← Chapters

ဗလာကောင်းကင်ကျောက်တုံး

Vol. 6 Ch. 116

ဗလာကောင်းကင်ကျောက်တုံး

Vol. 6 Ch. 116

ဟွမ်ဝမ်ယု​စကား​အရ ထို​လူသည်​ ယောင်​ကျန်း​ထျန်​ဖြစ်မှန်း သူတို့​သိလိုက်ရသည်။ ထိုလူသည် သူ၏မြစ်တော်စပ်သူ ယောင်​ပင်း​အန်​ကို ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ သတ်ဖြတ်​လိုက်​ကြောင်း​ သိရှိ​ပြီး​ဖြစ်​ဟန်​တူသည်။ သို့​သော်​ မည်သို့​မည်​ပုံ သိရှိသွားသည်ကိုတော့ သူတို့​မမှန်းတတ်ပါ။ လျှို့ဝှက်​နည်းစနစ်​တစ်ခုကြောင့်ဖြစ်နိုင်သလို သွေးသားဆက်​စပ်​ခြင်း​နည်းစနစ်​ကြောင့်လည်း ဖြစ်နိုင်​သည်။

ကျင့်ကြံ​ခြင်း​လောက​တွင် ထူးဆန်း​သည့် နည်း​စနစ်​များမှာ အနည်း​နဲ့​အများရှိကြသည့်အတွက် ယောင်​ကျန်း​ထျန်​သိရှိသွားခြင်းကို ရှန်းရူယန်တို့အနေနှင့် အထူး​အထွေ အံ့သြ​ခြင်း​တော့​မရှိပါ။ အကယ်၍ ယောင်​ကျန်း​ထျန်​သည် သူ့မြေးမြစ်သေဆုံးရခြင်းအတွက် သူတို့​နှစ်ဦး​ကို ရန်​ရှာ​မည်​ဆိုပါ​ကလည်း ယခုအချိန်​တွင်​ ရင်ဆိုင်​ရန်​ဝန်​မလေးတော့ပါ။ ထို့နောက်​ ကျန်း​ချန်​ရွှမ်ကပင် ဖြစ်​သမျှ​အကြောင်း​စုံ​ကို ဟွမ်ဝမ်ယု​ကို ရှင်း​ပြလိုက်သည်။ ကျန်း​ချန်​ရွှမ်​စကား​ကိုကြားသိပြီးနောက် ဟွမ်လင်းအယ်က မျက်​မှောင်​ကြုံ့လျက်

“ယောင်​ပင်းအန်အကြောင်း ကျွန်မ​သိတယ်၊ လူ​တွေကို အနိုင်​ကျင့်​နှိပ်စက်​နေတဲ့ကောင်တဲ့၊ သူ့လက်ချက်နဲ့ သေသွားရသူတွေ မနည်း​ဘူးဆို​ပဲ။ အစ်ကို​ကျန်းနဲ့ အစ်မရှန်း​တို့နှစ်ယောက်​ ဒီကောင်ကြီးကို ​ဆုံး​မပေး​လိုက်​တာ ကောင်း​ပါတယ်​”

ဟွမ်လင်းအယ်််၏မှတ်ချက်​ကို​ကြားလျှင် ကျန်း​ချန်​ရွှမ်​၊ ရှန်းရူယန်​နှင့်​ ဖခင်​ဖြစ်သူ​ ဟွမ်ဝမ်ယု​တို့မှာ တစ်စုံ​တစ်​ရာ​ပြော​ဆို​ခြင်း​မရှိပါ။ ကျင့်ကြံ​ခြင်း​လောက​တွင်​ မှားသည်၊မှန်သည်​မှာ ပဓာန​မဟုတ်ဘဲ ခွန်အား​နှင့် နောက်​ခံအသိုင်းအဝိုင်းကသာ အရေးကြီး​မှန်း သူတို့​သုံး​ဦး​စလုံး​ နား​လည်​ပြီးဖြစ်သည်လေ။

ခွန်အား​တူ၊ အဆင့်တူ၊ နောက်​ခံ​အ​သိုင်း​အဝိုင်း​ချင်း​တူသည့် ပုဂ္ဂိုလ်​များ အချင်းချင်းကြားတွင်သာ အမှန်နှင့်အမှား၊ ဓမ္မ​နှင့် အဓမ္မ​ဆိုသည်များကို ပြောဆိုခွင့်ရှိသည်။ ချီ​သန့်စင်​ခြင်း​အဆင့်နှင့် အခြေခံ​တည်ဆောက်ခြင်း​အဆင့် ကျင့်ကြံသူများအနေနှင့် ကျီဖုအဆင့် နှင့်​ ရွှေ​အမြုတေ​အဆင့်​ ကျင့်ကြံသူများကို မှားသည်၊ မှန်​သည် ဝေဖန်​ခွင့်ရှိမည်မဟုတ်ပါ။

