ဟွမ်ဝမ်ယု၏ဖိတ်ကြားမှု
Vol. 6 Ch. 117
ကျန်းချန်ရွှမ်၏စျေးစကားကို ခရမ်းရောင်ဝတ်လူက တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း စဉ်းလဲသည့်အသွင်နှင့်လူက မျက်နှာအကြီးအကျယ်ပျက်သွားသည်။ ကျန်းချန်ရွှမ်တစ်ယောက် ဗလာကောင်းကင် ကျောက်တုံးကို ဝင်လုမည်ဟု ထင်မှတ်ထားပုံ မပေါ်ပေ။ ထို့ကြောင့် ထိုလူ၏ နဂိုကတည်းက ကောက်ကျစ်သည့်ရုပ်အသွင်မှာ ပို၍ရုပ်ဆိုးသွားတော့သည်။ သို့သော် ဟွမ်ဝမ်ယုနှင့် ကျန်းချန်ရွှမ်၏ ဆက်ဆံရေးကြောင့် တစ်စုံတစ်ရာ ပြောဆိုရဲခြင်းတော့ မရှိပါ။
ထိုလူ၏အမည်မှာ ချူးပါ့ကျန့်ဖြစ်ပြီး ယခုလိုအခြေအနေတွင် သူ့အနေနှင့် ကျန်းချန်ရွှမ်ကို စော်ကားသည့်အပြုအမူတစ်ခု ကျူးလွန်မိလျှင် ဟွမ်ဝမ်ယုကိုပါ လူအများရှေ့တွင် စော်ကားသလိုဖြစ်သွားမည်ကို ကောင်းစွာနားလည်ထားပါသည်။ အခြေအနေမှာ တင်းမာစပြုလာပြီဖြစ်ကြောင်း ပရိသတ်အားလုံး သဘောပေါက်လိုက်ကြသည်။ ချူးပါ့ကျန်အတွက် ဗလာကောင်းကင် ကျောက်တုံးသည် အရေးပါနေသောကြောင့် သူ့အနေနှင့် လက်လွှတ်ခံရန်တော့ စိတ်ကူးမရှိပါ။ ထို့ကြောင့် သူက စိတ်ကိုအနိုင်နိုင်ထိန်းပြီး
“တာအိုရောင်းရင်းရေ ကျုပ်နာမည်က ချူးပါ့ကျန့်ပါ၊ဒီကျောက်တုံးကို ကျုပ်အတွက် အရေးပါနေတာမလို့ ကျုပ်ကိုပဲ ယူခွင့်ပေးလိုက်ပါလား၊ မင်းကျေးဇူးကို မမေ့ပါဘူး”
ချူးပါ့ကျန့်၏စကားကြောင့် သူဘယ်လိုလူစားမျိုး ဖြစ်သည်ကို သိရှိပြီးဖြစ်သော ပရိသတ်အချို့မှာ အံ့အားသင့်သွားကြသော်လည်း နောက်ပိုင်းတွင် နားလည်သွားကြသည်။ ဟွမ်ဝမ်ယုရှိနေ၍ ချူးပါ့ကျန့်မှာ စိတ်ကိုအနိုင်နိုင်ထိန်း၍ ယဉ်ကျေးပြနေခြင်းဖြစ်ကြောင်း ရိပ်မိလိုက်ကြသည်။
ကျန်းချန်ရွှမ်သည်လည်း အနည်းငယ်အံ့သြသွားသည်။ ချူးပါ့ကျန့်အနေနှင့် ကျောက်တုံးကို အလိုရှိသည်မှန်လျှင် သူနှင့်ညှိနှိုင်းစရာမလိုဘဲ သူကမ်းလှမ်းသည့်စျေးထက် ပိုပေးရုံသာ ဖြစ်သည်လေ။ ချူးပါ့ကျန့်အတွက် အရေးကြီးသည်ဆိုရုံမျှနှင့် သူ့အနေနှင့် ကျောက်တုံးကို လက်လွှတ်ခံစရာ အကြောင်းမရှိဟု ကျန်းချန်ရွှမ်ယူဆလိုက်သည်။ ယခုသူလုပ်နေပုံက ကျန်းချန်ရွှမ်သာ သူ့အလိုကို မလိုက်လျောလျှင် ယဉ်ကျေးမှုနားမလည်သည့် လူဆိုးလူသွမ်းအဖြစ် သတ်မှတ်လိုက်မည့် သဘောမျိုးဆောင်နေသည်။ အကယ်၍ ချူးပါ့ကျန့်နေရာတွင် ကျန်းချန်ရွှမ်က တောင်းဆိုလျှင်ရော ချူးပါ့ကျန့်က သူ့ကို ကျောက်တုံးပိုင်ဆိုင်ခွင့်ပေးပါမည်လော။ မဖြစ်နိုင်ပါ။
ယခုချူးပါ့ကျန် သူ့ကိုဆက်ဆံနေပုံမှာ ဟွမ်ဝမ်ယုကြောင့်သာ ဖြစ်ကြောင်းလည်း သူနားလည်လိုက်သည်။ ချူးပါ့ကျန့်လို လူစားမျိုးသည် အားနည်းသူကို အနိုင်ကျင့်နှိပ်စက်၍ အင်အားကြီးသူကို ကြောက်ရွံ့မြှောက်ပင့်တတ်သည့် လူစားဖြစ်သည်။ ထိုလူစားမျိုးကို ကျန်းချန်ရွှမ် သည်းခံလေ့မရှိပါ။ ထို့ကြောင့် သူက
