← Chapters

ရန်သူ​ကိုသတ်ဖြတ်ခြင်း

Vol. 6 Ch. 120

ရန်သူ​ကိုသတ်ဖြတ်ခြင်း

Vol. 6 Ch. 120

ကျန်း​ချန်​ရွှမ်သည် သူ၏ ဓမ္မ​ရတနာလှံကို တင်း​တင်း​ဆုပ်​ကိုင်လိုက်သည်။ ထိုစဉ် ချူးပါ့ကျန့်သည် သူ၏ခန္ဓာ​ကိုယ်​မှာ ကျန်း​ချန်​ရွှမ်​ထံသို့ အထိန်း​အချုပ်​မဲ့လျက် ဆွဲယူခံလိုက်ရသည်ကို သိလိုက်ရ​သည်။

“ဒါ​ဘယ်လို​ဖြစ်နိုင်​မှာလဲ”

ချူး​ပါ့ကျန့်​တစ်ယောက်​ အံ့အားသင့်​ခြင်း​နှင့်​ စိတ်​ရှုပ်ထွေး​ခြင်းတို့ တစ်ပြိုင်နက်တည်း ခံစား​လိုက်​ရသည်။ အခြေခံ​တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူ၏ဓမ္မရတနာလှံကို ဆွဲ​ယူထိန်းချုပ်နိုင်လိမ့်မည်ဟု အိပ်​မက်ပင်မမက်ဖူးပါ။ သည်အဖြစ်အပျက်မှာ သူ၏နားလည်​နိုင်​စွမ်း​ထက် ကျော်​လွန်​နေသည်။ ထိုအချိန်မှာပင် တုန်​လှုပ်​ဖွယ်မြင်ကွင်းတစ်ခုကို ချူး​ပါ့ကျန့်​တွေ့လိုက်ရ​ပြန်သည်။

သူ့​ခန္ဓာကိုယ်​မှာ ကျန်း​ချန်​ရွှမ်ထံသို့ ဆွဲယူခံနေရသည့် အချိန်​တွင်​ ကျန်း​ချန်​ရွှမ်၏ အနောက်​တည့်တည့်တွင် ကောင်းကင်​နဂါး​တစ်ကောင်​နှင့် နတ်ဆင်ကြီးတစ်ကောင်တို့၏ ပုံရိပ်​များ ရုတ်တရက်​ပေါ်​လာ​ခြင်း​ဖြစ်သည်။ သူ့​ခန္ဓာကိုယ်​မှာ​လည်း​ တုန်​ခါလာပြီး အကာအကွယ်​ ဓမ္မ​စက်ဝန်းသည်လည်း ပျက်စီး​သွားသည်။ ထို့နောက်​ အင်​အား​ပြင်းထန်​သည့် လက်​သီးတစ်လုံးက ချူး​ပါ့ကျန့်၏ ခန္ဓာကိုယ်​တစ်ခုလုံး​ကို ထုချေပစ်လိုက်ရာ ချူးပါ့ကျန့်သည် အမြောက်​ဆံ​ပမာ လွင့်​ထွက်သွားတော့သည်။ သူ့​ခန္ဓာကိုယ်​မှာ တောင်အနည်းငယ်​ကို ဖောက်​ထွင်း​သွား​ပြီးနောက် အရှိန်​တန့်သွားသည်။ သူ့ဝမ်းဗိုက်တွင် အပေါက်​ကြီးတစ်ခု ဖြစ်​ပေါ်​နေပြီး​ ခန္ဓာကိုယ်​တစ်ခုလုံး​ကိုလည်း​ စွမ်းအင်​တစ်​မျိုးက တိုက်​စား​လျက်​ရှိသည်။

အား!

