ကျီဖုအဆင့် ဖလှယ်ပွဲကြီး (၁)
Vol. 6 Ch. 114
ကျန်းချန်ရွှမ်လည်း မနေသာတော့ဘဲ ဟွမ်ဝမ်ယု၏လက်ဆောင်ကို ယူလိုက်ရသည်။ ထို့နောက် အားရပါးရပြုံးရယ်ရင်း
“ဒါဆိုလည်း ကျုပ်တို့လက်ခံရမှာပေါ့ဗျာ”
ဟွမ်ဝမ်ယုက စကားမဆိုဘဲ ပြုံးလျက်သာ ခေါင်းတဆတ်ဆတ်ညိတ်နေတော့သည်။ ထိုအခိုက်မှာပင် ကျီဖုအဆင့် ရတနာဖလှယ်ပွဲကြီး စတင်ပါသည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန် နှင့်လူအားလုံးတို့၏ အာရုံမှာ စင်မြင့်ထက်သို့ ရောက်သွားသည်။ စင်မြင့်ပေါ်ကို သက်လတ်ပိုင်းအရွယ် ချောမောလှပသည့် အမျိုးသမီးတစ်ဦး တက်လာသည်ကို တွေ့ရသည်။ ထိုမိန်းမသည် တိမ်လွှာအနားကွပ် အဝါရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမကိုယ်ပေါ်ရှိ အော်ရာမှာ အလွန်အမင်း အားကြီးလှသည်ဖြစ်ရာ ကျီဖုနယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေသူဖြစ်မှန်း သိရှိနိုင်သည်။
ထိုခဏတွင် ဟွမ်ဝမ်ယုက
“အဲဒီအမျိုးသမီးက ပိုင်ယွင်ဂိုဏ်းရဲ့ ထိပ်တန်းအကြီးအကဲတွေထဲက တစ်ယောက်ပဲ။ လာမဲ့နှစ်ရာဂဏန်းအတွင်း ရွှေရောင်အမြုတေကို သိပ်သည်းနိုင်မဲ့ အလားအလာအရမ်းကောင်းတယ်။ သူ့နာမည်က ယွင်ယွဲ့ကျန် တဲ့။ အသက်က ၃၀၀ ပဲရှိသေးတယ်”
ထိုစကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ကျီဖုနယ်ပယ် နဝမအဆင့်ကို နှစ်၃၀၀ အတွင်း တက်လှမ်းရန်မှာ မလွယ်ကူပါ။ ထိုအမျိုးသမီးအနေနှင့် လက်ရှိတိုးတက်မှုအမြန်နှုန်းအရ နှစ်ငါးဆယ်အတွင်း ပဏာမ ရွှေရောင်အမြုတေကို သိပ်သည်းနိုင်ရန် အလားအလာရှိပြီး ရွှေအမြုတေကျင့်ကြံသူအစစ်ဖြစ်ရန် မျှော်လင့်ချက်ရှိသည်ဟု ဆိုရမည်။
အသက်ဓာတ်ကိုဆွဲဆန့်နိုင်သော ဝိညာဉ်ဆေးဝါးများကို ထိုအတောအတွင်း သောက်သုံးထားမည်ဆိုပါက ယွင်ယွဲ့ကျန်အနေနှင့် ရွှေအမြုတေအဆင့်ကို ဝင်ရောက်ရန် ပထမဆုံးအကြိမ် ကြိုးစားမှု မအောင်မြင်ခဲ့လျှင်တောင် ဒုတိယအကြိမ် ကြိုးစားခွင့်ရှိဦးမည်ဖြစ်သည်။ ထိုအချိန်တွင် စင်မြင့်ပေါ်မှ ယွင်ယွဲ့ကျန်က လက်သီးဆုပ်၍ ပရိသတ်ကို ဂါရဝပြုလိုက်သည်။
“တာအိုမောင်နှမတို့ရှင်၊ ကျွန်မတို့ ပိုင်ယွင်ဂိုဏ်းက ဦးစီးကျင်းပတဲ့ ကျီဖုအဆင့် ရတနာဖလှယ်ပွဲကြီးကနေ ကြိုဆိုလိုက်ပါတယ်။ ကဲ စလိုက်ကြစို့လား”
