ကျီဖုအဆင့်နှစ်ဦးနှင့် တိုက်ပွဲ
Vol. 6 Ch. 119
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပိုင်ယွင်စျေးမှ ထွက်ခွာပြီးနောက် ပင်းချွမ်စီရင်စုထံသို့ ဦးတည်ပျံသန်းလိုက်သည်။ သူတို့နှစ်ဦး၏ အရှိန်အဟုန်မှာ မြန်ဆန်လွန်းသည်ဖြစ်ရာ အချိန်အနည်းငယ်အတွင်းမှာပင် ကီလိုမီတာရာဂဏန်းခန့် ပျံသန်းခဲ့ပြီးဖြစ်သည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ်အော်ရာများ ထုတ်လွှတ်နေသည့် လှံတစ်စင်းနှင့် အစိမ်းရောင်ပိုက်ကွန်ကြီးတစ်ခုက သူတို့နှစ်ဦးအပေါ် ရုတ်တရက်ကျရောက်လာတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး စက္ကန့်ပိုင်းအတွင်း လှုပ်ရှားမှုတစ်ခုကို ပြိုင်တူဆောင်ရွက်လိုက်ကြသည်။
ကျန်းချန်ရွှမ်တို့နှစ်ဦး ပိုင်ယွင်စျေးမှ ထွက်ခွာလာချိန်ကတည်းက သူတို့နောက်ကို လူနှစ်ဦး ပုန်းလျှိုးကွယ်လျှိုး ခြေရာခံလိုက်နေကြောင်း အာရုံခံမိပြီးဖြစ်သည်။ ထိုလူနှစ်ဦးမှာ ယောင်ကျန်းထျန်နှင့် ချူးပါ့ကျန့်တို့ဖြစ်သည်ကိုလည်း သိရှိပြီးဖြစ်သည့်အတွက် ထိုနှစ်ဦးကို အပြတ်ရှင်းရန်လည်း ကြံစည်ပြီးဖြစ်သည်။ ထိုအခိုက်တွင် အစိမ်းရောင်ပိုက်ကွန်ကြီးမှာ ကျန်းချန်ရွှမ်တို့နှင့် တစထက်တစ နီးကပ်လာပြီး သူတို့နှစ်ဦးနှင့် ထိလုဆဲဆဲတွင် ရှန်းရူယန်၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးလျှပ်ပန်းများ ရုတ်တရက်ကွန့်မြူးလာပြီးနောက် ကျန်းချန်ရွှမ်၏ လက်ကိုဆွဲကာ နှစ်ယောက်သား အရှိန်အဟုန်ဖြင့် တိုးထွက်သွားတော့သည်။
တစ်ဆက်တည်းတွင် တိမ်တိုက်များ ရုတ်တရက်လှိမ့်ဝင်လာပြီး ကျန်းချန်ရွှမ်တို့ နှစ်ဦးအပေါ် ဖုံးလွှမ်းသွားသည်။
“အဆင့်၃ ကာကွယ်ရေးဓမ္မလက်နက်ပဲ”
ချူးပါ့ကျန့်က အားမလိုအားမရ ကျိန်ဆဲလိုက်ပြီးနောက် ယောင်ကျန်းထျန်နှင့်အတူ ကျန်းချန်ရွှမ် တို့နှစ်ဦးထံ ပြေးဝင်လိုက်သည်။ သူတို့ခန့်မှန်းထားသည့်အတိုင်း ချူးပါ့ကျန့်နှင့် ယောင်ကျန်းထျန် တို့ ဖြစ်နေမှန်း သိရှိပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးအစုံတွင် အေးစက်စက်အရိပ်အငွေ့များ ယှက်သန်းလာတော့သည်။ ထို့နောက်တွင် နှစ်ဦးသားသည် ယောင်ကျန်းထျန်တို့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ကြတော့သည်။ ရှန်းရူယန်၏ပုံရိပ်မှာ လျှပ်စီးကြောင်းအသွင် ပြောင်းသွားပြီးနောက် လျှပ်စီးတစ်ချက်ပြက်လိုက်သည့် တစ်ခဏတွင် ငွေရောင်လှံတစ်စင်းက ယောင်ကျန်းထျန်တို့ထံ ပြေးဝင်လာတော့သည်။ အဆိုပါလက်နက်သည် လင်းထျန်းဖန်ထံမှ ရရှိခဲ့သော အကုသိုလ်ခုနှစ်ပါးလှံဖြစ်သည်။
ယောင်ထျန်းဖန်က အဆိုပါလှံကိုမြင်လျှင် နှာခေါင်းရှုံ့လိုက်ပြီး ပါးစပ်ကိုဖွင့်ပြီး တစ်စုံတစ်ခုကို ထွေးထုတ်လိုက်သည်။ အစိမ်းရောင်အလင်းများ တလက်လက်ထနေသော ဓားပျံတစ်စင်းဖြစ်ပြီး ရှန်းရူယန်၏ငွေလှံ ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း အရှိန်ဖြင့် ပျံသန်းသွားသည်။
ဒုန်း!
