← Chapters

မိတ်ဆွေ​ဟောင်း​နှင့် တွေ့ဆုံ​ခြင်း (၃)

Vol. 6 Ch. 113

မိတ်ဆွေ​ဟောင်း​နှင့် တွေ့ဆုံ​ခြင်း (၃)

Vol. 6 Ch. 113

ကျီဖုအဆင့် ရတနာ​ဖလှယ်​ပွဲ​ကျင်းပ​မည့်​ တည်​နေရာ​မှာ အရုဏ်ဦးပန်းခြံဟု ခေါ်​သည့်​နေရာ​တွင်​ဖြစ်​သည်။ ကျန်း​ချန်​ရွှမ်တို့ ရောက်​သွား​ချိန်​တွင် လူအများ​အပြား​ ရောက်ရှိနေပြီးဖြစ်သည်ကိုတွေ့ရသည်။ ကျီဖုအဆင့်​ကျင့်ကြံသူများ ပါဝင်​ကြသလို သူတို့နှင့်အတူ လိုက်​ပါလာကြသည့် ကျီဖုအဆင့်အောက် ကျင့်ကြံသူများလည်း ပါဝင်သည်။ ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့လည်း ပန်း​ခြံတစ်နေရာရှိ ခုံ​များ​တွင် အသီးသီး​နေရာယူလိုက်ကြသည်။ ထို​အချိန်​တွင် မမျှော်လင့်ထားသော အသံတစ်ခုကို ကြားလိုက်ရသည်။

“အစ်ကို​ကျန်း​နဲ့ အစ်မရှန်းတို့လည်း ရောက်​နေကြတာကိုး”

အသံ​ပိုင်ရှင်သည် လမင်း​ကြည့်​ဂိုဏ်းမှ ​သခင်​မလေး​ ဟွမ်လင်းအယ် ပင်ဖြစ်သည်။ သူမ၏အနောက်တွင် ကွန်​ဖြူး​ရှပ်​ဝတ်စုံဟုခေါ်သည့် ဝတ်​လုံတစ်မျိုးကို ဝတ်ဆင်ထားသော ဥပဓိရုပ်​ကောင်းကောင်းနှင့် သက်လတ်ပိုင်းအရွယ် ပုဂ္ဂိုလ်တစ်ဦးရှိနေသည်ကိုလည်း တွေ့လိုက်ရ​သည်။ ထို​ပုဂ္ဂိုလ်၏ နားသယ်ရှိ ဆံဖြူစများကြောင့် ပိုမို​ရင့်ကျက်​တည်ငြိမ်​သည့် အသွင်​ကိုဆောင်နေသည်။ ထိုလူသည် အမှန်တကယ်​ပင် တည်ကြည်​ခန့်​ညား​သော သက်​လတ်​ပိုင်း​ လူကြီး​တစ်ဦးပင်ဖြစ်သည်။

သို့သော်​ ရှန်းရူယန်၏ မျက်​နှာထားမှာ ရုတ်တရက်​တည်သွားပြီး ကျန်း​ချန်​ရွှမ်ထံသို့ လျှို့ဝှက်​အသံပို့စနစ်ဖြင့် အသိပေး​လိုက်သည်။

“ယောက်ျား​ ဟွမ်လင်းအယ်နဲ့ အတူပါလာတဲ့ လူကြီး​က သာမန်​မဟုတ်ဘူး။ ရွှေအမြုတေနယ်ပယ်ကို ခြေတစ်လှမ်းချထားနိုင်တဲ့လူပဲ”

“ဟွမ်လင်းအယ် ဘေးက​ လူကြီး​လား”

ကျန်း​ချန်​ရွှမ်မှာ ရှန်းရူယန်၏ စကား​ကြောင့် တုန်​လှုပ်​သွားမိသည်။ ရွှေအမြုတေနယ်ပယ်အတွင်း​သို့​ ခြေ​တစ်​လှမ်း​ချထား​နိုင်သော ကျင့်ကြံသူ​များသည် ပဏာမ ရွှေအမြုတေ​ရတနာကို သိပ်​သည်း​နိုင်ခဲ့ပြီးဖြစ်သည့်အတွက် သူတို့​ကို ပဏာမရွှေအမြုတေအဆင့် ကျင့်ကြံသူ​ဟုခေါ်​ဆိုကြသည်။ ထို​သူတို့၏ ဓမ္မ​စွမ်းအင်၊ နည်းစနစ်​များ၊ မန္တန်​များနှင့်​ တိုက်​ပွဲ​ဝင်​စွမ်းရည်​တို့မှာ ကျီဖုနယ်ပယ် နဝမ​အဆင့် ကျင့်ကြံသူများထက် များစွာ​သာလွန်​ပြီး ရွှေ​အမြုတေ​နယ်ပယ်​သို့ စတင်ဝင်ရောက်စပြုနေသည့် ကျင့်ကြံ​ခြင်း​အဆင့်​မျိုး​ဖြစ်သည်။သူတို့​အနေနှင့်​ ရွှေအမြုတေ​ကျင့်ကြံသူ အစစ်ဖြစ်မလာသေးခြင်းမှာ အခွင့်အခါမသင့်၍ သော်လည်းကောင်း၊ လုံလောက်​သည့်​ပါရမီနှင့် စိတ်​ပိုင်း​ဆိုင်ရာ​ အသင့်မဖြစ်သေး၍သော်လည်း​ကောင်း၊ စသဖြင့်​ အကြောင်း​အမျိုး​မျိုး​ကြောင့် ဖြစ်နိုင်သည်။

