အခန်း (၉၈၀)
Vol. 66 Ch. 980
“လေ့ကျင့်ရေးကွင်းကို သွားရမယ်ဟုတ်လား။”
စုရှောင်မိုက ပြောလိုက်သည်။ “စီနီယာအစ်ကို ကျုပ်ကို စိန်ခေါ်တာလား။”
“သိပ်မှန်တာပေါ့။”
ဂေါင်ရင်ချမ်းသည် ထူးမခြားနားသလို ပြောလိုက်၏။
“ဒါဆိုရင် လေ့ကျင့်ရေးကွင်းပြင်ကို မသွားနဲ့။”
စုရှောင်မိုသည် ပြုံးကာပြောလိုက်၏။ “အတွင်းစည်းတပည့်တွေရဲ့ စည်းမျဉ်းအရဆိုလျှင် တပည့်တွေအနေနဲ့ ကြိုက်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် သိုင်းပညာယှဉ်ပြိုင်ခွင့်ရှိတယ်လေ။ ဒီတော့ ဒီနေရာမှာပဲ ချကြရအောင်။”
“ဒီမှာလူတွေသိပ်မရှိဘူး။” ဂေါင်ရင်ချမ်းက ခပ်မာမာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
ကြည့်ရသည်မှာ သူသည် ထိုင်ရွှမ်အအေးဂိုဏ်းမှ တပည့်များအားလုံး၏ ရှေ့တွင် အရှက်ခွဲချင်နေခြင်းပင် ဖြစ်ပေ လိမ့်မည်။
“ဒါက” စုရှောင်မိုသည် အတွေးနက်သွားမိ၏။
ရှရွှေယွင်သည် လှမ်းလျှောက်လာပြီးသည့်နောက် ပြောလိုက်သည်။ “စီနီယာအစ်ကိုဂေါင် ဒါကမသင့်တော်ဘူးလေ။ သိုင်းဘုရင်တစ်ယောက်အနေနဲ့ အခုမှ အတွင်းစည်းတပည့်အဖြစ် အဆင့်တိုးမြှင့်ခြင်းကို ခံရတဲ့ ဂျူနီယာမောင်လေးစုကို စိန်ခေါ်တယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး။”
“ဂျူနီယာညီမလေးရှ”
ဂေါင်ရင်ချမ်းသည် ပြုံးကာ ပြောလိုက်၏။ “ငါက ဂျူနီယာညီလေးစုနဲ့ သိုင်းပညာယှဉ်ပြိုင်ချင်ရုံလေးပဲလေ။ သူသာ ကြောက်နေမယ်ဆိုရင်တော့ ငြင်းပယ်လို့ ရပါတယ်။”
ရှရွှေယွင်သည် စုရှောင်မိုအား လှမ်း၍ ကြည့်လိုက်သည်။ မျက်လုံးထဲတွင်တော့ စိန်ခေါ်မှုကို လက်မခံရန် သတိပေးနေသည့် အရိပ်အယောင်မျိုးပေါ်လျက်ရှိသည်။
“စီနီယာအစ်ကိုဂေါင် … ကောင်းပြီ။ တိုက်ခိုက်ကြတာပေါ့”
စုရှောင်မိုသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ဂျူနီယာညီလေးက စိန်ခေါ်မှုကို လက်ခံပါတယ်။”
“……..”
ရှရွှေယွင်၏ မျက်ခုံးများသည် ပိုမိုကာ ကျုံ့ဝင်သွားတော့သည်။
“စီနီယာအစ်မ”
စုရှောင်မိုသည် အသာလှမ်းလျှောက်လာပြီးသည့်နောက်မှာတော့ လှမ်းကာပြောလိုက်၏။ “ကျုပ်လုပ်နိုင်ပါတယ်။”
ရှရွှေယွင်သည် သူမရပ်တန့်နေရာနေရာတွင် စာခြောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ မတ်မတ်ရပ်ကာ ကျန်ရစ်ခဲ့တော့သည်။ သူမသည် သတိပြန်လည်ဝင်လာသည့်အချိန်မှာတော့ စုကုန်းရှန့်သည် သိုင်းလေ့ကျင့်ရေးကွင်းပြင် ဆီသို့ သွားနေကြောင်း သတိပြုလိုက်မိ၏။ ထို့ကြောင့် ချက်ချင်းပဲ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “သူ သူ အသံပို့လွှတ်ခြင်းနည်းစနစ်ကို အသုံးပြုခဲ့တာလား။”
ဤအရာမှာ အမှန်ပင်ဖြစ်၏။ စုရှောင်မိုသည် နောက်ဆုံးသောစကားကို အသံပို့လွှတ်၍ ပြောဆိုခဲ့ခြင်းပင် ဖြစ်တော့၏။
…………..
