လမင်းကြည့်ဂိုဏ်းမှ မိန်းကလေး
Vol. 6 Ch. 102
သူတို့နှစ်ဦးနောက်တွင် လိုက်လာသော ကျင့်ကြံသူငါးဦးမှာ မိစ္ဆာအော်ရာများ ဖြာထွက်လျက်ရှိသည်ကို တွေ့ရသည်။ ထိုလူစုအနက် ရှေ့ဆုံးမှတစ်ဦးသည် အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်ရှိပြီး ကျန်နှစ်ဦးမှာ အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်များဖြစ်ကာ နောက်ဆုံးနှစ်ဦးသည် ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်ကျင့်ကြံသူများဖြစ်သည်။
ကျန်းချန်ရွှမ်တို့မှာ ထိုလူငါးဦးအား မြင်လိုက်သည်နှင့် နတ်ဆိုးကျင့်ကြံသူများဖြစ်မှန်း အတပ်သိလိုက်သည်။ ရွက်ကြွေတောင်တန်းလို ဒေသမျိုးတွင် နတ်ဆိုးကျင့်ကြံသူများနှင့် လာတိုးနေသည့်အတွက်လည်း အနည်းငယ်အံ့သြမိသည်။ ရှေ့ဆုံးမှပြေးလာသည့် မိန်းကလေးငယ်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ရုတ်တရက်မြင်လိုက်ရလျှင် စိုးရိမ်ပူပန်ဟန်ဖြင့် အော်ဟစ်သတိပေးလိုက်သည်။
“အရှေ့က တာအိုရောင်းရင်းတို့ ကျွန်မတို့နောက်က လူတွေက တစ္ဆေဂူက နတ်ဆိုးကျင့်ကြံသူတွေပဲ၊ အမြန်ပြေးကြပါ။ သူတို့လက်ထဲ အမိမခံနဲ့”
ထို့နောက် မိန်းကလေးသည် ကျန်းချန်ရွှမ်တို့ထံ ဦးတည်ပြေးလာနေရာမှ လမ်းကြောင်းပြောင်း၍ အခြားတစ်ဖက်သို့ လှည့်ပြေးလိုက်သည်။ ဤသို့ လမ်းကြောင်းပြောင်းရခြင်းမှာ ကျန်းချန်ရွှမ်တို့ပါ မဆီမဆိုင်ရန်ပြုခံရမည်စိုး၍ ဖြစ်သည်။
ဤသည်ကို အဘိုးကြီးမြင်လျှင် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
“သခင်မလေးက ဒီလိုအချိန်မျိုးမှာတောင် တစ်ပါးသူအတွက် စဉ်းစားပေးနေတုန်းပဲလား”
ထို့နောက် အဘိုးကြီးလည်း မိန်းကလေးငယ် ဦးတည်သည့်ဖက်သို့ ခြေဦးလှည့်၍ ပြေးသွားပြန်သည်။ ထိုအခါ နောက်မှလိုက်လာသည့် နတ်ဆိုးကျင့်ကြံသူငါးဦးသည် မျက်မှောင်ကြုံ့လျက် ဝေခွဲမရဖြစ်သွားကြသည်။ နှာခေါင်းမှာ ငါးမျှားချိတ်ကဲ့သို့ ကောက်နေသည့် အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်ကျင့်ကြံသူက
“ဆရာကြီးတု ဟိုနားမှာ ကြွက်နှစ်ကောင်တွေ့တယ်။ ကျွန်တော်ရှင်းလိုက်ရမလား”
ဆရာကြီးတု ဟုခေါ်သည့် အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့် နတ်ဆိုးကျင့်ကြံသူက ခေါင်းခါလိုက်ပြီး
