← Chapters

စနစ်​က ကစား​နေခြင်းလော

Vol. 6 Ch. 103

စနစ်​က ကစား​နေခြင်းလော

Vol. 6 Ch. 103

အဘိုး​ဝူဟုခေါ်သည့် အဘိုး​ကြီးက​ ခေါင်း​ညိတ်၍ထောက်ခံ​လိုက်​သည်။

“ဟုတ်တယ်​ တုခွန်းပိုင်က အခြေခံ​တည်ဆောက်ခြင်း သတ္တ​မအဆင့်ရှိတယ်။ သူ့ကိုလွယ်လွယ်​လေး​ သတ်​နိုင်​ဖို့ဆိုရင် ကျင့်ကြံ​မှုအဆင့်​ အရမ်း​သာနေမှဖြစ်မယ်”

ထို​အချိန်​မှာပင် ရှန်းရူယန်၏ ကျိန်စာ​အလင်းဓားသည် အနက်ရောင်ခေါင်းလောင်းနှင့်တကွ အနောက်​တွင် ထိန်း​ချုပ်​နေသူ နှာခေါင်းကောက်ကောက်​နှင့်လူကိုပါ တစ်ဆက်တည်း တံစို့ထိုးသလို ထိုးဖောက်စိုက်ဝင်သွားတော့သည်။ ထိုအခါ​ ဆံပင်​ရှည်​လူက အခြေအနေ​မဟန်မှန်းသိ၍ ဆုတ်ခွာ​ထွက်​ပြေးရန် ကြံစည်သည်။ သို့​သော်​ သူ၏ခေါင်း​ပေါ်သို့ မိုးကြိုး​တစ်စင်း ရုတ်တရက်​ကျလာပြီး ဆံပင်​ရှည်​လူ၏ လက်နက်​ဖြစ်​သော တစ္ဆေခေါင်းအလံကို တစ်စစီ​စုတ်​ဖြဲပစ်သလို ဆံရှည်လူ၏ အတ္တ​ဘောကြီးကိုပါ ပြာချဖြစ်လိုက်တော့သည်။

ဤသို့​နှင် တစ္ဆေ​ဂူမှ နတ်ဆိုးကျင့်ကြံသူအားလုံး သေဆုံး​ကုန်​ကြသည်။ ထို​မြင်ကွင်း​ကို​ကြည့်ရင်း အဘိုး​ကြီး​နှင့် မိန်း​ကလေးငယ်​တို့​မှာ ပါးစပ်​အဟောင်းသားဖြစ်နေကြရှာသည်။ အမည်​မသိ​စုံ​တွဲက အရုပ်​များပမာ အလွယ်တကူ​သတ်​ဖြတ်​သွားသည့် နတ်ဆိုးကျင့်ကြံသူများ​ကို အဘိုး​ကြီး​ဝူပင် ယှဉ်နိုင်​စွမ်းမရှိဘဲ သေပြေးရှင်ပြေး ပြေးခဲ့ရသည် မဟုတ်​ပါလား။

“အဘိုး​ဝူ သမီး​တို့​ ကျေးဇူးတင်​စကား​ သွား​ပြောကြရအောင်”

အဘိုး​ဝူက ခေတ္တ​မျှ​တွေ​ဝေ​နေပြီးမှ နောက်ဆုံး​တွင်​ သဘောတူလိုက်သည်။ မကြာ​ခင်​ သူမတို့နှစ်ဦးလည်း ကျန်း​ချန်​ရွှမ်​တို့ ရှေ့မှောက်သို့ မရဲတရဲချဉ်းကပ်လာပါတော့သည်။ ကျန်း​ချန်​ရွှမ်တို့​မှာ နတ်ဆိုးကျင့်ကြံသူ​များ၏ သိုလှောင်​အိတ်​များကို ရှာ​ဖွေ​စစ်ဆေး​လျက်​ရှိသည်။

