ရန်သူကိုသတ်ဖြတ်ခြင်း
Vol. 6 Ch. 120
ကျန်းချန်ရွှမ်သည် သူ၏ ဓမ္မရတနာလှံကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ထိုစဉ် ချူးပါ့ကျန့်သည် သူ၏ခန္ဓာကိုယ်မှာ ကျန်းချန်ရွှမ်ထံသို့ အထိန်းအချုပ်မဲ့လျက် ဆွဲယူခံလိုက်ရသည်ကို သိလိုက်ရသည်။
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”
ချူးပါ့ကျန့်တစ်ယောက် အံ့အားသင့်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူ၏ဓမ္မရတနာလှံကို ဆွဲယူထိန်းချုပ်နိုင်လိမ့်မည်ဟု အိပ်မက်ပင်မမက်ဖူးပါ။ သည်အဖြစ်အပျက်မှာ သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ထိုအချိန်မှာပင် တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို ချူးပါ့ကျန့်တွေ့လိုက်ရပြန်သည်။
သူ့ခန္ဓာကိုယ်မှာ ကျန်းချန်ရွှမ်ထံသို့ ဆွဲယူခံနေရသည့် အချိန်တွင် ကျန်းချန်ရွှမ်၏ အနောက်တည့်တည့်တွင် ကောင်းကင်နဂါးတစ်ကောင်နှင့် နတ်ဆင်ကြီးတစ်ကောင်တို့၏ ပုံရိပ်များ ရုတ်တရက်ပေါ်လာခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာလည်း တုန်ခါလာပြီး အကာအကွယ် ဓမ္မစက်ဝန်းသည်လည်း ပျက်စီးသွားသည်။ ထို့နောက် အင်အားပြင်းထန်သည့် လက်သီးတစ်လုံးက ချူးပါ့ကျန့်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထုချေပစ်လိုက်ရာ ချူးပါ့ကျန့်သည် အမြောက်ဆံပမာ လွင့်ထွက်သွားတော့သည်။ သူ့ခန္ဓာကိုယ်မှာ တောင်အနည်းငယ်ကို ဖောက်ထွင်းသွားပြီးနောက် အရှိန်တန့်သွားသည်။ သူ့ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း စွမ်းအင်တစ်မျိုးက တိုက်စားလျက်ရှိသည်။
အား!
ချူးပါ့ကျန့်၏ ပါးစပ်မှ သွေးများအန်ထွက်လာတော့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ကျီဖုအဆင့် ကျင့်ကြံသူ၏ ခံနိုင်ရည်အားကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ယှဉ်နိုင်ရန် မလွယ်ကူကြောင်း ကျန်းချန်ရွှမ် မှတ်ချက်ချမိသည်။ ဝမ်းဗိုက်တွင် အပေါက်ဖြစ်သည်အထိ တိုက်ခိုက်ခံရသော်လည်း ချူးပါ့ကျန့်မှာ သေဆုံးခြင်းမရှိဘဲ ဒဏ်ရာရရုံသာရှိသေးသည်လေ။ သို့သော် ချူးပါ့ကျန့်မှာ သူ့ဘဝတွင် မကြုံဖူးသော အကြောက်တရားကို ခံစားမိနေပြီဖြစ်ပြီး ခေါင်းကိုအနိုင်နိုင်မော့ကာ ကျန်းချန်ရွှမ်ကို မယုံနိုင်သည့် မျက်လုံးများနှင့် ကြည့်မိလိုက်သည်။
“နတ်ဘုရားစွမ်းအားပဲ”
ထိုအချိန်တွင် ဓားပျံတစ်စင်းထံမှ စူးရှသောအော်သံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်လာသည်။ အခြေအနေကို နားလည်လိုက်သော ချူးပါ့ကျန့်သည် မျက်လုံးပြူးသွားပြီး