ဟွမ်လင်းအယ်နဲ့ အတူပါလာသော ပုဂ္ဂိုလ်၏ ကျင့်ကြံ​မှုအဆင့်ကိုကြည့်၍ ထိုသူနှင့် ဟွမ်လင်းအယ်တို့၏ တော်​စပ်ပုံကို ကျန်း​ချန်​ရွှမ်​တို့ ခန့်​မှန်း​မိလိုက်ကြသည်။ သူတို့မှန်းဆသလိုပင် ဟွမ်လင်းအယ်သည် သူမဘေးရှိ ပုဂ္ဂိုလ်​ကိုညွှန်ပြ၍

“အဖေ သူတို့​က အစ်ကို​ကျန်းနဲ့ အစ်မရှန်းတဲ့၊ အဖေ့ကို​ပြောခဲ့တဲ့ သမီး​နဲ့ အဘိုး​ဝူကို ကယ်ခဲ့​တဲ့နှစ်ယောက်ပေါ့၊ အဲဒီ​နေ့က သူတို့​သာမမရှိရင် သမီး​တို့ သေနေလောက်ပြီ”

သမီး​ဖြစ်သူ​စကား​ကိုကြားလျှင် လမင်း​ကြည့်​ဂိုဏ်း၏ ဂိုဏ်း​သခင်​ဖြစ်သူ ဟွမ်းဝမ်ယုက ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့ စုံတွဲ​ကို ပြုံး​လျက် နှုတ်​ဆက်​လိုက်​သည်။

“ကျုပ်​ကြားပြီးပါပြီ၊ လင်း​အယ်​နဲ့ ပိုင်​ရန်တို့နောက်ကို နတ်ဆိုးကျင့်ကြံသူတွေ လိုက်နေချိန် မင်း​တို့​နှစ်ယောက်​က ဝင်​ပြီးကယ်ဆယ်ခဲ့တယ်တဲ့။ ဒီအတွက်​ လမင်းကြည့်တစ်ဂိုဏ်းလုံး ကိုယ်​စား ကျုပ်​ကပဲ ကျေးဇူးတင်​စကား​ဆိုပါရစေ”

ဟွမ်ဝမ်ယုက ကျေး​ဇူး​စကား​ဆိုရင်း ကျန်း​ချန်​ရွှမ်တို့စုံတွဲကို ဦးညွတ်ဂါရဝပြုလိုက်သည်ဖြစ်ရာ ရှန်းရူယန်တို့လည်း မနေ​သာတော့ဘဲ အလား​တူ ဂါရဝပြုတုံ့ပြန်လိုက်ရသည်။ ကျန်း​ချန်​ရွှမ်က ပြုံး​ရယ်​လျက်

“ဂိုဏ်း​သခင်​ကြီးဟွမ် ကျုပ်​တို့​လုပ်ပေးခဲ့တာ အသေး​အဖွဲပါဗျာ။ ကျေးဇူးတင်စရာမလိုပါဘူး”

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့အနက် ပထမဆုံး​ စကား​တုံ့​ပြန်သူမှာ ကျန်းချန်ရွှမ်ဖြစ်နေသည်ကို ဟွမ်ဝမ်ယုမြင်လျှင် အနည်း​ငယ်အံ့သြသလို ဖြစ်​သွား​ပြီးမှ ချက်​ချင်း​ဣန္ဒြေဆည်လိုက်သည်။ ထို့နောက်​ သူက​ပြုံး​လျက်

“မင်း​တို့​နှစ်ယောက်​အတွက်​ အသေး​အဖွဲ​ဆိုပေမဲ့ ကျုပ်​အတွက်​တော့ သမီး​လေဗျာ၊ ကျေးဇူး​တုံ့ပြန်​မှ ဖြစ်​မှာပေါ့”

ထို့နောက်​ ဟွမ်ဝမ်ယုသည် သူ့ဝတ်လုံထဲရှိ ကျောက်​စိမ်း​တိုကင်ပြား တစ်ခုကို​ထုတ်​ယူ​လိုက်​ပြီး ကျန်း​ချန်​ရွှမ်ထံ ကမ်းပေးလိုက်သည်။

“ဒါက လမင်း​ကြည့်သူ တံဆိပ်​ပြားပဲ။ ကျုပ်​တို့​ဂိုဏ်း​အပေါ်​ ကျေးဇူး​ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို​ ပေး​အပ်​တဲ့လက်ဆောင်ပါ။ ဒီတံဆိပ်ပြားရှိရင် ကျုပ်​တို့ဂိုဏ်းကို အချိန်မရွေးလာပြီး အလိုရှိတာကို တောင်း​ဆို​ခွင့်ရှိပါတယ်။ ကျုပ်​တို့​ဂိုဏ်း​အတွက် တတ်နိုင်​တဲ့ဘောင်အတွင်းရှိနေမယ်ဆိုရင် ဘယ်အရာမဆို ဖြည့်​ဆည်း​ပေးမှာပါ”

***

All Chapters