မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း (၃)
Vol. 6 Ch. 113
ကျီဖုအဆင့် ရတနာဖလှယ်ပွဲကျင်းပမည့် တည်နေရာမှာ အရုဏ်ဦးပန်းခြံဟု ခေါ်သည့်နေရာတွင်ဖြစ်သည်။ ကျန်းချန်ရွှမ်တို့ ရောက်သွားချိန်တွင် လူအများအပြား ရောက်ရှိနေပြီးဖြစ်သည်ကိုတွေ့ရသည်။ ကျီဖုအဆင့်ကျင့်ကြံသူများ ပါဝင်ကြသလို သူတို့နှင့်အတူ လိုက်ပါလာကြသည့် ကျီဖုအဆင့်အောက် ကျင့်ကြံသူများလည်း ပါဝင်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ပန်းခြံတစ်နေရာရှိ ခုံများတွင် အသီးသီးနေရာယူလိုက်ကြသည်။ ထိုအချိန်တွင် မမျှော်လင့်ထားသော အသံတစ်ခုကို ကြားလိုက်ရသည်။
“အစ်ကိုကျန်းနဲ့ အစ်မရှန်းတို့လည်း ရောက်နေကြတာကိုး”
အသံပိုင်ရှင်သည် လမင်းကြည့်ဂိုဏ်းမှ သခင်မလေး ဟွမ်လင်းအယ် ပင်ဖြစ်သည်။ သူမ၏အနောက်တွင် ကွန်ဖြူးရှပ်ဝတ်စုံဟုခေါ်သည့် ဝတ်လုံတစ်မျိုးကို ဝတ်ဆင်ထားသော ဥပဓိရုပ်ကောင်းကောင်းနှင့် သက်လတ်ပိုင်းအရွယ် ပုဂ္ဂိုလ်တစ်ဦးရှိနေသည်ကိုလည်း တွေ့လိုက်ရသည်။ ထိုပုဂ္ဂိုလ်၏ နားသယ်ရှိ ဆံဖြူစများကြောင့် ပိုမိုရင့်ကျက်တည်ငြိမ်သည့် အသွင်ကိုဆောင်နေသည်။ ထိုလူသည် အမှန်တကယ်ပင် တည်ကြည်ခန့်ညားသော သက်လတ်ပိုင်း လူကြီးတစ်ဦးပင်ဖြစ်သည်။
သို့သော် ရှန်းရူယန်၏ မျက်နှာထားမှာ ရုတ်တရက်တည်သွားပြီး ကျန်းချန်ရွှမ်ထံသို့ လျှို့ဝှက်အသံပို့စနစ်ဖြင့် အသိပေးလိုက်သည်။
“ယောက်ျား ဟွမ်လင်းအယ်နဲ့ အတူပါလာတဲ့ လူကြီးက သာမန်မဟုတ်ဘူး။ ရွှေအမြုတေနယ်ပယ်ကို ခြေတစ်လှမ်းချထားနိုင်တဲ့လူပဲ”
“ဟွမ်လင်းအယ် ဘေးက လူကြီးလား”
ကျန်းချန်ရွှမ်မှာ ရှန်းရူယန်၏ စကားကြောင့် တုန်လှုပ်သွားမိသည်။ ရွှေအမြုတေနယ်ပယ်အတွင်းသို့ ခြေတစ်လှမ်းချထားနိုင်သော ကျင့်ကြံသူများသည် ပဏာမ ရွှေအမြုတေရတနာကို သိပ်သည်းနိုင်ခဲ့ပြီးဖြစ်သည့်အတွက် သူတို့ကို ပဏာမရွှေအမြုတေအဆင့် ကျင့်ကြံသူဟုခေါ်ဆိုကြသည်။ ထိုသူတို့၏ ဓမ္မစွမ်းအင်၊ နည်းစနစ်များ၊ မန္တန်များနှင့် တိုက်ပွဲဝင်စွမ်းရည်တို့မှာ ကျီဖုနယ်ပယ် နဝမအဆင့် ကျင့်ကြံသူများထက် များစွာသာလွန်ပြီး ရွှေအမြုတေနယ်ပယ်သို့ စတင်ဝင်ရောက်စပြုနေသည့် ကျင့်ကြံခြင်းအဆင့်မျိုးဖြစ်သည်။သူတို့အနေနှင့် ရွှေအမြုတေကျင့်ကြံသူ အစစ်ဖြစ်မလာသေးခြင်းမှာ အခွင့်အခါမသင့်၍ သော်လည်းကောင်း၊ လုံလောက်သည့်ပါရမီနှင့် စိတ်ပိုင်းဆိုင်ရာ အသင့်မဖြစ်သေး၍သော်လည်းကောင်း၊ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။
