← Chapters

လျှပ်​စီးရေကန် ၂

Vol. 6 Ch. 105

လျှပ်​စီးရေကန် ၂

Vol. 6 Ch. 105

ကျန်း​ချန်​ရွှမ်​လည်း​ ကွယ်​ဝှက်​မနေတော့ဘဲ ဖြစ်​သမျှ​အကြောင်း​စုံ​ပြော​ပြလိုက်သည်။ ရှန်းရူယန်ကြားလျှင် အံ့သြသွားပြီး

“ဒါဆို​ ရှင့်ရဲ့ အတွင်း​စိတ်​ဝိညာဉ်​မျက်လုံး​က နောက်​တစ်​ဆင့်​မြင့်သွားတဲ့သဘောပေါ့။ အရင်​က မမြင်​ရတာ​တွေကိုပါ မြင်​နိုင်​လာတာမျိုးလား”

ကျန်း​ချန် ရွှမ်က ခေါင်း​ညိတ်​လိုက်​ရင်း

“ဟုတ်တယ် ​ဒါပေမဲ့​ ဝိညာဉ်​စွမ်း​အင်​ကုန်​ဆုံး​မှုက အရင်​မျက်လုံး​ထက်​ နှစ်​ဆလောက်​ ပိုကုန်သွားတယ်။ ကိုယ်​လည်း​ ဒီအချက်ကိုမေ့ပြီး သုံး​မိလိုက်တာ။ ပြဿနာ​တော့​မရှိပါဘူး၊ ခဏနားလိုက်ရင် အဆင်​ပြေသွားမှာပါ။ လော​လော​ဆယ်​ အရေး​ကြီး​တာက​ လျှပ်စီးရေကန်ကို ရှာတွေ့ဖို့ပဲ”

ထို့နောက်​ ကျန်း​ချန်​ရွှမ်သည် သူမြင်တွေ့ခဲ့သမျှကို စီကာပတ်ကုံး ပြော​ပြလိုက်ရာ ရှန်းရူယန်တစ်ယောက် အကြီး​အကျ​ယ် စိတ်​လှုပ်ရှား​သွားတော့သည်။ ကျန်းချန်ရွှမ်၏ပုခုံးကိုကိုင်ရင်း

“ယောက်ျား ရှင်​တွေ့တဲ့အလင်းစက်ဝိုင်းက ကျွန်မ​တို့​ရှာနေတဲ့နေရာဖြစ်လိမ့်မယ်၊ လုံးဝနီးပါး သေချာ​တယ်”

“ဟုတ်​လိမ့်မယ်​”

ကျန်း​ချန်​ရွှမ်​က ရှန်းရူယန်ကိုကြည့်ရင်း ပြုံးလျက်ပြောလိုက်သည်။

“ဒါဆိုရင် အမြန် ဆင်းကြရအောင်”

ပြော​ပြောဆို​ဆိုနှင့် ကျန်း​ချန်​ရွှမ်သည် ရှန်းရူယန်လက်ကိုဆွဲကာ အခြားသော ကျင့်ကြံသူများ​သတိမထားမိစေရန် ဂရုစိုက်​လျက်​ ရေကန်​ထဲသို့ ခုန်​ချလိုက်သည်။ ရေအောက်အတွင်းသို့ ထိုးဆင်းပြီးမကြာမီ အလင်း​ရောင်​များ တောက်​ပနေသော အတားအဆီး စက်ဝန်း​တစ်ခုကို​ မြင်​လိုက်​ရပြီး နှစ်​ဦး​လုံး၏ ခန္ဓာကိုယ်​မှာ ရေနက်ထဲသို့ နိမ့်ဆင်းသွားတော့သည်။ မီတာ ၈၀၀ ခန့်​အနက်သို့ ရောက်​လျှင် ရှန်းရူယန်၏ မျက်နှာထက်တွင် အပြုံးတစ်​ပွင့်​ ထင်​ဟပ်​လာ​တော့​သည်။

“ကျွန်မ​အာရုံ​ခံမိပြီ။ လျှပ်​စီး​ရေကန်​ ဒီနား​တစ်ဝိုက်​မှာ ရှိကိုရှိရမယ်”