အဘိုး​ကြီးက လက်သီးဆုပ်၍ ဦး​ညွတ်​လိုက်ရင်း

“ကျုပ်​တို့​ကို​ကယ်တင်​ခဲ့တဲ့​အတွက်​ ကျေးဇူးတင်​ပါတယ်။ ကျုပ်​က လမင်း​ကြည့်​ဂိုဏ်းက ဝူပိုင်ရန်ပါ။ ဒီက တာအို​ရောင်းရင်း​တို့ရဲ့ နာမည်​ကိုပြောပြပေးနိုင်မလား။ နောင်​များ အခွင့်​အခါသင့်ရင် သခင်​မလေးနဲ့ကျုပ် လူကိုယ်တိုင် လာရောက်​ဂါရဝ​ပြု​ပါ​ဦး​မယ်​”

အဘိုး​ကြီး​ဝူက သူတို့၏အမည်နာမကို ကွယ်​ဝှက်​ခြင်း​မရှိဘဲ အမှန်​အတိုင်း​ပြောပြလိုက်သည်။ တုခွန်းပိုင်၏စကားအရ ထို​စုံတွဲ​မှာ တစ္ဆေ​ဂူနှင့် မပတ်သက်သည့်အပြင် သူနှင့်​မိန်းကလေး​တို့၏ အမည်​နာမ​ကို ကွယ်​ဝှက်​လိုက်ပါက သူတို့၏ အသက်​ကျေးဇူး​ရှင်​များဖြစ်သည့် ထို​စုံတွဲ​ကို စော်ကား​ရာကျပေလိမ့်မည်။

“ဟုတ်​တယ်၊ ရှင်​တို့ လမင်း​ကြည့်​ဂိုဏ်းကို လာခဲ့ကြပါ။ ကျွန်​မအဖေက ရှင်​တို့ကို​ ဆုကောင်းကောင်းချမှာပါ”

ထို့နောက်​ မိန်း​ကလေးက သတိရသွားဟန်နှင့်

“သြော်​ ဒါနဲ့ ကျွန်မ​နာမည်​က ဟွမ်လင်းအယ် ပါရှင့်။ ကျွန်မ​အဖေ​က ဟွမ်းဝမ်ယုတဲ့။ ကြား​ဖူး​ကြ​တယ်မလား”

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ယောက်​မျက်နှာ​ တစ်ယောက်​ကြည့်​မိ​ကြပြီးမှ မိန်းကလေး​ငယ်​ကို အပြုံးနှင့်တုံ့ပြန်လိုက်သည်။

“ကျုပ်​တို့ ဂိုဏ်း​သခင်​ကြီးဟွမ်အကြောင်း ကြား​ဖူး​ပါတယ်။ ခင်ဗျား​တို့​နဲ့ တွေ့ရ​တာ​ဝမ်းသာ​ပါတယ်​”

ထို့နောက်​ ကျန်း​ချန်​ရွှမ်သည် တစ်စုံ​တစ်​ခုကို စဉ်းစား​မိပြီး မိန်း​ကလေး​ငယ်ကို နားမလည်ဟန်​နှင့် မေးမြန်း​မိသည်။

“ဒါနဲ့​ ခုနက​လူတွေ​က တစ္ဆေ​ဂူက​မလား။ သူတို့က​ ခင်ဗျား​တို့ကို ရန်​မူ​နေတာ​လဲ။ ဂိုဏ်းသခင်​ကြီးဟွမ်ကို မကြောက်ကြဘူးလား”

ကျန်း​ချန်​ရွှမ်​၏အမေးကိုကြားလျှင် ဟွမ်လင်းအယ်ဆိုသည့် မိန်း​ကလေး​က အမောတကောဖြင့် ဖြေသည်။

“ကျွန်မ​အဖေက သူတို့​တစ္ဆေဂူက နတ်ဆိုးကျင့်ကြံသူတွေကို သတ်​လိုက်လို့လေ။ အဲဒါကြောင့်​ ကျွန်​မတို့​ လမင်း​ကြည့်​ဂိုဏ်း​ကို ရန်​မူနေတာပေါ့။ ကျွန်မ​တို့​ကံဆိုးသွားတာလည်းပါတယ်။ ရွက်​ကြွေ​တောင်​တန်း​ကို ရောက်​ရောက်​ချင်း​ သူတို့နဲ့ပက်ပင်းတိုးတော့တာပဲ။ ရှင်​တို့​နဲ့သာ မတွေ့ရင် ကျွန်မ​တို့​ဘဝမတွေးရဲစရာပဲ”

