသူ ရှစ်ယောက်တို့လည်း ရှိနေသေး၏။ ထို့အပြင် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့ကလည်း ရှိနေသေးသည်။ ဆက်လက်၍ တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် သေဆုံးခြင်းကို ကြုံတွေ့ရပေတော့မည်။
“ခင်ဗျား သေချာလား”
“သေချာတာပေါ့”
“ဒါဆိုရင် ကျန်တဲ့လူတွေကကော”
“ပေးမယ် ပေးမယ်”
“ဒါဆိုရင် အနောက်ကို ခြေငါးလှမ်းဆုတ်လိုက်”
တောက်ပအလင်းနတ်ဂိုဏ်းနှင့် ထိုက်ရွှမ်အအေးဂိုဏ်းမှ လူများသည် နောက်ကို ခြေငါးလှမ်းဆုတ်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ သိုဝှက်ထားသော တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ ခြေနင်းမိလိုက်၏။ ချက်ချင်းပဲ ၎င်းတို့အားလုံးသည် ခံတပ်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြ၏။
ထူးဆန်းလှပေသည်။ အပြင်ဘက်တွင်ရှိနေသော သိုင်းကျင့်ကြံသူတစ်ရာကျော်တို့သည် သေချာကြည့်ရှုပြီးသည့်နောက် ပြန်လည် ထွက်ခွာသွားခဲ့ကြတော့သည်။ မည်သည့်တိုက်ခိုက်မှုကိုမှ မပြုလုပ်ကြပေ။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “ဒီလိုမျိုး ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ရပါတယ် ဂိုဏ်းချုပ်ကျွင်း”
အပြင်ဘက်ရှိ ကျင့်ကြံသူများထဲမှ ခေါင်းဆောင်သည် လက်သီးကိုဆုပ်ကာဖြင့် ပြုံးကာ ပြောလိုက်သည်။ ပြီးသည့်နောက်မှာတော့ ၎င်း၏အဖွဲ့ကို ခေါ်ကာဖြင့် ထွက်ခွာသွားခဲ့တော့သည်။ ထိုသူများ အားလုံးသည် ယုဒြာကုန်းမြေတိုက်မှ လူများဖြစ်ကြသည်။
ပထမတုန်းက ကုန်းရှန့်သည် ထိုသူများနှင့် ပူးပေါင်း၍ ကြက်သွေးရောင်ကုန်းမြေတိုက်ကြီး၏ လူများဆီက ငွေညှစ်ခဲ့သေး၏။ ထို့ကြောင့်ပင် ၎င်းတို့သည် အတူတူ ပူးတွဲ၍ လုပ်ဆောင်ခဲ့ဖူးသည်ဟု ဆိုရမည်။ ခံတပ်အတွင်း ထဲမှာတော့ တည်နေရာရွေ့ပြောင်း၍ ပြန်လည်ရောက်ရှိလာခဲ့သော ဂိုဏ်းနှစ်ခုမှ အကြီးအကဲများ၏ မျက်နှာများ မှာတော့ ထိတ်လန့် ကြောက်ရွံ့လျက် ရှိနေကြ၏။
လက်ရှိအခြေအနေတွင် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သူတို့ သိရှိခဲ့ရပြီး ဖြစ်သည်။ အပြင်ဘက်တွင် သိုင်းနယ်မြေတစ်ပိုင်း၊ သိုင်းနယ်မြေနှင့် နှိုင်းယှဉ်၍ရသော ကျင့်ကြံသူ အများအပြား တည်ရှိလို့နေခဲ့တော့သည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပေးတော့လေ”
“ပေးမယ် ပေးမယ်” ထိုက်ရွမ်အအေးဂိုဏ်းနှင့် တောက်ပအလင်းနတ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ကြောက်ရွံ့နေကြပြီဖြစ်သောကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ကာ ပေးလိုက်တော့သည်။ ထိုသူတို့ ပူးပေါင်းပါဝင်လိုက်ကြပြီဖြစ်သောကြောင့် တခြား နှောင့်နှေးနေကြသော ဂိုဏ်းများသည်လည်း အလျင်အမြန်ပဲ စိတ်ဝိညာဉ်ကျောက်တုံးများ ထုတ်ကာ ပေးကြတော့၏။