ချူး​ပါ့ကျန့်၏ ပါးစပ်​မှ သွေးများ​အန်​ထွက်လာတော့သည်။ ထို​မြင်ကွင်း​ကို​ကြည့်ရင်း ကျီဖုအဆင့် ကျင့်ကြံသူ၏ ခံနိုင်​ရည်အားကို အခြေခံ​တည်ဆောက်​ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ယှဉ်နိုင်​ရန်​ မလွယ်​ကူကြောင်း ကျန်း​ချန်​ရွှမ် ​မှတ်ချက်​ချမိသည်။ ဝမ်းဗိုက်​တွင် အပေါက်​ဖြစ်​သည်အထိ တိုက်​ခိုက်​ခံရသော်လည်း ချူး​ပါ့ကျန့်​မှာ သေဆုံးခြင်း​မရှိဘဲ​ ဒဏ်ရာ​ရရုံသာရှိသေးသည်လေ။ သို့သော်​ ချူး​ပါ့ကျန့်​မှာ သူ့ဘဝတွင် မကြုံဖူးသော အကြောက်တရားကို ခံစား​မိနေပြီဖြစ်ပြီး ခေါင်း​ကိုအနိုင်​နိုင်​မော့ကာ ကျန်းချန်​ရွှမ်​ကို မယုံနိုင်သည့် မျက်လုံး​များ​နှင့်​ ကြည့်မိလိုက်သည်။

“နတ်​ဘုရား​စွမ်းအား​ပဲ”

ထို​အချိန်​တွင် ဓား​ပျံ​တစ်​စင်းထံမှ စူး​ရှသောအော်သံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်လာသည်။ အခြေအနေ​ကို​ နားလည်​လိုက်​သော ချူး​ပါ့ကျန့်​သည် မျက်လုံးပြူးသွားပြီး

“တာအို​ရောင်းရင်း​ယောင်ရေ ကျုပ်​ကို​ကယ်ပါဦး”

သူ့​စကား​ဆုံး​ဆုံး​ချင်း​ပင် ရောင်​စဉ်ငါး​သွယ်​အလင်းများ တောက်​ပနေသော ဓားပျံတစ်စင်းက ချူး​ပါ့ကျန့်၏ ဦး​ခေါင်း​ကို ဖြတ်​တောက်ပြီး ခန္ဓာကိုယ်​နှင့် ဝိညာဉ်​ကိုပါ​ ဖျက်ဆီး​ပစ်​လိုက်တော့သည်။

“ဘယ်​လို”

ယောင်​ကျန်း​ထျန်မှာ မယုံနိုင်စရာ မြင်​ကွင်း​ကြောင့် အံ့သြ​မင်သက်သွားသည်။ ထို့နောက်မှ ရုတ်တရက်​ သဘော​ပေါက်​သွားဟန်နှင့် အံကိုကြိတ်ကာ ရေရွတ်​လိုက်​သည်။

“မူလဓမ္မရတနာဓားပျံ ပဲ”

ကျီဖုအဆင့်ကို တက်​လှမ်း​နိုင်​သော ကျင့်ကြံသူ​အားလုံး​နီးပါး​သည် မူလ​ဓမ္မ​ရတနာကို သွန်း​လုပ်​သ​န့်​စင်ရန် ကြိုး​စားဖူးကြသူများသာ ဖြစ်သည်။ သို့​သော်​ မူ​လဓမ္မ​ရတနာ​ကို သန့်​စင်ရန် ရင်း​မြစ်​နှင့်​ ကုန်​ကြမ်း​ အမြောက်​အများ ​လိုအပ်​သည်ဖြစ်ရာ ထိုအချက်နှင့်တင် ကျီဖုအဆင့်​ ကျင့်ကြံသူ​အများ​စုမှာ လက်​လျှော့​လိုက်ကြရသည်။ ယောင်​ကျန်း​ထျန်​နှင့် ချူး​ပါ့ကျန့်တို့သည်လည်း မူလဓမ္မရတနာကို သန့်​စင်နိုင်ခြင်းမရှိဘဲ သာမန်​ဓမ္မ​ရတနာ​ကိုသာ ကိုင်​စွဲနေရခြင်းဖြစ်သည်။

ထို့​ကြောင့်​ ကျန်း​ချန်​ရွှမ်၏ မူလ​ဓမ္မ​ရတနာ​ကိုမြင်လျှင် ယောင်​ကျန်း​ထျန်အနေနှင့် စိတ်ခံစား​မှုများ ​ပြင်း​ထန်သွားရခြင်းဖြစ်သည်။