အဘယ့်ကြောင့် ထိုင်ရွှမ်အအေးဂိုဏ်းသည် အတွင်းစည်းတပည့်များကို ရုတ်တရက်စုစည်းကာဖြင့် ပြည့်စုံသော စိတ်ဝိညာဉ်စေတီထဲသို့ ဝင်ခွင့်ပေးခဲ့သနည်း။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်း၏ ကျွမ်းကျင်သူများအားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ အလုံးစုံသောအားအင်သည် အနည်းငယ်အားနည်းသွားခဲ့သည်။
ထို့အပြင် နောက်ပိုင်းတွင် လူများကို ထပ်မံကာပေးပို့ရပေလိမ့်မည်။ ထို့ကြောင့် လူငယ်မျိုးဆက်သစ်များအား ဖြစ်နိုင် သမျှ အမြန်ဆုံးလေ့ကျင့်ပေးရန် လိုအပ်နေပြီဖြစ်၏။
ပြည့်စုံသော စိတ်ဝိညာဉ်စေတီဆိုသည်မှာ ထိုင်ရွှမ်အအေးဂိုဏ်း၏ နတ်ဘုံနတ်နန်းပင် ဖြစ်တော့၏။ များပြားလှသော အစီအရင်များ တည်ရှိနေသည်ဆိုသော်လည်း စိတ်ဝိညာဉ်ကျောက်တုံးအများအပြားဖြင့် အသက်သွင်းရသည့် အရာပင် ဖြစ်သည်။
ထို့ကြောင့် ထူးခြားသည့်အကျိုးဆက်များကို ရရှိနိုင်စွမ်းရှိသောနေရာပင်ဖြစ်၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင် ဤကဲ့သို့သော တည်နေရာမျိုးကို ရောက်ရှိဖို့ဆိုသည်မှာ အခွင့်အရေးနည်းပါးလှသလို ရောက်ရှိခဲ့သည့် လူများအားလုံးသည်လည်း ပိုမိုကာ အားကောင်းလာခဲ့ကြ၏။
ထို့ကြောင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်သွားခဲ့သော အကြီးအကဲဆယ်ယောက်တို့သည် အဆိုးရွားဆုံးအခြေအနေရင်ဆိုင်ခဲ့ရပြီး ပြန်မလာနိုင်ခဲ့ပါက အထက်အကြီးအကဲများအားလုံးသည် လူငယ် မျိုးဆက်များအား ထပ်မံ၍ မွေးထုတ် ပျိုးထောင်ပေးရန် ကြိုးစားနေကြခြင်းပင်ဖြစ်တော့သည်။
“ဂျူနီယာညီလေးစု”
စွန်းရင်ချွမ်သည် ဝင်ရောက်လာကာ ပြောလိုက်သည်။ “တပည့်တွေက ပြည့်စုံတဲ့ စိတ်ဝိညာဉ်စေတီထဲကို ဝင်ခွင့်ရဖို့ ပြိုင်ဆိုင်လို့ရတယ်လို့ ငါအဖေပြောတာကြားခဲ့တယ်လေ။ အဲ့ထဲကို ဝင်ခွင့်ရတဲ့ လူတွေက အကြီးအကဲနေရာကို ရောက်လာနိုင်တဲ့ လူတွေပဲ။”
“အကြီးအကဲနေရာဟုတ်လား။” စုရှောင်မိုသည် ချက်ချင်းပဲ ကြောင်အသွားမိခဲ့၏။
အတွင်းစည်းတပည့်တစ်ယောက်ဖြစ်ပြီးသည့်နောက်မှာတော့ အထက်တွင် တိုက်ရိုက်တပည့်ဟူ၍ ရှိနေသေး၏။ ကောင်းမွန်လှသည့်စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်မည်ဆိုပါက အကြီးအကဲတစ်ယောက်ပင် ဖြစ်နိုင်စွမ်း ရှိနေသည် ဆိုခြင်းမှာ အခွင့်အရေးကောင်းပင် ဖြစ်တော့သည်။
“ဂိုဏ်းချုပ်က ငါ့ကို ဒီနေရာမှာ ဝင်ပြိုင်ဖို့အတွက် ခွင့်ပြုပေးထားပြီဆိုတော့ ငါ့ရဲ့သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြသမှဖြစ်တော့မယ်။ ဒါကပြဿနာမရှိလောက်ဘူး။” စုရှောင်မိုသည် တွေးလိုက်မိ၏။