ကျင့်ကြံသူနှစ်ထောင်ကျော်တို့သည် လွင့်မျောနေသော တောင်တန်းပေါ်သို့ တည်နေရာရွေ့ပြောင်းခြင်းကို ခံလိုက်ရတော့သည်။ ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ရာနီးပါးခန့်ကို ရရှိခဲ့ပြီး ဖြစ်တော့သည်။ ဤအရာသည် များပြားလှသော ပမာဏပင် ဖြစ်သည်။ တပည့် ခုနှစ်သောင်းတို့အား အညီအမျှ ခွဲဝေပေးလိုက်မည်ဆိုလျှင်တောင်မှ တစ်ယောက်ကို သုံးသောင်းနီးပါး ရနိုင်သည်။
မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အပျင်းကြောဆန့်ကာ စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ “ကြည့်ရတာ လွန်ခဲ့တဲ့နှစ်ပိုင်းတုန်းက အလုပ်ကြိုးစားခဲ့ရတာ အလကား မဟုတ်ဘူးပဲ”
စနစ်က ပြောလိုက်သည်။ “သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးသန်းနှစ်ရာဆိုတာက ဂိုဏ်းတစ်ခုလုံးကို လုံလောက်တဲ့အရင်းအမြစ်အဖြစ် ထောက်ပံ့ပေးနိုင်စွမ်း ရှိတယ်”
ကျွင်းချောင်ရှောင်း၏ အပြုံးများသည် ပိုမို၍ တောက်ပလာခဲ့တော့၏။ ဂိုဏ်းထဲတွင် လူခုနှစ်သောင်းနီးပါးထိ ရှိနေပြီဖြစ်၏။ စတိုးထဲတွင်ရှိသော သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ပစ္စည်းပစ္စယများ အားလုံးကိုလည်း လုံလုံလောက်လောက် ဖန်တီးပေးထားခဲ့၏။ လုံလောက်သည့် သိုင်းအရင်းအမြစ်များ ထပ်မံရရှိမည်ဆိုပါက ၎င်းတို့ အားလုံးသည် အဆင့်တက်ရန်အတွက် ပိုမိုကာ လွယ်ကူသွားပေလိမ့်မည်။
“ဒီလို လုံလောက်တဲ့ သိုင်းအရင်းအမြစ်တွေနဲ့ဆိုရင် တစ်ဂိုဏ်းလုံး သိုင်းစစ်သူကြီးအဆင့်ကို ရောက်ရှိဖို့ဆိုတာ ပြဿနာ မဟုတ်ဘူးပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
စနစ်က ပြောလိုက်၏။ “တကယ်လို့ သိုင်းဘုရင်ဆေးလုံးတွေကိုသာ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ဂိုဏ်းတစ်ခုလုံးက အချိန်တိုအတွင်း သိုင်းဘုရင်အဆင့်ကို ရောက်ရှိသွားနိုင်တယ်လေ”
“အဓိက သော့ချက်က ငါ့အနေနဲ့ သိုင်းဘုရင်ဆေးလုံးတွေကို လုံလုံလောက်လောက် မထောက်ပံ့ပေးနိုင်တာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဤကဲ့သို့ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးနိုင်သော ဆေးလုံးအမျိုးအစားများသည် အဆင့်မြင့်သော ဆေးပင် အများ အပြားပါဝင်နေ၏။ ထိုဆေးပင်များ အားလုံး၏ စိုက်ပျိုးမှု အချိန်ကာလသည် ကြာမြင့်လွန်းလှ၏။ ထို့ကြောင့် တပည့်များအားလုံးရရှိရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ သို့ပေမဲ့ သဘာဝစိတ်ဝိညာဉ် ကျောက်တုံး သန်းရာချီကို အသုံးပြုပြီးသည့်နောက် တပည့်များ အားလုံးသည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားမှာ သေချာ၏။
၎င်းတို့အားလုံးသည် သိုင်းဘုရင်ဆေးလုံးရရှိရန် အလှည့်ကျ စောင့်ဆိုင်းရန်သာ လိုတော့၏။ အတိတ်တုန်းကဆိုလျှင် အချိန်အနည်းငယ်ကြာတိုင်း သိုင်းဘုရင်ဆေးလုံးများကို သူ သန့်စင်ပေးထားနိုင်၏။ သို့ပေမဲ့ တပည့်များ၏ အရေအတွက် များပြားလာသည့်နောက်တွင် သေချာထောက်ပံ့မှုကို မပြုလုပ်နိုင်တော့ချေ။
“တကယ့်ကို အဆင်ပြေတာပဲ၊ လုံးဝ လုံးဝ အဆင်ပြေတယ်”
..............