တစ်ချိန်​တည်းတွင်​ သူနှင့်​ရင်​ဆိုင်​နေသော ရှန်းရူယန်​သည်​လည်း သူမ၏စွမ်းအား​ကို အကုန်​အစင်​အသုံးပြု​ခြင်း မရှိသေး​သည်ကို ယောင်​ကျန်း​ထျန်​ ရိပ်​မိလိုက်သည်ဖြစ်ရာ အကြောက်တရားက စတင်​ဖိစီးလာပါတော့သည်။ ရှန်းရူယန်​သည် မူလ​ဓမ္မ​ရတနာ​ကိုပင် အသုံးပြု​ခြင်း​မရှိဘဲ​ သူ့လို ကျီဖု​နယ်ပယ်​ တတိယအဆင့် ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ ယှဉ်ပြိုင်​တိုက်​ခိုက်​နေသည်လေ။

အခြေအနေ​အရပ်ရပ်​ကို သုံး​သပ်​ပြီးနောက်​ ယောင်​ကျန်း​ထျန်​သည် ရုတ်တရက်​လှည့်၍ ထွက်​ပြေး​ပါတော့သည်။ ရှန်းရူယန်က နှာခေါင်း​ရှုံ့​လိုက်ပြီး​

“ထွက်​ပြေး​ချင်​တာလား​”

သူမ၏ လျှပ်​စီးငါးပါး မသေမျိုးလက်နက်သည် ရောင်​စဉ်ငါး​သွယ် လျှပ်​စီး​ကြောင်း​အဖြစ် အသွင်​ပြောင်း​လျက် ယောင်​ကျန်း​ထျန်​ကို ပစ်​ခတ်​လိုက်သည်။ ကျယ်​လောင်​သော အသံနှင့်အတူ ဗလာ​နယ်​အတွင်းမှ မိုး​ကြိုး​တစ်ချက် လင်း​လက်​သွားသည်။ ရှိ​သမျှ​အား​အင်ဖြင့် ပျံသန်း​ထွက်​ပြေးနေသော ယောင်​ကျန်း​ထျန်သည် သူ့အနောက်မှ တစ်စုံ​တစ်​ခု လိုက်လာကြောင်း ခံစား​မိ​သည့်အတွက် သူ၏ကိုယ်​ပိုင်​ဓမ္မ​ရတနာ​ဖြစ်​သည့် အစိမ်းရောင်ဓား​ပျံကို​ ထုတ်​ယူကာကွယ်လိုက်သည်။ ရှန်း​ရူယန်၏ ဓား​ပျံ​နှင့် ထိတွေ့မိသည့်အခါ အစိ​မ်း​ရောင်​ဓား​ပျံ​ထံမှ အော်​ညည်း​သံတစ်ခု ထွက်​ပေါ်​လာပြီး​ ဓားပျံ၏ ဝိညာဉ်​စွမ်း​အင်ကို ဆုံး​ရှုံး​လိုက်​ရတော့​သည်။

တစ်​ဆက်​တည်း​တွင် ရောင်​စဉ်ငါး​သွယ်​ လျှပ်​စီး​ကြောင်း​က ယောင်​ကျန်း​ထျန်ကို ထိမှန်သွားသည့်အချိန်​တွင် ရှန်းရူယန်က အခွင့်​ကောင်း​ကို လက်​လွှတ်​မခံဘဲ လျှပ်စီးငါးပါး မသေမျိုးလက်နက်ကို ပဲ့ကိုင်လျက် ယောင်​ကျန်း​ထျန်ကို ခုတ်ပိုင်းလိုက်ပြန်သည်။ ယောင်​ကျန်း​ထျန်က အဖြူရောင်​ပုတီး​တစ်လုံးနှင့် အလျင်အမြန်​ ကာကွယ်​လိုက်​သော်လည်း ရောင်​စဉ်ငါး​သွယ် လျှပ်​စီး​ကြောင်း၏ အဆက်​မပြတ်​ထိုးနှက်မှုအောက်တွင် ပုတီး​စေ့မှာ အက်​ကွဲစပြုလာပြီး နောက်ဆုံး​တွင် ဝိညာဉ်စွမ်းအင်များ ကုန်​ခမ်း​ကာ မြေပြင်​ပေါ်ကျဆင်းသွားသည်။

“ငါ လက်​မခံ​နိုင်​ဘူး”

