မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း (၂)
Vol. 6 Ch. 112
ဤလက်နက်၏ထူးခြားချက်မှာ မြန်ဆန်ခြင်းဖြစ်သည်။ ကျန်အပိုင်းများတွင်တော့ ထူးခြားခြင်းမရှိပါ။ ရှန်းရူယန်ထံတွင် အဆင့် ၃ ဓမ္မရတနာဖြစ်သည့် လျှပ်စီးငါးပါး မသေမျိုးလက်နက် ဟုခေါ်သည့် ဓားပျံတစ်စင်းရှိသလို လျှပ်စီးဓာတ်အခြေခံ ကိုယ်ဖော့နည်းစနစ်များ၊ ရွေ့လျားခြင်းနည်းစနစ်များလည်း ရှိထားပြီးဖြစ်၍ ရှန်းရူယန်၏ အားသာချက်မှာ လျင်မြန်မှုဟု သတ်မှတ်နိုင်သည်။
ထို့ကြောင့် သည်လွန်းပျံလက်နက်သည် ရှန်းရူယန်အတွက် အသုံးမဝင်သလို လှံတံလက်နက်တစ်ခုဖြစ်သည့်အကုသိုလ်၇ပါး ရတနာလှံလည်း ရှိနှင့်ပြီးဖြစ်သည်။ လှံနှစ်ချောင်းလုံးမှာ အရည်အသွေးတူ ဓမ္မလက်နက်များ ဖြစ်ကြ၍ အများကြီးမလိုအပ်ပါ။ သို့သော် ကောင်းကင်ဘုံအလင်းထီး ဟုခေါ်သည့် လက်နက်ကိုတော့ ရှန်းရူယန် အနည်းငယ်စိတ်ဝင်စားမိသည်။ ကာကွယ်ရေးလက်နက်တစ်ခုဖြစ်ပြီး အသုံးပြုလိုက်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးကို မီးခိုးတိမ်တိုက်များဖြင့် ဖုံးလွှမ်းလိုက်မည်ဖြစ်ပြီး ခံစစ်အတွက်သာမက၊ အာရုံလွှဲခြင်း၊ ပုန်းခိုခြင်းတို့အတွက်ပါ အသုံးပြုနိုင်သည်ဖြစ်၍ အဆင့်၃ အနိမ့်စား ဓမ္မရတနာတစ်ခုအတွက်တော့ မဆိုး လှဟု ဆိုရမည်။ ကျန်ပစ္စည်းများမှာ အဆင့်၃ ခရမ်းရောင် အဆီအနှစ်ဆေးလုံး၊ အဆင့် ၃ နေကိုးစင်း သစ်သားနှင့် မိုးကြိုးခရမ်းရွှေသား တို့ဖြစ်ကြသည်။
ခရမ်းရောင်အဆီအနှစ်ဆေးလုံးသည် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး၏ ဓမ္မစွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးသည့် ဆေးဝါးတစ်မျိုးဖြစ်ပြီး နေကိုးစင်းသစ်သားမှာ သစ်သားဓာတ်အခြေခံ ဓမ္မရတနာများကို သန့်စင်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းဖြစ်သည်။ မိုးကြိုးခရမ်းရွှေသားကိုတော့ အဆင့်၃ လျှပ်စစ်ဓာတ်အခြေခံ မန္တန်များ ကျင့်ကြံရာတွင် တွဲဖက်အသုံးပြုကြသည်။
သို့သော် အဘိုးကြီးဖန်း ယူလာသောပစ္စည်းများထဲတွင် ကျန်းချန်ရွှမ်လိုအပ်နေသော ဗလာကောင်းကင်ကျောက်တုံး ပါဝင်ခြင်းမရှိ၍ ရှန်းရူယန်က
“ဒီဆိုင်မှာ အဆင့်၃ ဗလာကောင်းကင် ကျောက်တုံးက တစ်ခုတလေတောင် မရှိတာလား”
အဘိုးကြီးဖန်းက သက်ပြင်းချလျက် ခေါင်းခါသည်။
“စီနီယာခင်ဗျား လောလောဆယ် ကျွန်တော်တို့ဆီမှာ ဗလာကောင်းကင်ကျောက်တွေ ရနိုင်မှာ မဟုတ်ပါဘူး”