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူ နှစ်ထောင်ကျော်တို့သည် လွင့်မျောနေသော တောင်တန်းပေါ်တွင် အခြေချ နေထိုင်နေကြပြီး ဖြစ်တော့သည်။ ၎င်းတို့အားလုံးသည် ပျော်ရွှင်နေသည့် ဖောက်သည်များ ဖြစ်ကြသည်ဆိုသော်လည်း ဆက်ဆံခံရမှုမှာ အလုံးစုံ ခြားနားလျက် ရှိနေတော့၏။ ဂိုဏ်းချုပ်ကျွင်းနှင့် အနီးအနားတွင် နေထိုင်ခွင့်ရသူများ အားလုံးသည် ရင်းနှီးသည့်လူများဖြစ်ပြီး မရင်းနှီးသောသူ သို့မဟုတ် ရန်ငြိုးရှိသောသူများသည် အစွန်ဆုံးအခန်းများ၌သာ နေထိုင်ခွင့်ရကြ၏။
“ဒီနေရာရဲ့ သတ်ဖြတ်ခြင်းဆန္ဒတွေက အရမ်းအားကောင်းတာပဲ”
“ဟို မဲမှောင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်လိုက်၊ ငါ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖိနှိပ်ထားသလို ခံစားရတယ်လေ”
“များပြားလှတဲ့ ကျင့်ကြံသူတွေက ဒီနေရာမှာ သေဆုံးခဲ့ကြတာလေ၊ ဒါကြောင့် ပတ်ဝန်းကျင် တည်နေရာကြီးက ဒီလိုဖြစ်နေတာပေါ့”
များပြားလှသော ကျင့်ကြံသူများ အားလုံးသည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင် စုဝေး၍ ဆွေးနွေးလျက် ရှိနေကြ၏။ ၎င်းတို့သည် ခံစားရသမျှ အားလုံးကို တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်ကာ ပြောဆိုနေကြတော့၏။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် အဓိက တောင်ထွတ်ပေါ်တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ကျုပ်တို့ ခံတပ်ဆီမှာ အိမ်နီးနားချင်းဂြိုဟ်နှစ်ခု ရှိတယ်၊ ဘယ်ဘက်ခြမ်းကတော့ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီး ဖြစ်ပြီးတော့ ညာဘက်ခြမ်းကတော့ လင်းယွမ်ကုန်းမြေတိုက်ပဲ”
“ဟမ်”
အားလုံးသောသူများသည် မျက်လုံးပြူးသွားကြ၏။ စောင့်ကြည့်ရေးမျှော်စင်ဆီမှ ခေါင်းဆောင်ပြောခဲ့သော စကားများအရဆိုလျှင် ဤဂြိုဟ်နှစ်ခုသည် အသစ်ရောက်လာသော ဂြိုဟ်များမှ ကျွမ်းကျင်သူများအား အနိုင်ကျင့်ဗိုလ်ကျ တိုက်ခိုက်တတ်ကြ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ၎င်းတို့နှစ်ခုကြားတွင် တည်ရှိနေသည်ဆိုပါက ကံဆိုးခြင်းသာ ဖြစ်ပေလိမ့်မည်။
မူလအားဖြင့် ခံတပ်ထဲမှထွက်၍ အပြင်ဘက်သို့ ကြည့်ရှုချင်နေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် အနီးအနားတွင် ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်တို့ တည်ရှိနေသည်ကို သိရှိပြီးသည့်နောက်မှာတော့ အပြင်ကိုထွက်ရန်စိတ်ကူးကို ပယ်ဖျက်လိုက်ကြပြီးဖြစ်၏။
“ဒီဂြိုဟ်နှစ်ခုက အရမ်းကို ဆိုးသွမ်းကြတယ်လေ၊ ကျုပ် ဒီနေရာကို ရောက်တုန်းက သူတို့ရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရတာပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့” ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူကပြောလိုက်သည်။ “အခုအချိန်မှာ ဘာအန္တရာယ်မှ မရှိတော့ဘူး၊ သူတို့အားလုံးကို ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက ရိုက်နှက်ခဲ့တယ်”
“.........”
အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့ကြ၏။
“ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ဝင်လာတဲ့ဂြိုဟ်တွေအားလုံးက ရင်းနှီးပတ်သက်မှုမရှိကြဘူး၊ ဒီတော့ အပြင်ကို ထွက်မယ်ဆိုရင် သေချာကြည့်၊ မဟုတ်ရင် အနိုင်ကျင့် ခံရမယ်၊ ဒါပေမဲ့ အနိုင်ကျင့် မခံချင်ရင်တော့ ပြိုင်စံရှားဂိုဏ်းရဲ့ ဝတ်စုံကို ဝတ်သွားသင့်တယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဖြောက် ……
သူ လက်ဖျောက်တစ်ချက်တီးလိုက်၏။
လီချင်းယန်နှင့် ရှောင်ကျီတို့ အားလုံးသည် များပြားလှသော ဂိုဏ်းဝတ်စုံများ အားလုံးကို ထုတ်ယူကာ တည်နေရာ တစ်ခုတွင် တင်ထားလိုက်ကြသည်။
“ပြိုင်စံရှားဂိုဏ်းရဲ့ ဝတ်စုံက အဆင့်မြင့်ပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ်ထားတာ၊ ပြီးတော့ လက်ချုပ်သီးသန့်ပဲ၊ ကျုပ်တို့က တူညီတဲ့ဂြိုဟ်ကြီးဆီကလာတဲ့ ကျင့်ကြံသူတွေ ဖြစ်တာကြောင့်မို့လို့ ဒီဂိုဏ်းဝတ်စုံတစ်ထည်ကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ပဲ တောင်းမယ်” ကျွင်းချောင်ရှောင်းက ဟန်ပါပါဖြင့် ပြောလိုက်၏။
“..........”
ကျွမ်းကျင်သူများအားလုံး၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏၊ ဤလွင့်မျောနေသော တောင်တန်းပေါ်သို့ ရောက်ရှိရန်အတွက် ၎င်းတို့အားလုံးသည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို ပေးအပ်ခဲ့ရသည်။ ထို့အပြင် လက်ရှိ၌ အဝတ်အစားများကို ဝယ်ယူရန်ပင် ထပ်မံ၍ သွေးဆောင်လျက် ရှိနေသေး၏။ ကျွင်းချောင်ရှောင်း ဆိုသည့်ကောင်သည် ပိုက်ဆံကိုသာ စဉ်းစားနေသည့်သူ ဖြစ်ပေလိမ့်မည်။
“ဟုတ်တာပေါ့”
ကျွင်းချောင်ရှောင်းသည် လေးနက်စွာဖြင့် ပြောလိုက်၏။ “ဒီအဝတ်အစားတွေဆိုတာက ကျုပ်ရဲ့ အမှတ်သင်္ကေတပဲလေ၊ ဒါကို ဝတ်သွားတယ်ဆိုတာနဲ့ အရမ်းကို တန်ဖိုးရှိတဲ့အရာ ဖြစ်သွားလိမ့်မယ်”
ကံကောင်းစွာဖြင့် လက်ရှိ ရှိနေကြသောသူများအားလုံးသည် သိုင်းအုပ်စိုးသူအဆင့် သို့မဟုတ် ထိုထက် မြင့်မားသည့်သူများ ဖြစ်ကြ၏။ မဟုတ်ပါက ၎င်းတို့အားလုံးသည် ထ၍ပင် ဆဲမိပေလိမ့်မည်။
.................
