← Chapters

အခန်း (၉၇၈)

Vol. 66 Ch. 978

အခန်း (၉၇၈)

Vol. 66 Ch. 978

ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများ၏ ခံတပ်ကြီးသည် မြို့အသေးလေး အရွယ်အစားဆီသို့ ရောက်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ အလုံးစုံ ဆွံ့အလျက်ရှိပြီးသားဖြစ်၏။ သို့ပေမဲ့ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းဝတ်စုံကို ဝတ်ဆင်ပြီးတော့ အပြင်သို့ ထွက်လိုက်သည်နှင့် ကြောင်ကိုတွေ့သည့် ကြွက်များကဲ့သို့ ထွက်ပြေးသွားသည်ကို မြင်ရသည့်အချိန်မှာတော့ အလုံးစုံ ဆွံ့အလျက် ရှိနေတော့သည်။

၎င်းတို့အားလုံး လက်ရှိဖြစ်နေသည့် ခံစားချက်ကို ထုတ်ဖော်ပြောပြရမည်ဆိုလျှင် အိမ်မက် မက်နေသကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ အိမ်မက်သာဖြစ်မည် ဆိုပါက ဤအတိုင်း ဆက်လက် ဖြစ်တည်သွားခြင်းကပင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“အားလုံးပဲ”

အဓိကတောင်ထွတ်ကြီးမှာတော့ ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ခံတပ်ကြီးက မြို့အသေးလေး အရွယ်အစားကို ရောက်လုနီးပါးဖြစ်နေပြီ၊ ဒီတော့ ခင်ဗျားတို့ အနေနဲ့ အချိန်မရွေးထွက်သွားလို့ရပြီ”

ရှိရှိသမျှသော သိုင်းကျင့်ကြံသူများအားလုံး “......”

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးအကြောင်းကို သိရှိပြီးသည့်နောက်မှာတော့ ၎င်းတို့ အားလုံးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စားကောင်းခြင်း မစားရ၊ သောက်ကောင်းခြင်း မသောက်ရ အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရ၏။ ၎င်းတို့၏ အသုဘ အခမ်းအနားကိုပင် ကြိုတင်ကာ ပြင်ဆင်ခဲ့ရသေး၏။ သို့ပေမဲ့ အဆုံးသတ် မှာတော့ ဤနေရာသည် ပျော်ပွဲစားတစ်ခု ထွက်ရသကဲ့သို့ပင် ဖြစ်နေတော့၏။ အထူးသဖြင့် မြို့တော်ဝန်ဟန်ပင် ဖြစ်သည်။ မြို့တော်ဝန်ဟန်သည် ၎င်း၏ အုတ်ဂူအတွက် ကြိုတင်ကာ ပြင်ဆင်ခဲ့ပြီးသားလူသည်း ဖြစ်သည်။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းထပ်ပြောလိုက်သည်။ “ခင်ဗျားတို့အနေနဲ့ ဒီဂြိုဟ်တိုက်ပွဲ တည်နေရာကြီးမှာရှိတဲ့ အဆင့်တူ ရန်သူတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့မယ်ဆိုရင် သီလအမှတ် ဆယ်မှတ်ကို ရရှိလိမ့်မယ်၊ လုံလောက်တဲ့ သီလအမှတ်တွေ ရရှိပြီဆိုရင် သီလစတိုးမှာ အရင်းအမြစ်တွေ ဝယ်ယူလို့ ရတယ်၊ ဒီတော့ ခင်ဗျားတို့ ဒီမှာ နေထိုင်ဖို့လည်း ရွေးချယ်နိုင်တယ်”

အားလုံးသည် ကြောင်အသွားခဲ့ကြတော့သည်။ သီလစတိုးဆိုသည်ကို သူတို့ ဂရုမစိုက်ခဲ့ကြချေ။ သူတို့ ဂရုစိုက်သည် ဆိုသည်မှာ အဆင့်တူ ရန်သူတစ်ယောက်ကို သတ်ဖြတ်ပစ်လျှင် သီလအမှတ် ဆယ်မှတ်ရသည်ဆိုသည့် အကြောင်းပင် ဖြစ်သည်။

“ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝန်ဟန်သည် လေးနက်စွာ ပြောလိုက်သည်။ “လူတွေကို သတ်ဖြတ်ပြီးမှ သီလအမှတ်တွေကို ရရှိတာလား”

“ဒါ အမှန်ပဲလေ” ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်၏။

“……”

