← Chapters

ရွက်​ကြွေ​တောင်​တန်း​ကို ရောက်​ရှိခြင်း

Vol. 6 Ch. 101

ရွက်​ကြွေ​တောင်​တန်း​ကို ရောက်​ရှိခြင်း

Vol. 6 Ch. 101

ထို​မြင်ကွင်း​ကြောင့်​ အမျိုးသမီး​ကျင့်ကြံသူ​နှင့် ကျန်​တစ်​ဦးမှာ မျက်လုံး​ပြူး​သွား​ကြသည်။ တစ်ချိန်​တည်း​တွင် ကျန်း​ချန်​ရွှမ်​၏ ရေကြည်​ကန်​ဓားသည် အရောင်တလက်လက်အော်ရာများ အဆက်မပြတ်​ထုတ်​လွှတ်​နေရင်း မိန်း​မ​လျာ​လူ၏ ယပ်​တောင်​မှ ဝှေ့ယမ်းပစ်လွှတ်​လိုက်​သော အနက်​ရောင်​လေပွေများကို ဖယ်ရှားပစ်ရုံမက ယပ်တောင်လက်​နက်​ကိုပါ​ ကီလိုမီတာ​ဆယ်ဂဏန်း အကွာအဝေးထိ လွင့်စင်သွားစေသည်။

ရေကြည်​ကန်​ဓား၏ အရှိန်​မှာ လျော့သွားခြင်းမရှိဘဲ မိန်း​မ​လျာ​နှင့်တူသောလူထံသို့ အရှိန်ပြင်း​ပြင်းဖြင့် ပျံသန်း​သွားသည်။ မိန်း​မ​လျာ​လူက စစ်မှန်​မှု​အဆီ​အနှစ်​စွမ်းအင်​ဖြင့် အကာအရံစက်ဝန်းတစ်ခုကို ဖန်​တီး​ခုခံ​လိုက်သော်လည်း ဓား​ပျံ​သည် အကာ​အရံကို စုတ်ဖြဲပစ်ရုံမက ကြောင်လျက်​ငေးကြည့်နေမိသော မိန်း​မ​လျာ​လူ၏ ခန္ဓာကိုယ်​ကြီး​ကိုပါ​ ခေါင်း​အစခြေအဆုံး ထက်​ခြမ်း​ပိုင်း​ပစ်လိုက်တော့သည်။ ထို​အချိန်​တွင်​ ရှန်းရူယန်၏ ကျိန်စာ​အလင်း​ဓား​သည်လည်း အော်​ရာ​များ​ကွန့်မြူးလျက် ကတုံး​နှင့်လူ၏ ပုဆိန်လက်နက်ကို ခတ်ထုတ်ပစ်လိုက်သည်။ ချွင်ကနဲမြည်သံနှင့်အတူ ပုဆိန်​သည်​ အဝေးသို့လွင့်စင်သွားတော့သည်။

တစ်​ချိန်​တည်း​တွင် ဓား​ပျံ၏အသွားမှ တလက်လက်တောက်ပနေသော လျှပ်စီးကြောင်းတစ်ခု တိုး​ထွက်လာပြီး အရှိန်​အဟုန်ပြင်း​စွာဖြင့်​ ကတုံး​နှင့်​လူကို ပစ်ချလိုက်သည်။ ကတုံး​နှင့်လူအတွက် ရှောင်​ရန်အချိန်မရလိုက်ဘဲ နောက်​ဆက်​တွဲ​မိုးကြိုး​များ အဆက်​မပြတ်​ထိမှန်​ကုန်​တော့သည်။ နောက်​ဆုံး​တွင်​ လျှပ်​စီး​ကြောင်း​များ ပျောက်ကွယ်​သွား​သော​အခါ ကတုံး​နှင့်လူ၏ ကိုယ်​ခန္ဓာ​ကြီးမှာ မီးသွေးခဲပမာဖြစ်နေပြီး ဦးခေါင်း​မှာလည်း ကျွတ်​ထွက်လျက်ရှိနေသည်ကို တွေ့ရတော့သည်။

ထို​မြင်​ကွင်းကြောင့် ကျန်​ရှိနေသေးသော ကျင့်ကြံသူနှစ်ဦးမှာ အကြီးအကျယ် တုန်လှုပ်ခြောက်​ခြား​ကုန်ပြီး ကျန်း​ချန်​ရွှမ်တို့နှစ်ဦးအား မကောင်း​ဆိုးဝါး​များပမာ မှတ်ယူသွားကာ ဒရောသောပါး​ ထွက်​ပြေးကြတော့သည်။

“ဘယ်​ပြေး​မှာလဲ”