ထို​အကြောင်း​များကို ဟွမ်လင်းအယ်အား ပြော​ပြရန်​မလို​သေးဟု ဟွမ်ဝမ်ယု ​ယူဆထားဟန်တူသည်။ သမီး​ဖြစ်သူ​မှာ ငယ်​ရွယ်သေး၍ ကျင့်​ကြံ​ခြင်း​လောက၏ ရက်စက်ကြမ်းတမ်းပုံကို သိရှိရန် မသင့်သေးဟု စိတ်​ပိုင်းဖြတ်​ထား​ပုံရသည်။

“ကျုပ်​ကြားဝင်ပေးဖို့လိုလား”

ဟွမ်ဝမ်ယုက ကျန်း​ချန်​ရွှမ်တို့​နှစ်​ဦးကို စေ့စေ့​ကြည့်ရင်း ပြုံး​လျက်​မေး​လိုက်​ခြင်းဖြစ်သည်။ ရှန်းရူယန်​တို့​လည်း​ ခေါင်း​ခါလိုက်ကြသည်။

“သခင်​ကြီးဟွမ်ရဲ့ ကြင်​နာမှုအတွက် ကျေးဇူးတင်​ပေ​မဲ့ ဒီ​ကိစ္စ​ကို ကျွန်မတို့ဘာသာဖြေရှင်းနိုင်ပါတယ်၊ သခင်​ကြီးဟွမ်​ကို ဒုက္ခ​မပေးလိုပါဘူး”

ဟွမ်ဝမ်ယုက ပြုံးလျက် ခေါင်း​ညိတ်​ပြသည်။

“မင်း​တို့​လိုတာရှိရင် ပြော​လိုက်​ပါ”

ထို​အချိန်တွင် ရတနာ​ဖလှယ်​ပွဲကြီးသည် အရှိန်​ကောင်း​ကောင်း​ဖြင့်​ ဆက်​လက်​လည်ပတ်နေဆဲဖြစ်သည်။ ကျန်း​ချန်​ရွှမ်​တို့လည်း စင်​မြင့်ထက်ကို လှမ်း​ကြည့်လိုက်ရာ လဲလှယ်မည့်လူအားလုံး ခင်းကျင်း​ပြသ​ထား​သည့် အဆင့်​၃ ရတနာ​ပစ္စည်း​အများစုကို သူနှင့်​ရှန်းရူယန်တို့လည်း လိုအပ်၊ လိုချင်​နေကြောင်း​ သတိပြုမိလိုက်သည်။ ကျန်း​ချန်​ရွှမ်မှာ အခြေခံ​တည်ဆောက်ခြင်း အဆင့်သာရှိသေး၍ အဆိုပါ​ပစ္စည်း​အများစုကို အလိုရှိနေသည်မှာ အဆန်းတော့မဟုတ်ပါ။

သို့သော် နောက်​ထပ်​လဲလှယ်​ခြင်း​မပြု​တော့​ရန်​ နှစ်​ဦး​သဘောတူ​လိုက်​ကြသည်။ ပထမအချက်​မှာ အဆို​ပြု​ထား​သည့် ရတနာ​ပစ္စည်း​များ၏ တန်ဖိုး​မှာ မြင့်​မား​လွန်း​နေခြင်း​ဖြစ်သည်။ ထို့ကြောင့်​ ကျန်း​ချန်​ရွှမ်​တို့​တွင် ဝိညာဉ်​ကျောက်​တုံး​ အများအပြားရှိထားသော်လည်း ဆက်​လက်​ဝယ်​ယူလိုက်လျှင် တက်တက်စင် ပြောင်သွားနိုင်​ပါသည်။ နောက်တစ်ချက်မှာ သူတို့​ဇနီး​မောင်နှံ​အား​ လူအများ​သတိမထားမိစေဘဲ သိုသိုသိပ်သိပ်နေထိုင်ရန် လိုအပ်​ခြင်း​ဖြစ်​သည်။

ယခုအချိန်တွင် ဟွမ်ဝမ်ယုနှင့် သူတို့​အကြား​ ဆက်ဆံရေး​ကြောင့်​ပင် လူအများ​မှာ သူတို့​အပေါ်​ အာရုံစိုက်​လျက်ရှိနှင့်ပြီးဖြစ်ရာ နောက်​ထပ်​အာရုံ​စိုက်​ခံရမည့်အဖြစ်မျိုးကို သူတို့​မလိုလားပါ။ မကြာမီ ရတနာ​ဖလှယ်​ပွဲ​ ပြီးဆုံး​ရန် အချိန်​နီးလာပြီဖြစ်သည်။ ထို​အချိန်​တွင်​ ခရမ်းရောင်​ဝတ်​ရုံဝတ်လူတစ်ဦး စင်​မြင့်​ပေါ်​သို့ တက်လာပြီး ပစ္စည်း​နှစ်​ခုကို​ပြသ​လိုက်​သည်။