မြို့တော်ဝန်ဟန်၏ နှုတ်ခမ်းထောင့်များသည် ပြင်းပြင်းထန်ထန် တုန်ခါလျက်ရှိသည်။

“မနေ့တုန်းက ကောင်းကင်ပေါ်က ထွက်လာတဲ့ အသံအရဆိုရင် ဂိုဏ်းချုပ်ကျွင်းမှာ သီလအမှတ် ခြောက်သောင်းသုံးထောင်တောင် ရှိတယ်၊ ဒါဆိုရင်”

သူသည် ခဏလောက် ရပ်တန့်ကာဖြင့် သေသေချာချာ တွက်ချက်လိုက်တော့၏။ “ဒါဆိုရင် လူပေါင်း ခြောက်ထောင့်သုံးရာလောက် သတ်ခဲ့တာပေါ့”

ဤစကားစုသည် ရှိရှိသမျှသော စွမ်းအားမြင့်ကျင့်ကြံသူတို့ တွေးနေသည့်အရာပင်ဖြစ်တော့သည်။ ထို့ကြောင့် ၎င်းတို့သည် နားစွင့်ကာ ထောင်လိုက်တော့သည်။ ဟုတ်ပေသည် ၎င်းတို့၏ နှလုံးသားထဲတွင် ထိုအရာသည် သံသယအဖြစ် တည်ရှိနေတော့၏။

လူခြောက်ထောင့်သုံးရာ - အားလုံးသော သူများသည် အနည်းဆုံး သိုင်းအုပ်စိုးသူအဆင့်တွင် ရှိနေကြ၏။ ဤအရာသည် လူသားတစ်ယောက်ပြုလုပ်မည့်အရာ ဖြစ်သေးရဲ့လား။

“မဟုတ်ဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

အားလုံးသောသူများသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ဒီကိစ္စကြီးက ဖြစ်မှ မဖြစ်နိုင်တာ။

မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ဒီလိုဆိုရင် ဒီလောက်များပြားတဲ့ သီလအမှတ်တွေကို ဘယ်လိုဖြစ်ပြီး ရခဲ့တာလဲ”

“ဘယ်ကနေ ရလာသလဲဆိုတော့”

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ရှင်းပြလိုက်သည်။ “ကျုပ်မှာ ဒီမှာရှိတဲ့ သိုင်းကျင့်ကြံသူ နှစ်သောင်းကျော်ကို သတ်ခဲ့တာလေ၊ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတွေ အများအပြားကို ကျုပ်က ပက်ပက်စက်စက် သတ်တဲ့နောက်မှာ သီလမှတ်တွေ ထပ်ပြီးတော့ မရတော့ဘူး၊ မဟုတ်ရင် အနည်းဆုံးသီလအမှတ် နှစ်သောင်းလောက် ရနိုင်တယ်”

ဤအမူအရာ၊ ဤလေသံ …..။

ဆိုလိုသည်မှာ အရာအားလုံးကို သက်တောင့်သက်သာ အေးအေးဆေးဆေးနှင့် ပြုလုပ်ခဲ့သည့် ဟန်ပင်မျိုးပင် ရှိနေသည်။ မူလအားဖြင့် စိတ်တည်ငြိမ်မှု ရရှိသွားခဲ့ကြသော များပြားလှသည့် ကျင့်ကြံသူများ အားလုံးသည် မျက်လုံးအပြူးသား ဖြစ်မိသွားခဲ့၏။ တစ်ဖက်လူသည် လူခြောက်ထောင်ကျော်ကို သတ်ဖြတ်ပစ်ခဲ့သည် မဟုတ်ဘဲ လူနှစ်သောင်းကျော်ကို သတ်ဖြတ်ပစ်ခဲ့ခြင်းပင် ဖြစ်နေ၏။

“ကောင်းကင်ဘုံ”

မြို့တော်ဝန်ဟန်သည် မယုံကြည်နိုင်စွာ မေးလိုက်၏။ “လူနှစ်သောင်းကျော်ကို သတ်ခဲ့တယ် ဟုတ်လား”

“အရင်က အကြောင်းတွေ ပြောမနေပါနဲ့တော့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

စနစ် “…..”

