အခန်း (၉၈၂)
Vol. 66 Ch. 982
“အခုခေတ်မှာ ဘယ်လိုလူတွေက သိုးရေခွံပေါ်မှာ ရတနာမြေပုံကို ဆွဲကြသေးတာလဲ၊ တော်တော် ညံ့တဲ့လူတွေပဲ” ကျွင်းချောင်ရှောင်းသည် ရတနာမြေပုံကို ကိုင်ကာဖြင့် အထင်အမြင်သေးသလို ပြောလိုက်သည်။
ဤမြေပုံတွင် ပြသထားသောနေရာသည် ရတနာများ တည်ရှိနေသောနေရာဖြစ်သည်လား၊ မဖြစ်သည်လား သေချာမသိရှိပေ။ သို့ပေမဲ့ လက်ရှိခေတ်ကာလ၌ သေးငယ်လှသော အစီအရင်များဖြင့် ရတနာမြေပုံအား ဖန်တီးနိုင်စွမ်း ရှိနေပြီဖြစ်၏။ အဘယ့်ကြောင့် သိုးတစ်ကောင်၏ အရေခွံကို ယူကာ ရတနာမြေပုံအဖြစ် ဖန်တီးထားရသနည်း။ အရမ်း ဆိုးရွားလွန်းလှ၏။
သူ့ကဲ့သို့ ရတနာရှာသည့်ပစ္စည်းကို ပိုင်ဆိုင်ထားသောလူတစ်ယောက်အနေဖြင့် ဤကဲ့သို့သော အရာမျိုးကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူလိုချင်သည်ဆိုပါက ရတနာပစ္စည်းများအား မည်သည့်အချိန်တွင်မဆို သွားရောက်ကာ ရှာဖွေရယူနိုင်စွမ်း ရှိနေပြီဖြစ်သည်။
စနစ်က ပြောလိုက်သည်။ “ဒီပစ္စည်းက နည်းနည်း အိုဟောင်းနေပြီ၊ ကြည့်ရတာ တကယ့်ကို ကောင်းမွန်တဲ့ ပစ္စည်းတွေ ဖွက်ထားတာ ဖြစ်ရမယ်။ ရှေးပစ္စည်းမျိုးလေ”
“အဲလိုလား”
ကျွင်းချောင်ရှောင်းသည် သေသေချာချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ မြေပုံတွင် ရေးထိုးထား သော မျဉ်းကြောင်းများသည် အလွန်တရာ ရှုပ်ထွေးလွန်းလှသည်။ သူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က ပျင်းလို့ အလကားခြစ်ထားတာလား မသိဘူး”
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “ဒီသိုးရေပေါ်မှာ လျှို့ဝှက်ချက်တွေ ရှိနေနိုင်တယ်လေ”
“လျှို့ဝှက်ချက်တွေ ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို အသာပွတ်သပ်ကာ ပြောလိုက်၏။ “ဒီလိုနဲ့တူတယ်၊ ချင်းယန်... သွားပြီးတော့ ရေတစ်ပုံးလောက် ဆွဲခဲ့စမ်း”
“ကောင်းပါပြီ” လီချင်းယန်သည် ရေတစ်ပုံးကိုသွား၍ သယ်ဆောင်လာခဲ့သည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ သိုးသားရေအား ရေထဲသို့ နှစ်လိုက်တော့သည်။ ပြီးသည့်နောက် ပြောလိုက်တော့သည်။ “ဒီထဲမှာရှိတဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံး ရေထဲကို စိမ်လိုက်ရင် သူ့အလိုလို ပေါ်လာလိမ့်မယ်။ ဒါက ငါရဲ့ အတွေ့အကြုံပဲ”
လီချင်းယန်သည် ရုတ်တရက် နားလည်သွားမိ၏။ “ဂိုဏ်းချုပ်က တကယ့်ကို ဉာဏ်ကောင်းတာပဲ”
သို့ပေမဲ့ ဆယ့်ငါးမိနစ်လောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သိုးရေခွံကို ရေထဲမှထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်တော့၏။ အပေါ်တွင် ရေးသားထားခဲ့သော အရေးအကြောင်းများအားလုံးသည် အနည်းငယ်ပင် ဝေဝေဝါးဝါး ဖြစ်သွားခဲ့သည်။ ဘာတစ်ခုမှ ထူးခြားမသွားချေ။
“ဂိုဏ်းချုပ်”
လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ “ဘာမှလည်း ပေါ်မလာပါလား၊ ဒီအပေါ်မှာ ရေးထားတဲ့ မျဉ်းကြောင်းတစ်ချို့တောင်မှ ဝေဝေဝါးဝါး ဖြစ်ကုန်ပြီ”
“အင်း... စိတ်ဝင်စားစရာပဲ”
ကျွင်းချောင်ရှောင်းသည် စိတ်ကို တည်ငြိမ်စွာ ထိန်းသိမ်းလိုက်၏။ ပြီးနောက် လေးေးလနက်နက် ပြောလိုက်သည်။ “ဒီလျှို့ဝှက်ချက်က ရေနဲ့ ဖော်ထုတ်လို့မရဘူးဆိုမှတော့ ငါတို့ မီးနဲ့ဖော်ထုတ်ရမယ်”
ဝှစ်
သူသည် ညာဘက်လက်ကို ယမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ မီးတောက်တစ်ခုသည် ဖြစ်ပေါ်လာခဲ့တော့ သည်။ ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်တွင် သိုးရေခွံအားကိုင်၍ တခြားတစ်ဖက်ဖြင့် မီးမြှိုက်လိုက်တော့ သည်။
“ချင်းယန်.... ငါ မမှားဘူးဆိုရင် ဒီလျှို့ဝှက်ချက်က မီးနဲ့တွေ့ပြီးတဲ့အချိန်မှာ ပေါ်လာရမှာပဲ။ ဒါကလည်း ငါ့ရဲ့ တန်ဖိုးဖြတ်မရခဲ့တဲ့ အတွေ့အကြုံပဲ”
လီချင်းယန်သည် ချီးကျူးသလို ကြည့်မိလိုက်၏။ သူ့အနေနှင့် လျှို့ဝှက်ချက်ကို ရှာဖွေရန်အတွက် ရေတွေ၊ မီးတွေ အသုံးပြုရသည် ဆိုခြင်းကို ပထမဦးဆုံး တွေ့ဖူးခြင်းဖြစ်သည်။ ဤအရာများကို သူသည် ဂိုဏ်းချုပ်ဆီမှ သင်ယူရပေလိမ့်မည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် မီးဖြင့် မြှိုက်လိုက်တော့၏။ အမှန်ပင် ပြောင်းလဲမှုတစ်ခုသည် ဖြစ်ပေါ်လာခဲ့သည်။ မည်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်ဆိုသော် သိုးရေခွံပါ တစ်ခါတည်း မီးလောင်ပြာကျသွားခြင်း ဖြစ်၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည်။ “ဒါက မီးလောင်သွားပြီ”
ဘုန်း
ကျွင်းချောင်ရှောင်းသည် စားပွဲခုံကို အသာရိုက်ကာဖြင့် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက်ရှိသည်။ “ငါကြည့်ဖူးတဲ့ တီဗွီ ဇာတ်လမ်းတွဲတွေက အလိမ်တွေချည်းပါပဲလား”
...............
ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကို ရှာဖွေရန်အတွက် ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ရှေးကျလှသော သိုးရေခွံအား ဤကဲ့သို့ပင် မီးနဲ့မြှိုက်ခဲ့သည်။
ဤအရာသည် ပြဿနာကြီး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းကုန်းရှန့်သည် သူ၏ စိတ်ထဲတွင် ဤမြေပုံတစ်ခုလုံးကို အလွတ်မှတ်သားထားပြီးသားဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် မျက်လုံးကို မှိတ်၍ ပြန်လည်ရေးဆွဲရမည်ဆိုလျှင်တောင်မှ အထဲတွင်ရှိသော အရာအားလုံးကို သေသေချာချာ မှတ်မိနေ၏။
ဟုတ်ပေသည်။ ထို့ကြောင့်ပင် သူသည် ဤကဲ့သို့သော ကိစ္စရပ်များကို လျှောက်၍ ပြုလုပ်နေခြင်းပင် ဖြစ်တော့သည်။ ထို့ပြင် လက်ထဲတွင် ရတနာရှာသည့်ပစ္စည်းရှိနေသောကြောင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် များပြားလှသော ရတနာပစ္စည်းများအားလုံးကို ရှာဖွေယူနိုင်စွမ်းရှိနေ၏။ ထို့ကြောင့် မည်သည့်အရာကိုမှ စိုးရွံခြင်းမရှိပေ။
……..