ဟွမ်လင်းအယ်မှာ အစောပိုင်းက အဖြစ်​အပျက်ကြောင့် တုန်​လှုပ်​မှု မပြေပျောက်သေးဘဲ သက်ပြင်းချလိုက်မိသည်။ ကျန်း​ချန်​ရွှမ်​တို့​လည်း စကား​အနည်းငယ်​ပြောဆို​ပြီးနောက် မိန်း​ကလေး​ငယ်​နှင့် အဘိုး​ကြီးဝူတို့ကို နှုတ်​ဆက်​လိုက်​သည်။ ဝူပိုင်ရန်က ထွက်ခွာသွားသော ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့စုံတွဲကို လက်​သီးဆုပ်လျက် ဂါရဝပြုရင်း ကျန်​ခဲ့သည်။ ထိုစုံတွဲ မြင်​ကွင်း​မှ ပျောက်​သွား​သောအခါ ဟွမ်လင်းအယ်က

“အဘိုးဝူ သူတို့ကို​ ကျွန်မ​တို့​ဂိုဏ်း​ဆီ တစ်ခါတည်းလာခဲ့ဖို့ ဘာလို့မဖိတ်လိုက်တာလဲ။ သူတို့​နဲ့အတူပြန်ရင် ပိုပြီး​စိတ်ချ​ရမယ်မလား”

ဟွမ်လင်းအယ်၏စကားကိုကြားလျှင် ဝူ​ပိုင်း​ရန်​တစ်ယောက်​ သက်ပြင်းချမိသည်။ မိန်းကလေး​ဟွမ်သည် ဂိုဏ်း​သခင်​ကြီး၏ ပိုး​မွေးသလို စောင့်​ရှောက်​မှုအောက်တွင် ကြီးပြင်းလာခဲ့ရ၍ သူမ၏အတွေးအခေါ်မှာ ရိုး​စင်း​လှသည်။ ထို့ကြောင့်​ ဝူပိုင်ရန်က စိတ်ရှည်စွာ ရှင်း​ပြရတော့သည်။

“သခင်​မလေး​ရဲ့ သူတို့​စုံတွဲ​ ဒီတောင်တန်းကိုလာတာ ရည်ရွယ်​ချက်တစ်ခုရှိလိမ့်မယ်။ အဘိုး​ဝူတို့က သူတို့ကို ဂိုဏ်း​သခင်​ကြီးဆီ ခေါ်​သွား​ရင် သူတို့​အလုပ်​ကို နှောက်​ယှက်​ရာကျမှာပေါ့”

ထိုအခါ မိန်း​က​လေး​ဟွမ်က နားလည်​သွားဟန်နှင့် ခေါင်း​ကိုသွက်သွက်ညိတ်ရင်း

“ဟုတ်​ပ ဟုတ်​ပ။ အဘိုး​ဝူပြောတာ သဘာဝ​ကျတယ်​”

ထို့နောက်​ ဝူပိုင်ရန်က စကား​ဆက်ပြန်သည်။

“နောက်​ပြီး လူ့စိတ်သဘောထားဆိုတာ မှန်းရခက်တယ်။ သူတို့​ဘယ်ကလာတယ်၊ ဘာအကြံအစည်ရှိလဲဆိုတာ အဘိုး​ဝူတို့မသိဘူး။ ဒီတော့​ အဘိုး​ဝူတို့ရဲ့ အသက်သခင်တွေ ဖြစ်​နေတာ​တောင်မှ အဘိုး​ဝူတို့အနေနဲ့ သတိကြီးကြီးထားမှဖြစ်မယ်။ ကျင့်ကြံခြင်းလောက​မှာ သတိဆိုတာ ပိုတယ်မရှိဘူး မိန်း​ကလေး​ရဲ့”