“တာအိုရောင်းရင်းယောင်ရေ ကျုပ်ကိုကယ်ပါဦး”
သူ့စကားဆုံးဆုံးချင်းပင် ရောင်စဉ်ငါးသွယ်အလင်းများ တောက်ပနေသော ဓားပျံတစ်စင်းက ချူးပါ့ကျန့်၏ ဦးခေါင်းကို ဖြတ်တောက်ပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်တော့သည်။
“ဘယ်လို”
ယောင်ကျန်းထျန်မှာ မယုံနိုင်စရာ မြင်ကွင်းကြောင့် အံ့သြမင်သက်သွားသည်။ ထို့နောက်မှ ရုတ်တရက် သဘောပေါက်သွားဟန်နှင့် အံကိုကြိတ်ကာ ရေရွတ်လိုက်သည်။
“မူလဓမ္မရတနာဓားပျံ ပဲ”
ကျီဖုအဆင့်ကို တက်လှမ်းနိုင်သော ကျင့်ကြံသူအားလုံးနီးပါးသည် မူလဓမ္မရတနာကို သွန်းလုပ်သန့်စင်ရန် ကြိုးစားဖူးကြသူများသာ ဖြစ်သည်။ သို့သော် မူလဓမ္မရတနာကို သန့်စင်ရန် ရင်းမြစ်နှင့် ကုန်ကြမ်း အမြောက်အများ လိုအပ်သည်ဖြစ်ရာ ထိုအချက်နှင့်တင် ကျီဖုအဆင့် ကျင့်ကြံသူအများစုမှာ လက်လျှော့လိုက်ကြရသည်။ ယောင်ကျန်းထျန်နှင့် ချူးပါ့ကျန့်တို့သည်လည်း မူလဓမ္မရတနာကို သန့်စင်နိုင်ခြင်းမရှိဘဲ သာမန်ဓမ္မရတနာကိုသာ ကိုင်စွဲနေရခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ရွှမ်၏ မူလဓမ္မရတနာကိုမြင်လျှင် ယောင်ကျန်းထျန်အနေနှင့် စိတ်ခံစားမှုများ ပြင်းထန်သွားရခြင်းဖြစ်သည်။
တစ်ချိန်တည်းတွင် သူနှင့်ရင်ဆိုင်နေသော ရှန်းရူယန်သည်လည်း သူမ၏စွမ်းအားကို အကုန်အစင်အသုံးပြုခြင်း မရှိသေးသည်ကို ယောင်ကျန်းထျန် ရိပ်မိလိုက်သည်ဖြစ်ရာ အကြောက်တရားက စတင်ဖိစီးလာပါတော့သည်။ ရှန်းရူယန်သည် မူလဓမ္မရတနာကိုပင် အသုံးပြုခြင်းမရှိဘဲ သူ့လို ကျီဖုနယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ ယှဉ်ပြိုင်တိုက်ခိုက်နေသည်လေ။
အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးနောက် ယောင်ကျန်းထျန်သည် ရုတ်တရက်လှည့်၍ ထွက်ပြေးပါတော့သည်။ ရှန်းရူယန်က နှာခေါင်းရှုံ့လိုက်ပြီး
“ထွက်ပြေးချင်တာလား”
သူမ၏ လျှပ်စီးငါးပါး မသေမျိုးလက်နက်သည် ရောင်စဉ်ငါးသွယ် လျှပ်စီးကြောင်းအဖြစ် အသွင်ပြောင်းလျက် ယောင်ကျန်းထျန်ကို ပစ်ခတ်လိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ ဗလာနယ်အတွင်းမှ မိုးကြိုးတစ်ချက် လင်းလက်သွားသည်။ ရှိသမျှအားအင်ဖြင့် ပျံသန်းထွက်ပြေးနေသော ယောင်ကျန်းထျန်သည် သူ့အနောက်မှ တစ်စုံတစ်ခု လိုက်လာကြောင်း ခံစားမိသည့်အတွက် သူ၏ကိုယ်ပိုင်ဓမ္မရတနာဖြစ်သည့် အစိမ်းရောင်ဓားပျံကို ထုတ်ယူကာကွယ်လိုက်သည်။ ရှန်းရူယန်၏ ဓားပျံနှင့် ထိတွေ့မိသည့်အခါ အစိမ်းရောင်ဓားပျံထံမှ အော်ညည်းသံတစ်ခု ထွက်ပေါ်လာပြီး ဓားပျံ၏ ဝိညာဉ်စွမ်းအင်ကို ဆုံးရှုံးလိုက်ရတော့သည်။
