အခန်း (၉၈၁)
Vol. 66 Ch. 981
ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် စုရှောင်မို၏ သတင်းကို ကြားပြီးသည့်နောက် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းအား ထုတ်ဖော်လိုက်ပြီဖြစ်ကြောင်း နားလည်မိလိုက်တော့၏။
လီလိုရှုက ပြောလိုက်သည်။ “ဒီအတိုင်းသာဆိုရင် ရှောင်မိုက အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်တယ်”
“ဒါက သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်လိမ့်မယ်လေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လက်ရှိဂိုဏ်းရဲ့ အတွင်းရေးကိစ္စတွေ အကုန်လုံးကို ခင်ဗျားဆီမှ ခဏထားခဲ့လိုက်မယ်၊ အခု ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးဆီကို ကျုပ်သွားလိုက်အုံးမယ်”
“ကောင်းပါပြီ” လီလိုရှုသည် ဤအရာကို အသားကျနေပြီဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာ တော့ နှစ်ဝက်အတွင်း မြို့တစ်ခု၏ အရွယ်အစားရောက်ရှိအောင် မည်ကဲ့သို့ အဆင့်မြှင့်တင်ရမည်ဆိုသည့် အကြောင်းကို စတင်ကာ စဉ်းစားလျက် ရှိနေတော့၏။
“ငါ့အနေနဲ့ ရတနာရှာတဲ့ ပစ္စည်းကို အသုံးပြုပြီး အမွေအနှစ်ကို ရှာဖွေဖို့ပဲ တတ်နိုင်တယ်”
ဤအရာသည် အမြန်ဆုံး သောနည်းလမ်းပင်ဖြစ်၏။ ထို့အပြင် တစ်ခုကို ရှာဖွေနိုင်သည်ဆိုပါက စတုရန်းမီတာ တစ်သောင်း ကျယ်ပြန့်လာသည် မဟုတ်လား။။
“ချင်းယန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ ယုဒြာကုန်းမြေတိုက်က လူတွေနဲ့ ဆက်သွယ်ပြီးသွားပြီ၊ သူတို့က ရက်အနည်းငယ်အတွင်း လာပြီးတော့ လက်ရည်စမ်းကြလိမ့်မယ်၊ မင်းက တပည့်တွေကို ဦးစီးပြီးတော့ တာဝန်ယူထားလိုက်”
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် တိုက်ခိုက်ရန်အတွက် အလွန်တရာ ခက်ခဲလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူနှင့် စီးပွားဘက်ဟု သတ်မှတ်ထားခဲ့သော ယုဒြာကုန်းမြေတိုက်ကမှ လူများကို ခေါ်ဆောင်ကာဖြင့် ဤနေရာတွင် လက်ရည်စမ်းရန် စဉ်းစားခဲ့မိတော့သည်။
သေချာစီစဉ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခံတပ်ထဲမှ ထွက်ခွာသွားပြီးသည့်နောက် ရတနာရှာသည့်ပစ္စည်းကို အသက်သွင်းလိုက်၏။ သံလိုက်အိမ်မြှောင်ပေါ်တွင် အလင်းစက်များ ပေါ်ပေါက်လာခဲ့တော့သည်။ သူသည် အမွေအနှစ်များကို သိုလှောင်လက်စွပ်ထဲသို့ လိုက်လံ သိမ်းဆည်း တော့၏။
“ဂြိုဟ်တိုက်ပွဲတည်နေရာကြီးက အရမ်းကို ကြီးတာပဲ၊ ဒီတော့ ဖုံးကွယ်ထားတဲ့ အမွေအနှစ်တွေကလည်း အများကြီး ရှိလိမ့်မယ်၊ ဟုတ်တယ်မလား”
စနစ် “...”
ဤကဲ့သို့သော ရတနာရှာသည့်ပစ္စည်းမျိုးရှိနေသည်ဆိုမှတော့ ပစ္စည်းပေါင်း တစ်သောင်းလောက် ထည့်ထားလျှင်ပင် လက်ခံသူ၏ လက်ထဲမှ ပြေးမလွတ်နိုင်တော့ပေ။
.................