ဟွမ်လင်းအယ်နဲ့ အတူပါလာသော ပုဂ္ဂိုလ်၏ ကျင့်ကြံမှုအဆင့်ကိုကြည့်၍ ထိုသူနှင့် ဟွမ်လင်းအယ်တို့၏ တော်စပ်ပုံကို ကျန်းချန်ရွှမ်တို့ ခန့်မှန်းမိလိုက်ကြသည်။ သူတို့မှန်းဆသလိုပင် ဟွမ်လင်းအယ်သည် သူမဘေးရှိ ပုဂ္ဂိုလ်ကိုညွှန်ပြ၍
“အဖေ သူတို့က အစ်ကိုကျန်းနဲ့ အစ်မရှန်းတဲ့၊ အဖေ့ကိုပြောခဲ့တဲ့ သမီးနဲ့ အဘိုးဝူကို ကယ်ခဲ့တဲ့နှစ်ယောက်ပေါ့၊ အဲဒီနေ့က သူတို့သာမမရှိရင် သမီးတို့ သေနေလောက်ပြီ”
သမီးဖြစ်သူစကားကိုကြားလျှင် လမင်းကြည့်ဂိုဏ်း၏ ဂိုဏ်းသခင်ဖြစ်သူ ဟွမ်းဝမ်ယုက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ စုံတွဲကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“ကျုပ်ကြားပြီးပါပြီ၊ လင်းအယ်နဲ့ ပိုင်ရန်တို့နောက်ကို နတ်ဆိုးကျင့်ကြံသူတွေ လိုက်နေချိန် မင်းတို့နှစ်ယောက်က ဝင်ပြီးကယ်ဆယ်ခဲ့တယ်တဲ့။ ဒီအတွက် လမင်းကြည့်တစ်ဂိုဏ်းလုံး ကိုယ်စား ကျုပ်ကပဲ ကျေးဇူးတင်စကားဆိုပါရစေ”
ဟွမ်ဝမ်ယုက ကျေးဇူးစကားဆိုရင်း ကျန်းချန်ရွှမ်တို့စုံတွဲကို ဦးညွတ်ဂါရဝပြုလိုက်သည်ဖြစ်ရာ ရှန်းရူယန်တို့လည်း မနေသာတော့ဘဲ အလားတူ ဂါရဝပြုတုံ့ပြန်လိုက်ရသည်။ ကျန်းချန်ရွှမ်က ပြုံးရယ်လျက်
“ဂိုဏ်းသခင်ကြီးဟွမ် ကျုပ်တို့လုပ်ပေးခဲ့တာ အသေးအဖွဲပါဗျာ။ ကျေးဇူးတင်စရာမလိုပါဘူး”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနက် ပထမဆုံး စကားတုံ့ပြန်သူမှာ ကျန်းချန်ရွှမ်ဖြစ်နေသည်ကို ဟွမ်ဝမ်ယုမြင်လျှင် အနည်းငယ်အံ့သြသလို ဖြစ်သွားပြီးမှ ချက်ချင်းဣန္ဒြေဆည်လိုက်သည်။ ထို့နောက် သူကပြုံးလျက်
“မင်းတို့နှစ်ယောက်အတွက် အသေးအဖွဲဆိုပေမဲ့ ကျုပ်အတွက်တော့ သမီးလေဗျာ၊ ကျေးဇူးတုံ့ပြန်မှ ဖြစ်မှာပေါ့”
ထို့နောက် ဟွမ်ဝမ်ယုသည် သူ့ဝတ်လုံထဲရှိ ကျောက်စိမ်းတိုကင်ပြား တစ်ခုကိုထုတ်ယူလိုက်ပြီး ကျန်းချန်ရွှမ်ထံ ကမ်းပေးလိုက်သည်။
“ဒါက လမင်းကြည့်သူ တံဆိပ်ပြားပဲ။ ကျုပ်တို့ဂိုဏ်းအပေါ် ကျေးဇူးရှိနေတဲ့ ပုဂ္ဂိုလ်တွေကို ပေးအပ်တဲ့လက်ဆောင်ပါ။ ဒီတံဆိပ်ပြားရှိရင် ကျုပ်တို့ဂိုဏ်းကို အချိန်မရွေးလာပြီး အလိုရှိတာကို တောင်းဆိုခွင့်ရှိပါတယ်။ ကျုပ်တို့ဂိုဏ်းအတွက် တတ်နိုင်တဲ့ဘောင်အတွင်းရှိနေမယ်ဆိုရင် ဘယ်အရာမဆို ဖြည့်ဆည်းပေးမှာပါ”
***