ထို့နောက် သူမသည် အိတ်ထဲမှ ပစ္စည်းအချို့ကို ထုတ်ယူကာ ပရိသတ်ကို ချပြလိုက်သည်။ ပရိသတ်ကိုပြုံးပြလိုက်ရင်း
“အဆင့် ၃ အမြင့်ဆုံးအဆင့်ရှိ ဓမ္မရတနာတစ်ပါးရယ်၊ အဆင့်၃ အမြင့်ဆုံးအဆင့် မှော်ဝိညာဉ် ဆေးပုလင်းရယ်နဲ့ အဆင့်၃ အမြင့်ဆုံးအဆင့်ပဲဖြစ်တဲ့ တိမ်လွှာကြယ်အလင်း ဘောလုံးတို့ပဲဖြစ်ပါတယ်။ ဒီရတနာတွေကို ထွေထွေထူးထူး မိတ်ဆက်ပေးစရာ မလိုဘူးထင်ပါတယ်။ ကျွန်မအနေနဲ့ ဒီရတနာတွေကို တန်ဖိုးတူ အဆင့်၃ ရေဓာတ်ဝိညာဉ်ရတနာတွေ ဒါမှမဟုတ်ဝိညာဉ်အားဖြည့်ဆေးဝါးတွေနဲ့ လဲလှယ်လိုပါတယ်”
ထိုစကားကိုကြားလျှင် ယွင်ယွဲ့ကျန်၏ ရတနာပစ္စည်းများကို အလိုရှိနေကြသည့် ကျီဖုအဆင့် ပုဂ္ဂိုလ်များမှာ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။ ယွင်ယွဲ့ကျန်အလိုရှိသော ပစ္စည်းများမှာ သူတို့လက်ထဲတွင် မရှိပေ။ ထိုစဉ် အနီရောင်တာအိုဝတ်ရုံဝတ် လူကြီးတစ်ဦးက ထ၍
“တာအိုအစ်မယွင် ကျုပ်ဆီမှာ အဆင့်၃ ကောင်းကင်ဘုံရေခဲ တစ်ပုလင်းရှိတယ်။ ခင်ဗျားလိုချင်တဲ့ အဆင့်၃ ရေဓာတ်ဝိညာဉ်ရတနာ မဟုတ်ပေမဲ့ ဒီပစ္စည်းကလည်း ရှားပါးဝိညာဉ်ရတနာတစ်ပါးပါပဲ။ ဒီပစ္စည်းနဲ့ ခင်ဗျားရဲ့ အဆင့်၃ မှော်ဝိညာဉ်ဆေးပုလင်းနဲ့ လဲလှယ်လို့ရမလား”
“အဆင့် ၃ ကောင်းကင်ဘုံ ရေခဲဆေးပုလင်းလား”
ယွင်ယွဲ့ကျန်၏ မျက်လုံးများမှာ အရောင်လက်သွားသည်။
“ရတာပေါ့”
အနီရောင်တာအိုဝတ်ရုံဝတ် လူကြီးမှာ ဟန်ပင်မဆောင်နိုင်အောင် ပျော်မြူးသွားပြီး စင်ပေါ်သို့ အလျင်အမြန်တက်ကာ လဲလှယ်လိုက်ပါတော့သည်။ ထိုအခါ ကျီဖုနယ်ပယ် အဌမအဆင့်ရှိသော မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူတစ်ဦးက အညိုရောင်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး
“တာအိုအစ်မယွင် ဒါက အဆင့်၃ အရိပ်ဝိညာဉ်ကျောက်တုံးပဲ၊ ထိပ်တန်း ဝိညာဉ်အားဖြည့်ဆေးတော့ မဟုတ်ပေမဲ့ ဝိညာဉ်ကိုအားဖြည့်မွမ်းမံနိုင်တဲ့ အာနိသင်ရှိတယ်။ ဒီပစ္စည်းနဲ့ အဆင့်၃ အမြင့်ဆုံးအဆင့်ရှိ ဓမ္မရတနာနဲ့ လဲမယ်ဆိုရင်ရော”
“အရိပ်ဝိညာဉ်ကျောက်တုံး ဟုတ်လား”
