ကျီဖုအဆင့် ဖလှယ်ပွဲ(၂)
Vol. 6 Ch. 115
“ဒီလိုလုပ်လေ၊ တိမ်လွှာကြယ်အလင်းဘောလုံးအပြင် နောက်ထပ် ဝိညာဉ်ကျောက်တုံး လေးသောင်းထပ်ပေးပြီး ကောင်းကင်ပြာရေနဲ့ လဲလှယ်ပါ့မယ်။ သခင်ကြီးဟွမ် ဘယ်လိုသဘောရလဲ”
ဤသည်မှာ စွမ်းအားကြီးခြင်း၏ ပြယုဂ်တစ်ခုဖြစ်သည်။ အကယ်၍ ဟွမ်ဝမ်ယုနေရာတွင် အခြားသာမန်ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးဆိုပါက ယွင်ယွဲ့ကျန်အနေနှင့် နောက်ထပ်သူတစ်ဦးရဲ့ကျောက်တုံး လေးသောင်းကို ထည့်သွင်းကမ်းလှမ်းမည်မဟုတ်ပေ။ ဟွမ်ဝမ်ယုက ပြုံးလျက်သဘောတူလိုက်သည်။
“ကောင်းပြီလေ”
မကြာမီ လဲလှယ်မှု အောင်မြင်စွာ ပြီးဆုံးသွားသည်။ သို့သော် ဟွမ်ဝမ်ယုက စင်အောက်ကို ပြန်မဆင်းသေးဘဲ ဝတ်လုံထဲမှ ပစ္စည်းအချို့ကို ထုတ်ယူပြီး ပရိသတ်ကို ပြုံးပြလိုက်သည်။
“တာအိုရောင်းရင်းတို့ ခင်ဗျားတို့နဲ့ လဲလှယ်ချင်တဲ့ ပစ္စည်းတွေရှိပါသေးတယ်”
လက်ထဲမှပစ္စည်းများကို မြင်သာအောင် ပြသရင်း
“ဒါက ကျင့်ကြံသူတစ်ဦးရဲ့ သက်တမ်းကို နှစ်ငါးဆယ်ထိ ဆွဲဆန့်ပေးနိုင်တဲ့ လမင်းမျှော်သစ်သီး၊ ဒါလေးက အဆင့်၃ အဇူရာနဂါး သစ်သားသလင်းကျောက်၊ ဒါကတော့ အဆင့်၃ လေဟုန်ကျောက်တုံး၊ ဒီတစ်ခုက အလယ်အဆင့် ကျီဖုကျင့်ကြံသူကို နောက်ဆုံးအဆင့်ထိ တက်လှမ်းနိုင်စေမဲ့ ကောင်းကင်ဘုံနန်း ဆေးပြားပေါ့။ လောလောဆယ် ကျုပ်အတွက် တကူးတက လိုချင်တာမျိုးတော့မရှိသေးဘူး၊ ဒါကြောင့် ခင်ဗျားတို့ဘာတွေရှိလဲ ပြောပြပါ၊ ကျုပ်သဘောကျရင် လဲပါ့မယ်”
ဟွမ်ဝမ်ယု၏ ရတနာပစ္စည်းများကို မြင်ပြီးနောက် ပြပွဲလာ ပရိသတ်အားလုံး လိုချင်တပ်မက်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာကြတော့သည်။ သက်တမ်းကို နှစ်ငါးဆယ်အထိ တိုးမြှင့်ပေးနိုင်သော လမင်းမျှော်သစ်သီးကို မလိုချင်သူမရှိပါ။ ထို့အတူ အဇူရာနဂါးသစ်သားသလင်းကျောက်သည် ဓာတ်ငါးပါးသလင်းကျောက်ငါးခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ကျီဖုအဆင့်ထိ တက်လှမ်းရာတွင် အောင်မြင်ရန် ၃၀%အထိ အာမခံပေးနိုင်သလို အဆင့်၃ လက်နက်သန့်စင်ရာတွင် အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်ပါသည်။
