မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း
Vol. 6 Ch. 111
ဘုန်း!
ကြောက်မက်ဖွယ်စွမ်းအင်တစ်ရပ် ပေါက်ကွဲသွားပြီးနောက် ယောင်ပင်းအန်တစ်ယောက် အသံပင်မထွက်နိုင်ခင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ ရှန်းရူယန်သည် ယောင်ပင်းအန်၏ အဆင့် ၃ တိမ်လွှာလျှပ်စီးမြွေ အဆောင်ကို လက်ဖြင့်လှည့်ပတ်ကစားရင်း ရေရွတ်လိုက်သည်။
“ငါ့လို လျှပ်စစ်တာအိုခန္ဓာ ပိုင်ထားတဲ့သူရှေ့မှာ လျှပ်စီးအခြေခံ လက်နက်ကို သုံးရဲတယ်ပေါ့။ နင်တအားကိုသေချင်နေပုံရတယ်”
ထို့နောက် အဆိုပါအဆောင်ပစ္စည်းကို ကျန်းချန်ရွှမ်လက်ထဲ ထည့်ပေးလိုက်သည်။
“ယောက်ျား ဒီအဆောင်က မသုံးရသေးဘူး။ အရေးကြုံရင်သုံးရအောင် လိုရမယ်ရ ယူထားလိုက်နော်”
ကျန်းချန်ရွှမ်လည်း ဇနီးဖြစ်သူစကားကို မြေဝယ်မကျ နားထောင်သည့်အနေနှင့် အဆင့်၃ တိမ်လွှာလျှပ်စီးမြွေ အဆောင်ကို သိမ်းယူထားလိုက်တော့သည်။ ထို့နောက် ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း အချိန်မဆိုင်းဘဲ သေဆုံးသွားသောလူအားလုံး၏ သိုလှောင်အိတ်များကို ကောက်ယူပြီး ခပ်သုတ်သုတ်ထွက်ခွာလိုက်ကြသည်။
ထိုအချိန်တွင် ခွန်တောင်တန်းဂိုဏ်းဌာနချုပ်ရှိ ခမ်းနားသိုက်မြိုက်သော နန်းတော်ကြီးတစ်ခုတွင်…..
စူးရှတောက်ပသော မျက်လုံးများရှိသည့် အဘိုးကြီးတစ်ဦးသည် စိတ်ဆိုးမာန်ဆိုးဖြင့် မာန်မဲလိုက်သည်။
“ဘယ်သူလဲ။ ငါ့မြစ်ကို ဘယ်ကောင်တွေ သတ်သွားတာလဲ။ ဒီကောင်တွေကို ကျိန်းသေ အပြစ်ပေးရမယ်”
တိမ်လှိုင်းရေအိုင်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန် ရွှမ်နှင့် ရှန်းရူယန်တို့သည် ခွန်တောင်တန်းစျေးကို မပြန်တော့ဘဲ ပိုင်ယွင်ဂိုဏ်းပိုင်နက်ရှိ ပိုင်ယွင်စျေးသို့ ဦးတည်ပျံသန်းလာကြသည်။ သူတို့နှစ်ဦးအတွက် ဝယ်ယူစရာများ ရှိသည်လေ။ အထူးသဖြင့် ကျီဖုအဆင့်ကို ရောက်ရှိခါစ ရှန်းရူယန်အတွက် ဆေးပြားများ၊အဖိုးတန်ဝိညာဉ်ပစ္စည်းများ မဖြစ်မနေလိုအပ်နေသည်။ ကျန်းချန်ရွှမ်အတွက်မူ ကိုယ်ခန္ဓာမွမ်းမံခြင်းအတွက် အထောက်အကူပြုမည့် ဓာတ်ငါးပါးဝိညာဉ်ပစ္စည်းများနှင့် အဆင့်၃ ဓမ္မရတနာ သန့်စင်ရန် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရန် လိုအပ်နေပါသည်။
