လျှပ်စီးရေကန် ၂
Vol. 6 Ch. 105
ကျန်းချန်ရွှမ်လည်း ကွယ်ဝှက်မနေတော့ဘဲ ဖြစ်သမျှအကြောင်းစုံပြောပြလိုက်သည်။ ရှန်းရူယန်ကြားလျှင် အံ့သြသွားပြီး
“ဒါဆို ရှင့်ရဲ့ အတွင်းစိတ်ဝိညာဉ်မျက်လုံးက နောက်တစ်ဆင့်မြင့်သွားတဲ့သဘောပေါ့။ အရင်က မမြင်ရတာတွေကိုပါ မြင်နိုင်လာတာမျိုးလား”
ကျန်းချန် ရွှမ်က ခေါင်းညိတ်လိုက်ရင်း
“ဟုတ်တယ် ဒါပေမဲ့ ဝိညာဉ်စွမ်းအင်ကုန်ဆုံးမှုက အရင်မျက်လုံးထက် နှစ်ဆလောက် ပိုကုန်သွားတယ်။ ကိုယ်လည်း ဒီအချက်ကိုမေ့ပြီး သုံးမိလိုက်တာ။ ပြဿနာတော့မရှိပါဘူး၊ ခဏနားလိုက်ရင် အဆင်ပြေသွားမှာပါ။ လောလောဆယ် အရေးကြီးတာက လျှပ်စီးရေကန်ကို ရှာတွေ့ဖို့ပဲ”
ထို့နောက် ကျန်းချန်ရွှမ်သည် သူမြင်တွေ့ခဲ့သမျှကို စီကာပတ်ကုံး ပြောပြလိုက်ရာ ရှန်းရူယန်တစ်ယောက် အကြီးအကျယ် စိတ်လှုပ်ရှားသွားတော့သည်။ ကျန်းချန်ရွှမ်၏ပုခုံးကိုကိုင်ရင်း
“ယောက်ျား ရှင်တွေ့တဲ့အလင်းစက်ဝိုင်းက ကျွန်မတို့ရှာနေတဲ့နေရာဖြစ်လိမ့်မယ်၊ လုံးဝနီးပါး သေချာတယ်”
“ဟုတ်လိမ့်မယ်”
ကျန်းချန်ရွှမ်က ရှန်းရူယန်ကိုကြည့်ရင်း ပြုံးလျက်ပြောလိုက်သည်။
“ဒါဆိုရင် အမြန် ဆင်းကြရအောင်”
ပြောပြောဆိုဆိုနှင့် ကျန်းချန်ရွှမ်သည် ရှန်းရူယန်လက်ကိုဆွဲကာ အခြားသော ကျင့်ကြံသူများသတိမထားမိစေရန် ဂရုစိုက်လျက် ရေကန်ထဲသို့ ခုန်ချလိုက်သည်။ ရေအောက်အတွင်းသို့ ထိုးဆင်းပြီးမကြာမီ အလင်းရောင်များ တောက်ပနေသော အတားအဆီး စက်ဝန်းတစ်ခုကို မြင်လိုက်ရပြီး နှစ်ဦးလုံး၏ ခန္ဓာကိုယ်မှာ ရေနက်ထဲသို့ နိမ့်ဆင်းသွားတော့သည်။ မီတာ ၈၀၀ ခန့်အနက်သို့ ရောက်လျှင် ရှန်းရူယန်၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ထင်ဟပ်လာတော့သည်။
“ကျွန်မအာရုံခံမိပြီ။ လျှပ်စီးရေကန် ဒီနားတစ်ဝိုက်မှာ ရှိကိုရှိရမယ်”
ထို့နောက် ရှန်းရူယန်ကပင် ဦးဆောင်၍ ရေအောက်တစ်နေရာသို့ ချဉ်းကပ်လိုက်ရာ ကျန်းချန်ရွှမ်လည်း နောက်မှ ထက်ကြပ်မကွာ လိုက်လာသည်။ နှစ်နာရီခန့်ကြာပြီးနောက် ရေအောက်အနက် မီတာ ၉၀၀ ခန့်တွင် ရပ်တန့်လိုက်ကြသည်။ ထိုနေရာရောက်လျှင် ရှန်းရူယန်တစ်ယောက် သူမ၏ကိုယ်တွင်းမှ ခပ်ဖျော့ဖျော့အော်ရာတစ်ခု ပဲ့တင်ထပ်နေသလို ခံစားလိုက်ရသည်။ ရှန်းရူယန်သည် အချိန်မဆွဲတော့ဘဲ လက်ဖဝါးပေါ်တွင် လျှပ်စီးမှော်သင်္ကေတတစ်ခုကို ထုတ်ဖော်လိုက်သည်။
ထိုအချိန်တွင် ရေကန်ကြမ်းပြင်မှ အရောင်ငါးမျိုးပါဝင်သည့် အလင်းတန်းတစ်ခု တောက်ပလာပြီး မရှေးမနှောင်းတွင် တံခါးတစ်ချပ် ရုတ်တရက်ပေါ်လာတော့သည်။ ရှန်းရူယန်က ကျေနပ်စွာပြုံးရင်း ကျန်းချန်ရွှမ်ဖက်သို့ လှည့်ကာ
“ဒီတံခါးထဲဝင်ရမှာ၊ ကျွန်မနောက်လိုက်ခဲ့”
မကြာမီ နှစ်ဦးသား တံခါးအတွင်းသို့ ဝင်လိုက်ကြသည်။ ဝင်ရောက်ပြီး မကြာခင်မှာပင် တံခါးချပ်မှာ အလင်းပြောက်များအသွင်ပြောင်းပြီး တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။ ထို့နောက် မရှေးမနှောင်းမှာပင် ထိုနေရာသို့ အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများ ရောက်ရှိလာကြသည်။ သူတို့၏မျက်နှာများတွင် မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း အရိပ်အယောင်များ ထင်ဟပ်နေကြသည်။