ခံတပ်၏ အပြင်ဘက်မှာတော့ မူချန်းဟုန်သည် ပြိုင်စံရှားဂိုဏ်း ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် ရင်ထဲတွင် စိုးရွံ့စိတ်အပြည့်ဖြင့် အပြင်ဘက်ဆီသို့ ပျံသန်းထွက်ခွာလာခဲ့၏။ အဆုံးသတ်မှာတော့ သူသည် မနေနိုင်ဘဲ မေးလိုက်မိတော့၏။ “သမီး..... ဒီဂြိုဟ်တိုက်ပွဲ တည်နေရာကြီးက အရမ်းကို အန္တရာယ်များတယ်၊ ဒီလိုမျိုး ထွက်လာတာ လုံခြုံရဲ့လား”
“အဖေ”
မူဟုန်လင်သည် ပြုံးကာ ပြောလိုက်မိ၏။ “ဒီနေရာမှာ အရမ်းကို လုံခြုံတယ်”
မြို့တော်ဝန်မူသည် သူ၏ သမီးကို ယုံကြည်သည်ဆိုသော်လည်း အနည်းငယ် ကြောက်ရွံ့စိတ်တော့ ဖြစ်မိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ အဝေးတစ်နေရာတွင် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ထိုသူများ ထုတ်ဖော်လျက်ရှိနေသော အော်ရာများကို သိရှိပြီးသည့်နောက်မှာတော့ သူသည် အလွန်အမင်း ထိတ်လန့်သွားမိ၏။ “ကောင်းကင်ဘုံ ဒီလူတွေအကုန်လုံးက သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတွေပါလား”
မူဟုန်လင်သည် ပြုံးကာ ပြောလိုက်၏။ “ကြည့်ရတာ ဂြိုဟ်နှစ်ခုက လူတွေတိုက်ခိုက်နေကြတာဖြစ်မယ်၊ သွားပြီး ကြည့်ကြရအောင်”
“မဟုတ်ဘူး၊ မဟုတ်ဘူး”
မူချန်းဟုန်သည် အလျင်အမြန်ပဲ လှမ်း၍ တားဆီးလိုက်၏။ “ဒီအတိုင်းပဲ အဖေက အပြင်ကိုထွက်ပြီး လမ်းလျှောက်ဖို့ လာတာလေ၊ ပွဲကြည့်ချင်လို့ မဟုတ်ဘူး”
“အဖေ သွားကြရအောင်” မူဟုန်လင်၏ အတင်းဆွဲခေါ်မှုကြောင့် မူချန်းဟုန်သည် မည်သို့မှ မနေနိုင်တော့ဘဲ အနောက်သို့ လိုက်ပါလာခဲ့ရ၏။ ပြီးသည့်နောက်မှာတော့ အဝေးတစ်နေရာတွင် လူပေါင်းတစ်ရာကျော်တို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို သူတို့မြင်လိုက်ကြရ၏။
မူချန်းဟုန်သည် သာမန်ကာလျှံကာ လှမ်း၍ ကြည့်ရှုလိုက်သည့်နောက်မှာတော့ နှစ်ဖက်လုံးတွင် လူလေးဆယ်၊ ငါးဆယ်လောက် ရှိပြီး ထိုသူများ အားလုံးသည် သူ့ထက်ပိုမိုကာ အားကောင်းနေသည်ကို သိရှိလိုက်ရ၏။ ထို့ကြောင့် သူသည် ထိတ်လန့်ကြောက်ရွံ့စွာ တွေးလိုက်မိသည်။ ဒီဂြိုဟ်တိုက်ပွဲ တည်နေရာကြီးက အရမ်း ကြောက်ဖို့ ကောင်းတာပဲ။
ဟူး ဟူး
ဂြိုဟ်နှစ်ခုဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြီး တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်လျက် ရှိနေကြ၏။ သို့ပေမဲ့ အဝေးတစ်နေရာတွင် ရှိနေသော မူဟုန်လင်နှင့် မူချန်းဟုန်တို့ကို မြင်လိုက်သည့်အချိန်မှာတော့ ၎င်းတို့၏ အမူအရာများသည် ပြောင်းလဲသွားကြ၏။ တိုက်ခိုက်နေရာမှ ချက်ချင်းပဲ ရပ်တန့်လိုက်ကြ၏။
“ဟာ မဟုတ်တော့ဘူး၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးက လူတွေပဲ”
ဆွစ် ဆွစ်
ချက်ချင်းပဲ ဂြိုဟ်နှစ်ခုဆီမှ သိုင်းကျင့်ကြံသူတစ်ရာကျော်တို့သည် ချက်ချင်းပဲ ပျောက်ချင်းမလှ ပျောက်ကုန်ကြ၏။