အဆင့်၃ လရောင်​ပန်း​နှင့် နောက်​တစ်ခု​မှာ မျက်နှာ​ပြင်​တွင်​ အပေါက်ငယ်များစွာပါဝင်သော ငွေရောင်ကျောက်တုံး​တစ်တုံးဖြစ်သည်။ ငွေရောင်ကျောက်​တုံး​ကိုမြင်လျှင် ကျန်း​ချန်​ရွှမ်မှာ ဟန်​မဆောင်နိုင်လောက်အောင် စိတ်လှုပ်ရှားသွားမိသည်။ ထို​ကျောက်တုံး​သည် သူအလိုရှိနေသော ဗလာကောင်းကင် ​ကျောက်တုံး​ပင်​ဖြစ်သည်။ ထိုစဉ် ခရမ်းရောင်​ဝတ်​ရုံ​ဝတ်​လူက လက်​ကာပြပြီး

“အားလုံး​ပဲ ဒီပစ္စည်းနှစ်ခုကို အဆင့်​၃ အမြင့်ဆုံး​အဆင့်ရှိ ဆေးပြား​ဖော်​စပ်​နည်း​ ဒါမှမဟုတ်​ အဆင့်​၃ နတ်​ဘုရား​စွမ်းအား​တစ်မျိုး​နဲ့ လဲမယ်၊ နတ်​ဘုရား​စွမ်းအား​က အခြေခံ​ဓာတ်​ငါးပါး​ထဲကလည်းရတယ်၊ တခြား​ဓာတ်​လည်းရတယ်၊ ခင်ဗျား​တို့​မှာ​ လဲစရာမရှိရင် ဝိညာဉ်​ကျောက်​တုံး​နဲ့ ဝယ်​လို့​လည်းရတယ်”

သူ့​စကား​ကို​ကြားလျှင် ပရိသတ်​အများစု​သည် လှောင်​ပြောင်​သရော်​လိုသည့် မျက်နှာအမူအရာမျိုး ဖြစ်​ကုန်​ကြသည်။ သူချပြသော ပစ္စည်း​များ​မှာ အရေး​ပါပြီး အရည်အသွေး​ကောင်း​သည်မှာ မှန်​ပါသည်။ အထူးသဖြင့်​ ဗလာကောင်းကင်​ ကျောက်တုံးသည် အထူး​အသုံး​ဝင်​ပြီး​ တောင်​ကာ အစီအရင်​ကွက်​များ၊ နေရာရွှေ့ပြောင်းခြင်း အစီအရင်​များ​နှင့်​ လက်​နက်​သန့်စင်​ခြင်းများတွင် အသုံးပြု​ပါသည်။

ထို့​ကြောင့်​ အဆိုပါ​ပစ္စည်း​နှစ်ခုကို​ အဆင့်​၃ အမြင့်ဆုံး​အဆင့်ရှိ​ ဆေးပြား​ဖော်​စပ်​နည်း​နှင့် လဲလှယ်​လိုခြင်းမှာ ယုတ္တိ​တန်သော်လည်း သူအဆိုပြုသည့် နတ်​ဘုရား​စွမ်းအား​နှင့် လဲလှယ်​မည်​ဆို​သော ဒုတိယ​အချက်​မှာ အဓိပ္ပာယ်​ကင်းမဲ့လှသည်။

ကျီဖုအဆင့်ကို တက်​လှမ်း​နိုင်​ပြီးသော ကျင့်ကြံသူ​တစ်ဦးသည် သူ၏ရှိရင်းစွဲ အဆီအနှစ်စွမ်းအင်​ကို ဓမ္မ​စွမ်းအင်​အဖြစ် အသွင်​ပြောင်း​နိုင်​ပြီး​လျှင်​ နတ်ဘုရားစွမ်းအားများကို ကျင့်သုံး​နိုင်​မည်​ဖြစ်​သည်။ အဆိုပါ​စွမ်းအား​များသည်​ အဆင့်တူ မန္တန်​များ​ထက် ပိုမို​လေးနက်​မြင့်​မား​သလို ပိုင်​ဆိုင်​သူအနေနှင့် သူ၏ကျင့်ကြံမှုအဆင့်​ထက်​ မြင့်မား​သည့်ရန်သူများကိုပင် ရင်ဆိုင်​နိုင်​စွမ်း​ရှိမည်​ဖြစ်သည်။ သို့​သော်​ ကျီဖုအဆင့်​ကျင့်ကြံသူ​အများ​စုတွင် နတ်​ဘုရား​စွမ်းအား​မျိုး​မရှိ​ပေ။

