ဗလာကောင်းကင်ကျောက်တုံး
Vol. 6 Ch. 116
ဟွမ်ဝမ်ယုစကားအရ ထိုလူသည် ယောင်ကျန်းထျန်ဖြစ်မှန်း သူတို့သိလိုက်ရသည်။ ထိုလူသည် သူ၏မြစ်တော်စပ်သူ ယောင်ပင်းအန်ကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သတ်ဖြတ်လိုက်ကြောင်း သိရှိပြီးဖြစ်ဟန်တူသည်။ သို့သော် မည်သို့မည်ပုံ သိရှိသွားသည်ကိုတော့ သူတို့မမှန်းတတ်ပါ။ လျှို့ဝှက်နည်းစနစ်တစ်ခုကြောင့်ဖြစ်နိုင်သလို သွေးသားဆက်စပ်ခြင်းနည်းစနစ်ကြောင့်လည်း ဖြစ်နိုင်သည်။
ကျင့်ကြံခြင်းလောကတွင် ထူးဆန်းသည့် နည်းစနစ်များမှာ အနည်းနဲ့အများရှိကြသည့်အတွက် ယောင်ကျန်းထျန်သိရှိသွားခြင်းကို ရှန်းရူယန်တို့အနေနှင့် အထူးအထွေ အံ့သြခြင်းတော့မရှိပါ။ အကယ်၍ ယောင်ကျန်းထျန်သည် သူ့မြေးမြစ်သေဆုံးရခြင်းအတွက် သူတို့နှစ်ဦးကို ရန်ရှာမည်ဆိုပါကလည်း ယခုအချိန်တွင် ရင်ဆိုင်ရန်ဝန်မလေးတော့ပါ။ ထို့နောက် ကျန်းချန်ရွှမ်ကပင် ဖြစ်သမျှအကြောင်းစုံကို ဟွမ်ဝမ်ယုကို ရှင်းပြလိုက်သည်။ ကျန်းချန်ရွှမ်စကားကိုကြားသိပြီးနောက် ဟွမ်လင်းအယ်က မျက်မှောင်ကြုံ့လျက်
“ယောင်ပင်းအန်အကြောင်း ကျွန်မသိတယ်၊ လူတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့ကောင်တဲ့၊ သူ့လက်ချက်နဲ့ သေသွားရသူတွေ မနည်းဘူးဆိုပဲ။ အစ်ကိုကျန်းနဲ့ အစ်မရှန်းတို့နှစ်ယောက် ဒီကောင်ကြီးကို ဆုံးမပေးလိုက်တာ ကောင်းပါတယ်”
ဟွမ်လင်းအယ်််၏မှတ်ချက်ကိုကြားလျှင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ဖခင်ဖြစ်သူ ဟွမ်ဝမ်ယုတို့မှာ တစ်စုံတစ်ရာပြောဆိုခြင်းမရှိပါ။ ကျင့်ကြံခြင်းလောကတွင် မှားသည်၊မှန်သည်မှာ ပဓာနမဟုတ်ဘဲ ခွန်အားနှင့် နောက်ခံအသိုင်းအဝိုင်းကသာ အရေးကြီးမှန်း သူတို့သုံးဦးစလုံး နားလည်ပြီးဖြစ်သည်လေ။
ခွန်အားတူ၊ အဆင့်တူ၊ နောက်ခံအသိုင်းအဝိုင်းချင်းတူသည့် ပုဂ္ဂိုလ်များ အချင်းချင်းကြားတွင်သာ အမှန်နှင့်အမှား၊ ဓမ္မနှင့် အဓမ္မဆိုသည်များကို ပြောဆိုခွင့်ရှိသည်။ ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအနေနှင့် ကျီဖုအဆင့် နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို မှားသည်၊ မှန်သည် ဝေဖန်ခွင့်ရှိမည်မဟုတ်ပါ။