ယောင်​ကျန်း​ထျန်က အားကုန်​အော်ဟစ်လိုက်သည်။ ထိုအခိုက်​မှာပင် ရှန်းရူယန်၏ လျှပ်စီး​ငါးပါး မ​သေ​မျိုး​ဓားသည် ယောင်​ကျန်း​ထျန်အပေါ် ကျရောက်​လာပြီး​ ခန္ဓာကိုယ်မှာ​ နှစ်ပိုင်း​ပြတ်​ထွက်​သွား​တော့​သည်။ ထို့နောက်​ ဓား​၏ချီမှာ ကောက်ကွေးသွားပြီး ယောင်​ကျန်း​ထျန်၏ ခန္ဓာကိုယ်​ကြီးသည်​ သွေးမြူများအဖြစ်သို့ ပြောင်း​လဲသွားသည်။ ကျန်း​ချန်​ရွှမ်တို့နှစ်ဦးကို သတ်​ဖြတ်​ရန်ကြံစည်ခဲ့သော ချူးပါ့ကျန့်နှင့် ယောင်​ကျန်း​ထျန် နှစ်​ဦး​လုံး သေဆုံး​ကုန်​ကြပြီဖြစ်သည်။

ထို့နောက်​ ရှန်း​ရူယန်​တို့လည်း​ ယောင်​ကျန်း​ထျန်တို့၏ သိုလှောင်​အိတ်​များကို အမြန်ယူကာ ပင်း​ချွမ်စီရင်စုကို ခရီး​ဆက်​ရန်ပြင်လိုက်သည်။ သို့​သော်​ သူတို့​နှစ်ဦး​မထွက်ခွာမီ နှစ်ယောက်​သား၏ အကြည့်က​ အဝေး​တစ်နေ​ရာ​သို့ ရောက်ရှိ​သွားပြီး နှစ်ဦးစလုံးမှာ ပါးစပ်​အဟောင်း​သား​ဖြစ်သွားကြသည်။

အဝေး​တစ်နေရာတွင် မိန်း​ကလေး​တစ်ဦး​နှင့် သက်​လတ်​ပိုင်း​အရွယ်​ လူတစ်ဦးတို့ လေထုထဲတွင် ရပ်လျက်​ရှိကြသည်။ မိန်း​ကလေး​က သူမ ဘေးမှပုဂ္ဂိုလ်​အား

“အဖေ အခြေအနေ​ဘယ်လိုလဲ​”

သူတို့​နှစ်ဦး​မှာ ဟွမ်ဝမ်ယု​နှင့်​ ဟွမ်လင်းအယ်တို့ဖြစ်ကြသည်။ ဟွမ်ဝမ်ယုက

“သူတို့​ အဖေ​တို့​ရှိနေတာ သတိ​ထား​မိကြပုံပဲ”

“ ဘယ်​လို​လုပ်​သိသွားတာလဲ အဖေ​ပြော​နေတာ အစ်ကို​ကျန်းနဲ့​ အစ်​မ​ရှန်း​တို့​ ဟုတ်ပါတယ်​နော်”

ဟွမ်လင်းအယ်က အံ့သြ​စွာဖြင့်​ မေးလိုက်​မိသည်။ ဟွမ်ဝမ်ယု​က

“ဟုတ်​တယ် ​လင်း​အယ်​၊ သူတို့​ကို​လျှော့​မတွက်နဲ့၊ ပုံမှန်​လူတွေ မဟုတ်​တာသေချာတယ်”

“သူတို့​က ရိုး​ရိုး​ကျင့်ကြံသူ​တွေ မဟုတ်ဘူး​လား”

“ဘယ်​ဟုတ်​မလဲ”

ဟွမ်ဝမ်ယု​က နက်​နက်​နဲနဲ စဉ်းစား​နေပြီးမှ

“သမီး​ကိုကယ်တင်ခဲ့တဲ့ သူတို့​ကျေးဇူးကို သူတို့​အသက်ကို ပြန်ကယ်ပြီး ဆပ်​ဖို့ အဖေ​တွေးထားတာ။ ဒါပေမဲ့​ သူတို့​က အဖေထင်ထားတာထက် သာလွန်​နေတယ်။ ဝါရင့် ကျီဖုအဆင့်​နှစ်​ယောက်​ကို အလွယ်တကူ​သတ်ပြသွားတယ်”

***

စာစဉ် ၆ ပြီး၏။

All Chapters