စနစ်က ကစားနေခြင်းလော
Vol. 6 Ch. 103
အဘိုးဝူဟုခေါ်သည့် အဘိုးကြီးက ခေါင်းညိတ်၍ထောက်ခံလိုက်သည်။
“ဟုတ်တယ် တုခွန်းပိုင်က အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်ရှိတယ်။ သူ့ကိုလွယ်လွယ်လေး သတ်နိုင်ဖို့ဆိုရင် ကျင့်ကြံမှုအဆင့် အရမ်းသာနေမှဖြစ်မယ်”
ထိုအချိန်မှာပင် ရှန်းရူယန်၏ ကျိန်စာအလင်းဓားသည် အနက်ရောင်ခေါင်းလောင်းနှင့်တကွ အနောက်တွင် ထိန်းချုပ်နေသူ နှာခေါင်းကောက်ကောက်နှင့်လူကိုပါ တစ်ဆက်တည်း တံစို့ထိုးသလို ထိုးဖောက်စိုက်ဝင်သွားတော့သည်။ ထိုအခါ ဆံပင်ရှည်လူက အခြေအနေမဟန်မှန်းသိ၍ ဆုတ်ခွာထွက်ပြေးရန် ကြံစည်သည်။ သို့သော် သူ၏ခေါင်းပေါ်သို့ မိုးကြိုးတစ်စင်း ရုတ်တရက်ကျလာပြီး ဆံပင်ရှည်လူ၏ လက်နက်ဖြစ်သော တစ္ဆေခေါင်းအလံကို တစ်စစီစုတ်ဖြဲပစ်သလို ဆံရှည်လူ၏ အတ္တဘောကြီးကိုပါ ပြာချဖြစ်လိုက်တော့သည်။
ဤသို့နှင် တစ္ဆေဂူမှ နတ်ဆိုးကျင့်ကြံသူအားလုံး သေဆုံးကုန်ကြသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အဘိုးကြီးနှင့် မိန်းကလေးငယ်တို့မှာ ပါးစပ်အဟောင်းသားဖြစ်နေကြရှာသည်။ အမည်မသိစုံတွဲက အရုပ်များပမာ အလွယ်တကူသတ်ဖြတ်သွားသည့် နတ်ဆိုးကျင့်ကြံသူများကို အဘိုးကြီးဝူပင် ယှဉ်နိုင်စွမ်းမရှိဘဲ သေပြေးရှင်ပြေး ပြေးခဲ့ရသည် မဟုတ်ပါလား။
“အဘိုးဝူ သမီးတို့ ကျေးဇူးတင်စကား သွားပြောကြရအောင်”
အဘိုးဝူက ခေတ္တမျှတွေဝေနေပြီးမှ နောက်ဆုံးတွင် သဘောတူလိုက်သည်။ မကြာခင် သူမတို့နှစ်ဦးလည်း ကျန်းချန်ရွှမ်တို့ ရှေ့မှောက်သို့ မရဲတရဲချဉ်းကပ်လာပါတော့သည်။ ကျန်းချန်ရွှမ်တို့မှာ နတ်ဆိုးကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို ရှာဖွေစစ်ဆေးလျက်ရှိသည်။
အဘိုးကြီးက လက်သီးဆုပ်၍ ဦးညွတ်လိုက်ရင်း
“ကျုပ်တို့ကိုကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က လမင်းကြည့်ဂိုဏ်းက ဝူပိုင်ရန်ပါ။ ဒီက တာအိုရောင်းရင်းတို့ရဲ့ နာမည်ကိုပြောပြပေးနိုင်မလား။ နောင်များ အခွင့်အခါသင့်ရင် သခင်မလေးနဲ့ကျုပ် လူကိုယ်တိုင် လာရောက်ဂါရဝပြုပါဦးမယ်”
အဘိုးကြီးဝူက သူတို့၏အမည်နာမကို ကွယ်ဝှက်ခြင်းမရှိဘဲ အမှန်အတိုင်းပြောပြလိုက်သည်။ တုခွန်းပိုင်၏စကားအရ ထိုစုံတွဲမှာ တစ္ဆေဂူနှင့် မပတ်သက်သည့်အပြင် သူနှင့်မိန်းကလေးတို့၏ အမည်နာမကို ကွယ်ဝှက်လိုက်ပါက သူတို့၏ အသက်ကျေးဇူးရှင်များဖြစ်သည့် ထိုစုံတွဲကို စော်ကားရာကျပေလိမ့်မည်။
