← Chapters

ကောင်းကင်ရဲ့ လျှို့ဝှက်ချက်က ဖော်ထုတ်၍ မရနိုင်

Vol. 014 Ch. 1380

ကောင်းကင်ရဲ့ လျှို့ဝှက်ချက်က ဖော်ထုတ်၍ မရနိုင်

Vol. 014 Ch. 1380

ကျန်းမို့ မှော်ဝိဇ္ဇာနန်းတော်မှ ထွက်လာသည့်အခါ သူ့ကို လူအများက စူးစိုက်ကြည့်နေကြပြီး အထူးသဖြင့် ကောင်းကင်အာဏာစက်ဘုံမှ လူများဖြစ်သည်။

သူသည် ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူဖြစ်သည့်အတွက် ဂူထျန်းရှင်းအကြောင်း မေးမည်မှာ သေချာပေသည်။

“ကျန်းမို့ ဂူထျန်းရှင်း သေသလား ရှင်သလား” ကောင်းကင်အာဏာစက်ပြည်ထောင်မှ တော်ဝင်တန်ခိုးရှင်တစ်ဦးက မေးလိုက်သည်။

ကျန်းမို့က သူ့ကို ကြည့်လိုက်သော်လည်း ပြန်မဖြေပေ။ သူသည် စကားပြောလိုသည့် စိတ်အခြေအနေ၌ ရှိမနေချေ။

ကောင်းကင်အာဏာစက်ဘုံမှ တော်ဝင်တန်ခိုးရှင်သည် ရှေ့သို့ ထွက်လာကာ ပြောလိုက်သည်။ “ဂူထျန်းရှင်းရဲ့ သေခြင်းရှင်ခြင်းက ကောင်းကင်အာဏာစက်ဘုံရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်ဆိုတာ မမေ့လိုက်နဲ့”

ကျန်းမို့သည် သူ့ကို ထူးမခြားနားစွာ မော့ကြည့်လိုက်ပြီး မေးသည်။ “ဘာလို့ ကိုယ်တိုင် သွားမမေးတာလဲ”

ထိုတန်ခိုးရှင်များက ဂူထျန်းရှင်း၏ ကံကြမ္မာကို သိရှိရန် မျှော်လင့်နေကြသည်ကို သူ နားလည်သည်။ ထို့ကြောင့် သူတို့ကို မှော်ဝိဇ္ဇာက ဆင့်ခေါ်ပါက တခြားမေးခွန်း မေးမြန်းနိုင်ပေလိမ့်မည်။ ထိုနည်းလမ်းဖြင့် သူတို့၏ အခွင့်အရေးက အလဟဿ မဖြစ်တော့ပေ။

အဆုံးတွင်တော့ မှော်ဝိဇ္ဇာက သူ၏ မေးခွန်းအားလုံးကို ဖြေဆိုမည် မသေချာပေ။

မှော်ဝိဇ္ဇာသည် မမျှော်လင့်ဘဲ လူများစွာကို ခေါ်တွေ့ဆုံခဲ့ပြီး သူတို့အားလုံးသည် ထို ကျော်ကြားသည့် နတ်ဆိုးသားရဲကို မြင်တွေ့လိုကြသည်။ သူတို့သည် မှော်ဝိဇ္ဇာကို တွေ့ဆုံရန် ဒုတိယအခွင့်အရေးကို ရနိုင်ရန် မသေချာသည့်အတွက် ဤအခွင့်အရေးကို မဆုံးရှုံးလိုကြပေ။ သူတို့က ပို၍ မေးမြန်းလိုသည်မှာ ပုံမှန်ပင် ဖြစ်သည်။

ဥပမာအနေနှင့် တော်ဝင်တန်ခိုးရှင်က သူ၏ အနာဂတ်ကို မေးမြန်းချင်ပြီး ကောင်းကင်အာဏာစက်ပြည်ထောင်၏ အနာဂတ်ကို သိလိုသည်။