ဓမ္မရတနာနှစ်စင်း လေထုထဲတွင် ထိပ်တိုက်တွေ့ပြီးနောက် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆက်တွဲ တန်ပြန်လှိုင်းများက အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် အဝေးမှ ကျားချောင်းချောင်းနေသော ချူးပါ့ကျန့်က ရှန်းရူယန်အနီးသို့ ချဉ်းကပ်ရန် ကြိုးစားသော်လည်း ရှန်းရူယန်၏ ကောင်းကင်ဘုံအလင်းထီးကို ကျော်ဖြတ်နိုင်ခြင်းမရှိ၍ နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး ကျန်းချန်ရွှမ်ကို ဦးတည်ပစ်မှတ်ထားလိုက်သည်။
ချူးပါ့ကျန့်က ကျန်းချန်ရွှမ်လို အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူကို အရင်ရှင်းလင်းပြီးမှ ရှန်းရူယန်ကို ဆက်လက်ချေမှုန်းရန် ကြံစည်လိုက်သည်။ ကျန်းချန်ရွှမ်အသတ်ခံရလျှင် ရှန်းရူယန်အတွက် စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သည့်အပြင် ကျန်းချန်ရွှမ်တွင် ရှိနေသော ဗလာကောင်းကင်ကျောက်တုံးကိုလည်း လက်ဦးမှုယူနိုင်မည်ဖြစ်သည်။
ချူးပါ့ကျန့်က ရတနာလှံတစ်စင်းကို ကျန်းချန်ရွှမ်ထံ ပစ်လွှတ်လိုက်သည်။ လှံ၏လမ်းကြောင်းတစ်လျှောက် ပုံရိပ်ယောင်များ ချန်ထားလျက် ကျန်းချန်ရွှမ်ဆီသို့ တစ်ဟုန်ထိုးပြေးဝင်သွားသည်။
“ငါ့ကိုသတ်ရတာ ပိုလွယ်မယ် ထင်တယ်ပေါ့”
ကျန်းချန်ရွှမ်၏ မျက်လုံးထဲတွင် ဒေါသအငွေ့အသက်များနှင့်အတူ အေးစက်ခက်ထန်သော အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ ထို့နောက် သူ၏ခါးနေရာကို တို့ထိလိုက်ရာ ရေကြည်ကန်ဓားပျံက သူ့ကိုယ်ထဲမှ တိုးထွက်လာသည်။ ဓားသွားပတ်လည်တွင် မီးလျှံစက်ကွင်းများ ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး တုန်ယင်သွားတော့သည်။ဥက္ကာမီးလျှံဓားကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
ဂျိန်း!