နောက်တစ်ရက်မှာတော့ ယုဒြာကုန်းမြေတိုက်သည် ခင်မင်ရင်းနှီးစွာဖြင့် လက်ရည်စမ်းပွဲ ပြုလုပ်ရန် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့ကို စေလွှတ်လိုက်တော့သည်။ ကုန်းမြေတိုက်ကြီးနှစ်ခုတို့သည် ခံတပ်၏ အပြင်ဘက်တွင် ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ရည်စမ်းပွဲကို ပြုလုပ်နေတော့သည်။
ထို့ကြောင့် ကြီးမားသည့် အကျိုးဆက်များကို ပြိုင်စံရှားဂိုဏ်းသည် ရရှိလျက် ရှိနေကြ၏။
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် အဓိကအားဖြင့် သတ်ဖြတ်ခြင်းကိုသာ ဦးစားပေးခဲ့သည်ဆိုသော်လည်း များပြားလှသော ရန်သူများ တည်ရှိခြင်းထက် မိတ်ဆွေများ တည်ရှိခြင်းသည် ကောင်းမွန်သည့်အရာပင် ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် တကယ်တမ်းအားဖြင့် ယုဒြာကုန်းမြေတိုက်ကြီးနှင့် ပူးပေါင်း၍ သတ်ဖြတ်ခြင်းကုန်းမြေ တိုက်ကြီးဆီသို့ ဝင်ရောက်၍ ဟိတ်ဟန်သဘောမျိုး တိုက်ခိုက်ခြင်းကို ပြုလုပ်ရန်ပင် စဉ်းစားထားမိ၏။ သို့ပေမဲ့ အမျိုးသမီးသည် စနစ်သည် ဤကဲ့သို့ ပြုလုပ်၍ မရကြောင်းနှင့် အထက်နယ်မြေမှ သိရှိသွားပါက ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်ကြောင်း သတိပေးခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူ၏ အစီအစဉ်အား လက်လျော့ခဲ့ခြင်းပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စဉ်းစားရုံလေး စဉ်းစားမိတာပါ၊ ချီးတဲ့မှ...”
စနစ်က ပြောလိုက်သည်။ “ဒီလိုမျိုးသာ လုပ်မယ်ဆိုရင် လူတွေအကုန်လုံး လိုက်ပြီးတော့ လုပ်နေတော့မှာပေါ့၊ မဟုတ်ဘူးလား”
အမျိုးသမီးစနစ်၏ အသံသည် ချိုသာသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်း၏ စိတ်ဓာတ်ကို ပိုမိုကာ နားလည် သည့်ပုံပေါ်သည်။ သူ့တွင်ရှိနေသော စနစ်ထက်စာလျှင် အများကြီးပို၍ အသုံးဝင်သေးသည်။
..................
ယုဒြာကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းတွင် ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိခဲ့ကြ၏။ တစ်ဖက်လူများအားလုံးသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိကြပြီး ပြိုင်စံရှားဂိုဏ်းမှာတော့ တိုက်ခိုက်ခြင်းအတွေ့အကြုံများကို ရရှိကြ၏။ ထို့ကြောင့် နှစ်ဦးနှစ်ဖက် အလွန်အဆင်ပြေသောအရာပင် ဖြစ်တော့သည်။
ထိုက်ရွှမ်အအေးဂိုဏ်းတွင် ရှိနေသော စုရှောင်မိုမှာတော့ ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်လျက် ရှိနေ၏။ မကြာသေးခင်မှာပဲ သူသည် အတွင်းစည်းဂိုဏ်းတပည့် တော်တော်များများကို တိုက်ခိုက် အနိုင်ယူပြီးသည့်နောက် မှာတော့ ပြည့်စုံသည့် စိတ်ဝိညာဉ်စေတီထဲသို့ ဝင်ရောက်ရန် တည်နေရာ တစ်ခုစာကို ရရှိခဲ့တော့၏။