ကျန်းမို့သည် သူ့ကို ပြောပြလိမ့်မည် မဟုတ်ပေ။

ထိုအချိန်၌ ကျန်းမို့သည် သူအတွေးထဲတွင် နစ်မြုပ်နေပြီး မှော်ဝိဇ္ဇာ ပြောလိုက်သည့်အကြောင်းကို တွေးတောနေသည်။

“မင်းအလှည့်ပဲ” ထိုအချိန်တွင် တံခါးစောင့်က ကောင်းကင်အာဏာစက်ပြည်ထောင်မှ မင်းသားကို ပြောလိုက်သည်။ သူသည် ကျန်းမို့ကို ခံစားချက်မရှိ ကြည့်လိုက်ပြီးနောက် လှေကားများသို့ တက်ကာ မှော်ဝိဇ္ဇာနန်းတော်သို့ ဝင်ရောက်သွားခဲ့သည်။

ထိုသည်က နတ်ဆိုးသားရဲများကို ဆူညံဆူညံ ဖြစ်လာစေသည်။ ယနေ့ ရောက်လာခဲ့သော များလှစွာသော နတ်ဆိုးသားရဲများသည် သာမန် နတ်ဆိုးသားရဲများ မဟုတ်ကြပေ။ သို့သော် မှော်ဝိဇ္ဇာက လူသားတန်ခိုးရှင်များကိုသာ ဆက်လက် ခေါ်ယူတွေ့ဆုံနေသည်။ မည်သည့်အတွက်နည်း။

အကယ်၍ လူသားတန်ခိုးရှင် ဂူထျန်းရှင်းက မူလတောင်တန်းသို့ ဝင်ရောက်သွားခဲ့လျှင် နတ်ဆိုးဘုံ၏ အပြောင်းအလဲက လူသားများနှင့် စတင်လိမ့်မည်လား။

အဘယ့်ကြောင့် မှော်ဝိဇ္ဇာက ဤလူသားများကိုသာ တွေ့ဆုံချင်နေရသည်လဲ။

“သူ အထဲရောက်သွားပြီ။ ရှင် ကျွန်မကို ပြောပြနိုင်မလား” ကျင့်ရီးနတ်မိမယ်က ကျန်းမို့ကို မေးလိုက်သည်။ ကျန်းမို့သည် သူမကို ကြည့်ကာ မေးလိုက်သည်။ “ကျင့်ရီးနတ်မိမယ်က ဘာအကြောင်းမေးခဲ့ပြီး မှော်ဝိဇ္ဇာက ဘယ်လို ပြန်ဖြေခဲ့လဲ”

ကျင့်ရီးနတ်မိမယ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ့ကို ကြည့်လိုက်ပြီးနောက် မည်သည့်စကားမှ မဆိုတော့ပေ။

ကျန်းမို့သည် ခပ်ဖြေးဖြေး ခေါင်းညိတ်လိုက်ပြီး သူမကို ဖြတ်ကာ လျှောက်လာခဲ့သည်။

ကောင်းကင်အာဏာစက်ပြည်ထောင်၏ တန်ခိုးရှင် ပြန်ထွက်လာရန် အချိန်သိပ်မကြာမြင့်ခဲ့ပေ။ သို့သော် သူ၏ မျက်နှာထက်မှ အမူအရာက မကောင်းလှချေ။ သိသာစွာပင် သူ လိုချင်သည့် အဖြေ ရခဲ့ပုံ မပေါ်ပေ။

သူသည် အောက်မှ လူများကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သံသယဖြစ်နေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်နှင့် ကောင်းကင်နတ်တံခါးမှ ကျန်းမို့တို့က မည်သည့် မေးခွန်းများကို မေးခဲ့ကြသနည်း။

သူတို့ မည်သည့် အဖြေကို ရရှိခဲ့ကြသနည်း။

ထိုအချိန်တွင် တံခါးစောင့်က မှော်ဝိဇ္ဇာနန်းတော်သို့ ဝင်ရောက်ရန် လူများဆက်လက် ခေါ်ဆောင်နေပြီး တဖြည်းဖြည်း အချို့ နတ်ဆိုးသားရဲများကိုလည်း ခေါ်လေသည်။