ဘုန်း
တည်နေရာကြီးတစ်ခုအတွင်းတွင်တော့ တည်နေရာ၏ အတွင်းဘက်အစီအရင်သည် ကွဲအက်သွားခဲ့တော့သည်။ ကျောက်တံခါးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်သွားပြီးသည့်နောက် မှာတော့ အထဲတွင် သိုဝှက်ထားခဲ့သော အမွေအနှစ်များကို ရှာဖွေတွေ့ရှိခဲ့တော့သည်။ ဤအရာသည် ကျောက်ပြားကြီးတစ်ချပ် ဖြစ်နေ၏။ မည်ကဲ့သို့ အသုံးပြုရမည်ကို မသိသော်လည်း ပြုလုပ်ထားသည့်ပစ္စည်းသည် ရှားပါးလှသည့် ကျောက်ရိုင်းတစ်မျိုး ဖြစ်နေသည်ကို သိရှိပြီးသည့်နောက်မှာတော့ အနာဂတ်တွင် အသုံးဝင်လာ နိုင်မည်ဟု ခန့်မှန်းလိုက်မိ၏။ သူသည် အမွေအနှစ်များကို ရှာဖွေသည့်နေရာတွင် မည်ကဲ့သို့ အသုံးပြုသည်ကို ကောင်းကောင်းမသိရှိပေ။ သို့ပေမဲ့ လက်ဗလာဖြင့် မပြန်ရစေရန် ရှိရှိသမျှ အရာအားလုံးကို ယူဆောင်လျက် ရှိနေတော့၏။
“ဒီတည်နေရာထဲမှာ နောက်ထပ် အမွေအနှစ်နှစ်ခု ရှိနေသေးတာပဲ” ကျွင်းချောင်ရှောင်းသည် ရတနာရှာသည့် ပစ္စည်းပေါ်မှာ ပြနေသည့် အချက်ပြမှုကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ထိုနေရာများဆီသို့ ပျံသန်းသွားခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပဲ များပြားလှသည့် အမွေအနှစ်များသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်ကုန်ကြ၏။
လွင့်မျောနေသော တောင်တန်းကြီးပေါ်တွင် နေထိုင်နေကြသော ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အလျက်ရှိနေကြ၏။ ၎င်းတို့သည် အိပ်ယာမှ နိုးထလာသည့်အချိန်တိုင်းတွင် ခံတပ်ကြီး၏ တည်နေရာသည် ပိုမိုကာ ကျယ်ပြန့်လာသည်ကို သိရှိလိုက်ကြ၏။
“သူဘယ်လိုများ လုပ်နေတာလဲ”
“ဂိုဏ်းချုပ်ကျွင်းက နေ့စဉ်နေ့တိုင်း လူတွေအများကြီးကို သွားပြီး သတ်နေတာလား မသိဘူး”
ခံတပ်တည်နေရာကြီးကို ပိုမိုတိုးတက်လာစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းသည် လူများကို သတ်ဖြတ်ရန်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိ၏။ ထို့ကြောင့် ဤကဲ့သို့ ခံတပ်ကြီး ပိုမိုကျယ်ပြန့်လာဖို့ဆိုလျှင် လူမည်မျှကို သတ်ဖြတ်ရန် လိုအပ်နေသနည်း။
.................