ထိပ်တန်း ဂိုဏ်းများတွင် ရှိနေသော ကျင့်ကြံခြင်း နတ်ဘုံနတ်နန်းကုန်းမြေသည် အလွန်တရာ ကောင်းမွန်သည့်အရာပင် ဖြစ်၏။ စိတ်ဝိညာဉ်စွမ်းအင်များ လုံလောက်စွာ ရရှိရုံတင်သာမက တစ်စုံတစ်ယောက်၏ အားအင်အဆင့်ကို ပိုမိုကာ တိုးတက်နိုင်စေသည့် နည်းလမ်းပေါင်းများစွာလည်း တည်ရှိလို့နေသေးသည်။
စုရှောင်မို၏ အားအင်အဆင့်သည် လီချင်းယန်နှင့် တခြားသူများ၏နောက်တွင် ပြတ်ကျန်ခဲ့သည်ဆိုသော်လည်း ပြည့်စုံသည့်စိတ်ဝိညာဉ်စေတီထဲသို့ ဝင်ရောက်ရသည့်အပြင် ဂိုဏ်းချုပ်ပေးထားသော သဘာဝစိတ်ဝိညာဉ် ကျောက်တုံးများ များပြားစွာ တည်ရှိနေသောကြောင့် ၎င်း၏ ကျင့်ကြံခြင်း အမြန်နှုန်းသည် တဖြည်းဖြည်းနှင့် ပိုမိုကာ တိုးတက်လာခဲ့တော့သည်။ ပို၍ အရေးကြီးသည်မှာ စေတီ၏ အဆင့်တစ်ခုချင်းစီတိုင်းသည် မတူညီသည့် သိုင်းကျင့်ကြံခြင်း အတွေ့အကြုံများကို ရရှိနေ၏။ ဤအရာများကို ကောင်းကောင်း အသုံးပြုနိုင်သည်ဆိုပါက သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်ဖို့ဆိုသည်မှာ ခက်ခဲသည့်အရာ မဟုတ်တော့ပေ။
ဂိုဏ်းချုပ် …..။
ခြေချိတ်ကာ ထိုင်လျက်ရှိသော စုရှောင်မိုသည် တွေးလိုက်မိတော့သည်။ ဒီနေရာမှာသာ ဆက်ပြီး ကျင့်ကြံရမယ်ဆိုရင် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်တယ်၊ ဒီတော့ ဒီကနေ မထွက်ဘဲ ကျင့်ကြံတော့မယ်။
.................
ကျွင်းချောင်ရှောင်းသည် သူ၏ တတိယတပည့်အကြောင်းနှင့် မေးလေ့မေးထ မရှိတော့ချေ။ လက်ရှိအခြေအနေ မှာတော့ အတော်အတန် ခရီးရောက်ပြီဖြစ်သောကြောင့် သူသည် အရာအားလုံးကို လက်လွှတ်ထားနိုင်ခဲ့ပြီ ဖြစ်တော့၏။
“အမွေအနှစ်ပစ္စည်းတွေကို ရှာဖွေရမယ်”
နောက်တစ်ရက်မှာတော့ သူသည် ရတနာရှာသည့်ပစ္စည်းကို ထပ်မံကာ ထုတ်ယူလိုက်တော့၏။ ဤအရာကို အသက်သွင်းပြီးသည့်နောက်မှာတော့ အလင်းတန်းသုံးခုသည် ပေါ်ပေါက်လာခဲ့တော့သည်။ သတ်မှတ်ထားသည့် တည်နေရာထဲတွင် များပြားလှသော ပစ္စည်းများ ရှိနေကြောင်း သူကောင်းကောင်း သိရှိလိုက်မိ၏။
“ဟင်း.....” ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ ညွှန်ပြထားသော တည်နေရာများဆီသို့ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
“အမ်”
အမွေအနှစ်တည်နေရာဆီသို့ လာရာလမ်းမှာတော့ သူသည် ရုတ်တရက် ရပ်တန့်လိုက်မိသည်။ ပြီးသည့် နောက်မှာတော့ သူ၏ရှေ့တွင်ရှိသော တောင်စွယ်တောင်တန်းများကို ကြည့်ရှုပြီးသည့်နောက် တီးတိုးရေရွတ် လိုက်မိ၏။
“ဒီနေရာကို နည်းနည်းရင်းနှီးနေသလိုပဲ၊ ဟုတ်ပြီ”
သူသည် နဖူးကို ရိုက်ကာဖြင့် ပြောလိုက်မိသည်။ “ဒါက သိုးရေခွံပေါ်မှာ ရေးထားတဲ့ မြေပုံ တည်နေရာပဲ”