လေဟုန်ကျောက်တုံးမှာ လေဓာတ်အခြေခံ မန္တန်များကို လေ့လာကျင့်ကြံရာတွင် အသုံးပြုရသည့် သင်ထောက်ကူ ဝိညာဉ်ရတနာတစ်မျိုးဖြစ်သလို တစ်ချိန်တည်းတွင် ဓမ္မရတနာတစ်ပါးနှင့် ပေါင်းစပ်ပြီး ရတနာ၏ အမြန်နှုန်းကိုလည်း မြှင့်တင်နိုင်စွမ်းရှိသည်။ ကောင်းကင်နန်းဆေးပြားသည် ကျီဖုနယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံသူကို နောက်ဆုံးအဆင့် တက်လှမ်းရာတွင် အကူအညီပေးသည့် ရတနာဖြစ်၍ သူ့တန်ဖိုးမှာလည်း မသေးပါ။
ထို့နောက် ပရိသတ်ထဲမှ ကျီဖုအဆင့် ကျင့်ကြံသူအများအပြားသည် အိတ်ထဲမှ ရတနာပစ္စည်းမျိုးစုံကို ထုတ်ယူပြသကာ ဟွမ်ဝမ်ယုကို ကမ်းလှမ်းကြတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင်လျှင် လမင်းမျှော်သစ်သီးကို စိတ်ဝင်စားမိကြသည်။ သူတို့အတွက် လတ်တလော မလိုအပ်သော်လည်း ရှန်းမန်ရွှယ်နှင့် ရှန်းယွမ်လုံတို့ သုံးစွဲရန်အတွက်ဖြစ်သည်။ ရှန်းမန်ရွှယ်မှာ ရာထူးဂုဏ်သိမ်ကြီးမားသောကြောင့် သည်သစ်သီးအပါအဝင် အသက်ရှည်စေနိုင်မည့် သစ်ဥသစ်ဖုမျိုးစုံကို စားသုံးဖူးမည်ဖြစ်၍ သူမအတွက် လိုအပ်ချင်မှ လိုအပ်လိမ့်မည် ဖြစ်သော်လည်း ရှန်းယွမ်လုံအတွက်တော့ လမင်းမျှော်သစ်သီးသည် အဖိုးတန် အသက်ကယ်ဆေးဖြစ်နိုင်ပါလိမ့်မည်။
သက်တမ်းကိုဆွဲဆန့်ပေးသည့် ဝိညာဉ်သစ်သီးသစ်ဖုများကို တစ်ကြိမ်သာ စားသုံးနိုင်ပြီး ဒုတိယအကြိမ်စားသုံးလျှင် အကျိုးအာနိသင်ပြတော့မည်မဟုတ်။ ကျန်းချန်ရွှမ်တို့ သိရှိထားသလောက် ရှန်းယွမ်လုံတစ်ယောက် မည်သည့်အသက်ရှည်ဆေးဝါးကိုမှ မှီဝဲဖူးခြင်း မရှိသောကြောင့် လမင်းမျှော်သစ်သီးကို စားသုံးခွင့်ရလျှင် နောက်ထပ်နှစ်ငါးဆယ်အထိ သက်တမ်းကို ဆွဲဆန့်နိုင်လိမ့်မည်ဖြစ်သည်။ ရှန်းယွမ်လုံအသက်ရှည်လေလေ သူတို့ရှန်းမျိုးနွယ်စု အနာဂတ်အတွက် စိတ်ချရလေလေ ဖြစ်သည်မဟုတ်ပါလား။
ထို့ကြောင့် ကျန်းချန်ရွှမ်က ရုတ်တရက်ထ၍
“သခင်ကြီးဟွမ် လမင်းမျှော်သစ်သီးကို ဝိညာဉ်ကျောက်တုံး နှစ်သိန်းနဲ့ လဲလှယ်လိုပါတယ်၊ သခင်ကြီးအတွက် အဆင်ပြေမလားမသိဘူး”
ကျန်းချန်ရွှမ်၏ ရက်ရောသော ကမ်းလှမ်းချက်ကိုကြားလျှင် ကျီဖုအဆင့် ကျင့်ကြံသူအများအပြားသည် မနေနိုင်တော့ဘဲ ကျန်းချန်ရွှမ်ကို အံ့အားသင့်သည့် မျက်လုံးများဖြင့် ပြူးပြဲကြည့်ရှုမိလိုက်ကြတော့သည်။ ကျန်းချန်ရွှမ်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေ၍လည်း သူတို့၏အံ့သြမှုမှာ ပို၍ပင် ထင်ရှားနေတော့သည်။