ရှန်းရူယန်၏ မျက်လုံး​အစုံမှာ ဝင်း​လက်သွားပြီး လက်​ထဲရှိ ကျိန်စာ​အလင်း​ဓား​ပျံကို ပစ်လွှတ်လိုက်ပြန်သည်။ မမြင်ရသော လျှပ်​စစ်​လှိုင်း​တစ်ခုက လေထုကို အလျားလိုက်ဖြတ်၍ ဖြာထွက်သွားပြီး ထွက်​ပြေး​နေ​သော အမျိုးသမီး​ကျင့်ကြံသူ၏ ဦးခေါင်း​ကို တိကနဲ ဖြတ်ချလိုက်သည်။ ဦး​ခေါင်း​ကြီး​သည် မြေကြီး​ထက်သို့ ပြုတ်ကျသွားသည်။ နောက်ဆုံး​ကျန်​ရှိနေ​သော​ ကျင့်ကြံသူ​မှာ ထို​မြင်​ကွင်း​ကြောင့် သွေးပျက်မတတ် တုန်​လှုပ်​သွားပြီး

“ကျုပ်​ကို​မသတ်ပါနဲ့…. မသတ်ပါနဲ့ သခင်​လေးယောင် ခိုင်း​လို့​လုပ်​ရတာပါ။ ကျုပ်နဲ့မဆိုင်ပါဘူး”

ထိုလူကို သုတ်​သင်​တော့မည့် ရှန်းရူယန်သည် ထိုလူ၏ သွေး​ရူး​သွေး​တန်း​စကားကြောင့် မျက်​မှောင်​ကြုံ့သွားသည်။ အဆိုပါ​ကျင့်ကြံသူ၏ လည်​ပင်း​ကို ဖြတ်​တော့​မည့်ဆဲဆဲ ကျိန်စာအလင်းဓားသည် လေထဲတွင်ရပ်တန့်သွားသည်။ ထို့နောက်​ အစိမ်းရောင်ပိုက်ကွန်တစ်ခုက ထိုလူ့အပေါ်ကျရောက်လာပြီး ထွက်​မပြေးနိုင်အောင် ဖမ်းချုပ်လိုက်​သည်။

ကျန်း​ချန်​ရွှမ်က ထိုလူကို စိုက်​ကြည့်ပြီး မေးခွန်း​ထုတ်​လိုက်​သည်။

“ မင်း​ပြောတဲ့ သခင်လေးယောင်ဆိုတာ ဘယ်သူလဲ၊ ဘာကိစ္စနဲ့​ ငါတို့​နောက်​ကို လိုက်နေတာလဲ ပြော​စမ်း။”

ထို​ကျင့်ကြံသူမှာ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ကို မကောင်း​ဆိုးဝါး​များပမာ​ ကြောက်ရွံ့နေပြီဖြစ်ရာ ကျန်း​ချန်​ရွှမ်၏မေးခွန်းကို မခြွင်းမချန် ဖြေပါတော့သည်။ သူတို့လေး​ယောက်​ကို နောက်​ကွယ်​မှ စေခိုင်း​သူမှာ ယောင်​ပင်းအန်ဆိုသူဖြစ်ပြီး ထိုလူသည် ခွန်တောင်တန်းဂိုဏ်း၏ အဓိက​အကြီးအကဲ​ဖြစ်သူ ယောင်ကျန်းထျန်၏ မြစ်တော်စပ်သည်။ သူ့ကို အဘေး​ဖြစ်​သူ ယောင်​ကျန်း​ထျန်က အလွန်​ချစ်​သည့်အတွက် လိုလေသေးမရှိ လိုက်လျော​ဖြည့်ဆည်း​ပေးသည်တဲ့။ သို့သော်​ ယောင်​ပင်း​အန်တွင် ပါရမီမပါလာသည့်အတွက် သူ့အသက် ၉၀ ကျော်ပြီဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်း ဒုတိယ​အဆင့်​တွင်သာ ရှိနေပါသေးသည်။

ထို့​အတွက်​ကြောင့်​ အနာ​ဂတ်တွင် အခွင့်အရေး​တစ်​ခုခု​နှင့် မ​ကြုံ​ဆုံ​ခဲ့လျှင် သူ့ဘဝတစ်လျှောက်လုံးကို အခြေခံ​တည်ဆောက်​မှု​အဆင့် အဖြစ်​သာ ကုန်ဆုံးရတော့မည်ဖြစ်သည်။ ထို​အခြေအနေ​ကို ပြောင်း​လဲ​ရန်​အတွက် ယောင်ပင်းအန်သည် အဘေးဖြစ်သူ၏ သြဇာ​အာဏာ​ကို​ အသုံးပြု​လျက်​ ကျင့်ကြံသူအများ​အပြား​ကို အခကြေးငွေပေး၍ ငှားရမ်း​ပြီး​ သူ့အတွက်​ အကျိုး​ရှိစေမည့် အခွင့်​အလမ်းများဖြစ်သည့် လျှို့ဝှက်​ဆေးပြားများ၊ စိတ်ဝိညာဉ်​သစ်ဥသစ်ဖုများ၊ ဝိညာဉ်ရတနာ​များကို အနံ့ခံရှာဖွေစေသည်။

