ကျီဖုအဆင့် ကျင့်ကြံသူ (၂)
Vol. 6 Ch. 110
ယောင်ပင်းအန်က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ငါပဲ၊ ဒါနဲ့ မင်းတို့ဒီနေရာကနေ ပစ္စည်းကောင်းလေးတွေ အများကြီးရလိုက်ပုံပဲ။ တွင်းနက်ထဲမှာ ဘာတွေရှိလဲ ငါစိတ်ဝင်စားတယ်။ ငါ့ကိုပြောပြပါလား”
“ခင်ဗျားကိုပြောပြရမှာလား”
ကျန်းချန်ရွှမ်က ပိုင်နိုင်သည့်အပြုံးတစ်ပွင့်နှင့်အတူ ယောင်ပင်းအန်ကို စိုက်ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်ပြန်သည်။
“ကျုပ်ပြောပြရင် ခင်ဗျားတို့အုပ်စုက ကျုပ်နဲ့ ကျုပ်မိန်းမကို လွှတ်ပေးမှာလား”
ကျန်းချန်ရွှမ်စကားကိုကြားလျှင် ယောင်ပင်းအန်တစ်ယောက် အနည်းငယ်အံ့သြသွားပြီးမှ မျက်နှာအမူအရာကို ပြန်ထိန်းရင်း ခပ်ပြုံးပြုံးနှင့်ဖြေသည်။
“စိတ်မကောင်းပေမဲ့ မလွှတ်ပေးနိုင်တော့ဘူး။ ငါ့လျှို့ဝှက်ချက်တွေကို အပြင်လူသိသွားတာမျိုး ငါအဖြစ်မခံနိုင်ဘူးလေ။ ဒါကြောင့် မင်းတောင်းဆိုတာကို လက်မခံနိုင်ဘူး။ သို့သော် မင်းတို့ အထဲကရလာတဲ့ ပစ္စည်းတွေကို ငါ့လက်ထဲအပ်မယ်ဆိုရင်တော့ ဝေဒနာမခံစားရဘဲ မြန်မြန်အသက်ထွက်အောင် စီမံပေးပါ့မယ်။ မင်းတို့မနာကျင်စေရပါဘူး။ ဒီလောကမှာ သေတာထက် ပိုပြီးနာကျင်ရတဲ့ အရာတွေရှိမှန်း မင်းတို့သိမှာပါ”
“ဒါဆိုလည်း လေကုန်ခံစရာ မလိုတော့ဘူးပေါ့ဗျာ”
ကျန်းချန်ရွှမ်က လက်လျှော့လိုက်ဟန်နှင့် သက်ပြင်းချလိုက်သည်။ ယောင်ပင်းအန်ဘေးမှ ပညာတတ်အသွင်နှင့်လူသည် တစ်ခုခုမှားယွင်းနေမှန်း ခံစားမိလိုက်သည်။ ထိုအကြောင်းကို ယောင်ပင်းအန်အား ပြောပြတော့မည့်အပြုတွင် သူ့နားရွက်ဘေးက လေထုကို တစ်စုံတစ်ခုက ထိုးခွဲဖြတ်သန်းသွားသည်ကို သိလိုက်ရသည်။ ထို့နောက်တွင် သူတို့ငါးဦးထဲမှ ဆံပင်အနီနှင့်လူ၏ ဦးခေါင်းကြီးမှာ ရုတ်တရက် ပြတ်ထွက်သွားသည်ကို မြင်လိုက်ရတော့သည်။
ထိုမြင်ကွင်းကြောင့် ယောင်ပင်းအန်နှင့် ကျန်လူများမှာ ပါးစပ်အဟောင်းသားဖြစ်သွားသလို တစ်ချိန်တည်းတွင် ပြင်းထန်စွာတုန်လှုပ်သွားမိကြသည်။ ယောင်ပင်းအန်၏မျက်နှာများ ချက်ချင်းတင်းမာသွားသည်။ တစ်ချိန်တည်းတွင် ကျန်လေးဦးထဲမှ တစ်ဦးဖြစ်သော မျက်နှာတွင် အမာရွတ်ရှိသောလူသည် ကမန်းကတန်း ရွှေရောင်အလင်းစက်ဝန်းကို ထုတ်ဖော်ကာကွယ်လိုက်သည်။ သို့သော် ထိုအကာအကွယ်မှာ ကြာရှည်မခံလိုက်ဘဲ ပျက်စီးသွားသည့်ခဏတွင် လေပြေကဲ့သို့သော မမြင်ရသည့် တစ်စုံတစ်ရာက အမာရွတ်လူထံသို့ ပျံသန်းသွားပြီးနောက် ထိုလူ၏ခန္ဓာကိုယ်ကြီးသည် တစ်စစီစုတ်ပြဲသွားပြန်သည်။