“ဟုတ်တယ်၊ ရှင်တို့ လမင်းကြည့်ဂိုဏ်းကို လာခဲ့ကြပါ။ ကျွန်မအဖေက ရှင်တို့ကို ဆုကောင်းကောင်းချမှာပါ”
ထို့နောက် မိန်းကလေးက သတိရသွားဟန်နှင့်
“သြော် ဒါနဲ့ ကျွန်မနာမည်က ဟွမ်လင်းအယ် ပါရှင့်။ ကျွန်မအဖေက ဟွမ်းဝမ်ယုတဲ့။ ကြားဖူးကြတယ်မလား”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြပြီးမှ မိန်းကလေးငယ်ကို အပြုံးနှင့်တုံ့ပြန်လိုက်သည်။
“ကျုပ်တို့ ဂိုဏ်းသခင်ကြီးဟွမ်အကြောင်း ကြားဖူးပါတယ်။ ခင်ဗျားတို့နဲ့ တွေ့ရတာဝမ်းသာပါတယ်”
ထို့နောက် ကျန်းချန်ရွှမ်သည် တစ်စုံတစ်ခုကို စဉ်းစားမိပြီး မိန်းကလေးငယ်ကို နားမလည်ဟန်နှင့် မေးမြန်းမိသည်။
“ဒါနဲ့ ခုနကလူတွေက တစ္ဆေဂူကမလား။ သူတို့က ခင်ဗျားတို့ကို ရန်မူနေတာလဲ။ ဂိုဏ်းသခင်ကြီးဟွမ်ကို မကြောက်ကြဘူးလား”
ကျန်းချန်ရွှမ်၏အမေးကိုကြားလျှင် ဟွမ်လင်းအယ်ဆိုသည့် မိန်းကလေးက အမောတကောဖြင့် ဖြေသည်။
“ကျွန်မအဖေက သူတို့တစ္ဆေဂူက နတ်ဆိုးကျင့်ကြံသူတွေကို သတ်လိုက်လို့လေ။ အဲဒါကြောင့် ကျွန်မတို့ လမင်းကြည့်ဂိုဏ်းကို ရန်မူနေတာပေါ့။ ကျွန်မတို့ကံဆိုးသွားတာလည်းပါတယ်။ ရွက်ကြွေတောင်တန်းကို ရောက်ရောက်ချင်း သူတို့နဲ့ပက်ပင်းတိုးတော့တာပဲ။ ရှင်တို့နဲ့သာ မတွေ့ရင် ကျွန်မတို့ဘဝမတွေးရဲစရာပဲ”
ဟွမ်လင်းအယ်မှာ အစောပိုင်းက အဖြစ်အပျက်ကြောင့် တုန်လှုပ်မှု မပြေပျောက်သေးဘဲ သက်ပြင်းချလိုက်မိသည်။ ကျန်းချန်ရွှမ်တို့လည်း စကားအနည်းငယ်ပြောဆိုပြီးနောက် မိန်းကလေးငယ်နှင့် အဘိုးကြီးဝူတို့ကို နှုတ်ဆက်လိုက်သည်။ ဝူပိုင်ရန်က ထွက်ခွာသွားသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့စုံတွဲကို လက်သီးဆုပ်လျက် ဂါရဝပြုရင်း ကျန်ခဲ့သည်။ ထိုစုံတွဲ မြင်ကွင်းမှ ပျောက်သွားသောအခါ ဟွမ်လင်းအယ်က
“အဘိုးဝူ သူတို့ကို ကျွန်မတို့ဂိုဏ်းဆီ တစ်ခါတည်းလာခဲ့ဖို့ ဘာလို့မဖိတ်လိုက်တာလဲ။ သူတို့နဲ့အတူပြန်ရင် ပိုပြီးစိတ်ချရမယ်မလား”
ဟွမ်လင်းအယ်၏စကားကိုကြားလျှင် ဝူပိုင်းရန်တစ်ယောက် သက်ပြင်းချမိသည်။ မိန်းကလေးဟွမ်သည် ဂိုဏ်းသခင်ကြီး၏ ပိုးမွေးသလို စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရ၍ သူမ၏အတွေးအခေါ်မှာ ရိုးစင်းလှသည်။ ထို့ကြောင့် ဝူပိုင်ရန်က စိတ်ရှည်စွာ ရှင်းပြရတော့သည်။