တစ်ဆက်တည်းတွင် ရောင်စဉ်ငါးသွယ် လျှပ်စီးကြောင်းက ယောင်ကျန်းထျန်ကို ထိမှန်သွားသည့်အချိန်တွင် ရှန်းရူယန်က အခွင့်ကောင်းကို လက်လွှတ်မခံဘဲ လျှပ်စီးငါးပါး မသေမျိုးလက်နက်ကို ပဲ့ကိုင်လျက် ယောင်ကျန်းထျန်ကို ခုတ်ပိုင်းလိုက်ပြန်သည်။ ယောင်ကျန်းထျန်က အဖြူရောင်ပုတီးတစ်လုံးနှင့် အလျင်အမြန် ကာကွယ်လိုက်သော်လည်း ရောင်စဉ်ငါးသွယ် လျှပ်စီးကြောင်း၏ အဆက်မပြတ်ထိုးနှက်မှုအောက်တွင် ပုတီးစေ့မှာ အက်ကွဲစပြုလာပြီး နောက်ဆုံးတွင် ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းကာ မြေပြင်ပေါ်ကျဆင်းသွားသည်။
“ငါ လက်မခံနိုင်ဘူး”
ယောင်ကျန်းထျန်က အားကုန်အော်ဟစ်လိုက်သည်။ ထိုအခိုက်မှာပင် ရှန်းရူယန်၏ လျှပ်စီးငါးပါး မသေမျိုးဓားသည် ယောင်ကျန်းထျန်အပေါ် ကျရောက်လာပြီး ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်ထွက်သွားတော့သည်။ ထို့နောက် ဓား၏ချီမှာ ကောက်ကွေးသွားပြီး ယောင်ကျန်းထျန်၏ ခန္ဓာကိုယ်ကြီးသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျန်းချန်ရွှမ်တို့နှစ်ဦးကို သတ်ဖြတ်ရန်ကြံစည်ခဲ့သော ချူးပါ့ကျန့်နှင့် ယောင်ကျန်းထျန် နှစ်ဦးလုံး သေဆုံးကုန်ကြပြီဖြစ်သည်။
ထို့နောက် ရှန်းရူယန်တို့လည်း ယောင်ကျန်းထျန်တို့၏ သိုလှောင်အိတ်များကို အမြန်ယူကာ ပင်းချွမ်စီရင်စုကို ခရီးဆက်ရန်ပြင်လိုက်သည်။ သို့သော် သူတို့နှစ်ဦးမထွက်ခွာမီ နှစ်ယောက်သား၏ အကြည့်က အဝေးတစ်နေရာသို့ ရောက်ရှိသွားပြီး နှစ်ဦးစလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
အဝေးတစ်နေရာတွင် မိန်းကလေးတစ်ဦးနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးတို့ လေထုထဲတွင် ရပ်လျက်ရှိကြသည်။ မိန်းကလေးက သူမ ဘေးမှပုဂ္ဂိုလ်အား
“အဖေ အခြေအနေဘယ်လိုလဲ”
သူတို့နှစ်ဦးမှာ ဟွမ်ဝမ်ယုနှင့် ဟွမ်လင်းအယ်တို့ဖြစ်ကြသည်။ ဟွမ်ဝမ်ယုက
“သူတို့ အဖေတို့ရှိနေတာ သတိထားမိကြပုံပဲ”
“ ဘယ်လိုလုပ်သိသွားတာလဲ အဖေပြောနေတာ အစ်ကိုကျန်းနဲ့ အစ်မရှန်းတို့ ဟုတ်ပါတယ်နော်”
ဟွမ်လင်းအယ်က အံ့သြစွာဖြင့် မေးလိုက်မိသည်။ ဟွမ်ဝမ်ယုက
“ဟုတ်တယ် လင်းအယ်၊ သူတို့ကိုလျှော့မတွက်နဲ့၊ ပုံမှန်လူတွေ မဟုတ်တာသေချာတယ်”
“သူတို့က ရိုးရိုးကျင့်ကြံသူတွေ မဟုတ်ဘူးလား”
“ဘယ်ဟုတ်မလဲ”
ဟွမ်ဝမ်ယုက နက်နက်နဲနဲ စဉ်းစားနေပြီးမှ
“သမီးကိုကယ်တင်ခဲ့တဲ့ သူတို့ကျေးဇူးကို သူတို့အသက်ကို ပြန်ကယ်ပြီး ဆပ်ဖို့ အဖေတွေးထားတာ။ ဒါပေမဲ့ သူတို့က အဖေထင်ထားတာထက် သာလွန်နေတယ်။ ဝါရင့် ကျီဖုအဆင့်နှစ်ယောက်ကို အလွယ်တကူသတ်ပြသွားတယ်”
***
စာစဉ် ၆ ပြီး၏။