ထိုအကြောင်းများကို ဟွမ်လင်းအယ်အား ပြောပြရန်မလိုသေးဟု ဟွမ်ဝမ်ယု ယူဆထားဟန်တူသည်။ သမီးဖြစ်သူမှာ ငယ်ရွယ်သေး၍ ကျင့်ကြံခြင်းလောက၏ ရက်စက်ကြမ်းတမ်းပုံကို သိရှိရန် မသင့်သေးဟု စိတ်ပိုင်းဖြတ်ထားပုံရသည်။
“ကျုပ်ကြားဝင်ပေးဖို့လိုလား”
ဟွမ်ဝမ်ယုက ကျန်းချန်ရွှမ်တို့နှစ်ဦးကို စေ့စေ့ကြည့်ရင်း ပြုံးလျက်မေးလိုက်ခြင်းဖြစ်သည်။ ရှန်းရူယန်တို့လည်း ခေါင်းခါလိုက်ကြသည်။
“သခင်ကြီးဟွမ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပေမဲ့ ဒီကိစ္စကို ကျွန်မတို့ဘာသာဖြေရှင်းနိုင်ပါတယ်၊ သခင်ကြီးဟွမ်ကို ဒုက္ခမပေးလိုပါဘူး”
ဟွမ်ဝမ်ယုက ပြုံးလျက် ခေါင်းညိတ်ပြသည်။
“မင်းတို့လိုတာရှိရင် ပြောလိုက်ပါ”
ထိုအချိန်တွင် ရတနာဖလှယ်ပွဲကြီးသည် အရှိန်ကောင်းကောင်းဖြင့် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ ကျန်းချန်ရွှမ်တို့လည်း စင်မြင့်ထက်ကို လှမ်းကြည့်လိုက်ရာ လဲလှယ်မည့်လူအားလုံး ခင်းကျင်းပြသထားသည့် အဆင့်၃ ရတနာပစ္စည်းအများစုကို သူနှင့်ရှန်းရူယန်တို့လည်း လိုအပ်၊ လိုချင်နေကြောင်း သတိပြုမိလိုက်သည်။ ကျန်းချန်ရွှမ်မှာ အခြေခံတည်ဆောက်ခြင်း အဆင့်သာရှိသေး၍ အဆိုပါပစ္စည်းအများစုကို အလိုရှိနေသည်မှာ အဆန်းတော့မဟုတ်ပါ။
သို့သော် နောက်ထပ်လဲလှယ်ခြင်းမပြုတော့ရန် နှစ်ဦးသဘောတူလိုက်ကြသည်။ ပထမအချက်မှာ အဆိုပြုထားသည့် ရတနာပစ္စည်းများ၏ တန်ဖိုးမှာ မြင့်မားလွန်းနေခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်တို့တွင် ဝိညာဉ်ကျောက်တုံး အများအပြားရှိထားသော်လည်း ဆက်လက်ဝယ်ယူလိုက်လျှင် တက်တက်စင် ပြောင်သွားနိုင်ပါသည်။ နောက်တစ်ချက်မှာ သူတို့ဇနီးမောင်နှံအား လူအများသတိမထားမိစေဘဲ သိုသိုသိပ်သိပ်နေထိုင်ရန် လိုအပ်ခြင်းဖြစ်သည်။
ယခုအချိန်တွင် ဟွမ်ဝမ်ယုနှင့် သူတို့အကြား ဆက်ဆံရေးကြောင့်ပင် လူအများမှာ သူတို့အပေါ် အာရုံစိုက်လျက်ရှိနှင့်ပြီးဖြစ်ရာ နောက်ထပ်အာရုံစိုက်ခံရမည့်အဖြစ်မျိုးကို သူတို့မလိုလားပါ။ မကြာမီ ရတနာဖလှယ်ပွဲ ပြီးဆုံးရန် အချိန်နီးလာပြီဖြစ်သည်။ ထိုအချိန်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူတစ်ဦး စင်မြင့်ပေါ်သို့ တက်လာပြီး ပစ္စည်းနှစ်ခုကိုပြသလိုက်သည်။
