ရှန်းရူယန် ကျီဖုနယ်ပယ်ကို ဝင်ရောက်ခြင်း
Vol. 6 Ch. 108
မကြာခင်အချိန်အတွင်း ရှန်းရူယန်တစ်ယောက် ကျီဖုအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ရေကန်ဘေးတွင်ရှိနေသော ကျန်းချန်ရွှမ်သည်လည်း ဤသည်ကို သတိထားမိလိုက်၍ ပျော်ရွှင်သွားမိသည်။ ထိုတစ်ခဏတွင် ရှန်းရူယန်၏ခန္ဓာကိုယ်တွင် ဖြစ်ပွားနေသော ပြောင်းလဲခြင်းဖြစ်စဉ်မှာ ရပ်တန့်သွားပြီး ရှန်းရူယန်တစ်ယောက် ရေထဲမှပြန်တက်လာတော့သည်။
“ယောက်ျား ကျေးဇူးတင်ပါတယ်”
ကျန်းချန်ရွှမ်က အပြုံးနှင့်တုံ့ပြန်ရင်း မေးလိုက်သည်။
“ဘယ်လိုလဲ အောင်မြင်ခဲ့ပြီမလား”
“အင်း”
ရှန်းရူယန်က ကျေနပ်အားရစွာနှင့် ခေါင်းညိတ်ပြသည်။
“ဒီရေကန်ကျေးဇူးကြောင့်ပါပဲ။ ကျွန်မရဲ့ ဝိညာဉ်အမြစ်ကို လျှပ်စီးငါးပါး တာအိုခန္ဓာအဖြစ် ပြောင်းနိုင်ခဲ့ပြီ”
“လျှပ်စီးငါးပါး တာအိုခန္ဓာ ဆိုတာက…”
ကျန်းချန်ရွှမ်၏အမေးကို ရှန်းရူယန်က ပြည့်ပြည့်စုံစုံ ရှင်းပြရန်ပြင်လိုက်သည်။
“အခြေခံဓာတ်ငါးပါးနဲ့ တွဲဖက်တည်ရှိနေတဲ့ လျှပ်စစ်ဓာတ်ခန္ဓာကိုပြောတာ။ မသေမျိုးတစ်ဦးဖြစ်ဖို့ မဖြစ်မနေလိုအပ်တဲ့ ခန္ဓာတွေထဲက တစ်ခုပေါ့။ ပြီးတော့…”
ရှန်းရူယန်က အဆင့် ၃ ဓမ္မရတနာ ဓားပျံကို ဆင့်ခေါ်လိုက်သည်။ လက်ထဲရောက်ရှိလာသော ဓားပျံသည် မြူးကြွသည့်အသံတစ်မျိုး ထုတ်လွှတ်နေသည်ကို တွေ့ရသည်။ ထို့နောက် ရှန်းရူယန်က ပြောလက်စစကားကိုဆက်သည်။
“ကျီဖုအဆင့်ကို တက်လှမ်းနေချိန်အတွင်းမှာ ကျွန်မရဲ့ အဆင့် ၃ ဓမ္မရတနာကိုလည်း တစ်ချိန်တည်းမှာ အဆင့်မြှင့်နေခဲ့တာ။ အခုဒီဓားက မိုးကြိုးလျှပ်စီး မီးလျှံဓား မဟုတ်တော့ဘူး။ လျှပ်စီးငါးပါး မသေမျိုးလက်နက် ဖြစ်သွားပြီ”
ဓား၏အမည်ကြားလိုက်ရုံနှင့်ပင် ဤဓားလက်နက်၏စွမ်းပကားမှာ အလွန်မြင့်မားကြောင်း သိနိုင်သည်ဟု ကျန်းချန်ရွှမ် ကောက်ချက်ချမိသည်။
“မင်းအတွက် ဂုဏ်ပြုပါတယ်ကွယ်”
ကျန်းချန်ရွှမ်တစ်ယောက် အမှန်တကယ်ပင် လေးလေးနက်နက် ဂုဏ်ပြုလိုက်ခြင်းဖြစ်သည်။ ရှန်းရူယန်က ပြုံးရယ်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် တစ်ခုခုတွေးမိဟန်နှင့်
“ဒါနဲ့ ဒီရေကန်မှာ ဓာတ်ငါးပါးနဲ့ လျှပ်စစ်ဒြပ်စင်တွေ ကျန်သေးတာပဲ။ ကိုယ်ခန္ဓာမွမ်းမံတဲ့ ကျင့်စဉ်ကို စလိုက်ပါလား။ လိုအပ်တဲ့ရင်းမြစ်တွေကို ကျွန်မကူပြီးစုပေးမယ်လေ”
ထိုစဉ် ရှန်းရူယန်သည် ရုတ်တရက် လက်ကိုမြှောက်ပြီး လေကို ဖမ်းဆုပ်သည့်ဟန် ပြုလုပ်လိုက်ရာ ရေကန်အနီးရှိ ဓာတ်ငါးပါးနှင့် လျှပ်စစ်ဓာတ်များသည် ရှန်းရူယန်ထံသို့ စုပြုံတိုးဝင်လာတော့သည်။ ထိုအခါ ရှန်းရူယန်သည် လက်ဖဝါးကိုပြောင်းပြန်လှန်လိုက်သည်။ အသံတစ်ခုထွက်ပေါ်လာပြီးနောက် အဆိုပါဓာတ်ငါးပါး အကြွင်းအကျန်အားလုံးမှာ လျှပ်စီးရေကန်ထဲသို့ စီးဝင်ကုန်သည်။