ရှားပါးပစ္စည်းဟု သတ်မှတ်နိုင်သည့် ဗလာကောင်းကင် ကျောက်တုံးများကို ပုံမှန်စျေးမြို့များတွင် အများအားဖြင့် တွေ့ရလေ့မရှိဘဲ လေလံပွဲ အကြီးစားများနှင့် ရတနာပစ္စည်းဖလှယ်ပွဲတို့တွင်သာ တွေ့ရတတ်ခြင်းဖြစ်သည်။ ရှန်းရူယန်ကိုယ်တိုင်လည်း ထိုအချက်ကို သိရှိပြီးဖြစ်၍ အနည်းငယ်စိတ်ပျက်သွားသည်။ အထူးသဖြင့် အဆိုပါကျောက်တုံးများကို မဖြစ်မနေလိုအပ်နေသည့် ကျန်းချန်ရွှမ်မှာ ဟန်ပင်မဆောင်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။
ထိုစဉ် အဘိုးကြီးဖန်းက တစ်ခုခုစဉ်စားမိဟန်နှင့်
“ဒါပေမဲ့ စီနီယာတို့အတွက် ရနိုင်တဲ့ အခွင့်အရေးတစ်ခုရှိပါတယ်။ နောက်တစ်လနှစ်လကြာရင် ပိုင်ယွင်ဂိုဏ်းက ကြီးမှူးပြီး ကျီဖုအဆင့် ရတနာဖလှယ်ပွဲတစ်ပွဲ ကျင်းပဖို့ရှိတယ်။ အဲဒီပွဲမှာ စီနီယာတို့အလိုရှိနေတဲ့ ပစ္စည်းတွေ ရှိနိုင်ပါလိမ့်မယ်”
အဘိုးကြီးဖန်း၏စကားကိုကြားပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် ထခုန်မိမတတ် ဝမ်းမြောက်သွားတော့သည်။ အဆိုပါဖလှယ်ပွဲကို ကျီဖုအဆင့် ကျင့်ကြံသူများသာ တက်ရောက်ကြမည်ဖြစ်ပြီး လဲလှယ်ရောင်းဝယ်သည့် ရတနာပစ္စည်းများသည်လည်း အဆင့်၃ နှင့် အထက်သာဖြစ်ကြသည်။ အဆိုပါပြပွဲမျိုးတွင် ရှန်းရူယန်နှင့် ကျန်းချန်ရွှမ် အလိုရှိသည့် ဗလာကောင်းကင်ကျောက်တုံးများ ရှိနေဖို့ အလားအလာများပါသည်။
သို့နှင့် ကျန်းချန်ရွှမ်တို့ နှစ်ဦးလည်း လာမည့်လအနည်းငယ်အတွင်း ကျင်းပမည့် အဆိုပါရတနာဖလှယ်ပွဲတွင် ပါဝင်ဆင်နွှဲရန် ဆုံးဖြတ်လိုက်သည်။ ကျန်းချန်ရွှမ်မှာ ကျီဖုအဆင့်ကို မရောက်ရှိသေးသော်လည်း တာအိုကျင့်ကြံဖက်ဖြစ်သူ ရှန်းရူယန်သည် ကျီဖုအဆင့်ကျင့်ကြံသူဖြစ်နေ၍ ပိုင်ယွင်ဂိုဏ်းအနေနှင့် ကျန်းချန်ရွှမ်ကို ပြပွဲဝင်ခွင့်ပေးရမည်ဖြစ်သည်။
ထို့နောက် ရှန်းရူယန်လည်း အဘိုးကြီးဖန်းထံမှ အဆင့်၃ အခြေခံဝိညာဉ်ဆေးဝါးများနှင့် ဝိညာဉ်ရတနာအချို့ဝယ်ယူလိုက်သည်။ ဥပမာ မိုးကြိုးခရမ်းရွှေသားနှင့် ခရမ်းရောင်အဆီအနှစ် ဆေးလုံးများဖြစ်ပြီး ဝိညာဉ်ကျောက်တုံး တစ်သိန်းခန့် ကုန်ကျသည်။ ထို့အပြင် ရှန်းရူယန်သည် ကျန်းချန်ရွှမ်အတွက်လည်း လက်နက်သန့်စင်ရာတွင်အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများနှင့် ဝိညာဉ်ကျောက်စိမ်းအဝါတို့ကိုလည်း ဝယ်ယူလိုက်သေးသည်။