“စီနီယာချူးရေ စိတ်မကောင်းပါဘူးဗျာ၊ ဒီကျောက်တုံးက ကျုပ်အတွက်လည်း အရေးပါနေလို့ ခင်ဗျားကို မပေးနိုင်ပါဘူးဗျာ”
ကျန်းချန်ရွှမ်၏တုံ့ပြန်မှုကြောင့် ပရိသတ်အချို့ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ အချို့က ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်ရတော့မည့်ပမာ စိတ်အားထက်သန်စွာ နားစွင့်နေကြသည်။ ချူးပါ့ကျန်သည် ကျန်းချန်ရွှမ် သူ့ကိုငြင်းရဲမည်ဟု မထင်ထား၍ မျက်နှာအကြီးအကျယ် ပျက်သွားသလို ကျန်းချန်ရွှမ်ကို ညှင်းပန်းနှိပ်စက်ပြီး တစ်စစီဆွဲဆုတ်လိုသည့် ဆန္ဒအငွေ့အသက်များမှာ သူ၏အရုပ်ဆိုးလှသော မျက်နှာတွင် တစွန်းတစ ပေါ်ပေါက်လာတော့သည်။ သို့သော် ချူးပါ့ကျန်သည် မျက်နှာထားကို အချိန်မီပြင်ဆင်လိုက်ပြီး ပြုံးပြလိုက်သည်။ သို့သော် သူ့အပြုံးမှာ ပီပြင်ခြင်းမရှိတော့ပါ။
“ဒါဖြင့် မင်းပဲယူလိုက်ပါ”
ထို့နောက် ချုးပါ့ကျန့်သည် လူအုပ်ကြားထဲ ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။ ကျန်းချန်ရွှမ်မှာ ချုးပါ့ကျန့်ကို အရေးမလုပ်တော့ဘဲ ကျောက်တုံးကို ဝယ်ယူပြီးနောက် မိမိနေရာသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုအခါ ဟွမ်ဝမ်ယုက
“တာအိုညီလေးကျန်း ချူးပါ့ကျန့်အကြောင်း ငါကြားဖူးတယ်၊ ဒီလူက ကောက်ကျစ်တတ်သလို နိုင်လိုမင်းထက် လုပ်တတ်တယ်တဲ့၊ အသေးအဖွဲကိစ္စကိုတောင် ရန်ငြိုးသိုတတ်တဲ့လူပဲ။ မင်းတို့နှစ်ယောက်လုံး သတိထားဖို့လိုမယ်ထင်တယ်”
ထိုအခါ ကျန်းချန်ရွှမ်တစ်ယောက် အနည်းငယ်စိတ်လှုပ်ရှားသွားပြီး
“သခင်ကြီးဟွမ် ဒီလူက ဘယ်ကလဲဗျ၊ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ”
ဟွမ်ဝမ်ယုက အနည်းငယ်စဉ်းစားလိုက်ပြီး
“သူ့အကြောင်း အသေးစိတ်တော့မသိပေမဲ့ အရင်ကတော့ တစ်ကိုယ်တော်ကျင့်ကြံသူပဲ၊ လောလောဆယ်မှာတော့ အကြွင်းမဲ့ကောင်းကင်ဘုံဆိုတဲ့ ကျီဖုအဆင့်ဂိုဏ်းကို ထူထောင်ထားတယ်၊ သူ့ဂိုဏ်းမှာ ဂိုဏ်းချုပ်လုပ်နေတာပေါ့၊ သူ့ရဲ့အဆင့်ကတော့ မမြင့်လှဘူး၊ ကျီဖုနယ်ပယ် ဒုတိယအဆင့်ပဲရှိတယ်၊ ဒီက ရှန်းအမျိုးသမီးလည်း သိပြီးပြီထင်တယ်”
ထို့နောက် ဟွမ်ဝမ်ယုက ချူးပါ့ကျန့်အကြောင်းကို အရေးလုပ်၍ မပြောဆိုလိုတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဒါနဲ့ ဖလှယ်ပွဲပြီးရင် မင်းတို့ ဘာလုပ်စရာရှိလဲ၊ ငါကတော့ လမင်းကြည့်ဂိုဏ်းကို ပြန်မှာဆိုတော့ အလည်သဘောမျိုး တစ်ခါတည်းလိုက်ခဲ့ပါလား”
ဟွမ်လင်းအယ်ကလည်း ဝင်ရောက်တိုက်တွန်းသည်။
“ဟုတ်တယ် အစ်ကိုကျန်းနဲ့ အစ်မရှန်း၊ ကျွန်မတို့နဲ့ လိုက်ခဲ့ပါလား၊ အကောင်းဆုံး ဧည့်ဝတ်ပြုပါ့မယ်ရှင်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ကြသည်။ ထို့နောက် ကျန်းချန်ရွှမ်က ပြုံးရင်း ငြင်းပယ်လိုက်သည်။