ဟွမ်လင်းအယ်သည် အဘိုး​ကြီး​ဝူ၏စကားကို ကြား​ပြီးနောက်​ နောက်ထပ်စကားမဆိုတော့ဘဲ ငေးငိုင်လျက် အတွေးနယ်ချဲ့နေမိသည်။ အဘိုးကြီးဝူလည်း နောက်​ထပ်​ ရှည်ရှည်ဝေး​ဝေး​ ရှင်း​ပြမနေတော့ဘဲ ဟွမ်လင်းအယ်၏လက်​ကိုဆွဲလျက် ရွက်ကြွေတောင်တန်း​မှ ထွက်​ခွာ​လာတော့​သည်။

ထိုအချိန်တွင် ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း နတ်ဆိုးကျင့်ကြံသူများ၏ သိုလှောင်​အိတ်​များ​အတွင်းမှ ပစ္စည်း​များကိုသိမ်းယူပြီး၍ ရှေ့ဆက်ခရီးနှင်လျက်ရှိသည်။ သည်​တစ်ခါ ရရှိ​လိုက်​သော ရတနာ​ပစ္စည်း​များ​မှာ များ​ပြား​ခြင်း​မရှိပေ။ တစ္ဆေ​ဂူ​မှ နတ်ဆိုးကျင့်ကြံသူ​များသည် သူတို့​ရင်ဆိုင်ခဲ့ရသော နတ်ဆိုးကျင့်ကြံသူ​များကဲ့သို့ လက်နက်​ရတနာ​များကို ဖောဖောသီသီ​ သုံး​စွဲ​နိုင်​ဟန်မတူပါ။ အခြေခံတည်ဆောက်ခြင်းအဆင့် သုံး​ဦးနှင့် ချီ​သန့်စင်​ခြင်းအဆင့် နှစ်​ဦး​တို့၏ ပစ္စည်းများအား​လုံး​ကို သိမ်းယူခဲ့သော်လည်း စုစု​ပေါင်း​တန်ကြေးမှာ ဝိညာဉ်​ကျောက်​တုံး​ တစ်​သောင်း​ပင်မပြည့်ချေ။

“ယောက်ျား​ လမင်း​ကြည့်​ဂိုဏ်းက​ မိန်းကလေး​ကို ဘယ်လိုသဘောရလဲ”

ရှန်းရူယန်က သိမ်း​ဆည်း​ရမိသော လက်နက်​ပစ္စည်း​များထဲမှ အသုံး​ဝင်​လောက်​မည့် ပစ္စည်း​များကို​ ရွေးချယ်​ယူရင်း မေးလိုက်သည်။ ကျန်း​ချန်​ရွှမ်​က ခေတ္တ​မျှ​စဉ်းစား​လိုက်ပြီး

“ဒီ​မိန်းကလေး​က လောကကြီး​အကြောင်း​ကို သေချာ​မသိသေးဘူး။ ကိုယ်​တို့​နှစ်ယောက်​ လမင်း​မြို့တော်​ကို သွားဖြစ်ရင် သူ့အကူအညီယူရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့​ ကိုယ်တို့အနေနဲ့​ ဂရုစိုက်​ဖို့​တော့လိုမယ်။ လမင်း​ကြည့်​ဂိုဏ်းအကြောင်းကို ကိုယ်​တို့​ဘာမှမသိသေးဘူးလေ။ အဲဒီ​ဂိုဏ်း​က ဂိုဏ်း​သခင်​ရဲ့သမီးနဲ့ သိကျွမ်းရုံနဲ့ စိတ်မချရသေးဘူး”

