← Chapters

ကျီဖုအဆင့် ကျင့်ကြံသူ

Vol. 6 Ch. 109

ကျီဖုအဆင့် ကျင့်ကြံသူ

Vol. 6 Ch. 109

သူတို့​လေး​ဦး​စလုံး​ ယောင်​ပင်း​အန်၏ မကောင်း​သတင်း​များကို နား​နှင့်​မဆံ့အောင် ကြား​ဖူးကြသလို ယောင်​ပင်း​အန်ဆိုသူသည် ရောက်​လေရာအရပ်တွင် ပြဿနာ​ရှာတတ်သူမှန်း သိကြပြီးဖြစ်သည့်အတွက် သည်လူစုရောက်လာခြင်းမှာ ကောင်း​သောလာခြင်း မဟုတ်မှန်း​ ရိပ်​မိလိုက်ကြသည်။

“ဆရာ​ယောင်​ပြောတာ ဒီနေရာ​မလား”

ဝတ်​ရုံအနက်ကို ကျကျနနဝတ်ဆင်ထားသော ယောင်​ပင်းအန်သည် သူ့ဘေးမှ ပညာတတ်အသွင်ဖမ်းထားသော သက်လတ်ပိုင်းလူ၏ အမေးကို ခေါင်းညိတ်ပြလိုက်သည်။ ထိုသက်လတ်ပိုင်းလူ၏ လက်ထဲတွင် သံလိုက်အိမ်မြှောင်တစ်ခုရှိပြီး ထိုလူ​သည် သူ့ရှေ့တည့်တည့်ရှိ တွင်း​နက်​ကြီးကို မျက်တောင်​မခတ်ဘဲ စိုက်​ကြည့်​နေသည်။ ထို့နောက်​ သူကပင်

“နေရာ​တော့မှန်ပါရဲ့ ကျွန်တော်​တို့​လာတာ နောက်​ကျသွားပုံပဲ။ တခြား​ကောင်​တွေ လက်ဦးသွားကြပြီ”

တွင်း​နက်​ထဲမှ ထွက်​လာသော ပုံရိပ်​နှစ်​ခုကို အကဲခတ်​ရင်း ပြောလိုက်​ခြင်း​ဖြစ်​သည်။ ထိုပုံရိပ်​နှစ်ခုမှာ ကျန်း​ချန်ရွှမ်နှင့် ရှန်းရူယန်တို့​ဖြစ်​ပြီး သူတို့​ဇနီး​မောင်နှံ​ကိုမြင်လျှင် ယောင်​ပင်း​အန်၏မျက်လုံး​များ​တွင် ဒုက္ခ​ပေး​လိုသော​ အရိပ်​အ​ယောင်​များ ယှက်သန်းလာတော့သည်။

“ဟုတ်​လား၊ ဒါဆို​လည်း​ကိစ္စ​မရှိပါဘူး။ ဒီကောင်​တွေဆီက ပြန်​ဝယ်​မှာပေါ့။ ငါဝယ်ရင် သူတို့​မရောင်းဘဲနေရဲမလား”

ယောင်​ပင်း​အန်​စကားကိုကြားလျှင် သက်လတ်ပိုင်းလူ အပါအဝင်​ကျန်လေးဦးသည် အားရ​ကျေနပ်စွာ ရယ်​မောလိုက်ကြသည်။ သူတို့​အထဲမှ ဆံပင်​တိုတိုနှင့်လူက

“ညီလေး​ယောင်​ပြောတာ​မှန်တယ်၊ တိမ်​လှိုင်း​ရေအိုင်​ရဲ့ တစ်စိတ်တစ်ပိုင်းက ခွန်တောင်တန်း​ဂိုဏ်း​ရဲ့ ပိုင်​နက်​ထဲမှာလေ။ တစ်နည်း​ပြောရရင်​ တိမ်​လှိုင်း​ရေအိုင်​မှာ တွေ့တဲ့ပစ္စည်းက ခွန်​တောင်တန်း​ဂိုဏ်း​နဲ့လည်းဆိုင်တယ်။ ဒီဒေသတဝိုက်မှာ ညီလေးယောင်ရဲ့ဆန္ဒကို ဘယ်သူ​ဆန့်​ကျ​င်ရဲလို့လဲ”

ထို​အချိန်​မှာပင် ယောင်​ပင်း​အန်​တို့တစ်သိုက်သည် သူတို့​လူအုပ်​ကိုမြင် ပြီးနောက်​ အခြေအနေ​မဟန်မှန်း သိ၍ တိတ်​တဆိတ်လစ်ပြေးရန် ကြံစည်​နေသော လူလေးဦးအဖွဲ့ကို သတိပြုမိလိုက်ကြသည်။