ကျန်း​ချန်​ရွှမ်​တို့နှစ်ဦး ခွန်​တောင်တန်း​စျေး​တွင် စုံစမ်း​စနည်းနာနေသည်ကို ယောင်ပင်းအန်၏ အထောက်​တော်​များ အနံ့​ရသွားပြီးနောက် ယောင်​ပင်း​အန်က ကျန်းချန်​ရွှမ်​တို့​ကို ခြေရာ​ခံ​ထောက်​လှမ်းရန် ကျင့်ကြံသူ​လေး​ဦး​ စေလွှတ်လိုက်ခြင်းပင်ဖြစ်သည်။ ကျန်း​ချန်​ရွှမ်​တို့ ခွန်​တောင်တန်း​စျေး​မှ စထွက်ချိန်ကတည်းက ထို​လေး​ဦးမှာ ထပ်ကြပ်မကွာ ခြေရာ​ခံ​လိုက်လာပြီး ကျန်းချန်ရွှမ်တို့​၏ လျှို့ဝှက်​ချက်​ကို ဖော်​ထုတ်​ကာ ယောင်ပင်းအန်ထံ သတင်းပြန်ပို့မည်ဖြစ်သည်။

အကြောင်း​စုံ​သိ​ရပြီး​နောက် ကျန်း​ချန်​ရွှမ်​နှင့် ​ရှန်းရူယန်တို့သည် ဖမ်း​ဆီး​ရမိထားသော ကျင့်ကြံသူ​ကို တစ်ချက်​တည်း​ အဆုံးသတ်​ပေး​လိုက်​တော့သည်။ ထို့နောက်​ ရှန်း​ရူယန်က

“ဒါဆို​ရင် ယောင်​ပင်း​အန်ဆိုတဲ့လူ ကျွန်​မ​တို့ကို​ စောင့်ကြည့်​နေတာကြာပြီထင်တယ်”

ကျန်း​ချန်​ရွှမ်က မျက်လုံး​အစုံ​မှာ အေးစက်​သွား​ပြီး

“ဘယ်လို​ပဲဖြစ်ဖြစ်​ပါ၊ ကိုယ်​တို့​နဲ့ သူက ရန်သူတွေဖြစ်သွားပြီပဲ။ ယွီဟွာတောင်ကိုပြန်ရောက်ရင် ဒီကိစ္စ​ကိုဖြေရှင်းရမှာပေါ့။ လောလောဆယ်​တော့​ လျှပ်စီးရေကန်ကိုပဲ အရင်ရှာကြရအောင်”

ထို့နောက်​ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျင့်ကြံသူလေးဦး၏ သိုလှောင်​အိတ်​များ​အတွင်းမှ ပစ္စည်း​များကို​ ရှာဖွေ​စစ်ဆေး​ကြ​သည်။ အိတ်​လေး​လုံးထဲတွင် ခြေရာခံကိရိယာများနှင့်​ အဆောင်​ပစ္စည်း​အမျိုး​မျိုး​တွေ့ရသည်။ ထိုပစ္စည်းများထဲတွင် အရိပ်​ခြေရာ​ခံပိုးကောင်လည်း ပါဝင်​သလို အဆင့်​၂ ဓမ္မ​ပစ္စည်း​ ရှစ်​ခုခန့်ကိုလည်း တွေ့ရသည်။ အဆင့်​၂ အနိမ့်စား​အဆင့်​မှသည် အမြင့်ဆုံး​အဆင့်​အထိ ပစ္စည်းပေါင်းစုံလင်လှသည်။ ခန့်​မှန်း​ခြေ​ တန်​ဖိုး​မှာ ဝိညာဉ်​ကျောက်​တုံး​ပေါင်း​ နှစ်သောင်းမှသုံးသောင်းအထိ ရှိသည့်အပြင် ဆေးဝါးပစ္စည်းများနှင့် ဝိညာဉ်ရတနာများပါပေါင်းလျှင် ဝိညာဉ်​ကျောက်တုံး ငါးသောင်းနီးပါး တန်ကြေးရှိပါသည်။

