လျှပ်စီးရေကန် ၃
Vol. 6 Ch. 106
ကျန်းချန်ရွှမ် အနေနှင့် ရှန်းရူယန်၏ အတိတ်ဘဝက ပုဂ္ဂိုလ်အကြောင်းကို သိလိုစိတ်ပြင်းပြလာတော့သည်။ ထိုအချိန်တွင် ရှန်းရူယန်က
“ကျွန်မကျင့်ကြံနေတုန်း စောင့်ကြည့်ပေးထားပါနော် ယောက်ျား၊ ဒီလျှပ်စီးရေကန်ကို သုံးပြီး ကျွန်မရဲ့ ဝိညာဉ်အမြစ်တွေကို မြေလှန်ပြောင်းလဲပစ်ရမှာ၊ အချိန်အနေနဲ့ တစ်နှစ်ကျော်ကြာလိမ့်မယ်။ ဒီအတောအတွင်းမှာ ဝိညာဉ်အမြစ်တွေကို အသွင်ပြောင်းတဲ့အလုပ်ကိုပဲ အာရုံစိုက်နေမှာမလို့ ကျန်တဲ့ကိစ္စအားလုံးကို ရှင့်လက်ထဲပဲ လွှဲထားခဲ့မယ်”
ပြောပြောဆိုဆိုနှင့် ရှန်းရူယန်က လျှပ်စီးတံဆိပ်တော်ကို ကျန်းချန်ရွှမ်လက်ထဲ ထည့်လိုက်သည်။
“ဒီတံဆိပ်က ဒီနေရာကို ကာကွယ်ထားတဲ့ အစီအရင်အကွက်ရဲ့ ချိပ်သဘောမျိုးပဲ။ ဒီနေရာကို အပြင်လူတွေရောက်လာရင် ဒီတံဆိပ်ကိုသုံးပြီး ဒီရေကန်တစ်ခုလုံးကို ချိပ်ပိတ်လိုက်ပါ”
ကျန်းချန်ရွှမ်လည်း မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
“မစိုးရိမ်ပါနဲ့ ကိုယ်ရှိနေသရွေ့ မင်းကို ဘယ်သူမှ မနှောက်ယှက်စေရဘူး။ လုပ်စရာရှိတာကိုသာ လုပ်ပါ”
ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ စကားကိုကြားလျှင် နှစ်သိမ့်စွာပြုံးလျက် ခေါင်းညိတ်ပြသည်။ ထို့နောက် အချိန်မဆွဲတော့ဘဲ အရောင်ငါးမျိုး လျှပ်စီးလျှပ်နွယ်များ ကွန့်မြူးနေသော ရေကန်ထဲသိူ့ ခုန်ချလိုက်တော့သည်။ ထိုတစ်ခဏ၌ ရေကန်ထဲရှိ လျှပ်စီးတန်းများသည် အထက်သို့ ထိုးတက်သွားပြီး ရှန်းရူယန်သည်လည်း ရေကန်ထဲသို့ နစ်မြုပ်ပျောက်ကွယ်သွားသည်။ ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏အခြေအနေကို နတ်ဘုရားအာရုံစိတ်ဖြင့် ကမန်းကတန်း ကြည့်ရှုလိုက်ပြီး ရှန်း ရူယန်တစ်ယောက် ရေအောက်ထဲတွင် အဆင်ပြေမှန်း သေချာတော့မှ စိတ်သက်သာရာရလိုက်သည်။
ကျန်းချန်ရွှမ်သည် ရေကန်ဘေး၌ ထိုင်ချလိုက်ပြီး ရှန်းမန်ရွှယ်ပေးအပ်လိုက်သော ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ် ပါဝင်သည့် ကျောက်စိမ်းပြားကို ထုတ်ယူကြည့်ရှုမိသည်။ လတ်တလောတွင် ရှန်းရူယန်နှင့်အတူ လျှပ်စီးရေကန်ရှာဖွေရေး ကိစ္စအတွက် လုံးပန်းနေရ၍ အကန့်အသတ်မဲ့ဘီး နည်းစနစ်ကို လေ့လာရန် အခွင့်မရှိခဲ့။ ထို့အတူ ရှန်းမန်ရွှယ်ထံမှပင် ရရှိခဲ့သော ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကိုလည်း လှန်လောကြည့်ရှုရန်ပင် အချိန်မရခဲ့ပါ။
အချိန်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်သည် အကန့်အသတ်မဲ့ဘီး နည်းစနစ်တစ်ရပ်လုံးကို အစအဆုံး ဖတ်ရှုပြီးသွားပြီဖြစ်သည်။ သူ့ကိုယ်ပိုင်အမြင်အရ ဤနည်းစနစ်ကို ကျင့်ကြံရန် အခြေခံလိုအပ်ချက်များမှာ အထူးတလည် များပြားတင်းကျပ်သည်ဟု ခံစားမိသည်။ ပထမဆုံးအနေနှင့် ကျင့်ကြံမည့်သူတွင် ပကတိသန့်စင်သော ယင်ယန်ဓာတ်ငါးပါဒ ဝိညာဉ်အမြစ်ရှိရမည် သို့မဟုတ် ဒဏ္ဍာရီလာ လူဝင်စားတာအိုခန္ဓာသော်လည်းကောင်း အသွင်နှစ်ခု တာအိုခန္ဓာသော်လည်းကောင်း ရှိရမည်ဖြစ်သည်။