ဤအတောအတွင်းမှာသူသည် ကျင့်ကြံခြင်းတွင် အလုံးစုံနှစ်မြှုပ်ကာ ကြိုးစားနေသလို ဟန်ဆောင်ခဲ့၏။ ထို့အပြင် သူသည် ရှရွှေယွင်နောက်သို့ လိုက်ပါ၍ များပြားလှသော တာဝန်များကို ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက်မှာတော့ သီလမှတ်တော်တော်များများကို စုစည်းပြီးသားဖြစ်သည်။
ထို့ကြောင့် သိုင်းစစ်သူကြီးအဆင့်မှသည် သိုင်းဘုရင်အဆင့်ဆီသို့ အချိန်တိုအတွင်း ရောက်ရှိသွားသည်ဆိုသည်မှာ တုန်လှုပ်ဖွယ်ရာကိစ္စတော့ မဟုတ်နိုင်တော့ပေ။ ထို့အပြင် သူ့အနေနှင့် အံ့အားသင့်စရာကောင်းလှသော ဆရာ တစ်ယောက်ရှိနေ၏။ ထို့ကြောင့် အထက်အကြီးအကဲများ၏ သံသယများဖြစ်တည်လာသည်ဆိုပါက သူ့အနေနှင့် ကျင့်ကြံခြင်းအဆင့်အား ဖုံးကွယ်ထားသည်ဟုသာ ခန့်မှန်းမိကြပေလိမ့်မည်။
တိတိကျကျ စဉ်းစား သုံးသပ်ပြီးသည့်နောက်မှာတော့ စုရှောင်မိုသည် ဂိုဏ်းချုပ်ကလည်း သဘောတူထားသောကြောင့် သူ၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြသတော့မည်ဟု ဆုံးဖြတ်လိုက်တော့၏။
ထိုမှသာလျှင် ပြည့်စုံသည့်စိတ်ဝိညာဉ်စေတီထဲသို့ ဝင်ရောက်ခွင့် လူအရေအတွက် နှစ်ဆယ် နေရာတွင် တစ်နေရာကို အပိုင်စားရနိုင်တော့မှာ ဖြစ်၏။ ထို့ကြောင့် ဂေါင်ရင်ချမ်း၏ စိန်ခေါ်မှုကို စုကုန်းရှန့် သည် အစစ်အမှန်ပင် လက်ခံခဲ့ခြင်းပင်ဖြစ်၏။ ထို့အပြင် အသံပို့လွှတ်ခြင်းနည်းစနစ်ကို အသုံးပြုကာ ရှရွှေယွင်အား သူသည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း အသိပေးခဲ့သေးသည်။
…
ဘုန်း ဘုန်း ဘုန်း
လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ စိတ်ဝိညာဉ်စွမ်းအင်များသည် ပြည့်နှက်လျက်ရှိနေတော့သည်။
“ကောင်းကင်ဘုံ … ဒါကမဖြစ်နိုင်ဘူး။”
“စီနီယာအစ်ကိုဂေါင်က သိုင်းဘုရင်တစ်ယောက်လေ။ စုကုန်းရှန့်က သိုင်းစစ်သူကြီးအဆင့်ပဲ ရှိသေးတယ်။ ဘယ်လို ဖြစ်ပြီး အပြင်းအထန်ပြန်ပြီးတိုက်ခိုက်နိုင်တာလဲ။”
သိုင်းလေ့ကျင့်ရေးကွင်းပြင်အပြင်ဘက်တွင် အတွင်းစည်းဂိုဏ်းတပည့်များအားလုံးသည် မတ်တပ်ရပ်လျက်ရှိပြီး စုရှောင်မိုနှင့် ဂေါင်ရင်ချမ်းတို့ တိုက်ခိုက်မှုကို ကြည့်ရှုလျက်ရှိနေ၏။ ၎င်းတို့၏ စိတ်နှလုံးများအားလုံးသည် ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက်နေတော့၏။
စိတ်ဝိညာဉ်လက်သီးကိုးချက်
လက်သီးချက်ကိုးချက်၏ ပေါက်ကွဲမှုစွမ်းအားသည် ဘယ်မှညာဆီမှ တိုးဝင်လာပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဟုန်များဖြင့် တိုက်ခိုက်ခြင်းကို ပြုမူနိုင်စွမ်းရှိသည်။
ဘုန်း
ဘုန်း