“ဝမ်ဟန့်နဲ့ ကျန်းပိုင် ရှင်းလိမ့်မယ်။ ငါတို့ရဲ့ အဓိကပစ်မှတ်က လမင်းကြည့်ဂိုဏ်းက သခင်မလေးပဲ”
“ဟုတ်”
နှာခေါင်းကောက်ကောက်နှင့်လူက သဘောတူလိုက်ပြီး သူ့နောက်က ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးကို အမိန့်ပေးလိုက်သည်။
“ဟိုနှစ်ယောက်ကို မင်းတို့သွားရှင်းလိုက်၊ ခြေရာလက်ရာမကျန်စေနဲ့”
အဆိုပါနှစ်ဦးလည်း နှာခေါင်းကောက်လူ၏ စကားကိုကြားလျှင်ဦးညွတ်လိုက်ပြီး ကျန်းချန်ရွှမ်တို့ထံ ပြေးဝင်လာကြတော့သည်။ ထိုမြင်ကွင်းကြောင့် ကျန်းချန်ရွှမ်တို့နှစ်ဦး ကြောင်အမ်းအမ်းဖြစ်သွားသည်။ ထိုနတ်ဆိုးကျင့်ကြံသူနှစ်ဦးသည် သူတို့ဇနီးမောင်နှံအား ရွက်ကြွေတောင်တန်းတွင် အဆင့်၁ နတ်ဆိုးသားရဲများကို အမဲလာလိုက်သော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအဖြစ် ထင်မှတ်နေပုံရသည်။
ကျန်းချန်ရွှမ်တို့စုံတွဲထံ နတ်ဆိုးကျင့်ကြံသူနှစ်ဦး ပြေးဝင်သွားသည့်မြင်ကွင်းကို မိန်းကလေးငယ်မြင်လျှင် စိတ်မကောင်းဖြစ်မိသွားသည်။ သူမ၏ပယောဂကြောင့် အပြစ်မဲ့လူနှစ်ဦး သေဆုံးရတော့မည်ဟု ထင်မှတ်မိလိုက်သည်။ ထို့ကြောင့် ပြေးလွှားရင်းနှင့်ပင် နောက်လှည့်၍ ဆရာကြီးတုဆိုသူကို ဒေါသထွက်ထွက်နှင့် အော်ဟစ်လိုက်သည်။
“တုခွန်းပိုင် ရှင်တို့ပစ်မှတ်က ကျွန်မမဟုတ်လား။ မဆိုင်တဲ့လူတွေကို ဘာလို့ဒုက္ခပေးတာလဲ”
မိန်းကလေးငယ်စကားကိုကြားလျှင် တုခွန်းပိုင်ဆိုသူက ရယ်သွမ်းသွေးလိုက်တော့သည်။ မိန်းကလေးငယ်၏ စကားမှာ ကလေးဆန်လွန်းလှသည် မဟုတ်ပါလား။ ကျန်းချန်ရွှမ်တို့သည် မိန်းကလေးငယ်၏ စကားကိုကြားရ၍ အံ့သြသွားမိကြသည်။ ထိုမိန်းကလေးငယ်သည် မိမိအတွက် သေရေးရှင်ရေး အခြေအနေမှာပင် သူတို့ဇနီးမောင်နှံအတွက် စိုးရိမ်ရှာနေသည် မဟုတ်ပါလား။ ထို့အပြင် တုခွန်းပိုင်၏စကားအရ သည်မိန်းကလေးသည် လမင်းကြည့်ဂိုဏ်းမှ ဆရာသခင်တစ်ဦး၏ သမီးဖြစ်ပုံရသည်။
ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်။ လမင်းကြည့်ဂိုဏ်းမှ မိန်းကလေးငယ်ကို ကယ်တင်လိုက်လျှင် အနာဂတ်တွင် လမင်းမြို့တော်၏ ဗဟိုအချက်အချာဒေသကို ဝင်ခွင့်ရနိုင်ချေ ရှိလာနိုင်သည်လေ။ ဝင်ခွင့်မရလျှင်တောင် အနည်းဆုံးတော့ ဒေသခံအင်အားကြီးဂိုဏ်းတစ်ခုနှင့်မိတ်ဆွေဖွဲ့ခွင့်ရလျှင် သူတို့အတွက် အကျိုးများနိုင်ချေရှိပါသေးသည်။ ထို့အတူ လမ်းမှန်ကျင့်ကြံသူတစ်ဦးအနေနှင့်လည်း နတ်ဆိုးကျင့်ကြံသူများကို တွေ့သည့်နေရာတွင် ရှင်းလင်းပစ်ရမည့် ဝတ္တရားရှိသည်မဟုတ်ပါလား။
