လျှပ်စီးငါးပါး တာအိုခန္ဓာ
Vol. 6 Ch. 107
စနစ်၏ကြေငြာချက်ကိုကြားလျှင် ကျန်းချန်ရွှမ်တစ်ယောက် စိတ်အပျက်ကြီးပျက်မိသွားသည်။ သည်တစ်ခါမစ်ရှင်သည် အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့် တာဝန်မျိုးမဟုတ်၍ ဖြစ်သည်။ သူရွေးချယ်လိုက်သည့် ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်သည် အကန့်အသတ်မဲ့ဘီးဖြစ်နေသည့်အတွက် အချိန်ကာလအတန်ကြာ ကြိုးစားပြီးမှ စနစ်၏ဆုလာဘ်ကို ရမည်ဖြစ်သည်။ အခြားသာမန် ကိုယ်ခန္ဓာမွမ်းမံခြင်း နည်းစနစ်ဆိုလျှင် ကျန်းချန်ရွှမ်အနေနှင့် အချိန်အနည်းငယ်ပေးရုံနှင့် အလွယ်တကူပြီးမြောက်သွားနိုင်သည်လေ။
သို့သော် မည်မျှပင်ခက်ခဲပါစေ အကန့်အသတ်မဲ့ဘီး ကျင့်စဉ်ကို ဆုံးခန်းတိုင်သည်အထိ မဖြစ်မနေကျင့်ကြံမည်ဟု ကျန်းချန်ရွှမ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် ရေကန်ဘေးမှာပင် ရှန်းရူယန်အတွက် စောင့်ကြပ်ပေးနေရင်း တစ်ပြိုင်နက်တည်း အကန့်အသတ်မဲ့ဘီး ကျင့်စဉ်ကို အမြန်ဆုံး စတင်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်လဆိုသော အချိန်က ကုန်ဆုံးသွားပြန်သည်။ ထိုအတောအတွင်း ကျန်းချန်ရွှမ်သည် အကန့်အသတ်မဲ့ဘီး၏ ကနဦးအဆင့်ကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သလို ကျင့်ကြံရာတွင် တွဲဖက်အသုံးပြုသော ဓာတ်ငါးပါးဝိညာဉ်ရတနာများ၏ အကူအညီယူလျက် ကျင့်စဉ်၏မြန်နှုန်းကို တိုးမြှင့်ခြင်းဖြင့် စနစ်မှပေးအပ်သော မစ်ရှင်၏ ၁၅% အထိရောက်ရှိလာခဲ့သည်။ သို့သော် အဆိုပါအတိုင်းအတာသည် ကျန်းချန်ရွှမ်တတ်စွမ်းသမျှ အဆုံးစွန်ဖြစ်သည်။
အကန့်အသတ်မဲ့ဘီးကျင့်စဉ်ကို ဆက်လက်တိုးတက်လိုလျှင် ပိုမိုကောင်းမွန်သော ဝိညာဉ်ရတနာပစ္စည်းများနှင့် ပြင်ပအထောက်အကူပြု ဆေးဝါးများလိုအပ်မည်ဖြစ်သည်။ မဟုတ်လျှင် ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်တစ်ခုတည်းနှင့် နှစ်ချီသွားနိုင်သည်။ သည်နေရာမှထွက်ခွာပြီးလျှင် ကိုယ်ခန္ဓာမွမ်းမံခြင်းအတွက် အကျိုးပြုသော ဝိညာဉ်ရတနာများ ဆေးဝါးများ ဝယ်ယူရန် ကျန်းချန်ရွှမ်တစ်ယောက် တေးမှတ်လိုက်သည်။