ဂေါင်ရင်ချမ်းသည် သူ၏ ရှေ့တွင် ချီနံရံတစ်ခုကို ဖန်တီးလိုက်၏။ သို့ပေမဲ့ ပြင်းထန်လှသောလက်သီးချက်သည် ထိုချီနံရံအား ချက်ချင်းပင် ပျောက်ကွယ်သွားစေတော့၏။ အဆုံးသတ်မှာတော့ သူသည် စင်မြင့်၏ အစပ်နားဆီသို့ အနောက်သို့ ဆုတ်ခွာလိုက်ရတော့သည်။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိ၏။ “မင်း …. မင်းက”
ရွှီ
ထိုအချိန်မှာဘဲ စုရှောင်မိုသည် ၎င်း၏ အရှေ့ဆီသို့ ရောက်ရှိလာသည်။
ဘုန်း
ဘယ်ဘက်ဝှိုက် လက်သီးသည် မျက်နှာဆီသို့ တည့်တည့်ထိမှန်တော့သည်။ ဂေါင်ရင်ချမ်း သည် အနောက်ဘက်သို့ လွင့်စင်သွားပြီးသည့်နောက်မှာတော့ ပါးစပ်ထဲတွင်ရှိသော သွားအနည်းငယ်တို့သည် အပြင်ဘက်သို့ လွင့်စင်ထွက်ခွာသွား၏။
ထိုက်ရွှမ်အအေးဂိုဏ်းတပည့်များအားလုံးသည် ဆွံ့အသွားခဲ့ကြ၏။ စီနီယာအစ်ကိုဂေါင်သည် အမှန်ပင် စုကုန်းရှန့်၏ တိုက်ခိုက်မှုကြောင့် အလူးအလဲ ခံနေရပြီဖြစ်သည်။
ရွှီ …….။
စုရှောင်မိုသည် အပြင်စည်းဂိုဏ်းတပည့်များအသုံးပြုသော လှုပ်ရှားမှုနည်းစနစ်ကို အဆုံးစွန်ထိ ထုတ်ဖော်အသုံးပြု ကာဖြင့် ဂေါင်ရင်ချမ်း၏ အရှေ့ဆီသို့ သွားလိုက်ပြန်သည်။ ပြီးသည့်နောက်မှာတော့ သူ၏ အေးစက်သည့်မျက်လုံး များထဲတွင် အထင်မြင်သေး နှိမ့်ချသည့် အရိပ်အယောင်များဖြစ်တည်လာခဲ့တော့၏။
ကောင်လေး… ငါကပြိုင်စံရှားဂိုဏ်းက တတိယမြောက်တပည့်ကွ။ ငါရဲ့အားအင်အဆင့်က အကြီးဆုံး စီနီယာအစ်မကြီး နဲ့ ရီရှင်းချန်တို့လောက် အားမကောင်းဘူးဆိုပေမဲ့ ငါ့ကို ရန်ပြုနိုင်တဲ့လူက မင်းလို အမှိုက်မျိုးတော့ မဟုတ်ဘူး။
ဘုန်း
နောက်ထပ်ကြီးမားလှသည့် လက်သီးချက်ကြီးတစ်ခု ကျဆင်းလာပြီးသည့်နောက်မှာတော့ ဂေါင်ရင်ချမ်းသည် မြေပေါ်သို့ ပလက်လှန်၍ ကျသွားတော့သည်။
“စီနီယာအစ်ကို”
စုရှောင်မိုသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ပြီးသည့်နောက်မှာတော့ သူသည် အဝေးတစ်နေရာရှိ တွေဝေနေသော အမျိုးသမီးဆီသို့ လှမ်း၍ကြည့်ကာ ပြုံးပြ လိုက်၏။ ပြီးနောက် အသံပို့လွှတ်ကာ ပြောလိုက်၏။
“အစ်မရှ … ကျုပ်လုပ်နိုင်တယ်နော်။”
…
ရှရွှေယွင်သည် မည်သည့်စကားမှမပြောချေ။ သူမ၏ နှလုံးသားများသည် အေးခဲလျက်ရှိနေတော့၏။ တစ်ဖက်လူသည် သိုင်းဘုရင်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး အတွင်းစည်းတပည့်များသာ အသုံးပြုနိုင်သော သိုင်းကျင့်ကြံ ခြင်းနည်းစနစ်များကို အဆုံးစွန်ထိလည်း ကျွမ်းကျင်လျက်ရှိနေ၏။ ထို့အပြင် စီနီယာအစ်ကို ဂေါင်ရင်ချမ်းကိုပင် ကလေးကစားသလို ရိုက်ခဲ့သေးသည်။
…