“နတ်မိမယ် ခင်ဗျား ဆက်စောင့်နေဦးမှာလား” ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများက ကျင့်ရီးနတ်မိမယ်ကို မေးလိုက်သည်။

“ခဏလောက် စောင့်ဦးမယ်” ကျင့်ရီးနတ်မိမယ်က ပြောလိုက်သည်။ သူမသည် ရီဖူရှင်းကို မှော်ဝိဇ္ဇာက ခေါ်တွေ့မလား မြင်တွေ့လိုနေသေး၏။

ယခင်က ဤလူသည် ခရမ်းရင့်ကောင်းကင်နန်းတော်ကို စိန်ခေါ်ခဲ့သည်။ မှော်ဝိဇ္ဇာကသာ သူ့ကို ခေါ်တွေ့လျှင် သူက မည်သည့် မေးခွန်း မေးမည်နည်း။

သူ၏ အနာဂတ်နှင့် ပတ်သက်၍ မှော်ဝိဇ္ဇာက မည်သည့် အဖြေကို ပြောကြားမည်နည်း။

အချိန်အနည်းငယ် ကြာပြီးနောက် များပြားလှသည့် နတ်ဆိုးသားရဲများ မှော်ဝိဇ္ဇာနန်းတော်သို့ ဝင်သွားပြီး ပြန်ထွက်လာကြသည်။ အများစုမှာ စိတ်ပျက်လက်ပျက်နှင့် ထွက်လာကြခြင်း ဖြစ်ပေသည်။

သူတို့ လိုချင်သည့် သို့မဟုတ် မျှော်လင့်ထားသည့် အဖြေမျိုး မရခဲ့ကြ၍ ဖြစ်နိုင်သည်။

လူသားဖြစ်စေ နတ်ဆိုးဖြစ်စေ အရည်အချင်း အရှိဆုံး တန်ခိုးရှင်များသည် သူတို့ကိုယ်သူတို့ အလွန်မြင့်မားသည့် မျှော်မှန်းချက် ထားရှိကြသည်။ အခြားစကားနှင့် ပြောရလျှင် သူတို့၏ အတ္တစိတ်က မြင့်မားလှသည်။ သူတို့သည် အရင်းအမြစ်များစွာ ရှိသော်လည်း မှော်ဝိဇ္ဇာ ပေးခဲ့သည့်အဖြေက သူတို့၏ မျှော်လင့်ထားသည့်အတိုင်း မဟုတ်ခဲ့ပေ။

ထိုအချိန်တွင် တံခါးစောင့်၏ မျက်လုံးများက ရီဖူရှင်းနှင့် သူ့မိတ်ဆွေများထံ ကျရောက်သွားပြီး အဓိကအားဖြင့် ကျူးကျောက်ကို ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ “ကျူးယန့်မင်းသားနဲ့ အဖွဲ့သားတွေမှာ အိမ်ရှေ့စံတစ်ယောက်တည်းပဲ ဝင်မှာလား”

ကျူးကျောက်သည် သူ၏ သရုပ်မှန်ကို မထုတ်ဖော်ခဲ့သော်လည်း ထိုသူက သူ့ကို ကျူးယန့်ကလန်မှ အိမ်ရှေ့စံအဖြစ် သတိပြုမိလေသည်။ ကျူးကျောက်သာလျှင် မဟုတ်ဘဲ ယခင် ထို အစွမ်းထက် ထိပ်တန်း လူသားတန်ခိုးရှင်များသည် သူတို့၏ဇာစ်မြစ်ကို ထုတ်ဖော်မပြောခဲ့လျှင်ပင် မှော်ဝိဇ္ဇာက သိမြင်နိုင်ပေသည်။ ထိုအချက်ကို ကြည့်၍ မှော်ဝိဇ္ဇာ၏ စွမ်းရည်က အလွန် ထူးချွန်လှသည်ကို ပြောနိုင်ပေသည်။