မုတ်ဆိတ်မွေးနှင့်လူ ယူဆောင်လာသော ပစ္စည်းကိုမြင်ပြီးနောက် ယွင်ယွဲ့ကျန်တစ်ယောက် ဝမ်းသာသွားဟန်တူသည်။ သာမန်ဝိညာဉ်ရတနာတစ်ပါးသည် ဝိညာဉ်ကို အားဖြည့်ရုံသာ တတ်နိုင်သော်လည်း အရိပ်ဝိညာဉ်ကျောက်တုံးမှာ ဝိညာဉ်၏အသွင်အပြင်ကိုပါ မွမ်းမံနိုင်စွမ်းရှိရာ သူမမျှော်မှန်းထားသည်ထက်ပင် သာလွန်နေပါသည်။ ထို့ကြောင့် ယွင်ယွဲ့ကျန်လည်း ခေါင်းကိုသွက်သွက်ကြီး ညိတ်ပြရင်း
“ရတာပေါ့”
မုတ်ဆိတ်မွေးလူလည်း ကျေနပ်စွာပြုံးရင်း ပစ္စည်းချင်း ဖလှယ်လိုက်ကြပြန်သည်။ ယွင်ယွဲ့ကျန်၏ ကျန်ရှိနေသော ပစ္စည်းဖြစ်သည့် တိမ်လွှာကြယ်အလင်းဘောလုံးမှာ အကာအကွယ် ဓမ္မဝတ်လုံများ သန့်စင်ဖန်တီးရာတွင် အသုံးပြုသည့် ရှားပါးပစ္စည်းဖြစ်သည်။ ထို့ကြောင့် သည်ရတနာ၏တန်ဖိုးသည် ကျန်နှစ်ခုထက် များစွာမြင့်မားပါသည်။
ကျင့်ကြံသူအချို့သည် အဆိုပါရတနာကို သူတို့ထံတွင်ရှိသည့် ပစ္စည်းများနှင့် လဲလှယ်ရန် ကြိုးစားနေကြသော်လည်း သူတို့၏ပစ္စည်းများမှာ တိမ်လွှာကြယ်အလင်းဘောလုံးနှင့် တန်ဖိုးချင်း တန်းမတူ၍ ယွင်ယွဲ့ကျန်က လက်ခံခြင်းမရှိပါ။
“လင်းအာ သမီးရဲ့ အဆင့်၂ ဓမ္မဝတ်လုံက ပျက်သွားပြီမလား”
ဟွမ်ဝမ်ယုက ရုတ်တရက် ကောက်ခါငင်ခါ လှမ်းမေးလိုက်သည်။
“သမီးအတွက် အဆင့်၃ ဝတ်လုံ ဖန်တီးပေးဖို့ လိုနေပြီပေါ့”
ထို့နောက် ဟွမ်ဝမ်ယုသည် သမီးဖြစ်သူ၏ အဖြေကိုပင် မစောင့််တော့ဘဲ ဝတ်လုံထဲမှ ပင်လယ်ပြာရောင် ဝိညာဉ်ဆေးဝါးတစ်မျိုးကို ထုတ်ယူလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
“တာအိုညီမယွင် မင်းရဲ့တိမ်လွှာကြယ်အလင်းနဲ့ ငါ့ရဲ့ ကောင်းကင်ပြာရေနဲ့ လဲလို့အဆင်ပြေလား”
ဟွမ်ဝမ်ယုစကားကိုကြားလျှင် ယွင်ယွဲ့ကျန်တစ်ယောက် အံ့အားသင့်သွားသည်။ လူအုပ်ထဲမှ ကမ်းလှမ်းလိုက်သူကို သတိပြုမိပြီးနောက်တွင် သူမ၏အမူအရာမှာ ပို၍တည်ကြည်လေးနက်သွားပြီး ဟွမ်ဝမ်ယုကို ရိုသေစွာဖြင့်
“လမင်းကြည့်ဂိုဏ်းက ဂိုဏ်းသခင်ကြီး ဟွမ်ဝမ်ယု မလားရှင့်၊ ကျွန်မရဲ့ တိမ်လွှာကြယ်အလင်း ဘောလုံးနဲ့ ကောင်းကင်ပြာရေနဲ့ လဲလို့ရတာပေါ့။ ဒါပေမဲ့ သခင်ကြီးဘက်က အရှုံးပေါ်မှာ သေချာပါတယ်။ ကောင်းကင်ပြာရေရဲ့တန်ဖိုးက ဒီတိမ်လွှာကြယ်အလင်းထက် အများကြီးပိုပါတယ်”
***