စုရှောင်မို တစ်ယောက် ဂေါင်ရင်ချမ်းအား အနိုင်တိုက်ခိုက်နိုင်သည်ဆိုသည့်သတင်းသည် ပျံ့နှံ့သွားခဲ့၏။ အကြီးအကဲများအားလုံးသည် ထိုအရာကို သိရှိပြီးသည့်နောက်မှာတော့ အကြီးအကျယ် ဆွေးနွေးလျက်ရှိနေကြ၏။
“ဒီကောင်လေးရဲ့ တိုးတက်မှုအမြန်နှုန်းက အရမ်းမြန်လွန်းအားကြီးတယ်။ အံ့အားသင့်စရာပဲ။ တစ်ချိန်တည်းမှာပဲ လက်သီးကြီးကိုးမျိုးကို ထုတ်ဖော်အသုံးပြုနိုင်တယ်ဆိုတာက တကယ့်ကို ကျွမ်းကျင်တဲ့အဆင့်ကို ရောက်သွားလို့ ဖြစ်ရမယ်။ မရိုးရှင်းဘူး။”
“သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက်၏ တပည့်ကို ငါတို့က ဂိုဏ်းသားတစ်ယောက်အဖြစ် လက်ခံနိုင်ခဲ့တယ် ဆိုတာ တကယ့်ကို ကံကောင်းမှုပဲ။ သူက သာမန်ထက်ပိုတဲ့ ပါရမီကို ပိုင်ဆိုင်တယ်။ ဒါကြောင့် သူ့ကို ပြည့်စုံတဲ့ စိတ်ဝိညာဉ်စေတီထဲကို ဝင်ရောက်ခွင့်တစ်နေရာစာ ပေးမှဖြစ်မယ်။”
“အကြီးအကဲစွန်း နေရာက အယောက် နှစ်ဆယ်စာပဲ ရှိတာလေ။ ဒီတော့ သေသေချာချာကြည့်ရှုမှဖြစ်မယ်။” တစ်စုံတစ်ယောက်က ငြင်းပယ်လိုက်၏။ သူ့အနေနှင့် စုရှောင်မိုကို သံသယဝင်လျက်ရှိနေသေး၏။ ထို့ကြောင့် အလျင်စလိုဆုံးဖြတ်မှုမျိုးကို မပြုလုပ်စေချင်ပေ။
“ဒါဆိုရင် ဒီလိုလုပ်ရအောင်။”
တစ်ချိန်လုံးငြိမ်သက်နေသော တတိယအကြီးအကဲက ပြောလိုက်သည်။ “အချိန်တစ်ခုရှာပြီးတော့ စုကုန်းရှန့်ကို တစ်ခြားအတွင်းစည်းတပည့်တွေနဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေးပေးလိုက်။ သူသာ တစ်ခြားသူတွေကို အနိုင်ယူတိုက်ခိုက်နိုင်တယ်ဆိုရင် သူ့ကို နေရာတစ်နေရာပေးရမယ်။”
…
“အစ်မရှ”
ခြံဝန်းထဲမှာတော့ စုရှောင်မိုသည် ပြုံးကာပြောလိုက်၏။ “ဒေါသထွက်နေတာလား။”
“မထွက်ဘူး။”
ရှရွှေယွင်၏ မျက်နှာသည် မှုန်ကုတ်လျက်ရှိနေတော့သည်။ သူမထက် ကျင့်ကြံခြင်းအဆင့်နိမ့်ကျလျက်ရှိသော တစ်ဖက်လူသည် ချက်ချင်းပင် သိုင်းဘုရင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲရောက်ရှိသွားခဲ့၏။ ထိုအရာမှာ ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြုခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ တစ်ဖက်လူသည် ပိုးကောင်လှိုဏ်ဂူထဲတွင် ဆိုးရွားသည့်အခြေအနေမျိုးနှင့်ကြုံသလို သရုပ်ဆောင်ခဲ့သေး၏။ သူမအား တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် လိမ်လည်ခဲ့သည်ဖြစ်ကြောင်း ခံစားမိနေသောကြောင့် သူမသည် စိတ်မပျော်ရွှင်ဖြစ်မိနေသည်။
“အစ်မရှ”
စုရှောင်မိုသည် လေးနက်စွာ ပြောလိုက်၏။ “ဒီအတောအတွင်း ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း လအနည်းငယ်အတွင်း သိုင်းဘုရင် အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တာပေါ့။”