များပြားလှသော နတ်ဆိုးသားရဲများက ကျူးယန့်မင်းသားကို ကြည့်လိုက်သည်။ ဆိုတော့ သူက ကျူးယန့်နတ်ဆိုးအင်ပါယာ သားတော် ဖြစ်သည်လား။ ကောလာဟလများက ပြောကြသည်က ဤအိမ်ရှေ့စံသည် အလွန် အရည်အချင်းရှိပြီး ကျူးယန့်အင်ပါယာ ကျော်ကြားစဉ်ကထက်ပင် ပို၍ အစွမ်းထက်သည်ဟူ၍ ဖြစ်သည်။ သူတို့သည် သူ ထွက်လာပြီးနောက် မည်သို့ ဖြစ်မည်ကို မြင်တွေ့လိုကြပေသည်။

“တစ်ယောက်တည်းပဲလား” ကျူးကျောက် မေးလိုက်သည်။

“ဟုတ်တယ်” တံခါးစောင့်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

ကျူးကျောက်သည် ခေတ္တမျှ စဉ်းစားတွေးတောနေသည်။ သူသည် မှော်ဝိဇ္ဇာနန်းတော်သို့ ဝင်ရောက်ချင်သော်လည်း သူက ရီဖူရှင်းကိုလည်း သွားရောက်စေလိုပေသည်။

သူက ရီဖူရှင်း မှော်ဝိဇ္ဇာကို မည်သည့် မေးခွန်းမျိုး မေးလိမ့်မလဲ စူးစမ်းချင်နေသည်။ မှော်ဝိဇ္ဇာက သူ့ကို မည်သို့ ပြန်ဖြေလိမ့်မည်နည်း။

“ခင်ဗျား သွားလိုက်ပါ” ရီဖူရှင်းက ကျူးကျောက်ကို ပြောလိုက်သည်။

သူသည် မှော်ဝိဇ္ဇာ၏ အလွန်ကျော်ကြားသော စွမ်းရည်ကို သိပ်မယုံကြည်လှပေ။ နက္ခတဗေဒပညာရှင်များသည် စွမ်းရည်ရှိသည်မှာ သေချာသော်လည်း သူတို့သည်လည်း အကန့်အသတ်ရှိပြီး အရာအားလုံးကို နားလည်နိုင်ခြင်း မရှိကြပေ။

မှော်ဝိဇ္ဇာသည်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။

ထို့အပြင် သူသည် မှော်ဝိဇ္ဇာက သူ့မေးခွန်းများကို အဖြေပြန်ပေးနိုင်စွမ်း မရှိမည်ကို ကြောက်ရွံ့နေပေသည်။ သူ့ဘေးမှ လူများအားလုံးသည် သူ့ အနာဂတ်အကြောင်း မေးမြန်းလိမ့်မည်ဟု တွေးထင်နိုင်သော်လည်း သူသည် ထိုသို့သော အတွေးမျိုးကို မတွေးထားပေ။ သူ၏ အနာဂတ်က သူ့အပေါ်တွင်သာ မူတည်သည်။

သူသည် အင်ပါယာရီချင်ကို မြင်တွေ့ခဲ့သည့်အချိန်မှ စကာ သူ၏ လမ်းကြောင်းနှစ်ခုသာ ရှိတော့ပုံပေါ်သည်။

“ကျုပ်က မှော်ဝိဇ္ဇာနဲ့ တွေ့ချင်ပေမဲ့ မေးစရာမေးခွန်း များများစားစား မရှိဘူး။ မင်း ဝင်သွားပြီး မေးချင်တာ မေးခဲ့ပါ။ မှော်ဝိဇ္ဇာက မင်း တွေးထင်ထားတာထက် ပိုသိပါတယ်” ကျူးကျောက် ပြောလိုက်သည်။ ရီဖူရှင်းက သိပ်စိတ်မဝင်စားသည်ကို သူ ပြောနိုင်လေသည်။

သူ နားလည်သည်။ ရီဖူရှင်းသည် ဤကျော်ကြားသည့် ပုဂ္ဂိုလ်အကြောင်းကို သံသယရှိနေသည့်အတွက် လက်ခံယုံကြည်ရန် ခက်ခဲနေပေသည်။

