← Chapters

ရှန်းမန်​ရွှယ်​သေဆုံး​ခြင်း

Vol. 6 Ch. 118

ရှန်းမန်​ရွှယ်​သေဆုံး​ခြင်း

Vol. 6 Ch. 118

ကျန်း​ချန်​ရွှမ်​နှင့် ရှန်းရူယန်တို့ ပိုင်​ယွင်စျေး​မြို့​တွင် နေထိုင်​လာသည်မှာ တစ်နှစ်ပင်ပြည့်သွားသည်။ ထို​ကာ​လအတွင်း​ ကျန်း​ချန်​ရွှမ်​သည်​ အခြေခံ​ဓာတ်​ငါးပါး ဝိညာဉ်​ရတနာ​ကို အသုံးပြု​ပြီး အကန့်အသတ်​မဲ့ဘီး​ ကျင့်​စဉ်၏ကနဦးအဆင့်ကို အောင်မြင်​စွာ​ ကျင့်ကြံ​ခဲ့ပြီးဖြစ်သည့်အတွက် သူ၏ရုပ်​ခန္ဓာ​သည်​ အဆင့်​၂ အမြင့်ဆုံး​အဆင့်ရှိ​ ဓမ္မ​လက်နက်​၏ တိုက်ခိုက်​မှု​ဒဏ်ကို ခံနိုင်စွမ်းရှိလာခဲ့သည်။ တိုက်ခိုက်​မှုဒဏ်ကို အလုံး​စုံ​ချေဖျက်နိုင်ခြင်း မဟုတ်​သော်လည်း အတိုင်းအတာ​တစ်ခု​ထိ ခံနိုင်​ရည်ရှိလာခြင်းဖြစ်သည်။ ဓာတ်​ငါးပါး​အခြေခံ​ မန္တန်​များကို​လည်း ထိုနည်းတူပင် ခုခံနိုင်စွမ်း​ရှိလာသည်။

အဆင့်၂ မန္တန်​များအနက် ကျန်း​ချန်​ရွှမ်ကို အပြည့်အဝ ခြိမ်း​ခြောက်​နိုင်​သည့် မန္တန်​များ​မှာ မရှိ​သလောက်​နည်းပါး​လာပြီဖြစ်သည်။ ထို့​နည်း​တူ ကိုယ်​ခန္ဓာ​မွမ်း​မံ​ခြင်း ​နည်းစနစ်တစ်ရပ်၏ ကနဦးအဆင့်ကို ပြီး​မြောက်​ခဲ့ပြီဖြစ်၍ စနစ်​မှ​ပေး​အပ်ထားသော မစ်ရှင်​သည်လည်း ၁၀၀% ပြီး​စီးသွားပြီဖြစ်သည်။

[ ဂုဏ်ပြု​ပါသည်​ စနစ်ပိုင်ရှင်၊ ကိုယ်​ခန္ဓာ​မွမ်းမံ​ခြင်း ​နည်းစနစ်​တစ်​ရပ်ကို အကြိမ် ၁၀၀ အထိ ကျင့်ကြံ​ပြီးမြောက်​ပါသည်။ ဆုလာဘ်​အနေနှင့် ရုပ်​ပိုင်း​နတ်ဘုရားစွမ်းအားဖြစ်သည့် နဂါး​ဆင် နတ်​ဘုရား​စွမ်းအား​ကို ရရှိ​ပါမည်]

[ နဂါး​ဆင်​နတ်​ဘုရား​စွမ်းအား​ကို ကောင်း​ကင်​ဘုံနဂါးနှင့် နတ်ဆင်စွမ်းအား ဟုလည်း​ ခေါ်ဆို​ကြပြီး စွမ်းအား​အလွန်​မြင့်​မား​သည့်အပြင် သင်၏ကျင့်ကြံမှုအဆင့်အလိုက် တိုးတက်​သွား​မည်ဖြစ်သည်။ အဆိုပါ​စွမ်းအား​ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်လည်း ကျင့်ကြံနိုင်​ပြီး သာလွန်​လေး​နက်​သည့်​အဆင့်​ရောက်လျှင်​ လက်​ညှိုး​တစ်ချက်ဖြင့် ကမ္ဘာမြေ​ကို တုန်လှုပ်​နိုင်​စေလိမ့်မည်]