ထို့နောက်​ ရှန်းရူယန်ကပင် ဦးဆောင်၍ ရေအောက်တစ်နေရာသို့ ချဉ်းကပ်​လိုက်​ရာ ကျန်း​ချန်​ရွှမ်လည်း နောက်​မှ ထက်​ကြပ်​မကွာ လိုက်လာသည်။ နှစ်​နာရီ​ခန့်​ကြာပြီးနောက် ရေအောက်​အနက်​ မီတာ ၉၀၀ ခန့်တွင် ရပ်​တန့်လိုက်ကြသည်။ ထို​နေရာရောက်လျှင် ရှန်းရူယန်​တစ်ယောက်​ သူမ၏ကိုယ်​တွင်းမှ ခပ်​ဖျော့ဖျော့အော်ရာတစ်ခု ပဲ့တင်ထပ်နေသလို ခံစား​လိုက်ရ​သည်။ ရှန်း​ရူယန်​သည် အချိန်​မဆွဲတော့ဘဲ လက်ဖဝါးပေါ်တွင်​ လျှပ်စီးမှော်သင်္ကေတတစ်ခုကို ထုတ်​ဖော်​လိုက်​သည်။

ထိုအချိန်တွင် ရေကန်​ကြမ်းပြင်မှ အရောင်​ငါး​မျိုး​ပါဝင်သည့် အလင်း​တန်း​တစ်​ခု တောက်​ပလာပြီး​ မရှေးမနှောင်းတွင် တံခါး​တစ်ချပ် ရုတ်တရက်​ပေါ်​လာ​တော့​သည်။ ရှန်းရူယန်က ကျေနပ်​စွာ​ပြုံးရင်း​ ကျန်း​ချန်​ရွှမ်ဖက်သို့ လှည့်ကာ

“ဒီ​တံခါး​ထဲဝင်ရမှာ၊ ကျွန်မ​နောက်လိုက်ခဲ့”

မကြာမီ​ နှစ်​ဦးသား​ တံခါး​အတွင်း​သို့ ဝင်လိုက်ကြသည်။ ဝင်​ရောက်​ပြီး မကြာ​ခင်​မှာ​ပင် တံခါး​ချပ်​မှာ အလင်း​ပြောက်​များအသွင်ပြောင်းပြီး တဖြည်း​ဖြည်း​ပျောက်​ကွယ်သွားတော့သည်။ ထို့နောက်​ မရှေးမနှောင်းမှာပင် ထို​နေရာ​သို့ အရပ်မျက်နှာအသီးသီး​မှ ကျင့်ကြံသူများ ရောက်​ရှိလာကြသည်။ သူတို့၏မျက်နှာများတွင် မျှော်လင့်ခြင်း​နှင့်​ စိတ်​လှုပ်ရှား​ခြင်း​ အရိပ်​အ​ယောင်​များ​ ထင်ဟပ်​နေကြ​သည်။

“ခုနက ဒီနား​မှာ တွေ့လိုက်တာပါ။ ဘယ်​ပျောက်​သွား​တာလဲ”

လူအချို့မှာ ဝေခွဲ​မရ​ဖြစ်​ကုန်​ကြသည်။

“မဟုတ်​ဘူး​လေ ငါတစ်ယောက်တည်းတွေ့တာမှ မဟုတ်​တာ။ အားလုံး​တွေ့လိုက်ကြတာပဲ။ အမြင်​မှား​တာမဖြစ်နိုင်ဘူး”

“တစ်​ခုခု​တော့ တစ်ခုခု​ပဲ”

မကြာ​ခင်​မှာပင် ထို​နေရာတွင်​ နောက်ထပ်​ကျင့်ကြံသူ​များ စုဝေး​ရောက်ရှိ​လာ​ကြသည်။ နောက်ဆုံး​တွင် ကျီဖုအဆင့်​ မိသားစု​များ၊ ဂိုဏ်း​များ​မှ စေလွှတ်​လိုက်​သော ဂိုဏ်းတပည့်များ​လည်း ရောက်​ရှိ​လာတော့သည်။ ထိုအခါ တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်သော လေဖုန်းတို့အုပ်စုမှာ မကျေမချမ်းဖြစ်သွားပြီး အနီး​အနား​တစ်ဝိုက်ကို တတ်​စွမ်း​သမျှ​ အားကုန်​ထုတ်၍ ပိုက်​စိပ်​တိုက်​ရှာဖွေနေကြတော့သည်။