ထိုအချိန်တွင် ကျန်းချန်ရွှမ်တို့ ရှေ့မှောက်တွင် ချီသန့်စင်ခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူနှစ်ဦး ရောက်ရှိနေပြီဖြစ်ပြီး နှစ်ဦးစလုံး၏ မျက်နှာတွင် မသတီစရာအပြုံးများ ထင်ဟပ်နေကြသည်။ ဝမ်ဟန့်ဟုခေါ်သည့် နတ်ဆိုးကျင့်ကြံသူက
“ဒီနှစ်ယောက်ရဲ့ ဝိညာဉ်ကို ငါယူမယ်။ ငါ့ရဲ့ ဝိညာဉ်ဖမ်းအလံမှာ ဝိညာဉ်အရှင်နှစ်ခုလိုနေတယ်ကွ”
ကျန်းပိုင်ဆိုသူက ဝမ်ဟန့်စကားကိုကြားလျှင် ပခုံးတွန့်လိုက်ရင်း
“ယူကွာ၊ သူတို့သိုလှောင်အိတ်ထဲက ပစ္စည်းတွေရဲ့ ၇၀% ကိုတော့ ငါယူမယ်နော်”
ဝမ်ဟန့်က အနည်းတုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် သဘောတူလိုက်သည်။ ကျန်းချန်ရွှမ်တို့နှစ်ဦးသည် ထိုလူများက သူတို့အား ခြင်းထဲကကြက်လို သဘောထား၍ ပြောဆိုနေခြင်းကိုကြားလျှင် ရယ်ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် ချီသန့်စင်ခြင်း အဆင့်နတ်ဆိုးကျင့်ကြံသူနှစ်ဦးအတွက် အချိန်မဖြုန်းမလိုတော့ဘဲ ခရမ်းရောင်မီးလျှံဓားကို ထုတ်ယူလိုက်တော့သည်။ အသံခပ်ကျယ်ကျယ် နှစ်သံထွက်လာပြီးနောက် ခရမ်းရောင်မီးများ လောင်ကျွမ်းနေသော ဓားပျံသည် ဝမ်ဟန့်နှင့် ကျန်းပိုင်တို့၏ ခန္ဓာကိုယ်များကို တံစို့ထိုးထားသကဲ့သို့ စိုက်ဝင်လျက်ရှိပြီး ဓားသွားမှမီးလျှံများသည် နှစ်ဦးလုံးကို လောင်ကျွမ်းပြာချလိုက်တော့သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော တုခွန်းပိုင်တို့လူစုမှာ မျက်စိမျက်နှာပျက်ကုန်ကြသည်။
“မကောင်းတော့ဘူး ဒီကောင်တွေက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ”
သုံးဦးသားမှာ ရုတ်တရက် အန္တရာယ်အကြီးအကျယ် ကျရောက်တော့မည့် ခံစားမှုမျိုးကို ရရှိလိုက်သည်။ ထို့နောက် တုခွန်းပိုင်သည် မိန်းကလေးငယ်နောက်ကို မလိုက်တော့ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ရှိရာဖက်ကို လှည့်၍
“နားလည်မှုလွဲသွားတာပါ။ ကျုပ်တို့ကိုစိတ်မဆိုးဖို့....”