ကျင့်ကြံသူအချို့မှာ မလိုလောဘစိတ်များပင် ဖြစ်ပေါ်လာကြသည်။ လမင်းမျှော်သစ်သီးသော်လည်းကောင်း၊ ဝိညာဉ်ကျောက်တုံးနှစ်သိန်းသော်လည်းကောင်း၊ နှစ်မျိုးစလုံး၏ တန်ဖိုးသည် လူတို့ကို စိတ်ရိုင်းများ ဝင်လာစေသည်အထိ ဆွဲဆောင်မှုအားကောင်းလှသည်လေ။
ထိုအချိန်တွင် ဟွမ်ဝမ်ယုက ပြုံးလျက်ခေါင်းခါလိုက်သည်။
“တာအိုရောင်းရင်းကျန်းက အလိုရှိနေမှတော့ ဝိညာဉ်ကျောက်တုံးတစ်သိန်းနဲ့ပဲ ရောင်းပေးလိုက်ပါမယ်”
ဟွမ်ဝမ်ယုစကားကိုကြားသောအခါ ပရိသတ်များသည် သာ၍ပင် အံ့အားသင့်ကုန်ကြသည်။ ဟွမ်ဝမ်ယုကပင် စျေးနှိမ့်ပေးရသည်အထိ ကောင်းမွန်နေသော ကျန်းချန်ရွှမ်နှင့် ဟွမ်ဝမ်ယုအကြား ဆက်ဆံရေးကိုလည်း အမျိုးမျိုး အဖုံဖုံ ခန့်မှန်းနေမိကြသည်။ ထို့ကြောင့် မူလက ကျန်းချန်ရွှမ်ကို အနိုင်ကျင့်၍ ဝိညာဉ်ကျောက်တုံးများ လုယူရန် ကြံစည်ထားသူများသည်လည်း သူတို့အကြံကို စွန့်လွှတ်လိုက်ကြတော့သည်။ ကျန်းချန်ရွှမ်တို့နှစ်ဦးနှင့် ဟွမ်ဝမ်ယုအကြား ရင်းနှီးချစ်ကြည်မှုကို အနည်းငယ် တီးခေါက်မိလိုက်ကြ၍ သူတို့ဆန္ဒများကို ကိုယ်ရှိန်သတ်လိုက်ကြရသည်။
ပဏာမ ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်သည့် ဟွမ်ဝမ်ယုကို ဒေါသထွက်စေမိပါက သူတို့အတွက် အခြေအနေကောင်းမည်မဟုတ်ပါ။ ထိုအခါ ကျန်းချန်ရွှမ်သည်လည်း ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်ဗျာ သခင်ကြီးဟွမ်”
မကြာခင် ကျန်းချန်ရွှမ်နှင့် ဟွမ်ဝမ်ယုအကြား လဲလှယ်မှုပြီးဆုံးသွားတော့သည်။ ဟွမ်ဝမ်ယု၏ ကျန်ပစ္စည်းသုံးခုအနက် အဇူရာနဂါး သစ်သားသလင်းကျောက်ကိုလည်း ကျန်းချန်ရွှမ်အနေနှင့် လိုချင်မိသော်လည်း ဟွမ်ဝမ်ယုက သူ့အပေါ် လောဘကြီးသူတစ်ယောက်ဟု မြင်သွားမည့်အဖြစ်မျိုးကို မလိုလားပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ကျန်ပစ္စည်းသုံးခုကို ရယူရန် မကြိုးစားတော့ဘဲ အသာထိုင်ကြည့်နေလိုက်တော့သည်။ မကြာမီ အဆိုပါပစ္စည်းသုံးခုကိုလည်း လဲလှယ်၍ပြီးသွားသည်။ ဟွမ်ဝမ်ယု စင်အောက်ကို ပြန်ဆင်းလာချိန်တွင် ဇနီးမောင်နှံနှစ်ဦးလည်း လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။ ဟွမ်ဝမ်ယုက လက်ကာပြလျက်
“မင်းတို့က ငါ့သမီးအသက်ကို ကယ်တင်ခဲ့တာပဲ။ ငါလုပ်ပေးတာက ဘာမှမဟုတ်ပါဘူး၊ ဒါနဲ့ မေးရဦးမယ်။ မင်းတို့နှစ်ယောက် ဒီကိုလာတာ ဖလှယ်ချင်တဲ့ ပစ္စည်းရှိလို့လား၊ ရှိရင်ငါ့ကိုပြောပါ။ မင်းတို့အလိုရှိတဲ့ပစ္စည်း ငါ့မှာရှိရင် တစ်ခါတည်းလဲကြတာပေါ့”