“ဘာ… ဘာတွေဖြစ်နေတာလဲ”
ယောင်ပင်းအန်၊ ဆံပင်တိုလူနှင့် ပညာတတ်အသွင်နှင့်လူတို့မှာ ကယောင်ခြောက်ချား ရေရွတ်မိလိုက်ကြသည်။ သေဆုံးသွားသောလူနှစ်ဦးမှာ အခြေခံတည်ဆောက်မှုပဥ္စမအဆင့်ရှိသူများ ဖြစ်ကြသည်။
“မင်းတို့က ဘာကြီးတွေလဲ”
ယောင်ပင်းအန်သည် သူနှင့်မနီးမဝေးတွင် ရပ်လျက်သားရှိသည့် ကျန်းချန်ရွှမ်ကို ကပျာကယာ လှည့်ကြည့်ရင်း တုန်လှုပ်စွာမေးလိုက်သည်။
“ငါတို့ခွန်တောင်တန်းဂိုဏ်းက လူတွေကို မင်းတို့သတ်ရဲတယ်ပေါ့”
ကျန်းချန်ရွှမ်တစ်ယောက် အခြေအနေကို နားလည်သေးဟန်မတူသော ယောင်ပင်းအန်ကို ကြည့်ရင်း စိတ်ပျက်စွာ ခေါင်းယမ်းမိသည်။ ယောင်ပင်းအန်ဆိုသူသည် မိမိက အနိုင်ကျင့်နှိပ်စက်သည့် အခြေအနေမျိုးနှင့်သာ ယဉ်ပါးနေသူဖြစ်၍ မိမိခံရတော့မည် အလှည့်ရောက်နေသည့်တိုင် မောက်မာစွာပြုမူနေဆဲဖြစ်သည်။ ထိုအချိန်တွင် ဆံပင်တိုနှင့်လူသည် ကြက်သွေးရောင် ဓားမောက်ရှည်တစ်ချောင်းကို ရုတ်တရက်ဆွဲထုတ်လိုက်သည်။ ဓားသွားကို ချော်ရည်မီးပူများနှင့် လိမ်းပျံထားသည့်အတွက် ဓားထုတ်လိုက်သည့် တစ်ခဏတွင် ပတ်ဝန်းကျင်ရေထုသည်ပင် အငွေ့ပျံကုန်ကြသည်။
သက်လတ်ပိုင်းအရွယ်လူသည်လည်း လက်မနှေးဘဲ ဓားမြှောင်အနက်တစ်ချောင်းကို ဝှေ့ယမ်းပစ်လွှတ်လိုက်ရာ အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ကျန်းချန်ရွှမ်ထံသို့ ပြေးဝင်သွားသည်။
ကျန်းချန်ရွှမ်က ရေကြည်ကန်ဓားကိုထုတ်၍ ဝင်လာသော အလင်းတန်းများကို ရိုက်ထုတ်လိုက်ရာ သတ္တုချင်းရိုက်ခတ်မိသည့် တချွင်ချွင်အသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ဓားမြှောင်အနက်မှာ အဝေးသို့ လွင့်စင်သွားတော့သည်။ သက်လတ်ပိုင်းလူသည် ရုတ်တရက်ညည်းညူအော်ဟစ်ရင်း သွေးများအန်ချလိုက်သည်။ ထိုအချိန်တွင် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သံကြား၍ ကမန်းကတန်းလှည့်ကြည့်လိုက်ရာ ဆံပင်တိုနှင့်လူ၏ ရင်အုပ်ကို ကျန်းချန်ရွှမ်၏ ခရမ်းရောင်မီးလျှံဓားက ထိုးခွဲသွားပြီး တစ်ကိုယ်လုံးလောင်ကျွမ်းသွားသည်ကို မြင်လိုက်ရသည်။
