ရွက်ကြွေတောင်တန်းကို ရောက်ရှိခြင်း
Vol. 6 Ch. 101
ထိုမြင်ကွင်းကြောင့် အမျိုးသမီးကျင့်ကြံသူနှင့် ကျန်တစ်ဦးမှာ မျက်လုံးပြူးသွားကြသည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ ရေကြည်ကန်ဓားသည် အရောင်တလက်လက်အော်ရာများ အဆက်မပြတ်ထုတ်လွှတ်နေရင်း မိန်းမလျာလူ၏ ယပ်တောင်မှ ဝှေ့ယမ်းပစ်လွှတ်လိုက်သော အနက်ရောင်လေပွေများကို ဖယ်ရှားပစ်ရုံမက ယပ်တောင်လက်နက်ကိုပါ ကီလိုမီတာဆယ်ဂဏန်း အကွာအဝေးထိ လွင့်စင်သွားစေသည်။
ရေကြည်ကန်ဓား၏ အရှိန်မှာ လျော့သွားခြင်းမရှိဘဲ မိန်းမလျာနှင့်တူသောလူထံသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားသည်။ မိန်းမလျာလူက စစ်မှန်မှုအဆီအနှစ်စွမ်းအင်ဖြင့် အကာအရံစက်ဝန်းတစ်ခုကို ဖန်တီးခုခံလိုက်သော်လည်း ဓားပျံသည် အကာအရံကို စုတ်ဖြဲပစ်ရုံမက ကြောင်လျက်ငေးကြည့်နေမိသော မိန်းမလျာလူ၏ ခန္ဓာကိုယ်ကြီးကိုပါ ခေါင်းအစခြေအဆုံး ထက်ခြမ်းပိုင်းပစ်လိုက်တော့သည်။ ထိုအချိန်တွင် ရှန်းရူယန်၏ ကျိန်စာအလင်းဓားသည်လည်း အော်ရာများကွန့်မြူးလျက် ကတုံးနှင့်လူ၏ ပုဆိန်လက်နက်ကို ခတ်ထုတ်ပစ်လိုက်သည်။ ချွင်ကနဲမြည်သံနှင့်အတူ ပုဆိန်သည် အဝေးသို့လွင့်စင်သွားတော့သည်။
တစ်ချိန်တည်းတွင် ဓားပျံ၏အသွားမှ တလက်လက်တောက်ပနေသော လျှပ်စီးကြောင်းတစ်ခု တိုးထွက်လာပြီး အရှိန်အဟုန်ပြင်းစွာဖြင့် ကတုံးနှင့်လူကို ပစ်ချလိုက်သည်။ ကတုံးနှင့်လူအတွက် ရှောင်ရန်အချိန်မရလိုက်ဘဲ နောက်ဆက်တွဲမိုးကြိုးများ အဆက်မပြတ်ထိမှန်ကုန်တော့သည်။ နောက်ဆုံးတွင် လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသောအခါ ကတုံးနှင့်လူ၏ ကိုယ်ခန္ဓာကြီးမှာ မီးသွေးခဲပမာဖြစ်နေပြီး ဦးခေါင်းမှာလည်း ကျွတ်ထွက်လျက်ရှိနေသည်ကို တွေ့ရတော့သည်။
ထိုမြင်ကွင်းကြောင့် ကျန်ရှိနေသေးသော ကျင့်ကြံသူနှစ်ဦးမှာ အကြီးအကျယ် တုန်လှုပ်ခြောက်ခြားကုန်ပြီး ကျန်းချန်ရွှမ်တို့နှစ်ဦးအား မကောင်းဆိုးဝါးများပမာ မှတ်ယူသွားကာ ဒရောသောပါး ထွက်ပြေးကြတော့သည်။
“ဘယ်ပြေးမှာလဲ”