ထိုအခါ ဘေးတွင်ရပ်နေသည့် ဟွမ်လင်းအယ်ကပါ ဝင်ရောက်တိုက်တွန်းသည်။
“ဟုတ်တယ် အစ်ကိုကျန်းနဲ့ အစ်မရှန်း၊ အစ်မတို့လိုချင်တာကို အဖေ့ကိုပြောလို့ရတယ်သိလား”
ဟွမ်ဝမ်ယုက သူ့စကားကိုဖြတ်ပြောသည့် သမီးဖြစ်သူကို တစ်စုံတစ်ရာပြောဆိုခြင်းမရှိသည့်အပြင် သမီး၏ဆံနွယ်များကို ချစ်မြတ်နိုးစွာ ပွတ်သပ်ပေးနေလိုက်သေးသည်။ ရှန်းရူယန်တို့ဇနီးမောင်နှံလည်း တစ်ဦးမျက်နှာတစ်ဦးကြည့်လိုက်မိသည်။ ထို့နောက် ဖုံးကွယ်မနေတော့ဘဲ သူတို့လိုအပ်သည်များကို ပြောပြလိုက်ကြသည်။ ထိုအခါ ဟွမ်ဝမ်ယုက ကျောက်စိမ်းပုလင်းနှစ်ခုကို ထုတ်ယူပြီး ရှန်းရူယန်ထံ ပေးအပ်လိုက်သည်။
“မင်းတို့ပြောတဲ့ ဗလာကောင်းကင်ကျောက်တုံး တော့မရှိပေမဲ့ သစ်သားချပ်ကာ ကောင်းကင်ဘုံနှင်းရည်စက်နဲ့ ပထဝီရှေးဦးရေ တော့ရှိတယ်”
ကျန်းချန်ရွှမ်လည်း ထိုပစ္စည်းများကိုမြင်လျှင် ဝမ်းသာအားရဖြစ်သွားသည်။ အဆိုပါပစ္စည်းနှစ်မျိုးသည် ကိုယ်ခန္ဓာမွမ်းမံခြင်းကျင့်စဉ်အတွက် အဓိကလိုအပ်နေသည်များဖြစ်၍ ယခုအခါ နှစ်မျိုးစလုံးကို ဟွမ်ဝမ်ယုထံမှ ရရှိလိုက်ပြီဖြစ်၍ ရတနာဖလှယ်ပွဲပြီးဆုံးသည်နှင့် အကန့်အသတ်မဲ့ဘီးကျင့်စဉ်ကို ပြန်လည်စတင်နိုင်မည်ဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးမှာ ဟွမ်ဝမ်ယုကို ကျေးဇူးတင်၍မဆုံးတော့ပေ။
ထိုစဉ် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့နှစ်ဦးအပေါ် မုန်းတီးစက်ဆုပ်သည့် အကြည့်တစ်ခု ကျရောက်နေသည်ကို ရုတ်တရက်ခံစားမိလိုက်၍ တုန်လှုပ်သွားမိကြသည်။ သူတို့ကိုကြည့်နေသူမှာ ကျီဖုနယ်ပယ် တတိယအဆင့် ကျင့်ကြံသူဖြစ်ပြီး ထိုသူသည် အရွယ်အားဖြင့်အိုမင်းနေသော်လည်း အကြည့်များမှာ စူးရှတောက်ပြောင်လှသည်။ သို့သော် ထိုသူက သူ့အကြည့်ကို ကျန်းချန်ရွှမ်တို့ထံမှ ရုတ်သိမ်းပြီး အခြားကျင့်ကြံသူတစ်ဦးထံ အလျင်အမြန်ပြောင်းလဲလိုက်သည်။
ထိုအပြုအမူကြောင့် ရှန်းရူယန်တို့လည်း ဇဝေဇဝါဖြစ်သွားရသည်။ ထိုအဘိုးကြီးနှင့် သိကျွမ်းခြင်းမရှိသော်လည်း သူ့မျက်နှာကို မြင်တွေ့ဖူးသလိုလို ဖြစ်နေမိသည်။
“ယောင်ကျန်းထျန် နဲ့ မင်းတို့အကြား ရန်ငြိုးရှိသလား”
ဟွမ်ဝမ်ယုသည်လည်း အဆိုပါအဖြစ်အပျက်ကို သတိထားမိဟန်တူပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မေးမြန်းလိုက်မိသည်။
***