← Chapters

လျှပ်​စီးငါးပါး တာအိုခန္ဓာ

Vol. 6 Ch. 107

လျှပ်​စီးငါးပါး တာအိုခန္ဓာ

Vol. 6 Ch. 107

စနစ်၏ကြေငြာ​ချက်​ကို​ကြား​လျှင် ကျန်း​ချန်​ရွှမ်တစ်ယောက် စိတ်အပျက်ကြီးပျက်မိသွားသည်။ သည်​တစ်​ခါမစ်ရှင်သည် အချိန်​တိုအတွင်း ပြီးမြောက်နိုင်သည့် တာဝန်​မျိုးမဟုတ်၍ ဖြစ်သည်။ သူရွေးချယ်လိုက်သည့် ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်သည် အကန့်အသတ်​မဲ့ဘီးဖြစ်နေသည့်အတွက် အချိန်ကာလအတန်ကြာ ကြိုး​စားပြီးမှ စနစ်၏ဆုလာဘ်ကို ရမည်ဖြစ်သည်။ အခြားသာမန် ကိုယ်​ခန္ဓာ​မွမ်း​မံ​ခြင်း နည်းစနစ်ဆိုလျှင် ကျန်း​ချန်​ရွှမ်အနေနှင့် အချိန်အနည်းငယ်​ပေးရုံနှင့် အလွယ်တကူ​ပြီးမြောက်သွားနိုင်သည်လေ။

သို့သော် မည်​မျှပင်ခက်ခဲပါစေ အကန့်အသတ်​မဲ့ဘီး ကျင့်စဉ်ကို ဆုံး​ခန်း​တိုင်​သည်အထိ မဖြစ်​မနေကျင့်ကြံမည်ဟု ကျန်း​ချန်​ရွှမ်​ဆုံးဖြတ်​လိုက်​သည်။ ထို့နောက် ရေကန်ဘေးမှာပင် ရှန်းရူယန်အတွက် စောင့်​ကြပ်ပေးနေရင်း တစ်ပြိုင်နက်တည်း အကန့်အသတ်​မဲ့ဘီး ကျင့်စဉ်ကို အမြန်ဆုံး စတင်​လိုက်​တော့သည်။

မျက်​စိတစ်မှိတ်အတွင်းမှာပင် ဆယ်လဆိုသော အချိန်​က ကုန်​ဆုံး​သွား​ပြန်​သည်။ ထိုအတောအတွင်း​ ကျန်း​ချန်​ရွှမ်သည် အကန့်အသတ်​မဲ့ဘီး၏ ကနဦးအဆင့်ကို ဝင်ရောက်​နိုင်​ခဲ့ပြီဖြစ်သလို ကျင့်​ကြံရာတွင် တွဲဖက်​အသုံးပြု​သော ဓာတ်ငါးပါးဝိညာဉ်ရတနာ​များ၏ အကူအညီ​ယူ​လျက် ​ကျင့်​စဉ်၏မြန်နှုန်းကို တိုးမြှင့်ခြင်းဖြင့် စနစ်​မှ​ပေးအပ်​သော​ မစ်​ရှင်၏ ၁၅% အထိ​ရောက်ရှိ​လာခဲ့သည်။ သို့​သော်​ အဆိုပါ​အတိုင်းအတာ​သည် ကျန်း​ချန်​ရွှမ်​တတ်စွမ်းသမျှ အဆုံး​စွန်ဖြစ်သည်။

အကန့်အသတ်​မဲ့ဘီး​ကျင့်​စဉ်ကို​ ဆက်​လက်​တိုးတက်လိုလျှင် ပို​မိုကောင်းမွန်သော ဝိညာဉ်ရတနာ​ပစ္စည်း​များ​နှင့်​ ပြင်ပအထောက်အကူပြု ဆေးဝါးများလိုအပ်မည်ဖြစ်သည်။ မဟုတ်​လျှင်​ ကိုယ်​ခန္ဓာ​မွမ်း​မံ​ခြင်း ​ကျင့်စဉ်တစ်ခုတည်းနှင့် နှစ်ချီသွားနိုင်သည်။ သည်နေရာမှထွက်ခွာပြီးလျှင် ကိုယ်​ခန္ဓာ​မွမ်း​မံ​ခြင်း​အတွက်​ အကျိုး​ပြု​သော ဝိညာဉ်ရတနာများ ဆေးဝါးများ ဝယ်ယူ​ရန် ကျန်း​ချန်​ရွှမ်​တစ်ယောက်​ တေးမှတ်လိုက်သည်။

ထို​ခဏတွင် ရေကန်​တည်ရှိသည့် နယ်မြေ​အတွင်းမှ ဓာတ်​ငါး​ပါး​နှင့် လျှပ်စီးဓာတ်စွမ်းအင်များသည် ရုတ်တရက်​ လှုပ်​ရှား တက်ကြွလာကြောင်း ကျန်း​ချန်​ရွှမ်​သတိ​ပြု​မိ​လိုက်​သည်။ သူ့​အကြည့်က​ ရှန်းရူယန်ရှိနေသော ရေကန်​အတွင်း​သို့ ရောက်ရှိသွား​သည်။