ထိုခဏတွင် ရေကန်တည်ရှိသည့် နယ်မြေအတွင်းမှ ဓာတ်ငါးပါးနှင့် လျှပ်စီးဓာတ်စွမ်းအင်များသည် ရုတ်တရက် လှုပ်ရှား တက်ကြွလာကြောင်း ကျန်းချန်ရွှမ်သတိပြုမိလိုက်သည်။ သူ့အကြည့်က ရှန်းရူယန်ရှိနေသော ရေကန်အတွင်းသို့ ရောက်ရှိသွားသည်။
“ရူယန် အောင်မြင်သွားပြီလား မသိဘူး”
သူ့အတွေးဆုံးသည်နှင့် လျှပ်စီးရေကန်၏ ဗဟိုတည့်တည့်တွင် ရောင်စဉ်ငါးမျိုးပါဝင်သည့် ရေဝဲကတော့ကြီး ဖြစ်လာပြီး ရေကန်မျက်နှာပြင်ထက်တွင်လည်း ဆန်းကြယ်သော အော်ရာတစ်မျိုး လင်းလက်လာသည်ကို တွေ့မြင်လိုက်ရတော့သည်။ ဇနီးဖြစ်သူ ရှန်းရူယန်တစ်ယောက် အလွန်အရေးကြီးသည့်အဆင့်ကို ကျော်ဖြတ်နေပြီဖြစ်ကြောင်း သူနားလည်လိုက်သည်။
ရှန်းရူယန်၏ အသွင်ပြောင်းဖြစ်စဉ် အောင်မြင်ခဲ့လျှင် အဓိပတိတာအိုအုတ်မြစ်ကိူ ထူထောင်နိုင်မည်ဖြစ်ပြီး နောက်တစ်ဆင့်ကို ခုန်ပျံကျော်လွှားနိုင်ပြီဟု ဆိုရပေမည်။
သို့သော် မအောင်မြင်ခဲ့လျှင်.....
ဖြစ်လာမည့်နောက်ဆက်တွဲများကို ကျန်းချန်ရွှမ် မစဉ်းစားဝံ့ပါ။ လက်ရှိအချိန်တွင် သူ့အနေနှင့် ရှန်းရူယန် ရေထဲမှ အောင်မြင်စွာ ပြန်တက်လာသည်ကို စောင့်ဆိုင်းရုံသာ တတ်နိုင်ပါသည်။ သည်လိုနှင့် နောက်ထပ်သုံးလ ကုန်ဆုံးသွားပြန်သည်။ လျှပ်စီးရေကန်ရှိ ဓာတ်ငါးပါးဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်း လျော့နည်းပါးလျားလာသလို ရေထဲရှိ ရှန်းရူယန်၏ကိုယ်မှ တစ်လှည့်စီ ဖြာထွက်နေသော ရောင်စဉ်ငါးသွယ် လျှပ်စီးအလင်းများကိုပါ တစွန်းတစ မြင်နိုင်လာပြီဖြစ်သည်။
ထိုလျှပ်စီးများသည် ရှန်းရူယန်၏ သွေးကြောများ၊ အတွင်းအင်္ဂါများ၊ အရိုးနှင့် ဒန်တျန့်အပြင် သူမ၏ဝိညာဉ်ကိုပါ ပြုပြင်ပြောင်းလဲပေးနေပုံရသည်။ ထိုစဉ် ရှန်းရူယန်သည် မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။ သူမ၏မျက်လုံးများမှ ရောင်စဉ်ငါးသွယ် လျှပ်စီးအလင်းများ ဖြာထွက်နေသလို ရေကန်ထက်မှလည်း အရောင်ငါးရောင်ရှိ ပန်းချပ်ပန်းလွှာများ ကျဆင်းနေတော့သည်။ ကျန်းချန်ရွှမ်မှာ ဟန်မဆောင်နိုင်လောက်အောင် ဝမ်းမြောက်မိသွားသည်။ ရှန်းရူယန်၏ ခန္ဓာကိုယ်မှ အော်ရာများမှာ ယခင်နှင့်မတူတော့ဘဲ တဖြည်းဖြည်း မြင့်တက်လာသည့်အပြင် ကျီဖုနယ်ပယ်သို့ ဝင်ရောက်ခါနီးဆဲဆဲ အခြေအနေကို ရောက်ရှိနေကြောင်း ကျန်းချန်ရွှမ် နားလည်လိုက်၍ဖြစ်သည်။