မိုးကြိုးပစ်သံတစ်ချက်နှင့်အတူ အရောင်ငါးမျိုးပါ အလင်းတန်းတစ်ခု ရေကန်ထက်သို့ ထိုးတက်သွားသည်။ ထိုအခါ ရှန်းရူယန်က
“ဓာတ်ငါးပါးအကြွင်းအကျန်တွေ မပျောက်ခင် မြန်မြန်စလိုက်။ ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချရမယ်”
ကျန်းချန်ရွှမ်လည်း ဇနီးဖြစ်သူ စီမံသည့်အတိုင်း နာခံရန် ဆုံးဖြတ်လိုက်သည်။ ရှန်းရူယန်၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ဓာတ်ပါးပါးနှင့် လျှပ်စစ်ဒြပ်စင်များ မပျောက်ကွယ်စေရန် ထိန်းထားရခြင်းမှာ ရေရှည်မလွယ်ကူကြောင်း သူခန့်မှန်းမိသည်။ ထို့ကြောင့် ရေကန်ထဲသို့ ခပ်သွက်သွက် ခုန်ချလိုက်တော့သည်။
ထိုတစ်ခဏတွင် ရေကန်ထဲရှိ ဓာတ်ငါးပါး ဝိညာဉ်စွမ်းအင်များနှင့် လျှပ်စီးဝိညာဉ်စွမ်းအင်များသည် ကျန်းချန်ရွှမ်၏ ကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာသည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် အချိန်မဆွဲတော့ဘဲ အကန့်အသတ်ဘီးကို လှည့်ပတ်ကျင့်ကြံလိုက်တော့သည်။ မကြာခင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်အရေပြားထက်တွင် ရောင်စဉ်ငါးသွယ် အလင်းများ ပြိုးပြိုးပြက်လာပြီး သူ၏ခြေလက်များတွင်လည်း လျှပ်စစ်စီးဝင်သလို ထုံကျင်စူးရှသည့် ခံစားမှုတစ်မျိုး ဖြစ်ပေါ်လာသည်။ ထို့ကြောင့် အံကိုတင်းတင်းကြိတ်ပြီး ခံစားနေရသော ဝေဒနာအားလုံးကို ကြံ့ကြံ့ခံလိုက်သည်။
ကျန်ရှိနေသေးသော ဓာတ်ငါးပါးဝိညာဉ်စွမ်းအင်များကို ရင်းမြစ်အဖြစ် သုံးစွဲရင်း ကျန်းချန်ရွှမ်တစ်ယောက် အကန့်အသတ်မဲ့ဘီး ကျင့်စဉ်ကို အချိန်နှစ်လအထိ ကျင့်ကြံလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ အရေပြားပေါ်မှ ရောင်စဉ်ငါးသွယ်အလင်းများမှာ ပို၍တောက်ပလာပြီး နောက်ဆုံးတွင် ကျန်းချန်ရွှမ်၏ ဦး ခေါင်းထက်တွင် ရောင်စဉ်ငါးသွယ်ပါ အလင်းစက်ဝိုင်းတစ်ခု ဖြစ်တည်လာတော့သည်။ တစ်ချိန်တည်းတွင် ခန္ဓာကိုယ်ပတ်လည်ရှိ ဓာတ်ငါးပါးဝိညာဉ်စွမ်းအင်များမှာ တဖြည်းဖြည်း ပါးလွှာလာကြသည်ကို ကျန်းချန် ရွှမ် သတိပြုမိလိုက်သည်။ မကြာမီ ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးတော့မည်ဖြစ်သည်။
ထိုသို့တွေးမိပြီးမကြာခင်မှာပင် ရေကန်ထဲရှိ ဓာတ်ငါးပါးနှင့် အလင်းစွမ်းအင်များသည် စုန်းစုန်းမြှုပ် ပျောက်လွင့်သွားတော့သည်။ ကျန်းချန်ရွှမ်တစ်ယောက် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် တစ်ခုတလေကိုမှ အာရုံခံမိခြင်းမရှိတော့ပါ။ သူ့အနေနှင့် အနည်းငယ်နောင်တရသလို ခံစားမိလိုက်ရသည်။ အကယ်၍ ဝိညာဉ်စွမ်းအင်ပမာဏသည် နောက်ထပ်တစ်လ သို့မဟုတ်နှစ်လအထိသာ ခံနိုင်ခဲ့မည်ဆိုပါက စနစ်၏မစ်ရှင်ကို တစ်ကြိမ်တည်းနှင့် အပြီးသတ်နိုင်မည်ဖြစ်သည်။ လက်ရှိ အခြေအနေမှာ ကျင့်စဉ်၏ ၇၀% သာ ပြီးမြောက်ပါသေးသည်။
လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်သည် အဆင့်၂ သာမန်ဓမ္မလက်နက်တစ်ခုနှင့် အင်အားချင်းတူညီနေပြီဖြစ်ကာ တစ်ချိန်တည်းတွင် ဓာတ်ငါးပါးအခြေခံ မန္တန်များကိုလည်း မကြုံစဖူး ခံနိုင်စွမ်းရှိလာပြီဖြစ်သည်။ သူ့ကိုယ်ပိုင်ခန့်မှန်းချက်အရ လက်ရှိအချိန်တွင်အဆင့်၂ အနိမ့်စား အဆင့်ရှိ မန္တန်အားလုံးကို ကာကွယ်နိုင်လောက်ပြီဖြစ်သည်။ ထိုနည်းတူ အဆင့်၂ အလယ်အဆင့် သို့မဟုတ် အမြင့်ဆုံးအဆင့် မန္တန်များ၏ ၅၀ မှ ၈၀% အထိကို ချေဖျက်နိုင်ပြီဟု ကျန်းချန်ရွှမ်ယူဆလိုက်သည်။ တစ်ချိန်တည်းတွင် သူ၏ကျင့်ကြံမှုအဆင့်သည် အခြေခံတည်ဆောက်ခြင်း နဝမအဆင့်ထိ ရောက်ရှိလာပြီးဖြစ်ကာ စစ်မှန်မှုအဆီအနှစ် စွမ်းအင်ပမာဏသည်လည်း ၄% အထိ တိုးတက်လာပြီဖြစ်သည့်အတွက် လက်ရှိအဆင့်ကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်လျှင် ကျီဖုအဆင့်ကို တက်လှမ်းနိုင်ရန် မဝေးတော့ပါ။
သို့သော် ကျီဖုအဆင့်သို့ မတက်လှမ်းခင် ကျန်းချန်ရွှမ်အနေနှင့် ကိုယ်ပိုင် အဆင့် ၃ ဓမ္မရတနာလောင်းကို အရင်ဆုံး သွန်းလုပ်သန့်စင်ရန် လိုအပ်ပါလိမ့်မည်။ ဤနည်းဖြင့် ကျီဖုအဆင့်ကို ရောက်ရှိသည့်အခါ ကျန်းချန်ရွှမ်၏ အခြေခံအုတ်မြစ်မှာ ရှန်းရူယန်ကဲ့သို့ ခိုင်မာနေလိမ့်မည်ဖြစ်သည်။ ရှန်းရူယန်သည် ကျီဖုအဆင့်ကို မရောက်ရှိခင်ကပင် သူမ၏ တိုက်ပွဲဝင် စွမ်းရည်သည် သာမန်ကျီဖုအဆင့် ဒုတိယနှင့် တတိယနယ်ပယ်ရှိ ကျင့်ကြံသူများထက် မနိမ့်ခဲ့ပါ။ ထိုစဉ် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အကြားရှိ ရေထုအလွှာသည် ရုတ်တရက်ပြင်းထန်စွာ လှုပ်ခတ်လာတော့သည်။ အခြေအနေကို မပြတ်အကဲခတ်နေသော ရှန်းရူယန်က အလောတကြီးသတိပေးလိုက်သည်။
“ယောက်ျား ရေကန်ထဲက ဓာတ်ငါးပါးဝိညာဉ်စွမ်းအင်တွေ ကုန်သွားပြီ။ ရေကန်ရဲ့ အုတ်မြစ်မရှိတော့ဘူး။ ကျွန်မတို့ ဒီကနေ အမြန်ထွက်မှရမယ်”
စကားဆုံးသည်နှင့် ရှန်းရူယန်၏နဖူးတည့်တည့်တွင် ရောင်စဉ်ငါးသွယ် လျှပ်စီးတံဆိပ်တစ်ခု ပေါ်လာပြီး ရေကန်အနီးတစ်နေရာတွင်လည်း တံခါးတစ်ချပ် ရုတ်တရက်ပေါ်လာတော့သည်။ သည်နေရာကို ပထမဆုံးဝင်လာခဲ့သည့် တံခါးနှင့် ပုံသဏ္ဍာန်ချင်းတော့ မတူညီပေ။ ထိုအခါ ကျန်းချန်ရွှမ်လည်း ရေကန်ထဲမှ ကုန်းရုန်းတက်လာပြီး နှစ်ယောက်သား သုတ်ခြေတင်၍ တံခါးထဲပြေးဝင်လိုက်ကြတော့သည်။
ဂျိန်း!