မိုးခြိမ်းသံပမာ ကျယ်လောင်သော အသံကြီးနှင့်အတူ ကောင်းကင်ထံမှ မီးဟုန်းဟုန်းတောက်နေသည့် ဥက္ကာခဲကြီးများ တစ်လုံးပြီးတစ်လုံး ကျဆင်းလာတော့သည်။ အဆိုပါဥက္ကာခဲကြီးများသည် ချူးပါ့ကျန့်၏ ဓမ္မရတနာလှံကို အဆက်မပြတ် ထုချေပစ်သည့်အတွက် ရတနာလှံသည် သွက်သွက်ခါ တုန်ယင်လျက်ရှိပြီး ရှေ့ပင်မတိုးနိုင်ဘဲ အသည်းအသန်ခုခံနေရသည်။ ထိုမြင်ကွင်းကြောင့် ရှန်းရူယန်ကို တိုက်ခိုက်နေသော ယောင်ကျန်းထျန်ပင် တုန်လှုပ်သွားသည်။ အခြေခံတည်ဆောက်ခြင်း အဆင့်သာရှိသော ကျန်းချန်ရွှမ်က ချူးပါ့ကျန့်၏ ကျီဖုအဆင့် ဓမ္မရတနာကို အလွယ်တကူခုခံနိုင်ခြင်းက မယုံနိုင်စရာ ကောင်းလွန်းနေသည်လေ။
သူ၏ ပထမဆုံးတိုက်ခိုက်မှု မအောင်မြင်သည်ကို ချူးပါ့ကျန့် တွေ့ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့လျက် မျက်လုံးမှ သတ်ဖြတ်လိုသော အရိပ်အငွေ့များ တစ်ဟုန်ထိုး ပေါ်ပေါက်လာတော့သည်။ ကျန်းချန်ရွှမ်သည် အခြေခံတည်ဆောက်ခြင်း အဆင့်မှာပင် ဤမျှအစွမ်းထက်နေလျှင် ကျီဖုအဆင့် တက်လှမ်းနိုင်ခဲ့ပါက သူအစွမ်းမှာ စိတ်ကူးကြည့်၍ပင် မရလောက်အောင် အန္တရာယ်ကြီးလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ချူးပါ့ကျန့်သည် ထိုလူငယ်အား ဤနေရာတွင်ပင် အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူ၏ဓမ္မရတနာလှံကို ဓမ္မစွမ်းအင်များ ထပ်မံဖြည့်တင်းလိုက်ရာ လှံသွားထံမှ စူးရှတောက်ပသော ရောင်စဉ်လှိုင်းများ ဖြာထွက်လာပြီး ကျန်းချန်ရွှမ်၏ ဥက္ကာခဲများကို တစ်ဆက်တည်း ပိုင်းဖြတ်ပစ်လိုက်သည်။ ထိုအခါ ချူးပါ့ကျန့်၏ မျက်လုံးအစုံတွင် သတ်ဖြတ်လိုသော ဆန္ဒအရိပ်အငွေ့များ ပိုမိုပြင်းထန်လာပြီး
“ကောင်လေး ဒီနေ့ မင်းကို ကျီဖုအဆင့်ရဲ့ စွမ်းအားအစစ်အမှန်ကို ပြပေးမယ်။ မင်းလို အခြေခံတည်ဆောက်ခြင်း အဆင့်လောက်နဲ့ ကျီဖုအဆင့် ကျင့်ကြံသူတစ်ယောက်ကို အံတုလို့မရဘူးဆိုတာ မင်းနားလည်သွားလိမ့်မယ်၊ သေစမ်း”
အုန်း!
ကြောက်မက်ဖွယ်ရတနာလှံကြီးသည် ကျန်းချန်ရွှမ်၏ ၉၉ခုမြောက် ဥက္ကာခဲကို ဖျက်ဆီးပစ်လိုက်သလို ကျန်းချန်ရွှမ်လည်း နောက်သို့ ခုန်၍ ရှောင်လိုက်ရသည်။ ဥက္ကာမီးလျှံဓား နည်းစနစ်သည် ကျီဖုအဆင့်ကို ရောက်ရှိခါစ သာမန်ကျင့်ကြံသူများကိုသာ ရင်ဆိုင်နိုင်ပြီး ချူးပါ့ကျန့်လို ဒုတိယအဆင့် ဝါရင့်ကျင့်ကြံသူတစ်ဦးကို အနိုင်ယူရန် အသင့်မဖြစ်သေးကြောင်း သူနားလည်လိုက်သည်။
ထိုကြောင့် အချိန်မဆွဲတော့ဘဲ ရေကြည်ကန်ဓားကို အသက်သွင်းလိုက်သည်။ ဓားပျံမှာ သွက်သွက်ခါ တုန်ခါသွားပြီး ဓားသွားတစ်လျှောက်ကို မီးလုံးကြီးများ ဝါးမျိုသွားပြီး ဧရာမဥက္ကာခဲကြီးအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းသွားသည်။ ထို့နောက် ဥက္ကာခဲကြီးသည် ရပ်တန့်နေရာမှ အရှိန်ဖြင့်ခုန်ထွက်ပြီဒ ချူးပါ့ကျန့်၏ ရတနာလှံထံ ပြေးဝင်သွားတော့သည်။ ကျန်းချန်ရွှမ်၏ အကြိမ် ၁၀၀ မြောက် ဥက္ကာခဲဖြစ်သည့် ကြက်သွေးရောင်အလင်း ပင်ဖြစ်သည်။