ရှရွှေယွင်သည် သံသယဖြင့် ကြည့်လိုက်မိ၏။ “မင်းက လအနည်းငယ်အတွင်း သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိသွားခဲ့တယ်ပေါ့။ ဒါကို ငါယုံမယ်ထင်လား။”
“အင်း”
စုရှောင်မိုသည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ “အရိုးသားဆုံးပြောရမယ်ဆိုရင် ကျုပ်က သိုင်းစစ်သူကြီး အဆင့် ၇ ကို ရောက်နေတာကြာပြီ။ ဂိုဏ်းက စိတ်ဝိညာဉ်အစီအရင်တွေနဲ့ အရင်းအမြစ်တွေက အကူအညီဖြစ်စေခဲ့တယ်။ ဒါကြောင့် သိုင်းဘုရင်အဆင့်ကို ချောချော မွေ့မွေ့ရောက်သွားတာဘဲ။” ရှရွှေယွင်သည် နားလည်သွားမိတော့၏။
ပြီးသည့်နောက်မှာတော့ သူမသည် တံခါးပေါက်ဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ “ထွက်သွားတော့။ ငါနားချင်သေးတယ်။”
“ကောင်းပါပြီ။”
စုရှောင်မိုသည် မတ်တပ်ထရပ်လိုက်၏။ သို့ပေမဲ့ မထွက်ခွာသွားချေ။ ထိုအစား ရှေ့ဆီသို့ နှစ်လှမ်းလှမ်းကာဖြင့် သူမ၏ အနီးအနားသို့ တိုးကပ်ပြီး တီးတိုးပြောလိုက်သည် “ကျုပ်ရဲ့ကျင့်ကြံခြင်းအဆင့်က အစ်မရှထက်ပိုပြီးတော့ မြင့်သွားပြီနော်။ ဒီတော့ ကျုပ်က အစ်မရှနဲ့ ထိုက်တန်ပြီလား။”
“အဲဒါတွေမပြောနဲ့။”
သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စုရှောင်မို၏ ရင်အုံကို ထုလိုက်၏။
“အား ….”
စုရှောင်မိုသည် နာကျင်သလို ဟန်ဆောင်လိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “အရမ်းဝမ်းနည်းဖို့ကောင်းတာဘဲ။”
ရှရွှေယွင်သည် စုရှောင်မို၏ အကြည့်များကို လွှဲဖယ်ကာဖြင့် တစ်ဖက်သို့ လှည့်လိုက်၏။ ရုတ်တရက်ဆိုသလိုဘဲ ကြီးမားသောလက်ကြီးနှစ်ဖက်သည် ရောက်ရှိလာပြီးသည့်နောက်မှာတော့ သူမကို ပွေ့ဖက်သွားခဲ့တော့သည်။
စုရှောင်မို၏ နူးညံ့လွန်းသော အသံတစ်ခုသည် သူမ၏ နားထဲသို့ တိုးဝင်လာ၏။ “ဒီနေ့ကစပြီးတော့ ကျုပ်က အစ်မရှကို ချစ်သူအဖြစ် သဘောထားတော့မယ်။”
ဖောင်း …။
…
တောင်ထွတ်တစ်ခု၏ အပေါ်မှာတော့ စုရှောင်မိုသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ကောင်းကင်ကြီးကို မော့ကြည့်ကာ တွေးလျက်ရှိနေတော့၏။
ဂိုဏ်းချုပ် တပည့်က ပြည့်စုံတဲ့ စိတ်ဝိညာဉ်စေတီထဲကို ဝင်ခွင့်ရလိမ့်မယ်။ အနာဂတ်မှာ ထိုက်ရွှမ် အအေးဂိုဏ်းရဲ့ အကြီးအကဲနေရာတစ်နေရာဟာ ကျွန်တော့်အတွက်ပဲ ဖြစ်ရမယ်။
မြင်ကွင်းသည် တစ်ဖက်ခြမ်းဆီသို့ လှည့်လိုက်သည့်အချိန်မှာတော့ စုရှောင်မို၏ မျက်နှာပေါ်တွင် နီရဲနေသော လက်ဝါးရာကြီးတစ်ခု ထင်းခနဲ ပေါ်လျက်ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ ဖြစ်သည် ။