ဒီကိစ္စကို ပြောအောင်လို့ အစဖော်တာ မင်းပဲ မဟုတ်လား၊ အခုကျတော့ ဘယ်လိုဖြစ်ပြီး သိုသိုသိပ်သိပ် နေသလို ဟန်ဆောင်နေရတာလဲ။

၎င်းတို့၏ ကိုယ်ပိုင်မျက်စိနှင့် မမြင်ရပါက ကျွင်းချောင်ရှောင်း ပြောသည်ကို ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သိုင်းကျင့်ကြံသူ နှစ်သောင်းကျော်ကို သတ်ဖြတ်ပစ်ခဲ့ခြင်း ဆိုသည်မှာ ၎င်းတို့ သိရှိနိုင်သည့် အသိပညာထက် ပိုမိုကာ နက်နဲလျက် ရှိပေသည်။

ဟုတ်ပေသည်။ ကုန်းရှန့်သည် အရာအားလုံးကို အသေးစိတ် မရှင်းပြချေ။ ထို့ကဲ့သို့ ဤကဲ့သို့ ထားခဲ့ခြင်းက ပို၍ ဇဝေဇဝါ ဖြစ်စေသည် မဟုတ်ပါလား။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တိုက်ခိုက်ရေး တည်နေရာထဲမှာ အမွေအနှစ်တွေ အများကြီး ရှိသေးတယ်၊ ဒါတွေက အချိန်အတော်ကြာမှ တစ်ခါ ပေါ်လာတတ်တာလေ၊ ဒါပေမဲ့ ခင်ဗျားတို့ ကံတရားကို စမ်းသပ် ကြည့်ချင်တယ်ဆိုရင် ဒီမှာဆက်ပြီး နေထိုင်ဖို့ ရွေးချယ်သင့်တယ်”

“အမွေအနှစ်တွေ ဟုတ်လား” များပြားလှသော သိုင်းကျင့်ကြံသူ များသည် စိတ်ဝင်စားလျက် ရှိနေကြတော့သည်။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင် များပြားလှသော ကျွမ်းကျင်သူများ တည်ရှိနေသည်ဆိုသော်လည်း များပြားလှသည့်ပစ္စည်းကောင်းများလည်း တည်ရှိနေ၏။ ဤအရာသည် ကောင်းမွန်သော အရာပင် ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝန်ဟန်သည် ပြုံးကာ ပြောလိုက်၏။ “ကျုပ်တို့ ဒီနေရာကို ရောက်လာပြီဆိုမှတော့ ဒီမှာ ကျိန်းသေပေါက် ကြာကြာလေး နေရမှာပေါ့”

မည်သို့ပင် ဆိုစေကာမူ ခံတပ်ကြီးအတွင်း၌ မည်သည့်အန္တရာယ်မှ မရှိပေ။ ထို့ကြောင့် ဤနေရာတွင် ရက်အနည်းငယ် ဆက်လက်ကာ နေထိုင်ပြီး ပြန်သွားမည်ဆိုပါက သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ဖြုန်းတီးသလို ဖြစ်နေမည် မဟုတ်ပါလား။

“အဓိကတောင်ထွတ်ရဲ့ အပေါ်မှာ ကြေးနီရောင်ဂိတ်တံခါးတစ်ခု ရှိတယ်၊ ခင်ဗျားတို့ ထွက်သွားချင်ရင် အချိန်မရွေး ထွက်သွားလို့ရတယ်၊ ကျုပ်က အခုလောလောဆယ် အလုပ်များနေတယ်”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် အဓိကဟောခန်းထဲသို့ ပြန်ဝင်ခဲ့လိုက်တော့သည်။ များပြားလှသော ကျင့်ကြံသူများ အားလုံးသည်လည်း တစ်ယောက်ပြီးတစ်ယောက် သူတို့နေထိုင်ရာဆီသို့ ပြန်သွားခဲ့ကြသည်။ တချို့သည် ကျင့်ကြံလျက် ရှိနေကြပြီး တချို့မှာ ခံတပ်ထဲတွင် ရှိသော ရှုခင်းများကို ကြည့်ရှုလျက်ရှိနေ၏။ တချို့မှာ အပြင်ဘက်သို့ထွက်၍ လှမ်းလျှောက်လျက်ရှိသည်။

အဓိကတောင်ထွတ်၏ အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်လျက်ရှိနေပြီး အတွေ့အကြုံအဆောင် သုံးခုကို ထုတ်ယူလိုက်တော့၏။ ပြီးနောက် သူသည် တီးတိုးရေရွတ်လိုက်တော့၏။ “ဒီအရာက အစွမ်း သက်ရောက်မှု အများကြီး မရှိဘူး ဆိုပေမဲ့ ဘာမှမရှိတာထက်တော့ တော်သေးတာပေါ့”