“အစ်ကိုလျူ”
ယောင်ပင်းအန်တစ်ယောက် တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။ ဆံပင်တိုနှင့်လူသည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်ကို ရောက်ရှိပြီးဖြစ်သော်လည်း ကျန်းချန်ရွှမ်၏ တိုက်ခိုက်မှုအနည်းငယ်ကိုပင် ကြံ့ကြံ့ခံနိုင်စွမ်း မရှိခဲ့ပါ။ ယောင်ပင်းအန်သည် ကျန်းချန်ရွှမ်ကိုကြည့်ရင်း သွေးပျက်မတတ်ကြောက်ရွံ့မှုမျိုးကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ ထိုတစ်ခဏတွင် သက်လတ်ပိုင်းအရွယ်လူသည် ရုတ်တရက်ထကာ လာရာလမ်းအတိုင်း လှည့်ပြေးတော့သည်။
“ယန်ကျုံးယွမ် မင်းအတင့်ရဲလှချည်လား”
ကိုယ်လွတ်ရုန်းထွက်ပြေးသွားသော ယန်ကျုံးယွမ်ကိုကြည့်ရင်း ယောင်ပင်းအန်တစ်ယောက် ဒေါသဖြစ်စွာ မာန်မဲလိုက်သည်။ သူတို့အားလုံး၏မြင်ကွင်းမှ ယန်ကျုံးယွမ်တစ်ယောက် ပျောက်ကွယ်တော့မည့်ဆဲဆဲတွင် ဓမ္မစွမ်းအင်ဖြင့် ဖန်တီးထားသော ဧရာမလက်ကြီးတစ်ခုက သူ့ပြေးလမ်းကို ရုတ်တရက်ကာဆီးလိုက်သည်။ ထိုတစ်ခဏတွင် ရေကန်မျက်နှာပြင်မှာ သွေးများရဲသွားသည်။ အသက်ဘေးမှလွတ်ရန် အားကုန်ပြေးလွှားနေသော ယန်ကျုံးယန်သည် ဧရာမလက်ကြီးကို သတိမမူမိဘဲ လက်ကြီး၏ ဆီးကြိုဖမ်းဆီးခြင်းကို ခံလိုက်ရပြီးနောက်တွင် လက်ကြီးက သူ့ကို ဖမ်းဆုပ်ချေမွပစ်လိုက်သည်။
“ကျီဖုအဆင့် ကျင့်ကြံသူပဲ”
ယန်ကျုံးယွမ်တစ်ယောက် သေလုဆဲဆဲတွင် တစ်စုံတစ်ရာကို နားလည်သွားဟန်နှင့် နောက်ဆုံးစကားနှစ်ခွန်းကို ရေရွတ်ပြီးနောက် အသက်ပျောက်သွားတော့သည်။
“ဟိုမိန်းမ”
ကျန်းချန်ရွှမ်တို့နှင့် စတွေ့သည့်အချိန်မှစ၍ ယောင်ပင်းအန်တို့လူစုသည် ကျန်းချန်ရွှမ် အပေါ်ကိုသာ အာရုံရောက်နေပြီး သူ့ဘေးတွင်ရှိနေသည့် ရှန်းရူယန်ကို အမှုမဲ့အမှတ်မဲ့ နေခဲ့မိကြသည်။ အမှန်တကယ်တွင် ရှန်းရူယန်သည် ကျန်းချန်ရွှမ်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်ရချိန်တွင် အချိန်နှောင်းသွားပြီဖြစ်သည်။
“တကယ်ပဲ ကျီဖုအဆင့်လား”