မူချန်းဟုန်သည် တည်နေရာတွင် ကြက်သေသေကာ ရပ်လျက်ရှိ၏။ အချိန် အတော်ကြာပြီးသည့်နောက် သူသည် မယုံကြည်နိုင်စွာ မေးလိုက်မိ၏။ “သမီး … သူတို့တွေ ငါတို့ကို ကြောက်ပြီး ထွက်သွားတာလား”
“ဟုတ်တယ်”
မူဟုန်လင်သည် ပြောလိုက်မိ၏။ “သူတို့တွေအားလုံး ကြောက်ပြီး ပြေးသွားကြတာပဲ”
ဤကဲ့သို့သော အဖြစ်အပျက်မျိုးသည် တခြားသော တည်နေရာများတွင်လည်း ဖြစ်ပွားလျက် ရှိ၏။ မြို့တော်ဝန်ဟန်နှင့် တခြားသော ပြိုင်စံရှားဂိုဏ်းဝတ်စုံကို ဝယ်ယူခဲ့ကြသည့် သိုင်းကျင့်ကြံသူများ အားလုံးသည် ခံတပ်၏ အပြင်ဘက်ဆီသို့ ဂရုတစိုက်နှင့် ပျံသန်းကာ ကြည့်ရှုလျက် ရှိနေကြ၏။ ၎င်းတို့သည် အပြင်ဘက်တွင် သိုင်းကျင့်ကြံသူ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံသည့်အချိန်တိုင်း သူတို့အား တစ်ချက်ကလေးတောင် လှည့်ကြည့်ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့ကြတော့၏။
....................
“ခင်ဗျားတို့ ယုံမှာတောင်မဟုတ်ဘူး၊ ကျုပ် အပြင်ကို ထွက်လျှောက်တဲ့အချိန်မှာ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးက လူတွေရောက်လာတယ်လေ၊ ကျုပ်ကတော့ သေပြီမှတ်တာပဲ၊ ဒါပေမဲ့ သူတို့က ကျုပ်ထက်အရင်မြန်အောင် ထွက်ပြေးသွားခဲ့ကြတယ်”
“ဟုတ်တယ်၊ ကျုပ်လည်း အဲလိုမျိုး ကြုံခဲ့တယ်”
ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းဝတ်စုံကို ဝယ်ယူခဲ့ကြသော လူများအားလုံးသည် အနားပတ်ဝန်းကျင်ကို လှည့်လည် လျှောက်သွားပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်း ပြောဆိုခဲ့သော စကားလုံးများသည် အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်မိခဲ့ကြသည်။
“သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင် ပေးခဲ့ရတဲ့ ဝတ်စုံတွေက တကယ့်ကို အကာအကွယ် ရတနာပဲ” မြို့တော်ဝန်ဟန်က ထပြောလိုက်မိ၏။
မူလအားဖြင့် အနည်းငယ် ဇဝေဇဝါဖြစ်နေသော သိုင်းကျင့်ကြံသူများ အားလုံးသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဝတ်စုံကို ထပ်မံကာ ဝယ်ယူခဲ့ကြ၏။ ပြီးသည့်နောက်မှာတော့ ထိုဝတ်စုံကို ဝတ်ဆင်ကာ အပြင်ဘက်သို့ ထွက်၍ စမ်းသပ်ခဲ့ကြသည်။ အစစ်အမှန်ပင် ဖြစ်နေတော့သည်။
လက်ရှိ အခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်မှ လူများ အားလုံးသည် အလုံးစုံဆွံ့အလျက်ရှိသည်။ ကျွင်းချောင်ရှောင်းနှင့် ၎င်း၏ ဂိုဏ်းသားများ အားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ရောက်ရှိပြီးသည့် နောက်မှာတော့ မည်သည့်အရာများ ပြုလုပ်ခဲ့သနည်း။ အဘယ်သို့သော လုပ်ရပ်မျိုးကို ပြုလုပ်ခဲ့သည် ဖြစ်သောကြောင့် ကျင့်ကြံသူများ အားလုံးသည် ဂိုဏ်းဝတ်စုံကို မြင်သည်နှင့် ကြောင်ကိုတွေ့သည့် ကြွက်များကဲ့သို့ ထွက်ပြေးသွားခဲ့ရသနည်း။