အဓိကလိုအပ်သည့်ပစ္စည်းမှာ ဗလာကောင်းကင်ကျောက်တုံးဖြစ်ပြီး လင်းထျန်းဖန်ထံမှ ရရှိပြီးဖြစ်သော သတ္တုဖြူကျောက်တုံးနှင့် ပေါင်းစပ်လိုက်လျှင် ရွှေဗလာနယ်ဓားကို သန့်စင်နိုင်ပြီဖြစ်သည်။ ထိုသို့ သန့်စင်ခြင်းမပြုမီ သူ၏ လက်နက်သွန်းလုပ်သန့်စင်သည့် စွမ်းရည်ကို အဆင့် ၃ အထိ အရင်မြှင့်တင်ထားဖို့တော့ လိုအပ်ပါလိမ့်မည်။ သည်လုပ်ငန်းစဉ်အားလုံးကို ဆောင်ရွက်ရန် ကုန်ကြမ်းအမြောက်အများလည်း လိုအပ်ဦးမည်ဖြစ်သည်။
စျေးထဲသို့ဝင်ဝင်ချင်းမှာပင် မြောက်ပိုင်းဝိညာဉ်မျှော်စင်ဟု အမည်ရသော အရောင်းဆိုင်တစ်ဆိုင်ထံ ခြေဦးလှည့်လိုက်သည်။ ထိုဆိုင်သည် ဤစျေးတွင် အကြီးဆုံးဖြစ်ပြီး ပိုင်ယွင်ဂိုဏ်းကိုယ်တိုင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ရောင်းချသည့် ပစ္စည်းများ၏ အရည်အသွေး၊ အဆင့်အတန်းနှင့် ပမာဏသည်လည်း အခြားဆိုင်များ မယှဉ်နိုင်လောက်အောင် သာလွန်သည်။ သို့သော် ဆိုင်အတွင်းရှိ ပစ္စည်းများအားလုံး၏ စျေးနှုန်းမှာလည်း အခြားဆိုင်များထက် များစွာကြီးမြင့်ပါသည်။ ကျန်းချန်ရွှမ်တို့အတွက်တော့ စျေး နှုန်းသည် ပြဿနာတစ်ရပ်မဟုတ်ပါ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စျေးထဲဝင်လာကတည်းက အော်ရာများကို ဖုံးကွယ်ထားခြင်းမပြုသည့်အတွက် စျေးရှိလူအားလုံး၏အာရုံမှာ သူတို့နှစ်ဦးအပေါ် ကျရောက်လာကြတော့သည်။ မကြာမီ အခြေခံတည်ဆောက်မှု ပြီးပြည့်စုံသည့် အဆင့်ရှိ ကျင့်ကြံသူအဘိုးကြီးတစ်ဦး ထွက်လာပြီး ဧည့်ခံပါသည်။
“စီနီယာတို့ ကြွရောက်ချီးမြှင့်ပေးလို့ ဂုဏ်ယူမိပါတယ်။ ကျုပ်နာမည်က အဘိုးကြီးဖန်းပါ”
ဆိုင်ရှင်ဖြစ်သူ အဘိုးကြီးဖန်က ရှန်းရူယန်ကို အကြိမ်ကြိမ်ဦးညွတ် အရိုအသေပြုရင်း ဧည့်ခံပါတော့သည်။ ယွင်နိုင်ငံကျင့်ကြံခြင်းလောကတွင် ကျီဖုအဆင့်ကို အဆင့်မြင့်ကျင့်ကြံသူအဖြစ် သတ်မှတ်ထားသောကြောင့် ထိုသို့ဧည့်ခံသည်မှာ အဆန်းတော့မဟုတ်ပါ။ ကျင့်ကြံသူ လူ့အဖွဲ့အစည်းတွင် ရှန်းရူယန်မှာ ထိပ်ဆုံးအပိုင်းတွင် ရှိနေပြီဖြစ်သောကြောင့် ပိုင်ယွင်ဂိုဏ်းဝင်ဖြစ်သလို မြောက်ပိုင်းမျှော်စင်ဆိုင်ကြီး၏ ဆိုင်ရှင်ဖြစ်သူ အဘိုးကြီးဖန်းတွင် ထိုက်သင့်သော ဂုဏ်ဒြပ်တို့ရှိပြီးဖြစ်သော်လည်း ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးရှေ့တွင် အဆိုပါဂုဏ်ဒြပ်များမှာ အရေးပါခြင်းမရှိတော့ပါ။