“သခင်မလေးရဲ့ သူတို့စုံတွဲ ဒီတောင်တန်းကိုလာတာ ရည်ရွယ်ချက်တစ်ခုရှိလိမ့်မယ်။ အဘိုးဝူတို့က သူတို့ကို ဂိုဏ်းသခင်ကြီးဆီ ခေါ်သွားရင် သူတို့အလုပ်ကို နှောက်ယှက်ရာကျမှာပေါ့”
ထိုအခါ မိန်းကလေးဟွမ်က နားလည်သွားဟန်နှင့် ခေါင်းကိုသွက်သွက်ညိတ်ရင်း
“ဟုတ်ပ ဟုတ်ပ။ အဘိုးဝူပြောတာ သဘာဝကျတယ်”
ထို့နောက် ဝူပိုင်ရန်က စကားဆက်ပြန်သည်။
“နောက်ပြီး လူ့စိတ်သဘောထားဆိုတာ မှန်းရခက်တယ်။ သူတို့ဘယ်ကလာတယ်၊ ဘာအကြံအစည်ရှိလဲဆိုတာ အဘိုးဝူတို့မသိဘူး။ ဒီတော့ အဘိုးဝူတို့ရဲ့ အသက်သခင်တွေ ဖြစ်နေတာတောင်မှ အဘိုးဝူတို့အနေနဲ့ သတိကြီးကြီးထားမှဖြစ်မယ်။ ကျင့်ကြံခြင်းလောကမှာ သတိဆိုတာ ပိုတယ်မရှိဘူး မိန်းကလေးရဲ့”
ဟွမ်လင်းအယ်သည် အဘိုးကြီးဝူ၏စကားကို ကြားပြီးနောက် နောက်ထပ်စကားမဆိုတော့ဘဲ ငေးငိုင်လျက် အတွေးနယ်ချဲ့နေမိသည်။ အဘိုးကြီးဝူလည်း နောက်ထပ် ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ ဟွမ်လင်းအယ်၏လက်ကိုဆွဲလျက် ရွက်ကြွေတောင်တန်းမှ ထွက်ခွာလာတော့သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း နတ်ဆိုးကျင့်ကြံသူများ၏ သိုလှောင်အိတ်များအတွင်းမှ ပစ္စည်းများကိုသိမ်းယူပြီး၍ ရှေ့ဆက်ခရီးနှင်လျက်ရှိသည်။ သည်တစ်ခါ ရရှိလိုက်သော ရတနာပစ္စည်းများမှာ များပြားခြင်းမရှိပေ။ တစ္ဆေဂူမှ နတ်ဆိုးကျင့်ကြံသူများသည် သူတို့ရင်ဆိုင်ခဲ့ရသော နတ်ဆိုးကျင့်ကြံသူများကဲ့သို့ လက်နက်ရတနာများကို ဖောဖောသီသီ သုံးစွဲနိုင်ဟန်မတူပါ။ အခြေခံတည်ဆောက်ခြင်းအဆင့် သုံးဦးနှင့် ချီသန့်စင်ခြင်းအဆင့် နှစ်ဦးတို့၏ ပစ္စည်းများအားလုံးကို သိမ်းယူခဲ့သော်လည်း စုစုပေါင်းတန်ကြေးမှာ ဝိညာဉ်ကျောက်တုံး တစ်သောင်းပင်မပြည့်ချေ။
“ယောက်ျား လမင်းကြည့်ဂိုဏ်းက မိန်းကလေးကို ဘယ်လိုသဘောရလဲ”
ရှန်းရူယန်က သိမ်းဆည်းရမိသော လက်နက်ပစ္စည်းများထဲမှ အသုံးဝင်လောက်မည့် ပစ္စည်းများကို ရွေးချယ်ယူရင်း မေးလိုက်သည်။ ကျန်းချန်ရွှမ်က ခေတ္တမျှစဉ်းစားလိုက်ပြီး