ကျန်း​ချန်​ရွှမ၏ လက်​ရှိ​ကျင့်ကြံ​မှုအဆင့်​ဖြင့် အဆိုပါ​စွမ်းအား​မျိုး​ကို ပိုင်ဆိုင်​ရန်​ မဖြစ်နိုင်သော်လည်း နဂါး​ဆင်​နတ်​ဘုရား​စွမ်းအား​ကို ရရှိ​ပြီး အပြည့်အဝ​အသုံးချနိုင်ခဲ့လျှင် ကျီဖုအဆင့်​ ကျင့်ကြံသူများကိုပင် ခြိမ်း​ခြောက်​နိုင်​စွမ်း​ရှိလာမည်ဖြစ်သည်။ အရင်​က မိမိ​ထက် ကျင့်ကြံ​မှုအဆင့်​သာလွန်​သူကို ရင်​ဆိုင်​ရန် တစ်ခုတည်း​သော​နည်းလမ်း​မှာ ဥက္ကာ​မီးလျှံ​ဓားကို အသုံးပြု​သည့်​တစ်နည်း​သာ ရှိခဲ့သော်လည်း ယခုအခါ ရွေး​ချယ်​စရာ များပြားလာပြီဖြစ်​သည်။ ထို့​အပြင်​ စနစ်​မှ​ချီးမြှင့်ထားသော ပုတီး​လုံးအကူအညီဖြင့် ကျီဖုအဆင့်ကို​ တက်လှမ်းနိုင်ရန်မှာလည်း မဝေးလှတော့ပါ။

ထို​ပု​တီးလုံး၏ နောက်​ထပ်​စွမ်း​အား​တစ်​ရပ်မှာ ကျီဖုအဆင့်​သို့ တက်လှမ်းစဉ်ကာလအတွင်း ကျန်း​ချန်​ရွှမ်​တစ်​ဦး​တည်းသာ ပိုင်​ဆိုင်​ခွင့်ရှိသော နတ်ဘုရား​စွမ်းအားအချို့ကိုပါ တစ်ပါတည်း​ ကျင့်​ကြံ​နိုင်​ခြင်းဖြစ်​သည်။ ထိုအတွေးနှင့်အတူ ကျီဖုနယ်​ပယ်ကို ဝင်​ရောက်​ရန် လုပ်​ငန်း​စဉ်ကို ယခုပင် စတင်တော့မည်​ဟု တွေးလိုက်သည့် တစ်ခဏတွင် ဆက်​သွယ်​ရေးအဆောင်က အချက်ပြလာသည်။

ကျန်း​ချန်​ရွှမ်​လည်း ကျောက်​စိမ်း​ပြား​ကို အမြန်ထုတ်​ယူဖတ်ရှုလိုက်ပြီးနောက် မျက်​နှာ​အကြီး​အကျယ်ပျက်သွားသည်။ ရှန်းမန်ရွှယ်တစ်ယောက် သူမနေထိုင်ရာ ဂူ​ဗိမာန်​တွင်ပင် ကွယ်လွန်​သွားခဲ့​ပြီဖြစ်သည်။ သည်​သတင်း​က ကျန်း​ချန်​ရွှမ်၊ ရှန်းရူယန်နှင့် ရှန်း​မိသားစု​တစ်ခုလုံးကိုပါ ရိုက်​ခတ်​မှု အကြီး​အကျယ်​ရှိလာမှာ သေချာ​သည်။ ရှန်း​မျိုး​နွယ်စု​ကို နောက်​ကွယ်မှ တောက်​လျှောက်​ထမ်း​ပိုးလာသူမှာ ကျီဖု​နယ်ပယ်​ စတုတ္ထ​အဆင့်​ရှိ ရှန်းယွမ်လုံမဟုတ်ဘဲ ကန်း​ယန်​ဂိုဏ်း၏ ပထမဆုံး​ ကျီဖုအဆင့် အကြီးအကဲ​တစ်ဦး​ ဖြစ်လာခဲ့သည့် ရှန်းမန်ရွှယ်​သာ​ဖြစ်သည်။

ရှန်းယွမ်လုံမရှိ​သော်​လည်း သူမ ရှိနေသေးလျှင် ရှန်း​မိသားစု​အနေနှင့်​ ကျင့်ကြံခြင်းလောက​တွင် နေရာတစ်ခု ဆုပ်ကိုင်ထားနိုင်ဦးမည် ဖြစ်​သော်လည်း​ ရှန်းမန်ရွှယ်မရှိတော့လျှင်တော့ အခြေအနေ​မတူတော့ပါ။ သူမ ရှိနေခြင်းကြောင့် ရှန်းမိသားစု​နှင့် ကျန်း​ပိုင်​လုံအကြားတွင် ဆက်​ဆံမှုတစ်ခုကို ထိန်းသိမ်း​ထားနိုင်​ခဲ့ပြီး ယခု ရှန်း​မန်ရွှယ်​ကွယ်​လွန်ခြင်းကြောင့် အရေး​ကြီး​သည့်​ ထောက်တိုင်တစ်ခုကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