အထက်ပါအချက်အလက်များနှင့် ညီညွတ်ပြီဆိုလျှင် ဒုတိယလိုအပ်ချက်မှာ ကျင့်ကြံသူ၏အဆင့်သည် ကျီဖုနယ်ပယ်အောက် ရှိရမည်။ ထို့အပြင် ဤနည်းစနစ်သည် ကျင့်ကြံသူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင့်ကြံသော ကိုယ်ခန္ဓာမွမ်းမံခြင်း နည်းစနစ်ဖြစ်ရပါဦးမည်။ အဆိုပါသုံးချက်နှင့်ပင် ကျင့်ကြံသူ ၉၀% ခန့်မှာ တစ်ချက်မဟုတ် တစ်ချက်နှင့် ငြိစွန်းနေပြီဖြစ်သည်။ ထိုမျှမကသေး အကန့်အသတ်မဲ့ဘီးနည်းစနစ်ကို ကျင့်ကြံရန် ရင်းမြစ်ပစ္စည်း အမြောက်အများ လိုအပ်မည့်အပြင် နည်းစနစ်၏ သဘောတရားကို ထိုးထွင်းသိမြင်နိုင်သော ဉာဏ်ရည်ရှိရန်လည်း လိုအပ်သေးသည်။
ထိုအချက်များကြောင့်ပင် ရှန်းမန်ရွှယ်သည် အဆိုပါ အကန့်အသတ်မဲ့ဘီး နည်းစနစ်ကို ထူးခြားလေးနက်သော်လည်း အသုံးဝင်လိမ့်မည် မဟုတ်ဟု ယူဆခဲ့ခြင်းဖြစ်လိမ့်မည်။ ဤနည်းစနစ်ကို ကျင့်ကြံခွင့်ရှိသူ အရေအတွက်မှာ မရှိသလောက် နည်းပါးသည်မဟုတ်ပါလား။ ကျန်းချန်ရွှမ် တွင်သာ စနစ်မှချီးမြှင့်သော ယင်ယန်ဓာတ်ငါးပါး ဝိညာဉ်အမြစ်မရှိခဲ့လျှင် သို့မဟုတ် အခြားသော ကိုယ်ခန္ဓာမွမ်းမံခြင်း နည်းစနစ်တစ်ခု ကျင့်ကြံထားခဲ့မိလျှင် သူကိုယ်တိုင်လည်း အကန့်အသတ်မဲ့ဘီး နည်းစနစ်ကို ကျင့်ကြံခွင့်ရမည်မဟုတ်ပေ။
တစ်ချိန်တည်းတွင် ဤနည်းစနစ်ကို ကျင့်ကြံခွင့်ရရန် ကန့်သတ်ချက်မှာ များပြားသလောက် ကျင့်စဉ်ပြီးဆုံးပါက ရရှိမည့် စွမ်းအားမှာလည်း အံ့သြမင်သက်စရာပင်ဖြစ်သည်။ ပထမဆုံးအနေနှင့် ကျင့်စဉ်အောင်မြင်သူကို မန္တန်အားလုံး သက်ရောက်နိုင်မည်မဟုတ်။ ဓာတ်ငါးပါးအခြေခံ မန္တန်ဖြစ်နေပါက မည်သည့်အဆင့်မန္တန်ဖြစ်၍ မည်မျှအစွမ်းထက်နေပါစေ အကန့်အသတ်မဲ့ဘီးက အလွယ်တကူ ရှောင်ရှားနိုင်ပါလိမ့်မည်။ အကယ်၍ မတော်တဆ သက်ရောက်ခဲ့လျှင်တောင် မန္တန်၏ ထိခိုက်နိုင်စွမ်းကို ရာခိုင်နှုန်း အတော်များများ လျှော့ချပေးနိုင်ပါလိမ့်မည်။ ထို့အပြင် ဤနည်းစနစ်တွင် ဒဏ်ရာအလိုအလျောက် ကုသပေးသည့်စွမ်းရည်လည်း အဆစ်ပါလိုက်သေးသည်။ ကျင့်ကြံမှုအဆင့်ပေါ်မူတည်ပြီး ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို အချိန်တစ်ခုအတွင်း ပျောက်ကင်းစေပြီး မူလပကတိ ခန္ဓာအတိုင်း ပြန်လည်ရရှိရန် စွမ်းဆောင်ပေးနိုင်သည်။ သို့သော် ကံမကောင်းစွာနှင့် ကျင့်စဉ်သည် တစ်ဝက်တစ်ပျက်ဖြစ်နေ၍ ကျန်းချန်ရွှမ်အနေနှင့် ဤနည်းစနစ်ကို ဆုံးခန်းတိုင် ကျင့်ကြံလိုပါက ပျောက်ဆုံးနေသော အပိုင်းကို တွေ့အောင်ရှာဖွေဖို့ လိုပါလိမ့်မည်။
လတ်တလောတွင် ဆောင်ရွက်စရာကိစ္စ အထွေအထူးမရှိသည်ဖြစ်၍ ကျန်းချန်ရွှမ်တစ်ယောက် အကန့်အသတ်မဲ့ဘီး ကျင့်စဉ်ကို စတင်ရန်ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် စနစ်ထံမှ အချက်ပေးသံတစ်ခု မမျှော်လင့်ဘဲ ဝင်ရောက်လာတော့သည်။
[ဒင်! အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ စနစ်ပိုင်ရှင်၊ ကိုယ်ခန္ဓာမွမ်းမံခြင်း နည်းစနစ်တစ်ရပ်ကို ၁၀၀% အထိ ကျင့်ကြံပါ။ ]
[ လက်ရှိအခြေအနေ : ၀%]
***