ရှန်းရူယန်၏ မျက်လုံးအစုံမှာ ဝင်းလက်သွားပြီး လက်ထဲရှိ ကျိန်စာအလင်းဓားပျံကို ပစ်လွှတ်လိုက်ပြန်သည်။ မမြင်ရသော လျှပ်စစ်လှိုင်းတစ်ခုက လေထုကို အလျားလိုက်ဖြတ်၍ ဖြာထွက်သွားပြီး ထွက်ပြေးနေသော အမျိုးသမီးကျင့်ကြံသူ၏ ဦးခေါင်းကို တိကနဲ ဖြတ်ချလိုက်သည်။ ဦးခေါင်းကြီးသည် မြေကြီးထက်သို့ ပြုတ်ကျသွားသည်။ နောက်ဆုံးကျန်ရှိနေသော ကျင့်ကြံသူမှာ ထိုမြင်ကွင်းကြောင့် သွေးပျက်မတတ် တုန်လှုပ်သွားပြီး
“ကျုပ်ကိုမသတ်ပါနဲ့…. မသတ်ပါနဲ့ သခင်လေးယောင် ခိုင်းလို့လုပ်ရတာပါ။ ကျုပ်နဲ့မဆိုင်ပါဘူး”
ထိုလူကို သုတ်သင်တော့မည့် ရှန်းရူယန်သည် ထိုလူ၏ သွေးရူးသွေးတန်းစကားကြောင့် မျက်မှောင်ကြုံ့သွားသည်။ အဆိုပါကျင့်ကြံသူ၏ လည်ပင်းကို ဖြတ်တော့မည့်ဆဲဆဲ ကျိန်စာအလင်းဓားသည် လေထဲတွင်ရပ်တန့်သွားသည်။ ထို့နောက် အစိမ်းရောင်ပိုက်ကွန်တစ်ခုက ထိုလူ့အပေါ်ကျရောက်လာပြီး ထွက်မပြေးနိုင်အောင် ဖမ်းချုပ်လိုက်သည်။
ကျန်းချန်ရွှမ်က ထိုလူကို စိုက်ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။
“ မင်းပြောတဲ့ သခင်လေးယောင်ဆိုတာ ဘယ်သူလဲ၊ ဘာကိစ္စနဲ့ ငါတို့နောက်ကို လိုက်နေတာလဲ ပြောစမ်း။”
ထိုကျင့်ကြံသူမှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မကောင်းဆိုးဝါးများပမာ ကြောက်ရွံ့နေပြီဖြစ်ရာ ကျန်းချန်ရွှမ်၏မေးခွန်းကို မခြွင်းမချန် ဖြေပါတော့သည်။ သူတို့လေးယောက်ကို နောက်ကွယ်မှ စေခိုင်းသူမှာ ယောင်ပင်းအန်ဆိုသူဖြစ်ပြီး ထိုလူသည် ခွန်တောင်တန်းဂိုဏ်း၏ အဓိကအကြီးအကဲဖြစ်သူ ယောင်ကျန်းထျန်၏ မြစ်တော်စပ်သည်။ သူ့ကို အဘေးဖြစ်သူ ယောင်ကျန်းထျန်က အလွန်ချစ်သည့်အတွက် လိုလေသေးမရှိ လိုက်လျောဖြည့်ဆည်းပေးသည်တဲ့။ သို့သော် ယောင်ပင်းအန်တွင် ပါရမီမပါလာသည့်အတွက် သူ့အသက် ၉၀ ကျော်ပြီဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့်တွင်သာ ရှိနေပါသေးသည်။
ထို့အတွက်ကြောင့် အနာဂတ်တွင် အခွင့်အရေးတစ်ခုခုနှင့် မကြုံဆုံခဲ့လျှင် သူ့ဘဝတစ်လျှောက်လုံးကို အခြေခံတည်ဆောက်မှုအဆင့် အဖြစ်သာ ကုန်ဆုံးရတော့မည်ဖြစ်သည်။ ထိုအခြေအနေကို ပြောင်းလဲရန်အတွက် ယောင်ပင်းအန်သည် အဘေးဖြစ်သူ၏ သြဇာအာဏာကို အသုံးပြုလျက် ကျင့်ကြံသူအများအပြားကို အခကြေးငွေပေး၍ ငှားရမ်းပြီး သူ့အတွက် အကျိုးရှိစေမည့် အခွင့်အလမ်းများဖြစ်သည့် လျှို့ဝှက်ဆေးပြားများ၊ စိတ်ဝိညာဉ်သစ်ဥသစ်ဖုများ၊ ဝိညာဉ်ရတနာများကို အနံ့ခံရှာဖွေစေသည်။
