လျှပ်စီးရေကန် ၁
Vol. 6 Ch. 104
တိမ်လှိုင်းရေကန်သည် ပိုင်ယွင်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ကျန်နေရာလေးခုလောက် အန္တရာယ်မများသော်လည်း ဧရိယာကျယ်လွန်းသည်က ပြဿနာဖြစ်နေပါသည်။ အဆိုပါဒေသကို ပိုက်စိပ်တိုက်ရှာဖွေရန်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနေနှင့် လူစုခွဲရှာမှ ဖြစ်ပါလိမ့်မည်။ မဟုတ်လျှင် ဒေသတစ်ခုလုံးကို အလုံးစုံရှာဖွေရန်အချိန်မှာ ရွက်ကြွေတောင်တန်းနှင့် ဆောင်းဦးလေဟုန်တောင်ကြောတွင် ကြာခဲ့သည့်အချိန်ထက် ဆယ်ဆခန့်ကြာမြင့်လိမ့်မည်ဖြစ်သည်။
ကျန်းချန်ရွှမ်အနေနှင့် သည်တစ်ခါ မစ်ရှင်မှရရှိမည့် ဆုလာဘ်သည် လျှပ်စီးရေကန်ရှာပုံတော်ခရီးအတွက် အထောက်အကူဖြစ်စေမည့် ဆုလာဘ်မျိုးဖြစ်ရန် မျှော်လင့်မိသည်။ ထို့နောက်တွင် နှစ်ယောက်သား ဆောင်းဦးလေဟုန် တောင်ကြောမှ ခပ်သုတ်သုတ် ထွက်ခွာလာကြတော့သည်။
တစ်ပတ်အကြာတွင်....
ကျန်းချန်ရွှမ်တို့ ပျံသန်းနေသော ကောင်းကင်အောက်တွင် မျက်စိတစ်ဆုံးကျယ်ပြန့်သော ရေကန်ကြီးတစ်ခု တည်ရှိနေသည်။ သို့သော် သူတို့နှစ်ဦးတည်းမဟုတ်ပါ။ ရေကန်တစ်ဝိုက်တွင် ကျင့်ကြံသူအများအပြား ရောက်ရှိနေပြီး တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေကြသည်။ ထိုအထဲတွင် ကျန်းချန်ရွှမ်တို့ကို ဖိတ်ခေါ်ခဲ့သည့် လေဖုန်းတို့အုပ်စုလည်း အပါအဝင်ဖြစ်သည်။ ဖြစ်ပုံမှာ ကျန်းချန်ရွှမ်တို့ တိမ်လှိုင်းရေအိုင်သို့ မရောက်ခင် အချိန်အနည်းငယ်အလိုက ရေအိုင်တစ်နေရာမှ အရောင်ငါးရောင်ပါ အလင်းတန်းများ ကောင်းကင်ထက်သို့ ထိုးတက်သွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်သည် ရှားပါးရတနာတစ်ပါး တိမ်လှိုင်းရေအိုင်အတွင်းသို့ ကျရောက်သည့်လက္ခဏာ ဖြစ်သည်ဟု တစ်စုံတစ်ယောက်က သတင်းဖြန့်လိုက်ရာ အဆိုပါသတင်းမှာ တောမီးပမာ ပျံ့နှံ့သွားပြီးနောက် ဒေသအသီးသီးမှ ကျင့်ကြံသူများ စုဝေးရောက်ရှိလာကြခြင်းဖြစ်သည်။
ထိုအချက်ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း သူတို့ရှာဖွေနေသော လျှပ်စီးရေကန်သည် ရေအိုင်အနီးတစ်ဝိုက်တွင် ရှိနိုင်ကြောင်း ယူဆလိုက်ကြသည်။
“ယောက်ျားရေ အချိန်မရှိဘူးနော်။ လူစုခွဲကြရအောင်”
ရှန်းရူယန်က အခြေအနေကို အကဲခတ်ပြီးနောက် ကျန်းချန်ရွှမ်ကို လောဆော်လိုက်သည်။
“ကောင်းပြီ”