“ရူယန် အောင်​မြ​င်သွားပြီလား မသိဘူး”

သူ့​အတွေးဆုံးသည်နှင့် လျှပ်​စီး​ရေကန်၏ ဗဟို​တ​ည့်​တည့်တွင် ရောင်​စဉ်ငါး​မျိုး​ပါဝင်သည့်​ ရေဝဲကတော့ကြီး ဖြစ်​လာပြီး ရေကန်​မျက်​နှာ​ပြင်​ထက်တွင်လည်း ဆန်း​ကြယ်​သော အော်ရာတစ်မျိုး လင်းလက်လာသည်ကို တွေ့မြင်လိုက်ရတော့သည်။ ဇနီး​ဖြစ်သူ​ ရှန်းရူယန်​တစ်​ယောက် အလွန်​အရေးကြီးသည့်အဆင့်​ကို ကျော်​ဖြတ်​နေပြီဖြစ်ကြောင်း သူ​နားလည်​လိုက်​သည်။

ရှန်းရူယန်၏ အသွင်ပြောင်းဖြစ်စဉ် အောင်​မြင်​ခဲ့လျှင် အဓိပတိ​တာအို​အုတ်​မြစ်​ကိူ ထူထောင်​နိုင်မည်ဖြစ်ပြီး နောက်​တစ်​ဆင့်​ကို ခုန်​ပျံ​ကျော်​လွှား​နိုင်ပြီဟု ဆိုရပေမည်။

သို့သော်​ မအောင်မြင်ခဲ့လျှင်.....

ဖြစ်လာမည့်နောက်ဆက်တွဲများကို ကျန်း​ချန်​ရွှမ်​ မစဉ်းစားဝံ့ပါ။ လက်ရှိ​အချိန်​တွင် သူ့အနေနှင့်​ ရှန်းရူယန် ရေထဲမှ​ အောင်​မြင်​စွာ ပြန်​တက်​လာသည်ကို စောင့်​ဆိုင်း​ရုံသာ တတ်နိုင်ပါသည်။ သည်လိုနှင့် နောက်​ထပ်​သုံး​လ ကုန်​ဆုံး​သွား​ပြန်​သည်။ လျှပ်​စီး​ရေကန်​ရှိ ဓာတ်​ငါးပါး​ဝိညာဉ်​စွမ်း​အင်များသည် တဖြည်းဖြည်း​ လျော့​နည်း​ပါးလျားလာသလို ရေထဲရှိ ရှန်း​ရူယန်၏ကိုယ်မှ တစ်လှည့်စီ ဖြာ​ထွက်​နေသော​ ရောင်​စဉ်ငါး​သွယ်​ လျှပ်စီးအလင်းများကိုပါ တစွန်းတစ မြင်​နိုင်​လာပြီဖြစ်သည်။

ထို​လျှပ်​စီးများသည် ရှန်းရူယန်၏ သွေးကြောများ၊ အတွင်း​အင်္ဂါများ၊ အရိုး​နှင့် ဒန်တျန့်အပြင် သူမ၏ဝိညာဉ်​ကိုပါ ပြုပြင်​ပြောင်းလဲ​ပေးနေပုံရသည်။ ထိုစဉ် ရှန်းရူယန်သည် မျက်လုံးများကို ရုတ်တရက်​ဖွင့်လိုက်သည်။ သူမ၏မျက်လုံး​များမှ ရောင်စဉ်ငါး​သွယ် ​လျှပ်​စီး​အလင်း​များ ဖြာ​ထွက်နေသလို ရေကန်​ထက်မှလည်း အရောင်ငါး​ရောင်​ရှိ ပန်း​ချပ်​ပန်းလွှာများ ကျဆင်း​နေတော့သည်။ ကျန်း​ချန်​ရွှမ်​မှာ ဟန်မဆောင်နိုင်လောက်အောင် ဝမ်း​မြောက်​မိသွားသည်။ ရှန်းရူယန်၏ ခန္ဓာကိုယ်​မှ အော်ရာများမှာ ယခင်​နှင့်​မတူတော့ဘဲ တဖြည်း​ဖြည်း​ မြင့်တက်လာ​သည့်အပြင် ကျီဖုနယ်ပယ်​သို့ ဝင်​ရောက်​ခါနီးဆဲဆဲ အခြေအနေ​ကို ရောက်ရှိ​နေကြောင်း​ ကျန်း​ချန်​ရွှမ်​ နားလည်​လိုက်​၍ဖြစ်သည်။