ယောင်ပင်းအန်လည်း အဆိုပါမြင်ကွင်းကြေောင်း တုန်လှုပ်လျက် ရေရွတ်မိသည်။ ကျန်းချန်ရွှမ်၏ဇနီးဖြစ်သူမှာ ကျီဖုအဆင့်ကျင့်ကြံသူဖြစ်နေမည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ ကျီဖုအဆင့်ကျင့်ကြံသူတစ်ဦးက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို အဘယ်ကြောင့် တာအိုကျင့်ကြံဖက်အဖြစ် ရွေးချယ်ခဲ့ရပါသနည်း။ သူ့ကိုယ်တိုင်လည်း မစဉ်းစားတတ်တော့ပါ။ ယောင်ပင်းအန်တစ်ယောက် တွေဝေကြောင်ငေးလျက် ရှိနေချိန်တွင် ရှန်းရူယန်၏ စူးရှသောအကြည့်က သူ့ထံရောက်လာသည်။ ယောင်ပင်းအန်မှာ အကြောက်လွန်ပြီး တစ်ကိုယ်လုံးတုန်ရီလာတော့သည်။
“အစ်မကြီး ကျုပ်ကိုမသတ်ပါနဲ့။ ကျုပ်ရဲ့ဘိုးဘေးက ယောင်ကျန်းထျန်ပါ။ ဘိုးဘေးမျက်နှာကိုထောက်ပြီး ကျုပ်ကိုမသတ်ပါနဲ့နော် အစ်ကိုကြီး အစ်မကြီးတို့။ အခုဖြစ်သွားတာအားလုံးက နားလည်မှုလွဲတာပါခင်ဗျာ”
“နားလည်မှုလွဲတာ ဟုတ်လား”
ရှန်းရူယန်က သရော်တော်တော်ပြုံးလိုက်ရင်း
“ခုနက ငါတို့ဆီက ပစ္စည်းတွေသိမ်းမယ် လုပ်တုန်းကရော နားလည်မှုလွဲတာပဲလား။ ငါတို့ကို သတ်မယ် ဖြတ်မယ် ဆိုတာကလည်း နားလည်မှုလွဲတာပဲလား၊ ငါတို့နောက်ကို လူလွှတ်ပြီး နောက်ယောင်ခံလိုက်တာကရော နားလည်မှုလွဲတာပဲလား”
ယောင်ပင်းအန်မှာ အကြောက်လွန်နေရသည့် အထဲတွင် ရှန်းရူယန်၏ နောက်ဆုံးစကားကြောင့် နားမလည်နိုင်ဘဲ ခေါင်းခြောက်သွားမိသည်။ သို့သော် ရှန်းရူယန်က လေကုန်ခံရှင်းပြမနေတော့ဘဲ လက်မြှောက်လိုက်သည်။ ယောင်ပင်းအန်မှာ မျက်နှာအကြီးအကျယ်ပျက်သွားပြီး လက်ထဲတွင် လျှို့ဝှက်ကိုင်ဆောင်ထားသည့် အဆင့်၃ တိမ်လွှာလျှပ်စီးမြွေ အဆောင်ကို အသက်သွင်းလိုက်သည်။ ထိုအဆောင်သည် ရိုးရိုးသာမန် ကျီဖုအဆင့် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
“သေစမ်း”
ယောင်ပင်းအန်သည် ကျန်းချန်ရွှမ်ဖက်ကို ရုတ်တရက်လှည့်ပြီး အားကုန်ပစ်လွှတ်လိုက်သည်။ သူ၏ အဆင့်၃ အဆောင်လက်နက် ဦးတည်ရာမှာ ကျန်းချန်ရွှမ်ဆီသို့ဖြစ်သည်။ သို့သော် ရှန်းရူယန်၏ ဓမ္မစွမ်းအင် လက်ကြီးက အဆောင်ကို အသာအယာဖမ်းယူလိုက်သည်။
“ငါ့အဆောင်လေး”
ယောင်ပင်းအန်မှာ ကယောင်ကတမ်း ကြုံးအော်လိုက်မိသည်။ ထိုတစ်ခဏတွင် ဧရာမလက်ကြီးက ယောင်ပင်းအန်ကို ဖြတ်ရိုက်လိုက်တော့သည်။
***