ရှန်းရူယန်ပြောသလိုပင် အခြေအနေမှာ အသည်းအသန်ဖြစ်နေကြောင်း ကျန်းချန်ရွှမ်တစ်ယောက် သဘောပေါက်ပြီးဖြစ်သည်။ လောလောဆယ်တွင် ပိုင်ယွင်ဂိုဏ်းအပါအဝင် ဒေသခံ အင်အားကြီးမျိုးနွယ်စုများ၊ ဂိုဏ်းများအနေနှင့် တစ်စုံတစ်ရာ လှုပ်ရှားမှုမပြုလုပ်သေး။ သို့သော် တိမ်လှိုင်းရေအိုင်အတွင်း ရတနာရှိသည့်ဆိုသော သတင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူမျိုးစုံကို လက်ယပ်ခေါ်သလို ဖြစ်လာသည့်အတွက် ဒေသခံမျိုးနွယ်စုများနှင့် ဂိုဏ်းများအနေနှင့် တိမ်လှိုင်းရေအိုင်ကို ဝင်ထွက်ခွင့်ကို မကြာမီ ကန့်သတ်လိမ့်မည်ဟု ယူဆရသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့အနေနှင့် ဝင်ထွက်ခွင့်မပိတ်မီ လျှပ်စီးရေကန်ကို အမြန်ဆုံးရှာတွေ့ဖို့ လိုအပ်ပါလိမ့်မည်။
မကြာမီ ဇနီးမောင်နှံနှစ်ဦးလည်း လူခွဲ၍ ရေအိုင်တစ်လျှောက် ပိုက်စိပ်တိုက်ရှာဖွေသည်။ ကျန်းချန်ရွှမ်သည် ဤအခွင့်အရေးကို အသုံးချ၍ စနစ်၏မစ်ရှင်ကို အပြီးသတ်နိုင်ရန် အားထုတ်လိုက်ရာ လဝက်ခန့်ကြာပြီးနောက် သူ၏မြင်လွှာပေါ်ရှိ မစ်ရှင်ပြီးမြောက်မှုကိန်းညွှန်းမှာ ၁၀၀% သို့ ရောက်ရှိသွားသည်။ တစ်ချိန်တည်းတွင် စနစ်မှ အချက်ပေးသံလည်း မရှေးမနှောင်း ဝင်ရောက်လာတော့သည်။
[ ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ စူးစမ်းရှာဖွေမှု ၁၀၀၀ ပြုလုပ်ပြီးပါပြီ။ ဆုလာဘ်အနေနှင့် ကောင်းကင်ဘုံအတွင်းစိတ်မျက်လုံးကို ရရှိပါမည်။]
[ ကောင်းကင်ဘုံ အတွင်းစိတ်မျက်လုံး : သင်၏လက်ရှိကျင့်ကြံမှုအဆင့်နှင့် တန်းတူ သို့မဟုတ် အောက်တွင်ရှိသော အစီအရင်အကွက်များ၊ အတားအဆီးများ၊ ကန့်သတ်မှုများကို ထိုးဖောက်မြင်နိုင်စွမ်းရှိသည်။ ပုံရိပ်ယောင်များနှင့် အလစ်အငိုက် တိုက်ခိုက်မှုများကိုလည်း မြင်တွေ့နိုင်စွမ်းရှိသည်။ အကျပ်အတည်းကျရောက်နေသည့် အရေးပေါ်အခြေအနေမျိုးတွင် သင်နှင့်ပတ်သက်သော ကောင်းကင်ဘုံလျှို့ဝှက်ချက်များ၏ တစွန်းတစကိုပင် တွေ့မြင်နိုင်လိမ့်မည်။]
ဆိုလိုသည်က ကျင့်ကြံမှုအဆင့် မြင့်လာသည်နှင့်အမျှ ကောင်းကင်ဘုံအတွင်းစိတ် မျက်လုံးသည်လည်း ပိုမိုအစွမ်းထက်လာမည်ဖြစ်သည်။ ကျန်းချန်ရွှမ်၏ ရှိရင်းစွဲ အတွင်းစိတ်ဝိညာဉ်မျက်လုံးနှင့် ယှဉ်လျှင် နောက်ထပ်တစ်ဆင့် ပိုမိုမြင့်မားသည့်အပြင် ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကိုပင် မြင်တွေ့နိုင်မည်ဟုလည်း ပြောထားသေးသည်။ သို့သော် ထိုသို့မြင်တွေ့ခွင့်ရသည့်အတွက် ပြန်လည်ပေးဆပ်ရမည့်အရာကိုတော့ ကျန်းချန်ရွှမ်မသိသေးချေ။
ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် ပတ်သက်သည့်အရာတစ်ခုခုကို ထိတွေ့မိလျှင် တန်ဖိုးတစ်ခုပြန်လည်ပေးဆပ်ရကြောင်း ကျန်းချန်ရွှမ်တစ်ယောက် နားလည်ပြီးဖြစ်သည်။ ပေးဆပ်ရမည့်တန်ဖိုးမှာ မကြီးလေးဖို့တော့ ကျန်းချန်ရွှမ်မျှော်လင့်မိသည်။ ထို့နောက် ရရှိထားသော စွမ်းရည်အသစ်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ကောင်းကင်ဘုံအတွင်းစိတ်မျက်လုံးကို အသက်သွင်းလိုက်သည်။
ထိုအခိုက်အတန့်၌ ကျန်းချန်ရွှမ်၏မျက်လုံးထဲတွင် အမျိုးမျိုးသော ဝိညာဉ်အလင်းရောင်များ ရုတ်တရက်ပေါ်ပေါက်လာတော့သည်။ အလင်းရောင်အများစုသည် ကျင့်ကြံသူများထံမှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း အချို့မှာ ရေအိုင်အတွင်းရှိ ရေကြောများမှ ထွက်ပေါ်လာသည့် အလင်းရောင်များဖြစ်သည်။ ကျန်းချန်ရွှမ်သည် ရေအိုင်ရှိ ရေလွှာထုများကို ထိုးဖောက်ကြည့်ရှုလိုက်ပြီး ရေထု၏ဗဟိုတည့်တည့်ကို အာရုံစူးစိုက်လိုက်သည်။ ထိုစဉ် ရေထုတစ်နေရာတွင် အရောင်ငါးမျိုးကွန့်မြူးနေသော အလင်းစက်ဝိုင်းတစ်ခုကို တွေ့မြင်လိုက်ရတော့သည်။
“ဒါက....”
ကျန်းချန်ရွှမ်၏ နှလုံးခုန်နှုန်းမှာ မြန်ဆန်လာသည်။ သူနှင့် ရှန်းရူယန်တို့ ရှာဖွေနေသောအရာကို တွေ့ရှိလိုက်ပြီဖြစ်ကြောင်း စိတ်အတွင်းမှ အလိုလိုသိမြင်လိုက်သည့် တစ်ခဏတွင် အချိန်မဆိုင်းဘဲ ရှန်းရူယန်ထံ ဆက်သွယ်ရေးကျောက်စိမ်းပြားမှတစ်ဆင့် သတင်းပို့လိုက်သည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်တစ်ယောက် အနည်းငယ်မူးဝေသည့် ဝေဒနာကိုခံစားလိုက်ရသည်။ ဤသည်မှာ ကောင်းကင်ဘုံ အသိစိတ်မျက်လုံး၏ ဘေးထွက်ဆိုးကျိုးဖြစ်ကြောင်း နားလည်လိုက်သည်။
ထို့အတူ သူ၏ဝိညာဉ်စွမ်းအင်မှာလည်း အတော်အသင့် ကုန်ဆုံးသွားသည်ကို သတိထားမိလိုက်သည်။ သူအတွေးမှန်ပါက ကျန်းချန်ရွှမ်အနေနှင့် ကောင်းကင်ဘုံ အသိစိတ်မျက်လုံးကို အသုံးပြုပြီးတိုင်း ဝိညာဉ်အားဖြည့် ဆေးဝါးပစ္စည်းများ သုံးစွဲပေးဖို့ လိုအပ်မည်ဖြစ်သည်။ ထိုအချိန်တွင် ရှန်းရူယန်တစ်ယောက် ကျန်းချန်ရွှမ်အနားသို့ အလျင်အမြန်ရောက်ရှိလာသည်။ ကျန်းချန်ရွှမ်၏ မျက်နှာဖျော့တော့နေသည်ကို မြင်လိုက်ရသောအခါ ရှန်းရူယန်က စိုးရိမ်တကြီးဖြင့်
“ယောက်ျား ဘာဖြစ်သွားတာလဲ။ ရှင့်ရဲ့ ဝိညာဉ်စွမ်းအင် ဘာလို့ကုန်သွားတာလဲ”
***