ထို့​ကြောင့်​ ရှန်း​ရူယန်၏ အသွင်​ကူးပြောင်း​ဖြစ်စဉ်မှာ အောင်​မြင်​ရန် ရာခိုင်နှုန်း အလွန်များနေပြီဖြစ်သည်။ ထိုစဉ် ရုတ်တရက်​ မိုး​ကြိုး​သဏ္ဌာန်​ ​အလင်း​တစ်ခု လက်သွားပြီး ဓားအလင်းတန်းသည် ရေကန်​ထဲသို့​ စိုက်​ဝင်​သွားသည်။ ကျန်း​ချန်​ရွှမ်​သည် ရှန်းရူယန်၏ မ​မျှော်လင့်​သော လုပ်​ရပ်​ကို ချက်​ချင်း​ဆိုသလို​ သဘော​ပေါက်​လိုက်​သည်။ ရှန်းရူယန်သည် လျှပ်​စီးရေကန်​၏ လျှပ်​စစ်ဓာတ်​ ဝိညာဉ်​စွမ်း​အင် ပြည့်​ဝမှုကို အမိအရ အသုံး​ချပြီး ဓမ္မရတနာ​ကို သွန်း​လုပ်​သန့်စင်နေ​ခြင်းဖြစ်​သည်။

ထို့နောက်​ အနည်းငယ်​ငြိမ်​သက်​သွားသော လျှပ်​စီး​ရေကန်​သည် တဝီဝီအသံများမြည်လျက် ပြန်​လည်​လူးလွန့်လှုပ်ရှားလာပြန်သည်။ ရေကန်​အထက်​ရှိ ကောင်း​ကင်ပေါ်တွင် ဝါ၊စိမ်း၊နီ၊ပြာ၊ဖြူ စသည့်​ အလင်း​တန်း​များ ကွန့်မြူး​နေသလို မိုးခြိမ်း​သံ၊ လေတိုက်​သံများကိုလည်း ခပ်​သဲ့သဲ့ကြားနေရသည်။ ပြိုင်​ဘက်​ကင်း အရည်အသွေးရှိ​သည့် ဓမ္မ​ရတနာ​တစ်ပါး ပေါ်​ထွန်းလာတော့မည့် သင်္ကေတများပင်ဖြစ်သည်။ ရှန်းရူယန်​တစ်ယောက်​ ဤမျှအထိ ရည်မှန်းချက်ကြီးလိမ့်မည်ဟု ကျန်း​ချန်​ရွှမ်​မထင်ထားချေ။ ရေကန်​ထက်တွင်တော့ မိုးခြိမ်း​သံများ ဆူညံလျက်ပင်ရှိသေးသည်။

ဤသို့​ဖြင့်​ ရက်အနည်းငယ်ကြာသွားသည်။ လျှပ်​စီး​ရေကန်​တစ်​ခု​လုံး​တွင် လျှပ်စီးပန်းနွယ်များ ပြိုးပြက်​နေသလို​ ကြောက်မက်ဖွယ်အော်ရာများ​သည်လည်း ဝန်းကျင်​တစ်ခုလုံး​တွင် ပျံ့နှံ့​နေသည်။ ထိုအော်ရာလှိုင်းများကြောင့် ကျန်း​ချန်​ရွှမ်၏ ဆံစများပင် တလွင့်လွင့် ထောင်​လျက်​ရှိတော့သည်။ ထိုစွမ်းအင်များ ရုတ်​တရက် ပေါက်ကွဲ​လိုက်​လျှင်​ သူလည်း သက်သာမည်မဟုတ်ဟု တွေးမိသေးသည်။

သို့သော်​ ကံကောင်း​ထမစွာနှင့် ထိုသို့​မဖြစ််ဘဲ ရှန်းရူယန်​တစ်ယောက်​ ရေကန်​အထက်သို့ ပြန်​တက်လာသည်ကို မြင်​လိုက်​ရသည်။ ရေကန်​စပ်နားရောက်သည့်အခါ ရှန်းရူယန်သည် လက်​ဖြင့်​ လေထုထဲမှ တစ်ခုခုကို ဆွဲယူလိုက်ဟန် ပြုမူလိုက်ရာ ရေကန်​အတွင်း​ရှိ လျှပ်စီးများနှင့် မိုး​ကြိုး​များ​အားလုံး​ သူမလက်ဖဝါးထဲသို့ တိုးဝှေ့ဝင်ရောက်လာသည်ကို အံ့အားသင့်​ဖွယ်​ တွေ့မြင်​ရသည်။ ထိုတစ်ခဏတွင် ရှန်းရူယန်​နှင့်​ သူမ ကိုင်ဆောင်ထားသောဓားတွင် တုန်​လှုပ်​ဖွယ်​အော်​ရာ​လှိုင်း​တစ်ခု ပေါ်​ပေါက်​လာသည်ကို တွေ့ရတော့သည်။

***

All Chapters