ကျန်းချန်ရွှမ်တို့ ထွက်ခွာပြီးမကြာခင် ရေကန်နှင့် အနီးတဝိုက်ရှိ နေရာများသည် စတင်ပြိုကွဲလာပြီး အနက်ရောင် အက်ကြောင်းများ နေရာအနှံ့ပေါ်လာကာ မကြာမီ ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နောက်ဆုံးတွင် ရေကန်တည်ရှိသော ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံး အပြီးတိုင် ပြိုလဲပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် ကျင့်ကြံသူအချို့သည် ပြိုလဲသွားသော ရေကန်တည်ရှိသည့် နယ်မြေအပြင်ဘက်တွင် စုဝေးရောက်ရှိနေကြသည်။ ထိုစဉ် သူတို့ရှေ့မှောက်တွင် တွင်းနက်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၍ ပါးစပ်အဟောင်းသားဖြင့် ငေးမောကြည့်ရှုနေမိကြတော့သည်။
“ဒါ… ဘာကြီးလဲ”
ဝတ်စုံပြာဝတ် လူတစ်ဦးက တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ သူနှင့်အတူပါလာသည့် လူသုံးဦးကလည်း ထိုမြင်ကွင်းကို မင်သက်စွာ ငေးကြည့်နေမိကြသည်။
“မသိဘူးဟ ငါ့တစ်သက် တစ်ခါမှမမြင်ဖူးဘူး”
ထိုစဉ် ဝတ်ရုံဖြူဝတ် လူငယ်တစ်ဦးက အလန့်တကြား ထအော်လိုက်သည်။
“ကြည့်စမ်း အထဲမှာလူရှိနေတယ်”
ကျန်လူများလည်း အမောတကော လှမ်းကြည့်လိုက်ရာ လူပုံစံအရိပ်နှစ်ခု ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၍ အကြီးအကျယ် အံ့အားသင့်ကုန်ကြသည်။ ထိုပုံရိပ်နှစ်ခုမှာ သူတို့အနီး ရောက်လာသောအခါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
“ဒီနှစ်ယောက်က တွင်းနက်ကြီးထဲက ထွက်လာကြတာလား”
သူတို့အတွေးမှန်ခဲ့လျှင် ထိုစုံတွဲသည် မှန်းဆ၍မရလောက်အောင် ကျင့်ကြံမှုပါရမီ မြင့်မားသူဖြစ်ကြလိမ့်မည်ဟု သူတို့အားလုံး မတိုင်ပင်ဘဲ တစ်ညီတည်း တွေးမိလိုက်ကြသည်။
ထိုစဉ်…
“ဟားဟား ဟားဟား တွေ့ပြီဟေ့”
ဝမ်းသာအားရရယ်သံကြီးတစ်ခုက သူတို့လေးဦးအနောက်မှ ရုတ်တရက်ထွက်ပေါ်လာတော့သည်။ တစ်ဆက်တည်းမှာပင် လူငါးဦး ရောက်ရှိလာကြသည်။ ထိုလူများကိုမြင်လျှင် ရောက်နှင့်ပြီးသား ဝတ်စုံပြာဝတ်လူ ဦးဆောင်သည့်အဖွဲ့မှာ မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ ဝတ်ရုံဖြူဝတ်လူငယ်က
“မကောင်းတော့ဘူး ခွန်တောင်တန်းဂိုဏ်းက ယောင်ပင်းအန်ဆိုတဲ့ ကောင်ကြီးပဲ။ ဒီလူတွေ တိမ်လှိုင်းရေအိုင်ကို ဘာလာလုပ်ကြတာလဲ မသိဘူး”
***