သူ့စကားမဆုံးခင်ပင် ကျန်းချန်ရွှမ်၏ ရေကြည်ကန်ဓားနှင့် ရှန်း ရူယန်၏ ကျိန်စာအလင်းဓားတို့သည် အလင်းတန်းများအသွင်ပြောင်းကာ တုခွန်းပိုင်တို့လူစုကို ခုတ်ပိုင်းလိုက်တော့သည်။
“သေစမ်း”
တုခွန်းပိုင်တို့သုံးဦး ဒေါသအကြီးအကျယ်ထွက်သွားသည်။ တုခွန်းပိုင်သည် အရိုးခေါင်းများဖြင့် စီရင်ထားသော ဓားပျံတစ်ချောင်းကို ထုတ်လိုက်သည်။ ဓားကြီးသည် တုန်လှုပ်ဖွယ် အော်ညည်းသံနှင့်အတူ ကျန်းချန်ရွှမ်၏ ရေကြည်ကန်ဓား ဝင်လာသည့်လမ်းကြောင်းအတိုင်း ပျံသန်းခုခံလိုက်သည်။ နှာခေါင်းကောက်ကောက်နှင့်လူက အနက်ရောင်ခေါင်းလောင်းတစ်လုံးကို ထုတ်ယူလိုက်သလို ဆံပင်ရှည်နှင့် ကျန်တစ်ဦးကလည်း တစ္ဆေခေါင်းပုံ အလံတစ်ခုကို အသက်သွင်းလိုက်ကြသည်။
ထိုစဉ် ရုတ်တရက် နှာခေါင်းကောက်လူ၏ ခေါင်းလောင်းမှ မရဏဆန်သော မိစ္ဆာအူသံကြီးထွက်ပေါ်လာကာ တောင်ကြောတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ မြင်ကွင်းကို ရပ်ကြည့်နေမိသော အဘိုးကြီးနှင့် မိန်းကလေးမှာ ရုတ်တရက် မူးဝေသလို ခံစားလိုက်ရသည်။ အဘိုးကြီးက ချက်ချင်းပင် လျှာဖျားကိုကိုက်၍ ကာကွယ်ရေး ဓမ္မလက်နက်တစ်ခုကို ထုတ်ယူကာကွယ်လိုက်သည်။ အဘိုးကြီး၏ မျက်နှာမှာ ဖြူဆုတ်လာပြီးနောက် အားကိုအနိုင်နိုင်တင်းလျက် မိန်းကလေးငယ်ကို
“အသက်အောင့်ပြီး အာရုံစိုက်ထား၊ မိစ္ဆာခေါင်းလောင်းသံကို နားမထောင်နဲ့”
တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ ရေကြည်ကန်ဓားသည် တုခွန်းပိုင်၏ အရိုးခေါင်းဓားနှင့် အရှိန်ပြင်းစွာတိုက်မိပြီး ရေကြည်ကန်ဓား၏အသွားမှ အလျှံတညီးညီး တောက်လောင်နေသောမီးများ ထွက်ပေါ်လာကာ အရိုးခေါင်းဓားကို ဝါးမြိုတော့သည်။ မကြာခင် တုခွန်းပိုင်၏ဓားသည် ဖယောင်းတိုင်အရည်ပျော်သလို မီးလောင်အရည်ပျော်သွားသည်။
“မဖြစ်နိုင်ဘူး”
တုခွန်းပိုင်မှာ တုန်လှုပ်သွားပြီး ရုတ်တရက် လက်မြှောက်လိုက်သည်။ အဆိပ်ပြင်းသောမြွေနက်တစ်ကောင် ရုတ်တရက်ပေါ်လာပြီး ကျန်းချန်ရွှမ်၏မျက်နှာကို ခုန်ဟပ်လိုက်သည်။ ကျန်းချန်ရွှမ်က လှည့်၍ပင်မကြည့်ဘဲ ရေကြည်ကန်ဓားကို ကျင်လည်စွာထိန်းချုပ်၍ မြွေကိုထောင့်ဖြတ်ခုတ်ချလိုက်သည်။
ဓားချက်ကြောင့် မြွေမှာနှစ်ပိုင်းပြတ်သွားပြီး မီးလုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ရေကြည်ကန်ဓား၏ အဟုန်မှာ လျော့ကျသွားခြင်းမရှိသည့်အပြင် ဓားချီများကိုပါ ဆင့်ကဲထုတ်ဖော်လိုက်ပြန်သည်။ မိုးခြိမ်းသံပမာ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရေကြည်ကန်ဓားသည် အရိုးခေါင်းဓားကို နှစ်ပိုင်းအဖြစ် တိတိရိရိ ဖြတ်ချလိုက်တော့သည်။ ထို့နောက်တွင် မယုံနိုင်ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်းတို့ တစ်လှည့်စီဖြစ်ပေါ်နေသော တုခွန်းပိုင်၏ဦးခေါင်းကြီးသည် ရေကြည်ကန်ဓားလက်ချက်ဖြင့် လည်ပင်းနေရာမှ ပြတ်ထွက်သွားတော့သည်။
အဆိုပါမြင်ကွင်းကို မိန်းကလေးငယ်နှင့် အဘိုးကြီးတို့ အဝေးတစ်နေရာမှ ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိကြသည်။
“အဘိုးဝူ သမီးမှတ်မိသလောက် တုခွန်းပိုင်က အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်တွေထဲက တစ်ဆင့်မှာရှိနေတာမလား”
***