ထို့နောက်​တွင် ကျန်း​ချန်​ရွှမ်​တို့လည်း​ အချိန်​မဆိုင်းဘဲ ရွက်​ကြွေ​တောင်​တန်း​ရှိ​ရာ​သို့ ဆက်​လက်​ပျံသန်း​လိုက်တော့သည်။ ရက်​အနည်းငယ်​ကြာ​ပြီးနောက်​ နတ်ဆိုး​သားရဲ​အချို့​ ကျက်​စား​ရာနယ်မြေဖြစ်သည့် ရွက်​ကြွေ​တောင်​တန်းကို ရောက်ရှိ​လာ​သည်။ ကျီဖုအဆင့်သို့တက်ရန် လက်​တစ်​ကမ်းအလိုတွင် ရှိနေသည့် ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့အတွက်မူ အဆိုပါ​နတ်ဆိုးသားရဲများသည် မှုလောက်သည့် အန္တရာယ်​တော့​မဟုတ်​ပါ။ အများ​အားဖြင့်​ ချီ​သန့်​စင်​ခြင်း​အဆင့် ကျင့်ကြံသူအချို့သည် ရွက်​ကြွေ​တောင်​တန်း​သို့လာ၍ အဆင့်​၁ နတ်ဆိုး​သားရဲ​များကို အမဲလိုက်ပြီး ဝိညာဉ်​ကျောက်​တုံးများ ​ရှာဖွေ​လေ့ရှိ​ကြသည်ဟုဆိုသည်။

တစ်​လကျော်ကြာသွားပြီဖြစ်သည်။ ထို​ကာ​လအတွင်း​ ကျန်း​ချန်​ရွှမ်နှင့်​ ရှန်း​ရူယန်တို့​သည် ရွက်​ကြွေ​တောင်​တန်း​၏ တောင်​ကြော​များအား​လုံး​ကို ရှာဖွေ​ပြီးဖြစ်သည်။ အဆိုပါ​ကာလအတွင်း ​အဆင့်​၁ နတ်ဆိုး​သားရဲ​အများ​အပြားကို သတ်​ဖြတ်​ခဲ့သေးသည်။ အဆင့်​၂ နတ်ဆိုး​သားရဲ​သတ္တဝါ​များကတော့ မရှိသလောက် ရှားပါးပါသည်။

တစ်​လ​ကျော်​ကြာသွားသော်လည်း လျှပ်​စီး​ရေကန်​နှင့်တူသည့် အရိပ်အယောင်တစ်ခုမှမတွေ့သေးပါ။ ပုံမှန်​အားဖြင့်​ လျှပ်​စီး​ရေကန်​သည် အနီးအနားတွင်ရှိနေလျှင် ရှန်းရူယန်​အနေနှင့်​ အနည်း​နှင့်အ​များ​ အာရုံ​ခံ​နိုင်​မည်ဖြစ်သည်။ သို့​သော်​ တောင်​ကြောအနှံ့ ရှာဖွေ​ပြီးပြီဖြစ်သော်လည်း ရှန်း​ရူယန်မှာ မည်သည့်အရာကိုမှ အာရုံခံနိုင်ခြင်းမရှိသေးပါ။ ဤနေရာတွင် ဖြစ်နိုင်​ချေ​နှစ်ခုရှိလာသည်။ ပထမ​တစ်​ခု​မှာ ရှန်းရူယန်အတွက်​ လျှပ်​စီး​ရေကန်​ကို အာရုံ​ခံ​နိုင်​လောက်သည့် အကွာအဝေးအတွင်း မရောက်​သေးခြင်းဖြစ်ပြီး ဒုတိယ​တစ်ခုမှာ​ ရွက်​ကြွေ​တောင်​တန်း​တွင်​ လျှပ်​စီး​ရေကန်​မရှိခြင်းဖြစ်သည်။

ထို​အချိန်​တွင် သူတို့​နှင့်​ အတန်​ငယ်​ကွာဝေးသော နေရာ​တွင် လူပုံစံ အရိပ်​သဏ္ဌာန်​ ရှစ်ခုခန့်တွေ့လိုက်ရသည်။ အဆိုပါ​ လူရှစ်ဦးအနက် ရှေ့​ဆုံး​မှပြေးနေသူများမှာ အဘိုးကြီး​တစ်ယောက်​နှင့်​ မိန်း​ကလေး​ငယ်​တစ်ဦး​တို့​ဖြစ်သည်။ သူတို့​နောက်တွင် လူခြောက်ဦးခန့်က ညာသံပေး၍ ထက်​ကြပ်​မကွာ ပြေး​လိုက်​လျက်​ရှိသည်။ အဘိုး​ကြီး​နှင့်​ မိန်း​ကလေး​တို့၏ ကိုယ်​ပေါ်​တွင် ထိခိုက်​ဒဏ်​ရာများ ရှိနေ​ပြီး အထူးသဖြင့် ​အခြေခံတည်ဆောက်​မှု​ သတ္တ​မအဆင့်ရှိ​သူ အဘိုး​ကြီး၏ ကိုယ်​ပေါ်​တွင် ပြတ်ရှဒဏ်ရာ အတော်​များများရှိ​ပြီး သွေးများ​စီးကျနေသည်ကို တွေ့လိုက်ရသည်။

***

All Chapters