“အစ်ကိုကြီး... ကျုပ် ကျုပ်နည်းနည်း ကြောက်လန့်နေမိတယ်”
တိုက်ခိုက်ရေးတည်နေရာ၏ တောင်ကြားအတွင်းပိုင်းမှာတော့ အမှောင်ထဲတွင် ပုန်းအောင်းနေလျက်ရှိသော သိုင်းကျင့်ကြံသူတစ်ယောက်သည် တုန်ယင်နေသည့်လေသံဖြင့် ပြောလိုက်လေ၏။ သူ၏ ဘေးနားတွင်တော့ သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် တည်ရှိနေ၏။ ၎င်းတို့၏ ဝတ်စုံများကို ကြည့်ရှုလိုက်မည်ဆိုလျှင် တူညီသည့် ဂြိုဟ်များဆီမှ ကျင့်ကြံသူများဖြစ်ကြောင်း သိရှိနိုင်၏။
ဘုတ်
သက်လတ်ပိုင်းလူသည် ကြောက်လန့်နေသည့်လူ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “မင်းကိုမင်းလည်း ပြန်ကြည့်အုံး”
“အစ်ကိုကြီး... ကျုပ်တို့က ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ခွင့်ပြုချက်မရှိဘဲနဲ့ ခိုးဝင်လာခဲ့တာလေ၊ တကယ်လို့ ဒီကိစ္စကို သိသွားမယ်ဆိုရင် ကျိန်းသေပေါက် ပြဿနာ တက်လိမ့်မယ်”
တစ်စုံတစ်ယောက်သည် အသံပို့လွှတ်လိုက်၏။ “ချမ်းသာမှုဆိုတာက အန္တရာယ်ကြားထဲကနေ ရောက်ရှိလာ တာလေ၊ ငါတို့အနေနဲ့ ရှေးဘိုးဘေးဆီကနေ ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ရှာဖွေတွေ့ရှိပြီးပြီဆိုမှတော့ ဒီထဲကို ဝင်ပြီးတော့ ရှိတဲ့အရာအားလုံးကို ယူဆောင်ဖို့ ထိုက်တန်တာပေါ့” အစ်ကိုကြီးဟုခေါ်သော သိုင်းကျင့်ကြံသူသည် လေးနက်စွာဖြင့် ပြောလိုက်မိ၏။
၎င်းတို့သည် ဖီးနစ်စိမ်း ကုန်းမြေတိုက်ကြီးမှ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ ၎င်းတို့၏ ဘိုးဘေးများသည် ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်နိုင်သည့် ရတနာပစ္စည်းတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့်ပင် နောင်လာ နောင်သားများအတွက် ထားရှိခဲ့သည်။
၎င်းတို့၏ ဖီးနစ်စိမ်းကုန်းမြေတိုက်ကြီးသည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်ရန်အတွက် ရာစုနှစ်အနည်းငယ် လိုအပ်နေသေး၏။ ထို့ကြောင့် ၎င်းတို့သည် မစောင့်နိုင်တော့ချေ။ အထဲသို့ ခိုးကာ ဝင်ရောက်လာခြင်းပင် ဖြစ်တော့သည်။ အထဲသို့ ရောက်မှာသာလျှင် ပိုမိုကာ အားကောင်းစေနိုင် သည့် ရတနာ အမွေအနှစ်ပစ္စည်းများကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဖြစ်၏။
“အစ်ကိုကြီး”
ထိုအချိန်မှာတော့ အပြင်ဘက်တွင် စောင့်လျက်ရှိနေသော သိုင်းကျင့်ကြံသူတစ်ယောက်သည် အသံကို ပို့လွှတ်လိုက်တော့၏။ “တခြားသောကုန်းမြေတိုက်က သိုင်းကျင့်ကြံသူအနည်းငယ် ဝင်လာတယ်”
“သူတို့ ဘယ်လောက်အားကောင်းလဲ”
“ကြည့်ရတာ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတွေလောက်ပါပဲ”