ကျွင်းချောင်ရှောင်း၏ စိတ်ထဲတွင် သိမ်းဆည်း မှတ်သားထားခဲ့သော မြေပုံ၏ အကြောင်းအရာများ ပေါ်ပေါက်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိတော့၏။ “ဒါက နည်းနည်း ရင်းနှီးတာ မဟုတ်ဘူး၊ တကယ့်ကို တူညီတဲ့ တည်နေရာပဲ၊ မဟုတ်သေးဘူး”
သူသည် ရတနာရှာသည့်ပစ္စည်းအား အသာငုံ့ကြည့်လိုက်၏။ “ဒီမှာတော့ ဘာအချက်မှ မပြပါလား”
စနစ်က ပြောလိုက်သည်။ “လက်ခံသူ ပြဿနာကို ရှာဖွေ တွေ့ရှိပြီလား”
“ဘာပြဿနာလဲ”
“ရတနာရှာဖွေတဲ့ပစ္စည်းက ရတနာတွေကို ရှာဖွေပေးနိုင်တယ်ဆိုပေမဲ့ သူရှာဖွေတွေ့ရှိထားတဲ့ ရတနာတွေ အကုန်လုံးက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရဲ့ အဆင့်သတ်မှတ်မှုအရဆိုရင် မြေအဆင့် ရတနာတွေကြီးပဲလေ”
“ဒါဆိုရင် မင်းဆိုလိုတာက ရတနာရှာတဲ့ပစ္စည်းက မြေအဆင့်ရတနာပစ္စည်းတွေကိုပဲ ရှာဖွေပေးနိုင်တယ်ပေါ့၊ ဒီထက်ပိုပြီး မြင့်မားတဲ့ ပစ္စည်းတွေကို ရှာဖွေပေးနိုင်စွမ်း မရှိဘူး”
“သိပ်ဟုတ်တာပေါ့၊ ဒီသိုးရေခွံပေါ်မှာရှိနေတဲ့ ရတနာပစ္စည်းက ကောင်းကင်အဆင့်ကို ရောက်နေတဲ့ ရတနာပစ္စည်း လည်း ဖြစ်နိုင်တယ်လေ၊ ဒါကြောင့် ရတနာရှာတဲ့ပစ္စည်းက ရှာဖွေ မပေးနိုင်တာ”
“ဟုတ်ပြီ”
ဉာဏ်ကောင်းလှသောသူများနှင့် စကားပြောဆိုရသည်မှာ ပင်ပန်းမှု မရှိပေ။
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်မိ၏။ “ကြည့်ရတာ ဒါက သာမန်တောအုပ်ပုံစံမျိုး ဖြစ်နေတယ်ဆိုပေမဲ့ အထဲမှာ အဆင့်မြင့်ရတနာပစ္စည်းတစ်မျိုးမျိုး ရှိနေတာ ဖြစ်ရမယ်”
ပြောနေတုန်းမှာပဲ သူသည် မျက်လုံးကို မှိတ်ပြီးသည့်နောက်မှာတော့ မှတ်သားထားသော မြေပုံ၏ တည်နေရာ များကို သေသေချာချာ ပြန်လည် စဉ်းစားလိုက်မိတော့သည်။
“ထူးဆန်းတဲ့အရာတစ်ခုခု ဖြစ်နေပြီ”
သေချာ တွေးကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏မှတ်ဉာဏ်ထဲတွင်ရှိနေသော မြေပုံအကြောင်းအရာများကို သေသေချာချာ ပုံဖော်မိသွားသည်။ ရေးသားထားသော အကြောင်းအရာများသည် ရှုပ်ထွေးလှ သည်ဆိုသော်လည်း တောင်၏ ပုံပန်းသွင်ပြင်သည် ကြီးမားလှသည့် သားရဲရိုင်းကြီးတစ်ကောင်သည် ပါးစပ်ကို ဟကာ ကြီးမားလှသည့် အလုံးကြီးတစ်ခုကို မျိုချနေသည့်ဟန်ပန်မျိုး ဖြစ်၏။
“ကြီးမားတဲ့ အလုံးကြီး ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မျက်လုံးကို ဖွင့်ကာ စိတ်ဝိညာဉ် စွမ်းအင်များကို ဖြန့်ကျက် ကြည့်ရှုလိုက်၏။ မကြာခင်မှာပဲ တောအုပ်ထဲ၏ တည်နေရာတွင် အဝိုင်းလုံးကြီး ပုံသဏ္ဍာန် ဂူတစ်ခုကို မြင်လိုက်ရတော့သည်။