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့မှာမူ တံခါး​ချပ်​ကို​ ကျော်ဖြတ်​ဝင်​ရောက်​လိုက်သည်နှင့် ကျယ်​ပြန့်သော ကမ္ဘာ​သစ်​တစ်ခုကို တွေ့မြင်​လိုက်ရ​သည်။ အဆိုပါ​ကမ္ဘာ​တွင် ဓာတ်ငါးပါးဒြပ်စင်များနှင့် လျှပ်​စစ်ဓာတ် ဒြပ်​စင်များ အလွန်ကြွယ်ဝနေသည့်အတွက် ကျန်း​ချန်​ရွှမ်မှာ အသက်​အနည်းငယ်​ရှု​သွင်း​လိုက်ရုံနှင့် ကိုယ်​တွင်း​ရှိ ဓာတ်​ငါး​ပါး​စစ်မှန်​မှု အဆီအနှစ်​စွမ်းအင်​များ တိုး​ပွားဖြစ်တည်လာတော့သည်။ သည်နေရာတွင်သာ ကျင့်ကြံခွင့်ရလျှင် အခြေခံ​တည်ဆောက်ခြင်း နဝမအဆင့်ကို အချိန်​တို​အတွင်း​ တက်လှမ်းနိုင်မည်ဟု ကျန်း​ချန်​ရွှမ်​ ခံစား​မိ​လိုက်​သည်။

ထို​နေရာ​မှ ရှေ့သို့​အတန်အသင့် ဆက်​သွားလိုက်ရာ သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် လျှပ်စစ်ဓာတ်​စင်​များ မျော​ပါ​နေသော ရေကန်​တစ်ခုကို ဘွားကနဲ တွေ့လိုက်ရတော့သည်။ ရေကန်​ထဲရှိ လျှပ်​စစ်​ဓာတ်​နှင့် ကျန်​ဓာတ်လေးပါးတို့မှာ သိမ်မွေ့သော ဟန်ချက်ညီမှုတစ်ခုနှင့်အတူ ဖြစ်​တည်နေကြသည်။

ထို​မြင်ကွင်း​ကို ရှန်းရူယန်တစ်ယောက် ငေးမောကြည့်နေပြီးမှ တစ်​စုံ​တစ်​ခု​ကို သတိရ​ဟန်​နှင့်

“ယောက်ျား​ ကျွန်မ​တို့ရှေ့က ရေကန်​က လျှပ်စီးရေကန်ပဲ။ အတိတ်​ဘဝတုန်းက ဒီလောက်​များ​တဲ့ ဓာတ်​ငါး​ပါး​နဲ့ လျှပ်​စစ်ဓာတ်​တွေကို ​သိုလှောင်မွေးမြူ​ဖို့ စက်​ဝန်းတစ်ခုကို ကျွန်​မ​ဖန်​တီးခဲ့ပုံပဲ။ မဟုတ်​ရင်​ ဒီလောက်​အချိန်​တွေကြာပြီးနောက်မှာ လျှပ်စီးရေကန်​က အခုလို​ကျန်နေသေးဖို့ဆိုတာ မဖြစ်နိုင်​ဘူး”

ထို​စကား​ကို​ကြား​လျှင်​ ကျန်း​ချန်​ရွှမ်​တစ်ယောက်​ တုန်​လှုပ်​သွား​မိသည်။ ပမာဏအလွန်များ​သော ဓာတ်​ငါးပါး​နှင့်​ လျှပ်​စစ်​ဒြပ်စင်များကို သိုလှောင်​ရန်​နှင့် အဆိုပါဒြပ်စင်များ အလို​အလျောက်​ မွေး​ဖွားရှင်သန်နေရန် စီရင်​နိုင်ခြင်း​ကိုထောက်​လျှင်​ ရှန်းရူယန်၏ အတိတ်​ဘဝက ကျင့်ကြံမှုသည် အခြေ​တည်​ဝိညာဉ်​အဆင့်ကိုပင် ကျော်လွန်ခဲ့​ပြီးဖြစ်လိမ့်မည်။

***

All Chapters