ထိုအချိန်မှာတော့ များပြားလှသော အလင်းတန်းများသည် အဝေးဆီမှ ပျံသန်းလာခဲ့ကြ၏။ ၎င်းတို့သည် တောင်ကြား၏ အရှေ့တွင် မတ်မတ်ရပ်နေကြပြီးနောက် ဖီးနစ်စိမ်း ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများအား အသာငုံ့၍ ကြည့်လိုက်ကြသည်။
“ငါတို့ကို တွေ့သွားပြီလား” ခေါင်းဆောင်သည် နှာခေါင်းကိုရှုံ့ကာဖြင့် သူ၏ အဖော်များကို ရှေ့သို့တိုးဝင် တိုက်ခိုက်ရန် လက်အမူအရာ ပြလိုက်၏။
ဝှစ် ဝှစ်
ချက်ချင်းပဲ ဖီးနစ်စိမ်းကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် ရှေ့သို့လှမ်းတက်လာပြီးသည့် နောက်မှာတော့ ရောက်ရှိလာခဲ့ကြသော သိုင်းကျင့်ကြံသူလေးယောက်တို့အား ဝိုင်းရံလိုက်ခဲ့ကြသည်။
“ဂျူနီယာ ညီလေးရီ... ငါတို့တော့ ပြဿနာတတ်ပြီပဲ”
“အမှိုက်”
ဤစကားများကို ပြောဆိုလိုက်သည့်သူများမှာ ရှောင်ကျီနှင့် ရီရှင်းချန်တို့ပင် ဖြစ်တော့၏။ တခြားကျန်ရှိသော နှစ်ယောက်မှာတော့ ဟယ်ဝူတီနှင့် ခရမ်းရောင်ဘုရင်တို့ပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်း အမွေအနှစ်များကို လိုက်လံရှာဖွေစဉ်မှာ ၎င်းတို့သည် အလကားမနေကြချေ။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ရည်မှန်းချက်မရှိ လျှောက်ကာသွားနေကြပြီး အမွေအနှစ်များကို ရှာဖွေလျက် ရှိနေကြ၏။ ထို့အပြင် အခွင့်အရေးကြုံပါက တခြားသောသူများနှင့် တိုက်ခိုက်နိုင်ရန်လည်း မျှော်လင့်နေမိကြသည်။
ဖီးနစ်စိမ်းကုန်းမြေတိုက်ကြီးမှာ ခေါင်းဆောင်သည် ရှေ့ဆီသို့ ပျံသန်းလာပြီးသည့်နောက်မှာတော့ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီနေရာကို ပျံသန်းပြီး ရောက်ရှိလာတယ်ဆိုမှတော့ မင်းတို့လေးယောက်က တော်တော် ရဲရင့်လိုပဲ”
ရှောင်ကျီက ပြောလိုက်သည်။ “ကျုပ်တို့ကို ဝိုင်းပတ်ထားတာ ဘာအဓိပ္ပာယ်လဲ”
ခေါင်းဆောင်သည် အေးစက်စက်ပြုံးကာ ပြောလိုက်၏။ “မင်းတို့ရဲ့ အသက်တွေကိုယူဖို့”
“အသက်တွေကို ယူဖို့ ဟုတ်လား”
ခရမ်းရောင်ဘုရင်သည် လက်ပိုက်ကာဖြင့် ဝံ့ကြွားစွာ ပြောလိုက်သည်။ “တကယ်ပြောနေတာလား”
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ အချိန်အတော်ကြာလှည့်လည်သွားရောက်ပြီးသည့်နောက် ၎င်းတို့ကို တွေ့ခဲ့သည့် သိုင်းကျင့်ကြံသူများအားလုံးသည် ကြောင်ကိုတွေ့သည့် ကြွက်များကဲ့သို့ပင် ထွက်ပြေးသွားခဲ့ကြ၏။
ယခုအချိန် မှာတော့ အဖွဲ့တစ်ခုသည် ၎င်းတို့အားတားဆီးကာ အသက်များကို ယူချင်သည်ဟု ပြောဆိုလျက်ရှိနေ၏။ ဤအရာသည် အစစ်အမှန် မမျှော်လင့်ထားသည့်ကိစ္စပင် ဖြစ်တော့သည်။
“ဟောခန်းသခင်ကျိ”
ရှောင်ကျီသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဒီလူတွေကို ကျုပ်တို့ကိစ္စ ထားလိုက်တော့”
ဤကဲ့သို့ ၎င်းတို့အား စိန်ခေါ်ကာ တိုက်ခိုက်ချင်သည့် သိုင်းကျင့်ကြံသူများကို တွေ့ရဖို့ဆိုသည်မှာ ရှားပါးလွန်းလှ၏။ ဤကဲ့သို့ အခွင့်အရေးကို ရယူ၍ တိုက်ခိုက်မှာ ဖြစ်ပေလိမ့်မည်။