ထို့ကြောင့် ရှန်းရူယန်၏ အသွင်ကူးပြောင်းဖြစ်စဉ်မှာ အောင်မြင်ရန် ရာခိုင်နှုန်း အလွန်များနေပြီဖြစ်သည်။ ထိုစဉ် ရုတ်တရက် မိုးကြိုးသဏ္ဌာန် အလင်းတစ်ခု လက်သွားပြီး ဓားအလင်းတန်းသည် ရေကန်ထဲသို့ စိုက်ဝင်သွားသည်။ ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏ မမျှော်လင့်သော လုပ်ရပ်ကို ချက်ချင်းဆိုသလို သဘောပေါက်လိုက်သည်။ ရှန်းရူယန်သည် လျှပ်စီးရေကန်၏ လျှပ်စစ်ဓာတ် ဝိညာဉ်စွမ်းအင် ပြည့်ဝမှုကို အမိအရ အသုံးချပြီး ဓမ္မရတနာကို သွန်းလုပ်သန့်စင်နေခြင်းဖြစ်သည်။
ထို့နောက် အနည်းငယ်ငြိမ်သက်သွားသော လျှပ်စီးရေကန်သည် တဝီဝီအသံများမြည်လျက် ပြန်လည်လူးလွန့်လှုပ်ရှားလာပြန်သည်။ ရေကန်အထက်ရှိ ကောင်းကင်ပေါ်တွင် ဝါ၊စိမ်း၊နီ၊ပြာ၊ဖြူ စသည့် အလင်းတန်းများ ကွန့်မြူးနေသလို မိုးခြိမ်းသံ၊ လေတိုက်သံများကိုလည်း ခပ်သဲ့သဲ့ကြားနေရသည်။ ပြိုင်ဘက်ကင်း အရည်အသွေးရှိသည့် ဓမ္မရတနာတစ်ပါး ပေါ်ထွန်းလာတော့မည့် သင်္ကေတများပင်ဖြစ်သည်။ ရှန်းရူယန်တစ်ယောက် ဤမျှအထိ ရည်မှန်းချက်ကြီးလိမ့်မည်ဟု ကျန်းချန်ရွှမ်မထင်ထားချေ။ ရေကန်ထက်တွင်တော့ မိုးခြိမ်းသံများ ဆူညံလျက်ပင်ရှိသေးသည်။
ဤသို့ဖြင့် ရက်အနည်းငယ်ကြာသွားသည်။ လျှပ်စီးရေကန်တစ်ခုလုံးတွင် လျှပ်စီးပန်းနွယ်များ ပြိုးပြက်နေသလို ကြောက်မက်ဖွယ်အော်ရာများသည်လည်း ဝန်းကျင်တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။ ထိုအော်ရာလှိုင်းများကြောင့် ကျန်းချန်ရွှမ်၏ ဆံစများပင် တလွင့်လွင့် ထောင်လျက်ရှိတော့သည်။ ထိုစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲလိုက်လျှင် သူလည်း သက်သာမည်မဟုတ်ဟု တွေးမိသေးသည်။
သို့သော် ကံကောင်းထမစွာနှင့် ထိုသို့မဖြစ််ဘဲ ရှန်းရူယန်တစ်ယောက် ရေကန်အထက်သို့ ပြန်တက်လာသည်ကို မြင်လိုက်ရသည်။ ရေကန်စပ်နားရောက်သည့်အခါ ရှန်းရူယန်သည် လက်ဖြင့် လေထုထဲမှ တစ်ခုခုကို ဆွဲယူလိုက်ဟန် ပြုမူလိုက်ရာ ရေကန်အတွင်းရှိ လျှပ်စီးများနှင့် မိုးကြိုးများအားလုံး သူမလက်ဖဝါးထဲသို့ တိုးဝှေ့ဝင်ရောက်လာသည်ကို အံ့အားသင့်ဖွယ် တွေ့မြင်ရသည်။ ထိုတစ်ခဏတွင် ရှန်းရူယန်နှင့် သူမ ကိုင်ဆောင်ထားသောဓားတွင် တုန်လှုပ်ဖွယ်အော်ရာလှိုင်းတစ်ခု ပေါ်ပေါက်လာသည်ကို တွေ့ရတော့သည်။
***