ထို့နောက် ကျန်းချန်ရွှမ်၏ ကိုယ်ခန္ဓာမွမ်းမံခြင်း ကျင့်စဉ်အတွက် လိုအပ်သော ဓာတ်ငါးပါးဝိညာဉ်ပစ္စည်းများကို ဆက်လက်ဝယ်ယူသည်။ သို့သော် အဘိုးကြီးဖန်း၏ဆိုင်တွင် ဓာတ်ငါးပါးအနက် မီး၊သတ္တုနှင့် ရေဓာတ်အခြေခံ ပစ္စည်းများသာရှိပြီး သစ်သားဓာတ်နှင့် မြေဓာတ်ပစ္စည်းများ လုံးဝရှိမနေပါ။ ကျန်းချန်းရွှမ်တို့အနေနှင့် အဆိုပါပစ္စည်းများကို ဝယ်ယူခွင့်ရရန် ရတနာဖလှယ်ပွဲကျင်းပချိန်ကိုသာ စောင့်မျှော်ရတော့မည်ဖြစ်သည်။
နောက်ဆုံးအနေနှင့် ရှန်းရူယန်သည် ကောင်းကင်ဘုံ အလင်းထီးကို ဝိညာဉ်ကျောက်တုံး ငါးသောင်းပေးချေ၍ ဝယ်ယူလိုက်တော့သည်။ စုစုပေါင်းကုန်ကျစရိတ်မှာ တစ်သိန်းဝန်းကျင်ရှိပြီး အဆိုပါပမာဏသည် ကျီဖုအဆင့်ကျင့်ကြံသူများအတွက်ပင် အတော်အတန် များပြားသောပမာဏဖြစ်သည်။
ထို့နောက် ကျန်းချန် ရွှမ်နှင့် ရှန်းရူယန်တို့လည်း မြောက်ပိုင်းမျှော်စင် အရောင်းဆိုင်မှ ထွက်ခွာလာပြီး ပိုင်ယွင်စျေးတစ်နေရာရှိ အဆင့် ၃ ဂူဗိမာန်တစ်ဆောင်ကို ငှားရမ်းလိုက်သည်။ ရတနာဖလှယ်ပွဲ မကျင်းပမီ ကာလအတောအတွင်း ဤဂူမှာပင် ခေတ္တတည်းခိုရမည်ဖြစ်သည်။
ထိုအတောအတွင်း ရှန်းရူယန်အနေနှင့် ဖွံ့ဖြိုးစ ကျီဖုနယ်ပယ်ကို အခြေခိုင်ရန် ဆက်လက်ကျင့်ကြံရဦးမည်ဖြစ်သည်။ ကျန်းချန်ရွှမ်အတွက်မူ ဇနီးဖြစ်သူ ဝယ်ပေးထားသော ကုန်ကြမ်းများကို အသုံးပြု၍ လက်နက်သွန်းလုပ်သန့်စင်ခြင်း စွမ်းရည်ကို မြှင့်တင်ရမည်ဖြစ်သလို တစ်ချိန်တည်းတွင် အခြေခံတည်ဆောက်ခြင်း နဝမအဆင့်ရှိ အဆီအနှစ်စွမ်းအင်များကို ပြန်လည်သန့်စင်ခြင်းဖြင့် အခြေခံတည်ဆောက်မှုနယ်ပယ်၏ ပြီးပြည့်စုံသော အဆင့်ကို အချိန်တိုအတွင်း ရောက်ရှိရန် အားထုတ်ရမည်ဖြစ်သည်။
မကြာမီ လ အနည်းငယ် ကုန်လွန်သွားပြန်သည်။ ကျန်းချန်ရွှမ်တစ်ယောက် အဆင့် ၃ အနိမ့်စား လက်နက်ပစ္စည်းတစ်ခုကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်မှာပင် သူရှိနေသော အခန်းအပြင်ရှိ ကန့်သတ်အစီအရင်မှာ အသက်ဝင်သွားသည်။ ထိုအခါ သူတို့ဇနီးမောင်နှံ စောင့်မျှော်နေသော ရတနာဖလှယ်ပွဲမှာ ယနေ့ကျင်းပမည်ဖြစ်ကြောင်း သတိရလိုက်တော့သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်လည်း အခန်းပြင်သို့ ခပ်သုတ်သုတ်ထွက်လာရာ အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့ဟန်တူသည့် ဇနီးဖြစ်သူရှန်းရူယန်က သူ့အား ဆီးကြိုလျက်ရှိသည်ကို တွေ့ရတော့သည်။ ရှန်းရူယန်က ပြုံးလျက်
“ယောက်ျားရေ အချိန်ကျပြီ။ ပြပွဲသွားရအောင်”
ပြောပြောဆိုဆိုနှင့် နှစ်ဦးသား နေထိုင်ရာ ဂူဗိမာန်အပြင်သို့ ထွက်လာကြတော့သည်။
***