ကျန်းချန်ရွှမ်တို့နှစ်ဦး ခွန်တောင်တန်းစျေးတွင် စုံစမ်းစနည်းနာနေသည်ကို ယောင်ပင်းအန်၏ အထောက်တော်များ အနံ့ရသွားပြီးနောက် ယောင်ပင်းအန်က ကျန်းချန်ရွှမ်တို့ကို ခြေရာခံထောက်လှမ်းရန် ကျင့်ကြံသူလေးဦး စေလွှတ်လိုက်ခြင်းပင်ဖြစ်သည်။ ကျန်းချန်ရွှမ်တို့ ခွန်တောင်တန်းစျေးမှ စထွက်ချိန်ကတည်းက ထိုလေးဦးမှာ ထပ်ကြပ်မကွာ ခြေရာခံလိုက်လာပြီး ကျန်းချန်ရွှမ်တို့၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ကာ ယောင်ပင်းအန်ထံ သတင်းပြန်ပို့မည်ဖြစ်သည်။
အကြောင်းစုံသိရပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဖမ်းဆီးရမိထားသော ကျင့်ကြံသူကို တစ်ချက်တည်း အဆုံးသတ်ပေးလိုက်တော့သည်။ ထို့နောက် ရှန်းရူယန်က
“ဒါဆိုရင် ယောင်ပင်းအန်ဆိုတဲ့လူ ကျွန်မတို့ကို စောင့်ကြည့်နေတာကြာပြီထင်တယ်”
ကျန်းချန်ရွှမ်က မျက်လုံးအစုံမှာ အေးစက်သွားပြီး
“ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကိုယ်တို့နဲ့ သူက ရန်သူတွေဖြစ်သွားပြီပဲ။ ယွီဟွာတောင်ကိုပြန်ရောက်ရင် ဒီကိစ္စကိုဖြေရှင်းရမှာပေါ့။ လောလောဆယ်တော့ လျှပ်စီးရေကန်ကိုပဲ အရင်ရှာကြရအောင်”
ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျင့်ကြံသူလေးဦး၏ သိုလှောင်အိတ်များအတွင်းမှ ပစ္စည်းများကို ရှာဖွေစစ်ဆေးကြသည်။ အိတ်လေးလုံးထဲတွင် ခြေရာခံကိရိယာများနှင့် အဆောင်ပစ္စည်းအမျိုးမျိုးတွေ့ရသည်။ ထိုပစ္စည်းများထဲတွင် အရိပ်ခြေရာခံပိုးကောင်လည်း ပါဝင်သလို အဆင့်၂ ဓမ္မပစ္စည်း ရှစ်ခုခန့်ကိုလည်း တွေ့ရသည်။ အဆင့်၂ အနိမ့်စားအဆင့်မှသည် အမြင့်ဆုံးအဆင့်အထိ ပစ္စည်းပေါင်းစုံလင်လှသည်။ ခန့်မှန်းခြေ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံးပေါင်း နှစ်သောင်းမှသုံးသောင်းအထိ ရှိသည့်အပြင် ဆေးဝါးပစ္စည်းများနှင့် ဝိညာဉ်ရတနာများပါပေါင်းလျှင် ဝိညာဉ်ကျောက်တုံး ငါးသောင်းနီးပါး တန်ကြေးရှိပါသည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်တို့လည်း အချိန်မဆိုင်းဘဲ ရွက်ကြွေတောင်တန်းရှိရာသို့ ဆက်လက်ပျံသန်းလိုက်တော့သည်။ ရက်အနည်းငယ်ကြာပြီးနောက် နတ်ဆိုးသားရဲအချို့ ကျက်စားရာနယ်မြေဖြစ်သည့် ရွက်ကြွေတောင်တန်းကို ရောက်ရှိလာသည်။ ကျီဖုအဆင့်သို့တက်ရန် လက်တစ်ကမ်းအလိုတွင် ရှိနေသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်မူ အဆိုပါနတ်ဆိုးသားရဲများသည် မှုလောက်သည့် အန္တရာယ်တော့မဟုတ်ပါ။ အများအားဖြင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအချို့သည် ရွက်ကြွေတောင်တန်းသို့လာ၍ အဆင့်၁ နတ်ဆိုးသားရဲများကို အမဲလိုက်ပြီး ဝိညာဉ်ကျောက်တုံးများ ရှာဖွေလေ့ရှိကြသည်ဟုဆိုသည်။
တစ်လကျော်ကြာသွားပြီဖြစ်သည်။ ထိုကာလအတွင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရွက်ကြွေတောင်တန်း၏ တောင်ကြောများအားလုံးကို ရှာဖွေပြီးဖြစ်သည်။ အဆိုပါကာလအတွင်း အဆင့်၁ နတ်ဆိုးသားရဲအများအပြားကို သတ်ဖြတ်ခဲ့သေးသည်။ အဆင့်၂ နတ်ဆိုးသားရဲသတ္တဝါများကတော့ မရှိသလောက် ရှားပါးပါသည်။
တစ်လကျော်ကြာသွားသော်လည်း လျှပ်စီးရေကန်နှင့်တူသည့် အရိပ်အယောင်တစ်ခုမှမတွေ့သေးပါ။ ပုံမှန်အားဖြင့် လျှပ်စီးရေကန်သည် အနီးအနားတွင်ရှိနေလျှင် ရှန်းရူယန်အနေနှင့် အနည်းနှင့်အများ အာရုံခံနိုင်မည်ဖြစ်သည်။ သို့သော် တောင်ကြောအနှံ့ ရှာဖွေပြီးပြီဖြစ်သော်လည်း ရှန်းရူယန်မှာ မည်သည့်အရာကိုမှ အာရုံခံနိုင်ခြင်းမရှိသေးပါ။ ဤနေရာတွင် ဖြစ်နိုင်ချေနှစ်ခုရှိလာသည်။ ပထမတစ်ခုမှာ ရှန်းရူယန်အတွက် လျှပ်စီးရေကန်ကို အာရုံခံနိုင်လောက်သည့် အကွာအဝေးအတွင်း မရောက်သေးခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ ရွက်ကြွေတောင်တန်းတွင် လျှပ်စီးရေကန်မရှိခြင်းဖြစ်သည်။
ထိုအချိန်တွင် သူတို့နှင့် အတန်ငယ်ကွာဝေးသော နေရာတွင် လူပုံစံ အရိပ်သဏ္ဌာန် ရှစ်ခုခန့်တွေ့လိုက်ရသည်။ အဆိုပါ လူရှစ်ဦးအနက် ရှေ့ဆုံးမှပြေးနေသူများမှာ အဘိုးကြီးတစ်ယောက်နှင့် မိန်းကလေးငယ်တစ်ဦးတို့ဖြစ်သည်။ သူတို့နောက်တွင် လူခြောက်ဦးခန့်က ညာသံပေး၍ ထက်ကြပ်မကွာ ပြေးလိုက်လျက်ရှိသည်။ အဘိုးကြီးနှင့် မိန်းကလေးတို့၏ ကိုယ်ပေါ်တွင် ထိခိုက်ဒဏ်ရာများ ရှိနေပြီး အထူးသဖြင့် အခြေခံတည်ဆောက်မှု သတ္တမအဆင့်ရှိသူ အဘိုးကြီး၏ ကိုယ်ပေါ်တွင် ပြတ်ရှဒဏ်ရာ အတော်များများရှိပြီး သွေးများစီးကျနေသည်ကို တွေ့လိုက်ရသည်။
***