“မင်း​တို့က ငါ့မြင်လို့ပြေးတာလား။ ဘာလဲ ငါ့ကို​သဘော​မကျလို့လား”

လူလေးဦး၏မျက်နှာ​များ​မှာ အနည်းငယ်​ပျက်​သွားပြီး ခေါင်း​ဆောင်​လုပ်​သူ ဝတ်​စုံ​ပြာနှင့်လူက ကမန်းကတန်း​ တောင်း​ပန်​လိုက်သည်။

“သခင်​လေးယောင် ကျွန်တော်တို့ကို နား​လည်​မှုလွဲနေပြီ။ ကျွန်တော်​တို့​က ဒီအတိုင်း လမ်း​ကြုံ​ဖြတ်သွားတာပါ။ ဒီကို​လာဖို့ တမင်​ရည်ရွယ်​ထား​တာ​ မဟုတ်ပါဘူး​”

“ဟုတ်​ပါ့မလား”

ယောင်​ပင်း​အန်က အသာအယာ​ ပြုံး​လိုက်​သည်။

“ဒါဆို​ရင် ငါရောက်လာတဲ့အချိန် မင်းတို့ပြောနေတာ ဘာလဲ။ ငါ​ကြားလိုက်​တယ်နော်။ ငါ့ကို​အရူး​လုပ်​ဖို့​ မစဉ်းစား​နဲ့”

ယောင်​ပင်း​အန်၏စကား​အဆုံး​တွင် သူ့​မျက်နှာ​တွင် အစော​ပိုင်းက​ အပြုံး​မရှိတော့ဘဲ ထိုအစား​ သတ်​ဖြတ်​လိုသည့် အရိပ်​လက္ခဏာ​များသာ​ထင်ဟပ်​လာတော့သည်။ လူလေးဦးအဖွဲ့​မှာ အခြေ​အနေ​မကောင်း​တော့​မှန်း သိလိုက်ရ၍ အလင်းတန်းလေးခုအဖြစ်ပြောင်းပြီး အရပ်​မျက်နှာ​လေး​ခုသို့ သုတ်​ခြေ​တင်​ ထွက်ပြေးတော့သည်။ ယောင်​ပင်း​အန်​သည် သူတို့​လေး​ဦး​ကို ရတနာ​တွေ့ရှိကြောင်း သတင်း​မပျံ့စေရန် နှုတ်​ပိတ်​တော့မည်မှန်း ရိပ်​မိလိုက်ကြ၍ဖြစ်သည်။

“အစ်ကိုလျူ ရေ”

ယောင်​ပင်း​အန်က ဆံပင်​တိုလူကို စောင်း​ငဲ့ကြည့်၍ မေးငေါ့ပြလိုက်သည်။ ဆံပင်တိုလူကလည်း စဉ်းလဲစွာ ပြုံးရင်း

“ညီလေး​ယောင်​ မစိုးရိမ်ပါနဲ့ ဒီကောင်တွေ မလွတ်ပါဘူး”

စကား​ဆုံး​သည်နှင့် ဆံပင်​တိုလူနှင့်တကွ ကျန်လူများသည်လည်း အလင်း​တန်း​အသွင်​ပြောင်းလိုက်ကြသည်။ ရေအိုင်​မျက်​နှာ​ပြင်​ထက်​တွင် ဝိညာဉ်​အလင်း​များ ဖြာထွက်လာတော့သည်။ ထို့နောက်​ မကြာ​မီ ထွက်​ပြေး​သောလေးဦးအနက် နှစ်​ဦးမှာ အသံနက်​ကြီးဖြင့် အော်​ဟစ်​လိုက်ကြပြီး မတူညီသော နှစ်နေရာတွင် ရှိနေသည့် ထိုလူနှစ်ဦးသည် ဦး ခေါင်း​မဲ့သော ခန္ဓာကိုယ်နှစ်ခုအဖြစ် ရေအိုင်​ကြမ်းပြင်​ထက်​သို့ ကျဆင်း​သွားတော့သည်။