ချလွမ်
ရီရှင်းချန်သည် ဘာတစ်ခုမှ မပြောပေ။ သူ၏ ကျန်းယန်ဓားအား ထုတ်ဖော်ပြီးနောက် အရင်ဆုံး တိုက်ခိုက်လိုက် တော့သည်။ သူ၏ မျက်လုံးထဲတွင်တော့ အစကနေ အဆုံးအထိ အထင်အမြင်သေးသည့် အရိပ်အယောင်များ ပြည့်နှက်လျက်ရှိ၏။
“အားလုံးကို သတ်ပစ်လိုက်တော့” ခေါင်းဆောင်သည် လက်ကိုယမ်းခါကာ ပြောလိုက်တော့သည်။
ခရမ်းရောင် ဆံပင်နှင့်လူမှလွဲ၍ တခြားသောလူသုံးယောက်တို့သည် သိုင်းအုပ်စိုးသူအဆင့်သာရှိကြ၏။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် သတ်ဖြတ်နိုင်စွမ်းရှိသည်။ သူတွေးနေတုန်းမှာပဲ ရီရှင်းချန်၏ အေးစက်လှသော ဓားချီသည် အပြင်ဘက်ဆီသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ ဖီးနစ်စိမ်းကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူ၏ ဦးခေါင်းကို ပိုင်းဖြတ်သွားတော့၏။
ခန္ဓာကိုယ်နှင့် ဦးခေါင်းပြတ်ကြီးသည် မြေပေါ်သို့ ပြုတ်ကျသွားချိန်မှာတော့ တစ်ဖက်ရှိ ခေါင်းဆောင်နှင့် အဖော်များအားလုံးသည် ဆွံ့အသွားကြတော့သည်။
“သေစမ်း အမှိုက်” ရီရှင်းချန်သည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ လင်းကျန့်ဓားသိုင်းသည် ချက်ချင်းပဲ အသက်ဝင်သွားခဲ့တော့သည်။ ဓားရိပ်ဓားယောင်များအားလုံးသည် ကောင်းကင်ယံထက်တွင် ပြည့်နှက်သွားခဲ့၏။ ဖီးနစ်စိမ်းကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားမိကြ၏။
ရွှီး …. ရွှီး … ရွှီး …
ချလွမ်
ကျန်းယန်ဓားသည် ဓားအိမ်ထဲသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ ရှေ့တွင်ရှိသည့် သိုင်းကျင့်ကြံသူ သုံးယောက်တို့သည် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ကြတော့သည်။
ဟူး ဟူး
ထိုအချိန်မှာတော့ ခေါင်းဆောင်သည် စွမ်းအင်လှိုင်းများကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ဘေးတစ်ဖက်ဆီမှ တိုက်ခိုက်လိုက်တော့သည်။ ထိုသူသည် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူတစ်ယောက်၏ အားအင်များကို ပိုင်ဆိုင်နေသည်။
ဟယ်ဝူတီသည် ရှေ့သို့လှမ်းတက်ပြီးသည့်နောက်မှာတော့ သူ၏လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော လက်သီးအားလှိုင်းများသည် ချက်ချင်းရောက်ရှိလာသည်။ ပြီးနောက် တစ်ဖက်လူ၏ သတ်ဖြတ်လိုခြင်းအော်ရာများအားလုံးကို ချိုးဖြတ်သွားခဲ့တော့သည်။ ထိုအချင်းအရာကိုမြင်တော့ ရီရှင်းချန်သည် မျက်မှောင်ကုတ်မိသွား၏။
မျိုးရိုးနာမည်ဟယ်နှင့်လူသည် အရင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။ သူ့အနေနှင့် တစ်ဖက်လူထက် ပိုမိုကာ အားကောင်းချင်သည်ဆိုပါက ပိုမိုကာ ကြိုးစားရန် လိုအပ်နေပေလိမ့်မည်။