အကြောင်း​ရင်း​မှာ အဆင့်​မြင့်​ကျင့်​ကြံ​ခြင်း ​လောကအတွက် ရိုး​ရှင်း​သော အခြေ​ခံ​စွမ်းအား​တစ်ရပ်သာ ဖြစ်​သော်လည်း ကျီဖုအဆင့်​ ကျင့်ကြံသူများအတွက်တော့ နတ်ဘုရားစွမ်းအားများမှာ ကျင့်ကြံ​ပိုင်ဆိုင်​ဖို့ အလွန်​ခဲယဉ်းသောကြောင့်ဖြစ်သည်။ ကျီဖုအဆင့်​ကျင့်ကြံသူအများစုမှာ သူတို့​တစ်သက်တာ ကျင့်ကြံလျှင်ပင် နတ်ဘုရားစွမ်းအား​တစ်ပါးကို ရရှိရန် မျှော်လင့်​ချက်​မရှိသလောက် နည်း​ပါးလှသည်။ ထိုစဉ် တာအိုဝတ်ရုံနီဝတ်လူကြီးက

“ကျုပ်​မှာ အဆင့်​၃ အလယ်အလတ်​အဆင့်​ ဆေး​ပြား​ဖော်စပ်​နည်း​ ရှိ​တယ်။ လရောင်ပန်းနဲ့ လဲလို့ရမလား”

ခရမ်း​ရောင်​ဝတ်လူမှာ ဝတ်​ရုံ​နီလူကြီး၏ ကမ်းလှမ်း​ချက်​ကို​ကြား​လျှင်​ စိတ်​ပျက်သွားပုံပေါ်သည်။ သို့​သော်​ လရောင်​ပန်း​နှင့် ဗလာကောင်းကင်​ကျောက်တုံး​မှာ သူ့အတွက်​ အသုံးမလိုသောကြောင့် နောက်ဆုံး​တွင်​ သဘောတူ​လိုက်ရသည်။

“တာအိုရောင်းရင်း ခင်ဗျား​ရဲ့​ အဆင့်​၃ အလယ်အလတ်​အဆင့် ​ဆေး​ပြားဖော်စပ်​နည်း​က ခရမ်းရောင်​အဆီအနှစ်​ဆေးလုံး​ ဖော်စပ်​နည်း​မဟုတ်​ရင် ရပါပြီ”

“မစိုးရိမ်ပါနဲ့ ကောင်းကင်​ဘုံ​ပြန်လည်​တည်ဆောက်​ခြင်း​ ဆေး​ပြား​ဖော်စပ်​နည်း​ပါ”

“လဲမယ်ဗျာ”

မကြာမီ​ ဖလှယ်​မှု​ ပြီးစီး​သွားသည်။ ထိုအချိန်ကို စောင့်​မျှော်​နေသော​ ကျန်း​ချန်​ရွှမ်​က မတ်တပ်​ရပ်​ပြီး​ ကမ်းလှမ်း​မည်အပြုတွင် ကောက်​ကျစ်​စဉ်းလဲသည့် မျက်​နှာ​သွင်​ပြင်​မျိုးရှိသည့် လူတစ်ယောက်​က လက်​ဦး​မှုရသွားသည်။

“ဗလာ​ကောင်းကင်​ကျောက်တုံးကို ဝိညာဉ်​ကျောက်တုံး ရှစ်​သောင်း​နဲ့​ဝယ်မယ်”

ခရမ်းရောင်​ဝတ်​ရုံ​ဝတ်လူ​မှာ ထိုလူ့​စကား​ကြောင့်​ တွေဝေသွားသည်။ ကမ်းလှမ်းသည့်စျေးမှာ စျေး​သင့်သည်ဟု ဆိုနိုင်သော်လည်း နောက်​ထပ် ​စျေးကမ်းလှမ်းမှုများကို စောင့်​လိုဟန်တူသည်။ စဉ်းလဲသည့်သွင်ပြင်ရှိသူသည် ခရမ်းရောင်​ဝတ်​ရုံ​လူ၏ အချိန်ဆွဲနေခြင်း​ကို သဘောကျခြင်းမရှိပါ။ ထို့​ကြောင့်​ တစ်ခုခုပြောရန် ပါးစပ်​ဟလိုက်ချိန် ကျန်းချန်​ရွှမ်က

“ဝိညာဉ်​ကျောက်တုံး​တစ်​သိန်း​ပေးမယ် ဘယ်​လို​သဘော​ရပါ​သလဲ”

***

All Chapters