“ဂိုဏ်းသခင်ကြီးဟွမ်နဲ့ သခင်မလေးလင်းအယ်တို့ရဲ့ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်မိပေမဲ့ ကျွန်တော်တို့မှာ လုပ်စရာလေးတွေရှိလို့ပါ။ ဒါတွေပြီးသွားရင်တော့ ဆက်ဆက်လာခဲ့ပါ့မယ်”
ကျန်းချန်ရွှမ်၏စကားကို ဟွမ်ဝမ်ယုက နားလည်စွာ လက်ခံလိုက်သော်လည်း ဟွမ်လင်းအယ်မှာ ပထမတော့ စိတ်ပျက်သွားဟန်တူသည်။ သို့သော်လည်း နောက်ပိုင်းတွင် နားလည်သွားဟန်နှင့် လက်ခံလိုက်သည်။
“ဒါဖြင့် အချိန်ရရင် ကျွန်မတို့ဆီ ဝင်ခဲ့ပါနော်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ပြုံးလျက် ခေါင်းညိတ်လိုက်ကြသည်။ နောက်နှစ်နာရီအကြာတွင် ရတနာဖလှယ်ပွဲကြီး တရားဝင်ပြီးဆုံးသွားပြီဖြစ်သည်။ ထိုအခါ ဟွမ်ဝမ်ယုက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို နှုတ်ဆက်လိုက်သည်။
“တာအိုမိတ်ဆွေကျန်းနဲ့ ရှန်းတို့ရေ နှုတ်ဆက်လိုက်ပါတယ်၊ နောင်များကျရင် လမ်းကြုံဝင်ခဲ့ပါဦး”
ထို့နောက် သမီးလေးကိုခေါ်ပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားတော့သည်။ ဖလှယ်ပွဲအပြီးတွင် ကျန်းချန်ရွှမ်တို့သည်လည်း ပိုင်ယွင်စျေးမှ မထွက်ခွာသေးဘဲ နေထိုင်ရန် ဂူဗိမာန်အသစ်တစ်လုံးကို ငှားရမ်းလိုက်သည်။ သည်တစ်ခါရရှိလိုက်သော ရတနာပစ္စည်းအချို့ကို စီမံရဦးမည်ဖြစ်သလို ကျန်းချန်ရွှမ်အနေနှင့် ဓာတ်ငါးပါးဝိညာဉ်ရတနာများကို အသုံးပြု၍ အကန့်အသတ်မဲ့ဘီးကျင့်စဉ်၏ ကနဦးအဆင့် ပြီးမြောက်အောင် ကျင့်ကြံရမည်ဖြစ်သည်။ စနစ်မှပေးအပ်ထားသော မစ်ရှင်ကိုလည်း ကျင့်စဉ်ကာလအတွင်း အပြီးသတ်နိုင်ရန် မျှော်လင့်ထားမိသည်။ ထိုမျှမကသေး သူ့ကိုယ်ပိုင် ဓမ္မရတနာတစ်ပါး သန့်စင်ရန်ကိစ္စအတွက်လည်း ပြင်ဆင်ရဦးမည်ဖြစ်သည်။
ရှန်းရူယန်အတွက်မူ ဝယ်ယူရရှိထားသော ကောင်းကင်ဘုံအလင်းထီးကို သန့်စင်ရမည်ဖြစ်ပြီး သူမ၏ကိုယ်ပိုင် နတ်ဘုရားစွမ်းအားဖြစ်သည့် ခရမ်းရောင်လျှပ်စီးမီးလျှံဓားကိုလည်း ရှန်းမျိုးနွယ်စုထံ မပြန်မီ အပြီးသတ်ကျင့်ကြံရမည်ဖြစ်သည်။ အဆိုပါနတ်ဘုရားစွမ်းအားသည် ရှန်းရူယန် ကျီဖုအဆင့်ကို တက်လှမ်းပြီးပြီးချင်း မှတ်ဉာဏ်အသစ်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ကျင့်စဉ်၏ သော့ချက်များ၊ နည်းနာများအပြင် ကျင့်ကြံခြင်းအပြီးတွင် ရရှိလာမည့် စွမ်းအားအကြောင်းကိုပါ ဖော်ပြထားသည်။
အဆိုပါနတ်ဘုရားစွမ်းအားကို ပြီးမြောက်အောင် ကျင့်ကြံပြီးပါက ကျီဖုနယ်ပယ် အလယ်အဆင့်ဟု သတ်မှတ်ထားကြသည့် စတုတ္ထအဆင့်နှင့် အောက်အဆင့် ကျင့်ကြံသူများကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်ဖြစ်သည်။
***