အဆင့်၃ လရောင်ပန်းနှင့် နောက်တစ်ခုမှာ မျက်နှာပြင်တွင် အပေါက်ငယ်များစွာပါဝင်သော ငွေရောင်ကျောက်တုံးတစ်တုံးဖြစ်သည်။ ငွေရောင်ကျောက်တုံးကိုမြင်လျှင် ကျန်းချန်ရွှမ်မှာ ဟန်မဆောင်နိုင်လောက်အောင် စိတ်လှုပ်ရှားသွားမိသည်။ ထိုကျောက်တုံးသည် သူအလိုရှိနေသော ဗလာကောင်းကင် ကျောက်တုံးပင်ဖြစ်သည်။ ထိုစဉ် ခရမ်းရောင်ဝတ်ရုံဝတ်လူက လက်ကာပြပြီး
“အားလုံးပဲ ဒီပစ္စည်းနှစ်ခုကို အဆင့်၃ အမြင့်ဆုံးအဆင့်ရှိ ဆေးပြားဖော်စပ်နည်း ဒါမှမဟုတ် အဆင့်၃ နတ်ဘုရားစွမ်းအားတစ်မျိုးနဲ့ လဲမယ်၊ နတ်ဘုရားစွမ်းအားက အခြေခံဓာတ်ငါးပါးထဲကလည်းရတယ်၊ တခြားဓာတ်လည်းရတယ်၊ ခင်ဗျားတို့မှာ လဲစရာမရှိရင် ဝိညာဉ်ကျောက်တုံးနဲ့ ဝယ်လို့လည်းရတယ်”
သူ့စကားကိုကြားလျှင် ပရိသတ်အများစုသည် လှောင်ပြောင်သရော်လိုသည့် မျက်နှာအမူအရာမျိုး ဖြစ်ကုန်ကြသည်။ သူချပြသော ပစ္စည်းများမှာ အရေးပါပြီး အရည်အသွေးကောင်းသည်မှာ မှန်ပါသည်။ အထူးသဖြင့် ဗလာကောင်းကင် ကျောက်တုံးသည် အထူးအသုံးဝင်ပြီး တောင်ကာ အစီအရင်ကွက်များ၊ နေရာရွှေ့ပြောင်းခြင်း အစီအရင်များနှင့် လက်နက်သန့်စင်ခြင်းများတွင် အသုံးပြုပါသည်။
ထို့ကြောင့် အဆိုပါပစ္စည်းနှစ်ခုကို အဆင့်၃ အမြင့်ဆုံးအဆင့်ရှိ ဆေးပြားဖော်စပ်နည်းနှင့် လဲလှယ်လိုခြင်းမှာ ယုတ္တိတန်သော်လည်း သူအဆိုပြုသည့် နတ်ဘုရားစွမ်းအားနှင့် လဲလှယ်မည်ဆိုသော ဒုတိယအချက်မှာ အဓိပ္ပာယ်ကင်းမဲ့လှသည်။
ကျီဖုအဆင့်ကို တက်လှမ်းနိုင်ပြီးသော ကျင့်ကြံသူတစ်ဦးသည် သူ၏ရှိရင်းစွဲ အဆီအနှစ်စွမ်းအင်ကို ဓမ္မစွမ်းအင်အဖြစ် အသွင်ပြောင်းနိုင်ပြီးလျှင် နတ်ဘုရားစွမ်းအားများကို ကျင့်သုံးနိုင်မည်ဖြစ်သည်။ အဆိုပါစွမ်းအားများသည် အဆင့်တူ မန္တန်များထက် ပိုမိုလေးနက်မြင့်မားသလို ပိုင်ဆိုင်သူအနေနှင့် သူ၏ကျင့်ကြံမှုအဆင့်ထက် မြင့်မားသည့်ရန်သူများကိုပင် ရင်ဆိုင်နိုင်စွမ်းရှိမည်ဖြစ်သည်။ သို့သော် ကျီဖုအဆင့်ကျင့်ကြံသူအများစုတွင် နတ်ဘုရားစွမ်းအားမျိုးမရှိပေ။