“ဒီမိန်းကလေးက လောကကြီးအကြောင်းကို သေချာမသိသေးဘူး။ ကိုယ်တို့နှစ်ယောက် လမင်းမြို့တော်ကို သွားဖြစ်ရင် သူ့အကူအညီယူရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ကိုယ်တို့အနေနဲ့ ဂရုစိုက်ဖို့တော့လိုမယ်။ လမင်းကြည့်ဂိုဏ်းအကြောင်းကို ကိုယ်တို့ဘာမှမသိသေးဘူးလေ။ အဲဒီဂိုဏ်းက ဂိုဏ်းသခင်ရဲ့သမီးနဲ့ သိကျွမ်းရုံနဲ့ စိတ်မချရသေးဘူး”
ပြောရင်းဆိုရင်းနှင့်ပင် ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း ရွက်ကြွေတောင်တန်းတစ်လျှောက်ကို ဆက်လက်ရှာဖွေရန် ခရီးဆက်လိုက်ကြတော့သည်။ နောက်တစ်လတိတိ ရှာဖွေသော်လည်း လျှပ်စီးရေကန်နှင့်တူသော အရိပ်အယောင်ကိုပင် ရှာမတွေ့ပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့သည် ရွက်ကြွေတောင်တန်းတွင် အချိန်မဖြုန်းတော့ဘဲ ကီလိုမီတာတစ်သန်းခန့် ဝေးကွာသော ဆောင်းဦးလေဟုန်တောင်ကြောတွင် ဆက်လက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုတောင်ကြောတွင်လည်း ဘာမျှမတွေ့ရပါ။ နောက်ထပ်နှစ်လတာ အချိန်ဖြုန်းပြီးနောက် လျှပ်စီးရေကန်၏ သဲလွန်စမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ထိုအချိန်မှာပင် ကျန်းချန်ရွှမ်၏ စနစ်ထံမှ အချက်ပေးသံ ဝင်လာတော့သည်။
[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ စနစ်ပိုင်ရှင် ရှာဖွေစူးစမ်းမှု အကြိမ် ၁၀၀၀ ပြုလုပ်ပါ။]
[ လက်ရှိအခြေအနေ: ၉၃%]
ကျန်းချန်ရွှမ်မှာ စနစ်ထံမှ အချိန်အခါမဟုတ် ဝင်ရောက်လာသည့် မစ်ရှင်ကြောင့် အံ့အားသင့်မိသွားသည်။ အထူးသဖြင့် လက်ရှိအခြေအနေပြသည့် ညွှန်းကိန်းမှာ ၉၃ % အထိရှိနေခြင်းကိုဖြစ်သည်။ လွန်ခဲ့သည့်ခြောက်လတာအတွင်း သူနှင့် ရှန်းရူယန်တို့သည် ရွက်ကြွေတောင်တန်းနှင့် ဆောင်းဦးလေဟုန်တောင်ကြောကို ပြဲပြဲစင်မတတ် ရှာဖွေပြီးနောက်တွင် သဲလွန်စတစ်ခုပင် မတွေ့ခဲ့ရသည့်အတွက် လက်လျှော့တော့မည်အပြုတွင် စနစ်ထံမှ အချက်ပေးသံဝင်လာခြင်းဖြစ်သည်။
စနစ်အနေနှင့် မစ်ရှင်များကို လွယ်လင့်တကူပေးနေသည်လား သို့မဟုတ် သူ့ကိုကစားနေသည်လား ကျန်းချန်ရွှမ်မဝေခွဲနိုင်တော့။ စနစ်ကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိပြီးနောက် ကျန်းချန်ရွှမ်က
“ရူယန် ဒီမှာဘာမှမရှိဘူးပဲ။ တိမ်လှိုင်းရေကန်ကို သွားကြည့်ရအောင်”
“ဒီလိုပဲ လုပ်ရတော့မှာပေါ့”
ရှန်းရူယန်က ထောက်ခံလိုက်သည်။
“ဒါပေမဲ့ တိမ်လှိုင်းရေကန်က ကျယ်ပြန့်လွန်းတော့ ကျွန်မတို့ လူခွဲရှာမှဖြစ်မယ်”
***