ဂျွတ် ဂျွတ် ဂျွတ်

အတွေ့အကြုံအဆောင်သုံးခုကို ချိုးချေလိုက်တော့၏။ သူ၏ အားအင်အဆင့်သည်လည်း အနည်းငယ်ပို၍ တိုးတက်သွားခဲ့၏။ သိုပေမဲ့ ကြီးမားသည့် အကျိုးသက်ရောက်မှုတော့ မရှိခဲ့ချေ။ ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “ငါ ဘယ်အချိန်မှာ သိုင်းနယ်မြေတစ်ပိုင်းအဆင့်ကနေ ချိုးဖြတ်ရောက်ရှိမှာလဲ”

အတိတ်တုန်းကသာဆိုလျှင် သူသည် ကျင့်ကြံခြင်းတွင် အဆင့်များ ရှိနေသောကြောင့် အဆင့်ကိုးသို့ ရောက်ရှိသည်နှင့် အထူးတာဝန် ပေါ်ပေါက်လာမည်ကို သိရှိနိုင်စွမ်းရှိ၏။ လက်ရှိအခြေအနေမှာတော့ သူသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့၏။ သို့ပေမဲ့ ဤအရာတွင် အဆင့်သတ်မှတ်ချက် မရှိချေ။ ထို့ကြောင့် မည်သို့သော အချိန်တွင် အထူးတာဝန် ပေါ်ပေါက်လာမည်ကို သူမသိရှိပေ။

စနစ်က ပြောလိုက်သည်။ “သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတွေက တည်နေရာစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း ရှိကြတယ်လေ၊ ငါ့ရဲ့ အထင်အရဆိုရင် လက်ခံသူက တည်နေရာ စွမ်းအင်ကို ပိုပြီးကျွမ်းကျင်အောင် ကျင့်ကြံတာ ကောင်းလိမ့်မယ်နဲ့တူတယ်”

“ဒင်... လက်ခံသူသည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ အထက်အဆင့်ကို ရောက်ရှိခဲ့၏၊ ထို့ကြောင့် လိုအပ်ချက်သည် ပြည့်စုံသွားခဲ့သည်၊ အထူးတာဝန် အသက်ဝင်ခဲ့သည်”

“ဒင်... လက်ခံသူသည် ဓားနယ်မြေတစ်ပိုင်းကျင့်ကြံခြင်း အကန့်အသတ်သို့ ရောက်ရှိခဲ့၏၊ ထို့ကြောင့် လိုအပ်ချက်သည် ပြည့်စုံသွားခဲ့သည်၊ အထူးတာဝန် အသက်ဝင်ခဲ့သည်”

သတိပေးသံသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာခဲ့၏။

တည်နေရာတာအိုအကြောင်းကို ပိုမိုလေ့လာရန် ပြောဆိုလျက် ရှိသော စနစ်သည် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “သေချာပြီ၊ ငါခန့်မှန်းတာ မှန်သွားတာပဲ၊ ဂုဏ်ယူပါတယ် လက်ခံသူ မင်းက တည်နေရာစွမ်းအင်ကို နားလည်သွားပြီပဲ”

မင်းကြီးတော်ကြီးကို ခန့်မှန်းတာ မှန်ပါ့လား။

ကျွင်းချောင်ရှောင်းသည် စနစ်ကို အလေးထားရန် ပျင်းရိလျက် ရှိနေ၏။ ထို့ကြောင့် သူသည် အထူးတာဝန်ကို သေသေချာချာ ဖွင့်ကြည့်လိုက်၏။

“အထူးတာဝန် (၉) -

တာဝန်အသေးစိတ် - ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ် အတည်တကျ ဖြစ်တည်နိုင်ဖို့အတွက် လက်ခံသူသည် မိမိရာထူးနှင့်အညီ ပြည့်စုံအောင် ပြုလုပ်ရပေလိမ့်မည်၊ နှစ်ဝက်အတွင်း ကုန်းမြေတိုက်ကြီး၏ ခံတပ်အား မြို့တစ်ခု အရွယ်အစားဖြစ်အောင် ချဲ့ထွင်ရန်။

တာဝန်ကျရှုံးခြင်း - ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် သတ်မှတ်ထားသောအချိန်ကာလအတွင်း မြို့အဆင့် အရွယ်အစားဆီသို့ မရောက်ရှိခြင်း။

တာဝန်၏ ဆုလာဘ် - ??????”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွား၏။ “နှစ်ဝက်အတွင်း မြို့တစ်ခုရဲ့ အရွယ်အစား အထိရောက်အောင် ချဲ့ထွင်ဖို့ဆိုတာ ဒီတာဝန်က အရမ်းကို ကြမ်းလွန်းတယ်”