သို့သော် နတ်ဆိုးကလန်မှ လူများသည်တော့ နတ်ဆိုးဘုံရှိ မှော်ဝိဇ္ဇာ အကြောင်းကို ကောင်းကောင်း သိရှိကြပေသည်။

သူသည် မှော်ဝိဇ္ဇာနန်းတော်၏ တစ်ဦးတည်း ကျန်ရစ်ခဲ့သည့် မှော်ဝိဇ္ဇာ ဖြစ်သည်။ နတ်ဆိုးအင်ပါယာက သူ့ကို တွေ့ဆုံလိုလျှင်ပင် ထိုထိပ်တန်း နတ်ဆိုးအင်ပါယာများအတွက်ပင် လွယ်ကူသည့် ကိစ္စမဟုတ်ပေ။

ဤတစ်ကြိမ်၌ မှော်ဝိဇ္ဇာက မည်သည့်အတွက် ထိုသို့ လုပ်သည်ကို သူတို့ မသိရှိကြပေ။

“ကျူးကျောက်… မင်းက ဘာလို့ လူသားတန်ခိုးရှင်အတွက် ကိုယ့်အခွင့်အရေးကိုယ် လက်လျှော့ရတာလဲ” နတ်ဆိုးသားရဲတစ်ကောင်က ကျူးယန့်မင်းသားကို ကြည့်ကာ မေးလိုက်သည်။

“အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ” ကျူးကျောက် သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ ထိုတန်ခိုးရှင်က ပြုံးလိုက်ပြီး သူ၏ အစွယ်များကို လှစ်ဟလိုက်သည်။ သူ့ဘေးမှ ထောင်းထျယ့်နတ်ဆိုးသားရဲကြီးကလည်း ကျူးကျောက်၏ တုံ့ပြန်မှုကို သဘောမကျပေ။ “အစ်ကိုကြီး ခင်ဗျား မှော်ဝိဇ္ဇာကို တွေ့ပြီး ကိုယ့်အနာဂတ်ကိုယ် မသိချင်ဘူးလား။ အစ်ကိုကြီး မသွားချင်ရင်တောင် အစ်ကိုနှစ်နဲ့ စတုတ္ထညီမတို့ သွားလို့ရတယ်လေ”

ကျူးကျောက် သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့က ငါ့နောက်ကို လိုက်နေကြတာပဲ။ အနာဂတ်အကြောင်း ဘာသိချင်နေသေးလို့လဲ”

ရက်စက်သည့် ထောင်းထျယ့်နတ်ဆိုးသားရဲက နာကျင်စွာ ခံစားလိုက်ရသော်လည်း မည်သည့်စကားမှ မဆိုတော့ပေ။

“နင် သူမအကြောင်း စိတ်ပူနေတာမလား သွားလေ” ဘေးမှာ ရပ်နေသည့် ရှားရှင်းယွန်က ရီဖူရှင်းကို ပြောလိုက်သည်။ ရီဖူရှင်းက သူမ၏သဘောကို နားလည်သည်။

သို့သော် သူသည် နတ်ဆိုးဘုံ၏ မှော်ဝိဇ္ဇာက ဂျီယူ၏ သေခြင်းရှင်ခြင်းကို သိရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။ ထိုသို့စွမ်းရည်မျိုးက အလွန် ထိတ်လန့်ဖွယ်ကောင်းလိမ့်မည် ဖြစ်ကာ သေမျိုးနယ်ပယ်မှ သူက အတိတ်နှင့် အနာဂတ် အားလုံးကို မည်ကဲ့သို့ အများကြီး အာရုံစိုက်နိုင်ပါမည်နည်း။

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ကျူးကျောက် ငြင်းပယ်ပြီး ရှားရှင်းယွန်ကလည်း တိုက်တွန်းသည့်အတွက် သူက နတ်ဆိုးဘုံ၏ ကျော်ကြားသော ပုဂ္ဂိုလ်ထံ သွားရောက်ရပေလိမ့်မည်။