ဥက္ကာခဲကြီးသည် မီးလျှံအငွေ့များကို သယ်ဆောင်လျက် ချူးပါ့ကျန့်၏လှံနှင့် ထိပ်တိုက်တွေ့မိသည်။ ကျယ်လောင်သော မြည်သံနှင့်အတူ အောက်တည့်တည့်မြေပြင်ပေါ်ရှိ သစ်တောများ၊ ကျောက်ဆောင်များမှာ တစ်စစီ ပြိုလဲပျက်စီးကုန်ကြသည်။ မနီးမဝေးမှ ယောင်ကျန်းထျန်သည်လည်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဝါရင့်ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး၏ ဓမ္မရတနာကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ယှဉ်ပြိုင်တိုက်ခိုက်ပြနေသည်မှာ ဖြစ်ရိုးဖြစ်စဉ် လုံးဝမဟုတ်ပါ။ သို့သော် ယောင်ကျန်းထျန်မသိသည်က ကျန်းချန်ရွှမ်သည် သာမန် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ဟုတ်မနေသည့် အချက်ဖြစ်သည်။
သို့သော်လည်း ဓမ္မရတနာလှံနှင့် ကျန်းချန်ရွှမ်၏ ဥက္ကာခဲတို့ တိုက်မိပြီးနောက်တွင် ကျန်းချန်ရွှမ်သည်လည်း အနောက်သို့လွင့်ထွက်သွားသည်။ ချူးပါ့ကျန့်က ပေါက်ကွဲမှု၏ တန်ပြန်လှိုင်းကြောင့် ဟန်ချက်ပျက်သွားသော ကိုယ်ဟန်ကို အမြန်ပြုပြင်ပြီး ဓမ္မရတနာလှံနှင့် သူ့ခန္ဓာကို တစ်သားတည်းပေါင်းစည်းလိုက်ကာ ကျန်းချန်ရွှမ်ထံ အဟုန်ပြင်းစွာ ပြေးဝင်လိုက်သည်။ ကျန်းချန်ရွှမ်အား ခုခံခွင့်မပေးလိုတော့ဘဲ အမြန်ဆုံးပွဲဖြတ်ရန် ကြံစည်လိုက်ခြင်းဖြစ်သည်။
အုံး အုံး အုံး!
ကျန်းချန်ရွှမ်ပစ်လွှတ်လိုက်သော အဆင့် ၂ ကာကွယ်ရေး ဓမ္မလက်နက်များမှာ ချူးပါ့ကျန့်ကို တားဆီးနိုင်စွမ်းမရှိဘဲ တစ်ခုပြီးတစ်ခု ပျက်စီးကုန်သည်။ ကျန်းချန်ရွှမ်မှာ နောက်ပြန်အနေအထားဖြင့် ဆက်လက်လွင့်ထွက်နေပြီး ဟန်ချက်ထိန်းရန်ပင် အချိန်မရပါ။ ထိုစဉ် လှံနှင့်တကွ ချူးပါ့ကျန့်သည် ကျန်းချန်ရွှမ်နှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည့် အနေအထားကို ရောက်လာတော့သည်။ ချူးပါ့ကျန့်က စဉ်းလဲသည့်အပြုံးနှင့်အတူ
“ကောင်လေး မင်းဒီတစ်ခါ ဘယ်လိုပြေးမလဲ ကြည့်ကြသေးတာပေါ့”
သူ့စကားဆုံးဆုံးချင်း လှံကိုအားကုန်တွန်းလျက် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းရန် ပြင်ဆင်လိုက်သည်။ ထိုအခိုက်တွင် နောက်ပြန်အနေအထားဖြင့် လွင့်ထွက်လျက်ရှိနေသော ကျန်းချန်ရွှမ်၏ မျက်နှာထက်တွင် ထူးဆန်းသောအပြုံးတစ်ခု ထင်ဟပ်လာတော့သည်။ ကျန်းချန်ရွှမ်၏ အပြုံးကြောင့် ချူးပါ့ကျန့်တစ်ယောက် ကြောင်စီစီဖြစ်သွားသည့် အခိုက်တွင် ကျန်းချန် ရွှမ်သည် သူ့ကိုယ်ပိုင်ဓမ္မရတနာလှံကို ထုတ်ယူလိုက်တော့သည်။
***