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် မြို့သေးလေးတစ်ခု၏ အရွယ်အစားဆီသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ဂိုဏ်း၏ တိုးတက်မှုအကြောင်းကို ပိုမိုကာ အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့တော့သည်။ သို့ပေမဲ့ လက်ရှိအချိန်တွင် အထူးတာဝန်သည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို အာရုံစိုက်ရန် သူ့အား တာဝန်ပေးအပ်ခဲ့သည်။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် သဘောကျလျက်ရှိ၏။ “ရတနာရှာတဲ့ပစ္စည်းနဲ့ဆိုရင် နှစ်ဝက် အတွင်း မြို့တစ်ခုရဲ့ အရွယ်အစားရောက်ဖို့ဆိုတာ ပြဿနာ မရှိနိုင်ဘူး” ပြောပြီးသည့်နောက်မှာတော့ သူသည် တခြားသော တာဝန်တစ်ခုအား နှိပ်ကြည့်လိုက်၏။

“အထူးတာဝန် (၁၀) -

တာဝန်အသေးစိတ် - လက်ခံသူ ကျေးဇူးပြု၍ ခံတပ်၏ သခင်ဖြစ်သည်နှင့်အညီ နှစ်နှစ်အတွင်း သင့်လျော်သော ဂြိုဟ်တစ်ခုအား စစ်ကြေညာရန်၊ ပြီးနောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများကို ဦးဆောင်၍ သတ်ဖြတ်ခြင်းကုန်းမြေတွင် အနိုင်ရရှိအောင် ပြုလုပ်ရန်။

တာဝန်ကျရှုံးခြင်း - လက်ခံသူအနေနှင့် သတ်မှတ်ထားသော အချိန်အတောအတွင်း စစ်ကြေညာမှု မပြုလုပ်ခြင်း၊ တခြားသော သူများအနေနှင့် အချိန်အတိုင်းအတာတစ်ခုအတွင်း စိန်ခေါ်မှုကို လက်မခံခြင်း သို့မဟုတ် လက်ခံသူသည် သတ်ဖြတ်ခြင်းကုန်းမြေတွင် ရှုံးနိမ့်ခဲ့ခြင်း

တာဝန်၏ ဆုလာဘ် - ????”

“……”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “တာဝန်နှစ်ခုလုံးက ဂြိုဟ်တိုက်ပွဲတည်နေရာနဲ့ ပတ်သက်နေတာပဲ၊ စနစ်က ငါ့ကို ဂိုဏ်းရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဂရုမစိုက်အောင် အတင်းကြီး လုပ်နေသလိုပဲ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူ မလုပ်ဘဲနေလို့ရတာပဲ”

“တော်စမ်း”

ကျွင်းချောင်ရှောင်းသည် သူ၏ ထိုင်ခုံကို အသာမှီကာဖြင့် ပြောလိုက်သည်။ “ခံတပ်ကြီးကို အားကောင်းအောင် အရင်ဆုံးလုပ်ရမယ်၊ ပြီးတော့မှ တခြားဂြိုဟ်တွေကို သွားပြီးတော့ စစ်ကြေညာရမယ်”

အထူးတာဝန် (၉) သည် လက်ခံနိုင်လောက်စရာရှိ၏။ သို့ပေမဲ့ အထူးတာဝန် (၁၀) မှာတော့ လွန်လွန်းအား ကြီးနေ၏။ သူ့အနေနှင့် နှစ်နှစ်အတွင်း စစ်ကြေညာမှုကို ပြုလုပ်ရပေမည်။ ထို့အတူ စိန်ခေါ်မှုကို တစ်ဖက်လူများသည် လက်မခံဘူးဆိုပါက တာဝန်သည် အောင်မြင်လိမ့်မည် မဟုတ်ချေ။

သူသည် စည်းဓားမော့နှင့် သိုင်းကျင့်ကြံသူ နှစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့သူဖြစ်၏။ ထို့ကြောင့် ဂြိုဟ်များအားလုံးသည် သူ့အား ကြောက်ရွံ့နေကြပြီဖြစ်၏။ စိန်ခေါ်သည်ဆိုပါက ကျိန်းသေပေါက် ငြင်းပယ်မှာ သေချာ၏။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် သူ၏ကုတ်ပိုးကို ပွတ်ကာ ပြောလိုက်၏။ “ဒါက ပြဿနာပဲ၊ ဒါကြီးက တကယ့် ပြဿနာပဲ”

All Chapters