သူက ကြိုးစားကြည့်ပြီးမှ မှော်ဝိဇ္ဇာက မသိခဲ့လျှင် အစ်ကိုသုံးအကြောင်း မေးမြန်းနိုင်ပေသည်။ သူက အစ်ကိုသုံး အကြောင်းကိုတော့ဖြင့် ရှင်းလင်းစွာ သိသင့်ပေသည်။

ထိုသို့တွေးလိုက်ပြီး ရီဖူရှင်းက ရှေ့သို့ ထွက်လိုက်သည်။ ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များက စိတ်ဝင်စားမှု ပြလာကြသည်။ ရီဖူရှင်း သွားရောက် တွေ့ဆုံသည်လား။

ရီဖူရှင်းသည် မှော်ဝိဇ္ဇာနှင့် မည်သည့် အကြောင်းအရာမျိုး ပြောကြားမည်ကို စူးစမ်းလိုနေကြပေသည်။

ကောင်းကင်နတ်တံခါးဂိုဏ်း၏ ကျန်းမို့နှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များကလည်း ရီဖူရှင်း လှေကားသို့ လျှောက်သွားခဲ့သည်ကို ကြည့်နေကြသည်။

ဤထိပ်တန်းအင်အားစုမှ လူများသည် ရီဖူရှင်းက အလွန်အရေးပါသည်ကို မယုံကြည်နိုင်ကြသေးသော်လည်း သူက ခရမ်းရင့်ကောင်းကင်နန်းတော်ကို ဆန့်ကျင်ခဲ့သည့်အတွက် အနာဂတ်က မှေးမှိန်သွားမည်ဟု ယုံကြည်နေကြပေသည်။ သူတို့သည် ရီဖူရှင်း၏ ခွန်အားကို သတိပြုမိသည့်အတွက် သူ့အကြောင်းကို အားလုံးက သံသယဝင်နေကြသည်။

ရီဖူရှင်းက မှော်ဝိဇ္ဇာနန်းတော်အတွင်းသို့ ဝင်ရောက်သွားသည်။ သူ့ရှေ့မှ အခြားလူများကဲ့သို့ သူသည် တိတ်ဆိတ်သည့် အိမ်တော်ဝန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ဤနေရာရှိ လေထုဝန်းကျင်သည် အလွန် ငြိမ်းချမ်းပြီး ဖြူဆွတ်ဆွတ် နတ်ဆိုးသားရဲက သူ့ကိူ စောင့်ကြိုနေသည်။

“ရီဖူရှင်းက စီနီယာကို အရိုအသေပြုပါတယ်” ရီဖူရှင်းက ဖြေးညင်းစွာ ဦးညွှတ်လိုက်သည်။

မှော်ဝိဇ္ဇာက ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများသည် ရုတ်တရက် သွေးနီရောင် ရဲရဲတောက်နေသည့် အလင်းများ ထွက်ပေါ်လာကာ ရီဖူရှင်း၏ မျက်လုံးများအတွင်း ထိုးဖောက်သွားခဲ့သည်။ ထိုအချိန်တွင် ရီဖူရှင်းသည် သူ၏ စိတ်ထဲ၌ အတွေးများ ကျူးကျော် ဝင်ရောက်လာသည်ဟု ခံစားလိုက်ရပြီး သူ၏ အမူအရာကလည်း တဖြည်းဖြည်း ပြောင်းလဲသွားသည်။

အတွေးက မမြင်နိုင်သလို လက်ဆုပ်လက်ကိုင် မပြနိုင်ပေ။ သူက ထိုသည်ကို သတိထားမိသော်လည်း ရပ်တန့်၍ မရနိုင်ခဲ့ပေ။

“ဘုန်း...”