“ဒါ... ဒါက သိုးအရေခွံပေါ်မှာ ရေးသားထားတဲ့ အရာပဲ ဖြစ်ရမယ်”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ပျံသန်းသွားပြီးသည့်နောက်မှာတော့ တောအုပ်ပေါ်တွင် ဆင်းသက်လိုက်တော့သည်။ ရှေ့နောက်အနည်းငယ် အသာလျှောက်ကြည့်ပြီးသည့်နောက်မှာတော့ မည်သည့်ထူးခြားချက်ကိုမှ သူရှာမတွေ့ ချေ။ ထို့ကြောင့် ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ “ဘာလို့ ဘာမှ မရှိတာလဲ”
“လက်ခံသူ... သိုးအရေခွံရဲ့အရောင်က နည်းနည်း မဲနေတာကို သတိထားမိလား” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက အချိန်တွေ ကြာသွားရင် ဒီလိုပဲလေ”
စနစ်က ပြောလိုက်သည်။ “မဟုတ်ဘူး၊ တစ်စုံတစ်ယောက်က ဒီလိုလုပ်ထားတာ ဖြစ်ရမယ်”
“တစ်စုံတစ်ယောက်က လုပ်ထားတာ ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်လိုက်၏။ ပြီးသည့် နောက်မှာတော့ သူသည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားမိ၏။ “ဒါက မှောင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ရည်ညွှန်းတာလား”
“ဖြစ်နိုင်တယ်”
“ဒါဆိုရင် မှောင်တဲ့အထိ စောင့်ရအောင်”
ကျွင်းချောင်ရှောင်းသည် အလျင်စလိုနှင့် ထွက်ခွာမသွားချေ။ တည်နေရာတစ်ခုကို ရှာဖွေကာ ထိုင်ချလိုက်၏။ နာရီအနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ကောင်းကင်တစ်ခုလုံးသည် မှောင်မဲလာခဲ့တော့သည်။ တောထဲတွင် ထိုင်နေရင်းနှင့် ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုနေမိသည်။ အဆုံးသတ်မှာတော့ မည်သည့်အရာကိုမှ ရှာဖွေ မတွေ့ရှိပေ။ ထို့ကြောင့် နာနာကျင်ကျင်ဖြင့် ပြုံးကာ ပြောလိုက်မိ၏။ “တစ်စုံတစ်ယောက်က ဒီနေရာကို ဆန်းကြယ်တယ်လို့ ထင်ရအောင် ပုံတွေ လျှောက်ဆွဲခဲ့တာလည်း ဖြစ်နိုင်တာပဲလေ၊ ငါအချိန်ဖြုန်းခဲ့မိပြီ”
ဆွစ်
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ရှေ့ကို လှမ်း၍ တက်လိုက်မိ၏။ သို့ပေမဲ့ သူ၏ ခြေထောက်အောက်ရှိ တည်နေရာသည် ရုတ်တရက် လင်းလက်သွားပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံး သည် အတားအဆီး အစီအရင်ကြီး ဖြစ်တည်လာပြီးသည့်နောက် သူ့အား ဖုံးလွှမ်း သွားခဲ့တော့သည်။
“သောက်ကျိုးနည်း”
ဒွီ ဒွီ ဒွီ
ရုတ်တရက် နယ်မြေတစ်ခုလုံး တုန်ခါသွားပြီးသည့်နောက်မှာတော့ သူ၏ရှေ့တွင် စာများရေးသားထားခဲ့သော ကျောက်လှေကားတစ်ခုသည် ပေါ်ပေါက်လာခဲ့တော့၏။
ဤကဲ့သို့သော အခြေအနေမျိုးကို အတွေ့အကြုံ ရှိပြီးသားဖြစ်သော ကုန်းရှန့်သည် အံ့အားမသင့်မိတော့ချေ။ သို့ပေမဲ့ တံခါး၏ ဘောင်ပေါ်တွင် ရေးသားထားသော စာတမ်း များကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သူသည် ကိုယ့်နဖူးကိုယ် ပိတ်ကာ ရိုက်လိုက်မိတော့သည်။
ဘာတွေ ရေးသားထားသနည်း။
“ဤတံခါးမျက်နှာစာတွင်ရှိသော အပေါက်ထဲသို့ သိုးရေခွံအား ထည့်လိုက်မည်ဆိုပါက အစီအရင်သည် အထဲသို့ ဝင်ခွင့်ရရန် ပြုလုပ်ပေးလိမ့်မည်”