ဘုန်း ဘုန်း
တခြားတစ်ဖက်မှာတော့ ရှောင်ကျီသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာဖြင့် သိုင်းကျင့်ကြံသူနှစ်ယောက် ကို ရင်ဆိုင်တိုက်ခိုက်လျက်ရှိနေသည်။ သူ၏ ခန္ဓာကိုယ်သည် အလွန်တရာ အားကောင်းလွန်းလှသောကြောင့် တစ်ဖက်လူများ၏ တိုက်ခိုက်မှုကို ကြောက်ရွံ့ထိတ်လန့်နေစရာမလိုဘဲ အရှေ့သို့ ပြေးဝင်ကာ တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။
“အစ်ကိုကြီး... ဒီလူတွေက နည်းနည်း အားကောင်းတယ်၊ နောက်ကို ဆုတ်ကြရအောင်”
“နောက်ဆုတ်၊ နောက်ဆုတ်”
အခြေအနေမကောင်းသည်ကို သိရှိပြီးသည့်နောက်မှာတော့ ခေါင်းဆောင်သည် သူ၏ အဖော်များအားလုံးကို လျင်လျင်မြန်မြန်နှင့် ထွက်ခွာသွားရန် ပြောဆိုလိုက်တော့သည်။ သို့ပေမဲ့ သူတို့သည် ထွက်ခွာသွားရန် ပြင်လိုက်သည့်အချိန်မှာပဲ နံရံတစ်ခုသည် သူတို့၏ရှေ့၌ ပေါ်လာပြီး တည်နေရာတစ်ခုလုံးကို စည်းခတ်ကုန်ကြ၏။
“အားလုံးပဲ”
ရှောင်ကျီသည် ခေါင်းကို ယမ်းခါကာ ပြုံး၍ ပြောလိုက်၏။ “ကောင်းကောင်းမတိုက်ခိုက်ဘဲ ဘယ်လိုလုပ် ထွက်သွားလို့ရမှာလဲ”
“...........”
သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့ကြသည်။ ၎င်းတို့အား ဝိုင်းရံထားသော လူလေးယောက်ကို ကြည့်မိလိုက်သည်။ ထိုသူတို့၏ မျက်လုံးများသည် နီရဲလျက်ရှိနေပြီး ကောင်းကင်ပေါ်မှ နတ်ဆိုးများကဲ့သို့ပင် ဖြစ်လို့နေတော့သည်။
နာရီဝက်လောက်ကြာပြီးသည့်နောက် ခေါင်းဆောင် နှင့် ကျန်သည့်ကျင့်ကြံသူများအားလုံးသည် နာကျင်စွာဖြင့် မြေပေါ်လဲလျက်ရှိနေတော့၏။ ၎င်းတို့၏ လက်များ၌ ရှိနေသော သိုလှောင်လက်စွပ်များမှာတော့ ရှောင်ကျီနှင့် တခြားသူများ၏ ယူဆောင်ခြင်းကို ခံလိုက်ရ၏။
“အစ်ကိုကြီး... သူတို့ ပစ္စည်းတွေအကုန်လုံး ယူသွားပြီ၊ အမွေအနှစ်ကို ဘယ်လိုသွားရှာကြတော့မလဲ”
“ရှာ... ချီးတဲ့မှ... ဘာကိုရှာချင်တာလဲ၊ အသက်ရှင်နေတာတောင် ကံကောင်းနေပြီ”
...........
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အမွေအနှစ်နှစ်ခုကို ရယူပြီး ပြန်လာခဲ့တော့၏။ သူသည် အဓိကဟောခန်း၏ ထိုင်ခုံတွင် ထိုင်ပြီးချင်းချင်းမှာပဲ ရှောင်ကျီသည် အထဲသို့ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ ဝါကျင့်ကျင့် သိုးရေခွံတစ်ခုကို လှမ်းကာ ပေးလိုက်တော့သည်။
“ဂိုဏ်းချုပ်... ဒါက ရတနာမြေပုံလား မသိဘူး”
ကုန်းရှန့်သည် အသာလက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ သိုးသားရေပြားတစ်ခုကို လှမ်းယူလိုက်တော့၏။ ပြီးနောက် အပေါ်တွင် ရှုပ်ထွေးစွာ ရေးသားထားသော မျဉ်းကြောင်းများကို မြင်လိုက်ရတော့သည်။ “ဟုတ်တယ်... ဒါက ရတနာမြေပုံပဲကွ”