အကြောင်းရင်းမှာ အဆင့်မြင့်ကျင့်ကြံခြင်း လောကအတွက် ရိုးရှင်းသော အခြေခံစွမ်းအားတစ်ရပ်သာ ဖြစ်သော်လည်း ကျီဖုအဆင့် ကျင့်ကြံသူများအတွက်တော့ နတ်ဘုရားစွမ်းအားများမှာ ကျင့်ကြံပိုင်ဆိုင်ဖို့ အလွန်ခဲယဉ်းသောကြောင့်ဖြစ်သည်။ ကျီဖုအဆင့်ကျင့်ကြံသူအများစုမှာ သူတို့တစ်သက်တာ ကျင့်ကြံလျှင်ပင် နတ်ဘုရားစွမ်းအားတစ်ပါးကို ရရှိရန် မျှော်လင့်ချက်မရှိသလောက် နည်းပါးလှသည်။ ထိုစဉ် တာအိုဝတ်ရုံနီဝတ်လူကြီးက
“ကျုပ်မှာ အဆင့်၃ အလယ်အလတ်အဆင့် ဆေးပြားဖော်စပ်နည်း ရှိတယ်။ လရောင်ပန်းနဲ့ လဲလို့ရမလား”
ခရမ်းရောင်ဝတ်လူမှာ ဝတ်ရုံနီလူကြီး၏ ကမ်းလှမ်းချက်ကိုကြားလျှင် စိတ်ပျက်သွားပုံပေါ်သည်။ သို့သော် လရောင်ပန်းနှင့် ဗလာကောင်းကင်ကျောက်တုံးမှာ သူ့အတွက် အသုံးမလိုသောကြောင့် နောက်ဆုံးတွင် သဘောတူလိုက်ရသည်။
“တာအိုရောင်းရင်း ခင်ဗျားရဲ့ အဆင့်၃ အလယ်အလတ်အဆင့် ဆေးပြားဖော်စပ်နည်းက ခရမ်းရောင်အဆီအနှစ်ဆေးလုံး ဖော်စပ်နည်းမဟုတ်ရင် ရပါပြီ”
“မစိုးရိမ်ပါနဲ့ ကောင်းကင်ဘုံပြန်လည်တည်ဆောက်ခြင်း ဆေးပြားဖော်စပ်နည်းပါ”
“လဲမယ်ဗျာ”
မကြာမီ ဖလှယ်မှု ပြီးစီးသွားသည်။ ထိုအချိန်ကို စောင့်မျှော်နေသော ကျန်းချန်ရွှမ်က မတ်တပ်ရပ်ပြီး ကမ်းလှမ်းမည်အပြုတွင် ကောက်ကျစ်စဉ်းလဲသည့် မျက်နှာသွင်ပြင်မျိုးရှိသည့် လူတစ်ယောက်က လက်ဦးမှုရသွားသည်။
“ဗလာကောင်းကင်ကျောက်တုံးကို ဝိညာဉ်ကျောက်တုံး ရှစ်သောင်းနဲ့ဝယ်မယ်”
ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ထိုလူ့စကားကြောင့် တွေဝေသွားသည်။ ကမ်းလှမ်းသည့်စျေးမှာ စျေးသင့်သည်ဟု ဆိုနိုင်သော်လည်း နောက်ထပ် စျေးကမ်းလှမ်းမှုများကို စောင့်လိုဟန်တူသည်။ စဉ်းလဲသည့်သွင်ပြင်ရှိသူသည် ခရမ်းရောင်ဝတ်ရုံလူ၏ အချိန်ဆွဲနေခြင်းကို သဘောကျခြင်းမရှိပါ။ ထို့ကြောင့် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်ချိန် ကျန်းချန်ရွှမ်က
“ဝိညာဉ်ကျောက်တုံးတစ်သိန်းပေးမယ် ဘယ်လိုသဘောရပါသလဲ”
***