လက်ရှိ​မိသားစု​အကြီးအကဲ​ဖြစ်​သူ ရှန်းတောက်မင်ကလည်း ဂူပိတ်ကျင့်ကြံမှု ထွက်မလာနိုင်​သေးသလို ဘိုး​ဘေး​ဖြစ်​သူ ရှန်း​ယွမ်လုံ​၏ နောက်ဆုံး​အချိန်သည်လည်း ရောက်​ရှိ​လာတော့​မည်​ဖြစ်​ရာ ရှန်း​မျိုး​နွယ်စု​အတွက်​ သမိုင်း​တ​လျှောက်​ အခက်ခဲဆုံးကာလကို ရင်​ဆိုင်​နေရ​သည်ဟု ဆိုနိုင်မည်။ ရန်​သူများ​အနေနှင့်​ လက်ရှိအခြေအနေ​ကို အခွင့်ကောင်းယူ၍ ထိုး​နှက်​ရန် ​ကြံ​စည်​လာနိုင်​သည်။

“ငါပြန်မှဖြစ်မယ်”

ကျန်း​ချန်​ရွှမ်​တစ်ယောက်​ ဆုံး​ဖြတ်​ချက်​ချပြီးနောက် အခန်း​အပြင်​ကို ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ ရှန်း​ရူယန်သည်လည်း အခန်း​အပြ​င် ရောက်​ရှိ​နေပြီး​ မျက်​နှာထားမှာ တည်​ကြည်လေးနက်သည့် အသွင်​ဆောင်​နေသည်။

“ယောက်ျား​ ရှန်း မိသားစုက ပို့​လိုက်​တဲ့သတင်း ဖတ်ပြီး​ပြီလား။ ကျွန်မ​တို့​ပြန်သင့်ပြီထင်တယ်”

ကျန်း​ချန် ရွှမ်က ခေါင်း​ညိတ်လိုက်ပြီး

“ဟုတ်​တယ် အစ်ကို​တောက်မင်လည်း ထွက်​မလာသေး၊ ဘိုး​ဘေး​ကလည်း​ မမာဘူးဆိုတော့ ကိုယ်​တို့​အမြန်ဆုံး​ပြန်ရမယ်”

ထို့နောက်​ ကျန်း​ချန်​ရွှမ်က တစ်​စုံ​တစ်ခု​ကို သတိရ​လိုက်​ပြီး

“ဒါနဲ့​ မင်း​ရဲ့ နတ်​ဘုရား​စွမ်းအား​ ကျင့်စဉ်က အခြေအနေ​ဘယ်လိုလဲ၊ အောင်​မြင်​ခဲ့ပြီလား”

ရှန်းရူယန်က ခပ်​ဖွဖွပြုံးလျက်

“လွန်​ခဲ့တဲ့​သုံး​ရက်​လောက်​ကတင် အောင်​မြင်​ခဲ့ပါပြီ။ ကျွန်မ​တို့​နှစ်ယောက်​ပေါင်း​လိုက်​ရင် ကျီဖု​နယ်ပယ်​ အလယ်​အဆင့် ကျင့်ကြံသူ တစ်ဦး​ကိုတောင်​ ရင်ဆိုင်အနိုင်ယူနိုင်စွမ်းရှိမယ်လို့ထင်တာပဲ”

ထိုအခါ ကျန်း​ချန်​ရွှမ်က ဇနီး​ဖြစ်သူအတွက် ဝမ်း​မြောက်​ဝမ်းသာဖြစ်သွားပြီး ကျေနပ်အားရ​စွာ ချီးကျူး​လိုက်သည်။ ထို့အပြင် သူ၏ နဂါး​ဆင်​နတ်​ဘုရား​စွမ်းအား အကြောင်း​ကိုလည်း အစအဆုံး​ ရှင်း​ပြ​လိုက်​သေးသည်။ ရှန်းရူယန်က အံ့အားသင့်သွားသလို တစ်​ချိန်​တည်း​တွင် ပျော်ရွှင်​သွားမိပြီး

“ရုပ်​ပိုင်း​ဆိုင်ရာ​ နတ်​ဘုရား​စွမ်းအား​ကို အခြေခံ​တည်ဆောက်ခြင်း အဆင့်မှာ ပိုင်ဆိုင်ဖို့ဆိုတာ တကယ်​မလွယ်တဲ့ကိစ္စပဲ။ ဒါဆို​ရင်​ ကျွန်​မတို့​နောက်ဆံတင်းစရာမလိုဘဲ အိမ်​ကို ချက်ချင်း​ပြန်​လို့ရပြီပေါ့”