“ဘာအလိုရှိပါသလဲ စီနီယာခင်ဗျား၊ ဒီက တာအိုရောင်းရင်းကရော”
အဘိုးကြီးဖန်းက ပျားရည်လိမ်းထားသလို မျက်နှာချိုချိုနှင့် လောကဝတ်ပြုလိုက်ပြန်သည်။ သူ့အမြင်တွင် ရှန်းရူယန်မှာ ကျီဖုအဆင့်ဖြစ်သလို ကျန်းချန်ရွှမ်သည်လည်း အခြေခံတည်ဆောက်ခြင်း ပြီးပြည့်စုံသည့်အဆင့် ဖြစ်သောကြောင့် သူဆိုင်အတွက် ဂုဏ်ယူဖွယ် ဧည့်ကောင်းစောင်ကောင်းများ ဖြစ်နေပါသည်။
“ရှင့်မှာ အဆင့်၃ ဓမ္မရတနာတွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ ဝိညာဉ်ရတနာတွေရှိလား။ ပြီးတော့ ဗလာကောင်းကင်ကျောက်တုံးတွေရော ရှိလား”
အဘိုးကြီးဖန်က ခေတ္တမျှစဉ်းစားနေပြီးမှ ရိုသေစွာဖြင့်
“စီနီယာခင်ဗျား ပစ္စည်းတွေကို ပြန်စစ်ဆေးပြီးမှ အဖြေပေးနိုင်ပါလိမ့်မယ်။ လောလောဆယ် ဧည့်ခန်းဆောင်ထဲ အရင်ကြွပြီး အနားယူလိုက်ပါဦး။ စစ်ဆေးပြီးရင် ပြန်လာခဲ့ပါ့မယ်။ အဆင်ပြေမလားမသိဘူး”
“ရပါတယ်”
ရှန်းရူယန်က သဘောတူလိုက်သည်။ ထို့နောက် အဘိုးကြီးဖန်က ဦးဆောင်ပြီး သူတို့နှစ်ဦးကို မြောက်ပိုင်းမျှော်စင် အရောင်းဆိုင်၏ အပေါ်ဆုံးထပ်ရှိ ဧည့်ခန်းဆောင်သို့ ခေါ်သွားသည်။ နေရာထိုင်ခင်းပေးပြီးနောက် ဝိညာဉ်လက်ဖက်ရည်နှင့် ဝိညာဉ်သစ်သီးများဖြင့် တည်ခင်းပြန်သည်။ အဘိုးကြီးဖန်က
“စီနီယာနဲ့ တာအိုရောင်းရင်းတို့ခင်ဗျား ဒီလက်ဖက်ရည်က ဒီဆိုင်မှာအကောင်းဆုံး အမူးပြေလက်ဖက်ရည်ဖြစ်ပါတယ်။ ဝိညာဉ်သစ်သီးတွေကလည်း ဆိုင်ရဲ့ အကောင်းဆုံး သစ်သီးသစ်နှံတွေဖြစ်ပါတယ်။ သုံးဆောင်ကြည့်ကြပါ။ ပစ္စည်းတွေကို သွားရောက်စစ်ဆေးလိုက်ပါဦးမယ်”
ကျန်းချန်ရွှမ်တို့လည်း ခေါင်းညိတ်ပြလိုက်ရာ အဘိုးကြီးဖန်းလည်း အခန်းထဲမှ ထွက်ခွာသွားတော့သည်။
မကြာခင် ပစ္စည်းအချို့ကိုသယ်ယူလျက် အဘိုးကြီးဖန်း ပြန်ရောက်လာသည်။ ထိုပစ္စည်းများကို ကျန်းချန်းရွှမ်တို့ ရှေ့ရှိ စားပွဲပေါ်တွင် နေရာချလိုက်ပြီးနောက် အဘိုးကြီးဖန်က ပြုံးလျက်
“စီနီယာခင်ဗျား ကြည့်ကြည့်ပါဦး။ ဆိုင်မှာရှိတဲ့ အဆင့်၃ အနိမ့်စား ဓမ္မရတနာတွေပါ။ ဒီတစ်ခုက မိုးပျံလွန်းပါ၊ ဒါက ရေအောက်မီးလှံဖြစ်ပြီး ဒါကတော့ ကောင်းကင်ဘုံအလင်းထီး ပါ”
မိုးပျံလွန်းသည် အဆင့်၃ ဓမ္မရတနာပျံဖြစ်ပြီး အကျပ်အတည်းတွေ့ချိန်တွင် တိုက်ခိုက်အသုံးပြုရန် အထူးသင့်တော်မည့်ပုံဖြစ်သည်။
***