ပြော​ရင်း​ဆို​ရင်းနှင့်ပင် ကျန်း​ချန်​ရွှမ်​တို့​နှစ်ဦး​လည်း ရွက်​ကြွေ​တောင်​တန်း​တစ်လျှောက်ကို ဆက်​လက်​ရှာဖွေ​ရန် ခရီး​ဆက်​လိုက်​ကြတော့သည်။ နောက်​တစ်​လတိတိ ရှာဖွေသော်လည်း​ လျှပ်​စီး​ရေကန်​နှင့်​တူသော အရိပ်​အ​ယောင်​ကိုပင် ရှာမတွေ့ပါ။ ထို့ကြောင့်​ ကျန်း​ချန်​ရွှမ်​တို့သည် ရွက်​ကြွေ​တောင်​တန်း​တွင် အချိန်​မဖြုန်းတော့ဘဲ ကီလိုမီတာ​တစ်​သန်းခန့် ဝေး​ကွာသော ဆောင်း​ဦး​လေဟုန်​တောင်​ကြောတွင် ဆက်လက်​ရှာဖွေ​ရန်​ ဆုံးဖြတ်​လိုက်​သည်။

သို့​သော်​ ထိုတောင်ကြောတွင်လည်း ဘာမျှမတွေ့ရပါ။ နောက်​ထပ်နှစ်​လတာ အချိန်​ဖြုန်း​ပြီး​နောက်​ လျှပ်​စီး​ရေကန်၏ သဲလွန်စ​မှာ ပျောက်ဆုံး​နေဆဲဖြစ်သည်။ ထို​အချိန်​မှာပင်​ ကျန်း​ချန်​ရွှမ်၏ စနစ်​ထံမှ အချက်​ပေးသံ​ ဝင်​လာတော့သည်။

[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ စနစ်​ပိုင်​ရှင်​ ရှာဖွေ​စူး​စမ်း​မှု အကြိမ် ၁၀၀၀ ပြု​လုပ်​ပါ။]

[ လက်​ရှိ​အခြေအနေ​: ၉၃%]

ကျန်း​ချန်​ရွှမ်မှာ စနစ်ထံမှ အချိန်​အခါမဟုတ် ဝင်​ရောက်​လာသည့် မစ်ရှင်​ကြောင့်​ အံ့အားသင့်​မိ​သွား​သည်။ အထူးသဖြင့်​ လက်ရှိ​အခြေအနေ​ပြသည့် ညွှန်း​ကိန်း​မှာ ၉၃ % အထိ​ရှိနေ​ခြင်း​ကို​ဖြစ်သည်။ လွန်ခဲ့​သည့်​ခြောက်​လတာအတွင်း သူနှင့်​ ရှန်းရူယန်တို့​သည် ရွက်​ကြွေ​တောင်​တန်းနှင့်​ ဆောင်း​ဦး​လေဟုန်​တောင်​ကြောကို ပြဲပြဲစင်မတတ် ရှာဖွေ​ပြီး​နောက်​တွင်​ သဲလွန်စ​တစ်ခုပင် မတွေ့ခဲ့ရသည့်အတွက် လက်​လျှော့တော့မည်အပြုတွင် စနစ်​ထံမှ​ အချက်​ပေးသံ​ဝင်လာခြင်းဖြစ်သည်။

စနစ်​အနေနှင့်​ မစ်​ရှင်​များ​ကို လွယ်​လင့်တကူပေးနေသည်လား သို့မဟုတ်​ သူ့ကိုကစားနေသည်လား ကျန်း​ချန်​ရွှမ်​မဝေခွဲနိုင်တော့။ စနစ်​ကို စိတ်​ထဲ​မှ ကျိန်ဆဲလိုက်မိပြီးနောက် ကျန်း​ချန်​ရွှမ်​က

“ရူယန် ဒီမှာ​ဘာမှ​မရှိဘူးပဲ။ တိမ်​လှိုင်း​ရေကန်​ကို သွား​ကြည့်ရအောင်”

“ဒီလို​ပဲ လုပ်​ရတော့​မှာပေါ့”

ရှန်းရူယန်က ထောက်ခံ​လိုက်​သည်။

“ဒါပေမဲ့​ တိမ်​လှိုင်း​ရေကန်​က ကျယ်​ပြန့်လွန်းတော့ ကျွန်မ​တို့​ လူခွဲရှာမှဖြစ်မယ်”

***

All Chapters