သည်​တစ်​ခေါက်​ခရီးစဉ်အတွင်း​ ရန်သူ​အချို့​ရရှိလာခဲ့သောကြောင့် ပိုင်​ယွင်​ဂိုဏ်း​ပိုင်​နက်မှ ထွက်​ခွာပြီး အိမ်​သို့ပြန်မည့်အရေးမှာ ထင်ထားသလို​ လွယ်​ကူ​မည်​မဟုတ်​မှန်း သူတို့နှစ်ဦးစလုံး​ ရိပ်​မိ​ထား​ပြီး​ဖြစ်​သည်။ အထူးသဖြင့်​ ယောင်​ကျန်း​ထျန်ဖြစ်သည်။ သူ၏ချစ်လှစွာသော မြစ်ဖြစ်သူကို ကျန်း​ချန်​ရွှမ်တို့ သတ်​ပစ်ခဲ့သည်ဖြစ်ရာ သူတို့​နှစ်ဦး​ကို လွယ်​လွယ်​နှင့်​ ထွက်​ခွာခွင့်မပေးမှာ သေချာ​ပါသည်။

ထို့​ပြင် ချူး​ပါ့​ကျန့်​လည်း ရှိသေးသည်။ ကျန်း​ချန်​ရွှမ်​တို့​အနီး​တွင် ဟွမ်ဝမ်ယုရှိစဉ်က တစ်စုံတစ်ရာ မကြံစည်ဝံ့သော်လည်း ယခုလို ဟွမ်ဝမ်ယုမရှိချိန်တွင် အချိန်​မရွေး တိုက်ခိုက်​လာနိုင်​သည်ကိုလည်း ထည့်​သွင်း​စဉ်းစား​ရမည်ဖြစ်သည်။ သူ၏အကျင့်စရိုက်အရ ကျန်း​ချန်​ရွှမ်​တို့ ပိုင်​ယွင်​ဂိုဏ်း​ပိုင်​နက်မှ အထွက် လမ်းခရီးတစ်နေရာတွင် ချုံခိုတိုက်ခိုက်နိုင်ချေရှိသည်။ ထို့အပြင် ကျန်း​ချန်​ရွှမ်​ထံတွင် သူအလိုရှိနေသော ဗလာကောင်းကင် ကျောက်တုံးအပြင် ပိုင်ဆိုင်မှုအတော်များများလည်း ရှိနေ​သည်ကို ချူး​ပါ့​ကျန့် ရိပ်​မိလောက်ပြီဖြစ်၍ တစ်ခုခုကြံစည်နေသည်မှာ သေချာ​သလောက်​ရှိနေ​သည်။

များ​မကြာ​မီ ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့လည်း ပြင်​ဆင်​ထုပ်ပိုးပြီးပြီ ဖြစ်၍ တစ်နှစ်​ကြာ နေထိုင်​လာခဲ့သော ဂူ​ဗိမာန်​လေးကို နှုတ်ဆက်​ထွက်​ခွာ​လာ​ကြတော့သည်။ ထိုစဉ် ကျန်းချန်​ရွှမ်တို့နှင့် မနီးမဝေးရှိ စားသောက်​ဆိုင်​တစ်ခုတွင် ရှိနေသည့် ယောင်ကျန်းထျန်၏ မျက်လုံး​အစုံမှာ​ ကျဉ်း​မြောင်းသွားပြီး သူ့ရှေ့မှောက်တွင် ထိုင်ရင်း အရက်​သောက်​နေသည့် ချူး​ပါ့​ကျန့်ကို မေးဆတ်ပြလိုက်သည်။

“တာအို​ရောင်းရင်း​ချူး သောက်​မနေနဲ့တော့၊ ဟို​နှစ်ယောက်​ ထွက်​လာကြပြီ”

အရက်​ကို ဇိမ်​ခံ၍သောက်နေသော ချူး​ပါ့​ကျန့်​လည်း ယောင်​ကျန်း​ထျန်​စကားကိုကြားလျှင် မျက်​လုံးများဝင်းလက်သွားတော့သည်။

“တာအိုရောင်းရင်း​ယောင်​ ဒီစုံတွဲကို သတ်ပြီးရင် ဗလာကောင်းကင် ကျောက်တုံးကို ကျုပ်​လက်​ထဲအပ်မယ်၊ ကျန်​ပစ္စည်း​တွေကို နှစ်ယောက်​ခွဲယူမယ်လို့ ခင်ဗျား​သဘောတူထားတယ်နော်”

“ကောင်း​ပါပြီ ကျုပ်​က ကတိပျက်တဲ့ လူစားမျိုး​မဟုတ်​ဘူး”

ယောင်​ကျန်း​ထျန်က အာမခံလိုက်သည်။ ထို့နောက်​ ကောက်​ကျစ်​စွာ ပြုံး​လိုက်​ပြီး

“မြန်​မြန်​လာ တာအို​ရောင်းရင်း​ချူး၊ သူတို့​နှစ်ယောက်​ စျေးထဲက ထွက်တော့မယ်”

***

All Chapters