ထို​မြင်ကွင်း​ကြောင့်​ ဝတ်​စုံ​ပြာဝတ်​လူနှင့် ကျန်တစ်ဦးမှာ သွေး​ပျက်​မတတ်​ တုန်လှုပ်သွားကြတော့သည်။ သေဆုံး​သူနှစ်ဦးသည် အခြေခံ​တည်ဆောက်​မှု​အဆင့်​ ကျင့်ကြံသူများဖြစ်သော်လည်း ယောင်​ပင်း​အန်၏လူများ လက်​ချက်​ဖြင့်​ တုံ့ပြန်​ချိန်​ပင် မရလိုက်ဘဲ​ အသတ်​ခံလိုက်ရ​သည်ကို ကြည့်ခြင်းဖြင့် ယောင်​ပင်း​အန်​၏ အပေါင်းအပါများသည် ကြောက်​မက်​ဖွယ်​ အင်အား​ကြီးမား​ကြောင်း ပေါ်​လွင်​နေသည်။

ထိုအခါ ဝတ်​စုံပြာလူနှင့် ကျန်တစ်ဦးလည်း ထွက်ပြေး​ရန် မကြိုးစားဝံ့တော့ချေ။ သူတို့နှစ်ဦး၏ ကျင့်ကြံ​မှု​အဆင့်ဖြင့် ထိုလူများလက်ထဲမှ လွတ်မြောက်​အောင်​ ထွက်ပြေးနိုင်မည်မဟုတ်ဘဲ ဆံပင်​တိုလူ၏လက်ချက်ဖြင့် အနှေးနှင့်အမြန် သေဆုံးမည်သာ ဖြစ်​သည်​ကို နားလည်​လို​က်ကြသည်။ ထို့ကြောင့်​ သူတို့​နှစ်ဦး​သည် ကျန်းချန်​ရွှမ်​တို့ထံကို ဦးတည်ပြေးလိုက်ကြသည်။

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့သည် အဆိုပါ​မြင်ကွင်းကို မတုန်မလှုပ်ကြည့်နေကြပြီး ဝင်ရောက်​စွက်ဖက် ပြောဆို​ခြင်း​မရှိ။ ဝတ်​စုံ​ပြာဝတ်​တို့​နှစ်ဦးကို ဆံပင်​တိုနှင့်လူက ဖမ်းမိတော့မည့်ဆဲဆဲတွင် နှစ်ဦး​စလုံး​ ပြိုင်​တူအော်ဟစ်လိုက်ကြသည်။

“ကျုပ်​တို့​ကို​မသတ်ပါနဲ့။ ကျုပ်​တို့​က ဒီအတိုင်း​ဖြတ်​သွားတာပါ။ ကျုပ်​တို့​ ဘာပစ္စည်းမှရမထားပါဘူး။ အဲဒီစုံတွဲဆီမှာ ရတနာ​ရှိလိမ့်မယ်။ သူတို့ကိုပဲ သတ်​လိုက်​ပါ”

“တွင်း​နက်​ထဲက ထွက်​လာတာ​ မင်း​တို့​မဟုတ်​မှန်း ငါသိပြီးသားပါကွ”

ဆံပင်​တိုနှင့်လူက လှောင်​ပြောင်​ရယ်မောရင်း ပြောလိုက်သည်။

“မင်း​တို့​မှာ ရတနာ​မရှိတာတော့ မှန်ပေမဲ့ မင်း​တို့မြင်လိုက်တာတွေ များ​သွား​ပြီကွ”

ထို့နောက်​ ဆံပင်​တိုလူနှင့် ကျန်​သုံး​ဦး၏လက်ထဲမှ ဓမ္မ​လက်နက်​များ​သည် ဝတ်စုံပြာဝတ်လူနှင့် ဝတ်​ရုံဖြူဝတ်​လူငယ်​တို့၏ လည်​ပင်း​များကို​ အသီးသီး​ပိုင်း​ဖြတ်​လိုက်​ကြတော့သည်။ ထိုလူ​နှစ်​ဦးသည် အသက်​မဲ့ခန္ဓာများသည်လည်း ရေအောက်​သို့ တဖြည်းဖြည်း ​နစ်မြုပ်​သွားတော့သည်။

ယခုအခါ​တွင် ကျန်း​ချန်​ရွှမ်​တို့​ဇနီး​မောင်နှံ​နှင့် ယောင်​ပင်း​အန်​တို့လူငါးဦးသာ ကျန်ရှိတော့သည်။

“ခင်ဗျား​က ယောင်​ပင်း​အန်​ ဆိုတာ​လား”

ကျန်း​ချန်​ရွှမ်မှ စတင်၍ မေးမြန်း​လိုက်​သည်။

ယောင်​ပင်း​အန်တို့လူစုသည် ကျန်း​ချန်​ရွှမ်​တစ်ယောက်​ သူတို့​ကို​ အကြောက်အလန့်မရှိ မေးခွန်း​ထုတ်​ရဲ၍ အံ့သြ​သွားကြဟန်တူသည်။

***

All Chapters