“ခုနက ဒီနားမှာ တွေ့လိုက်တာပါ။ ဘယ်ပျောက်သွားတာလဲ”
လူအချို့မှာ ဝေခွဲမရဖြစ်ကုန်ကြသည်။
“မဟုတ်ဘူးလေ ငါတစ်ယောက်တည်းတွေ့တာမှ မဟုတ်တာ။ အားလုံးတွေ့လိုက်ကြတာပဲ။ အမြင်မှားတာမဖြစ်နိုင်ဘူး”
“တစ်ခုခုတော့ တစ်ခုခုပဲ”
မကြာခင်မှာပင် ထိုနေရာတွင် နောက်ထပ်ကျင့်ကြံသူများ စုဝေးရောက်ရှိလာကြသည်။ နောက်ဆုံးတွင် ကျီဖုအဆင့် မိသားစုများ၊ ဂိုဏ်းများမှ စေလွှတ်လိုက်သော ဂိုဏ်းတပည့်များလည်း ရောက်ရှိလာတော့သည်။ ထိုအခါ တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်သော လေဖုန်းတို့အုပ်စုမှာ မကျေမချမ်းဖြစ်သွားပြီး အနီးအနားတစ်ဝိုက်ကို တတ်စွမ်းသမျှ အားကုန်ထုတ်၍ ပိုက်စိပ်တိုက်ရှာဖွေနေကြတော့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာမူ တံခါးချပ်ကို ကျော်ဖြတ်ဝင်ရောက်လိုက်သည်နှင့် ကျယ်ပြန့်သော ကမ္ဘာသစ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ အဆိုပါကမ္ဘာတွင် ဓာတ်ငါးပါးဒြပ်စင်များနှင့် လျှပ်စစ်ဓာတ် ဒြပ်စင်များ အလွန်ကြွယ်ဝနေသည့်အတွက် ကျန်းချန်ရွှမ်မှာ အသက်အနည်းငယ်ရှုသွင်းလိုက်ရုံနှင့် ကိုယ်တွင်းရှိ ဓာတ်ငါးပါးစစ်မှန်မှု အဆီအနှစ်စွမ်းအင်များ တိုးပွားဖြစ်တည်လာတော့သည်။ သည်နေရာတွင်သာ ကျင့်ကြံခွင့်ရလျှင် အခြေခံတည်ဆောက်ခြင်း နဝမအဆင့်ကို အချိန်တိုအတွင်း တက်လှမ်းနိုင်မည်ဟု ကျန်းချန်ရွှမ် ခံစားမိလိုက်သည်။
ထိုနေရာမှ ရှေ့သို့အတန်အသင့် ဆက်သွားလိုက်ရာ သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် လျှပ်စစ်ဓာတ်စင်များ မျောပါနေသော ရေကန်တစ်ခုကို ဘွားကနဲ တွေ့လိုက်ရတော့သည်။ ရေကန်ထဲရှိ လျှပ်စစ်ဓာတ်နှင့် ကျန်ဓာတ်လေးပါးတို့မှာ သိမ်မွေ့သော ဟန်ချက်ညီမှုတစ်ခုနှင့်အတူ ဖြစ်တည်နေကြသည်။
ထိုမြင်ကွင်းကို ရှန်းရူယန်တစ်ယောက် ငေးမောကြည့်နေပြီးမှ တစ်စုံတစ်ခုကို သတိရဟန်နှင့်
“ယောက်ျား ကျွန်မတို့ရှေ့က ရေကန်က လျှပ်စီးရေကန်ပဲ။ အတိတ်ဘဝတုန်းက ဒီလောက်များတဲ့ ဓာတ်ငါးပါးနဲ့ လျှပ်စစ်ဓာတ်တွေကို သိုလှောင်မွေးမြူဖို့ စက်ဝန်းတစ်ခုကို ကျွန်မဖန်တီးခဲ့ပုံပဲ။ မဟုတ်ရင် ဒီလောက်အချိန်တွေကြာပြီးနောက်မှာ လျှပ်စီးရေကန်က အခုလိုကျန်နေသေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်တစ်ယောက် တုန်လှုပ်သွားမိသည်။ ပမာဏအလွန်များသော ဓာတ်ငါးပါးနှင့် လျှပ်စစ်ဒြပ်စင်များကို သိုလှောင်ရန်နှင့် အဆိုပါဒြပ်စင်များ အလိုအလျောက် မွေးဖွားရှင်သန်နေရန် စီရင်နိုင်ခြင်းကိုထောက်လျှင် ရှန်းရူယန်၏ အတိတ်ဘဝက ကျင့်ကြံမှုသည် အခြေတည်ဝိညာဉ်အဆင့်ကိုပင် ကျော်လွန်ခဲ့ပြီးဖြစ်လိမ့်မည်။
***