ရီဖူရှင်း၏ ဦးခေါင်းက ပြင်းထန်စွာ တုန်ခါသွားသည်။ မှော်ဝိဇ္ဇာ၏ နီရဲသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေဆဲဖြစ်ပြီး မှော်ဝိဇ္ဇာ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။ မှော်ဝိဇ္ဇာသည် မြင်ကွင်းတစ်ခုကို မြင်တွေ့ရသည်ဟု ထင်မှတ်မိသော်လည်း မည်သည့်အရာကိုမှ မမြင်ရပေ။

နတ်ဆိုးသားရဲ၏ မျက်လုံးများမှ ခြင်းခြင်းနီသည့် သွေးများ ကျဆင်းလာသော်လည်း သူသည် အကြည့်များကို မလွှဲဖယ်နိုင်ပေ။ သူသည် ရီဖူရှင်းကိုသာ စူးစိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

“စီနီယာ ဘာလုပ်နေတာလဲ” ရီဖူရှင်းက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

မှော်ဝိဇ္ဇာက သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ယင်းတို့မှ သွေးများ ထွက်နေဆဲ ဖြစ်ကာ သူက ပြောလိုက်သည်။ “မင်း သွားလို့ရပြီ”

ရီဖူရှင်းက သူ့ကို သတိနှင့် စူးစိုက် ကြည့်လိုက်သည်။ သူသည် လှည့်ထွက်ကာ လျှောက်သွားသည်။ သူ၏ နှလုံးသားက အနည်းငယ် အေးစက်နေမှုကို ခံစားရသည်။

မှော်ဝိဇ္ဇာသည် တစ်ခုခုအကြောင်းကို စဉ်းစားကြည့်လိုဟန်ရလေသည်။

ရီဖူရှင်းထွက်ခွာသွားပြီးနောက် မှော်ဝိဇ္ဇာ၏ မျက်လုံးများက ဆက်လက်၍ သွေးထွက်နေဆဲဖြစ်ကာ သူသည် မြေပြင်ပေါ်သို့ တိတ်ဆိတ်စွာ ထိုင်ချလိုက်သည်။ သူ၏ နတ်ဆိုးသားရဲခန္ဓာမှ လူသားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုဝိညာဉ်သည် ကောင်းကင်မှ ဖြစ်တည်မှုကဲ့သို့ အဖြူ ရောင်ဆံပင်နှင့် လူအိုကြီးတစ်ဦးဖြစ်သည်။ ၎င်းသည် သူ၏ ဝိညာဉ်ဖြစ်လေသည်။

ထိုအချိန်တွင် ထိုနေရာ၌ သန့်စင်သည့် အဖြူရောင်မီးတောက်က သူ၏ ဝိညာဉ်ကို လောင်ကျွမ်းပြီးရင်း လောင်ကျွမ်းနေသည်ဟု ထင်မှတ်ရသည်။

သူ၏ ဝိညာဉ်က လူသားအသွင်သို့ ပြောင်းလဲသွားကာ သူ၏ မျက်လုံးများကို ဖွင့်၍ ကောင်းကင်သို့ ကြည့်လိုက်သည်။

“မင်းက မဟာလမ်းစဉ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖမ်းဆုပ်ချင်နေရင် ဒီလို ကောင်းကင်ပြစ်ဒဏ်ကိုတော့ ခံယူသင့်တယ်။ မိုးကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေက ဖော်ပြလို့မရဘူး” ခပ်အက်အက် အသံထွက်ပေါ်လာသော်လည်း သူသာလျှင် ကြားနိုင်ပေသည်။

မှော်ဝိဇ္ဇာကလန်သည် လောကတွင် မတည်ရှိရန် ကြမ္မာဖန်လေသည်။ ယနေ့ပြီးသည့်နောက်တွင် လောက၌ မှော်ဝိဇ္ဇာများ ထပ်ရှိတော့မည် မဟုတ်ပေ။

ရီဖူရှင်းသည် မှော်ဝိဇ္ဇာနန်းတော်မှ လျှောက်ထွက်လာခဲ့သည်။ ရီဖူရှင်းထွက်လာသည်ကို မြင်သည့်အခါ လူတိုင်းက ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ထိုမျှထိ မြန်လွန်းနေသည်လား။

အခြားလူများသည်လည်း အလျင်အမြန် ထွက်လာကြပေမဲ့ ရီဖူရှင်းကတော့ အမြန်ဆုံးပင် ဖြစ်သည်။

ရီဖူရှင်း၏ အမူအရာက အနည်းငယ် အေးစက်နေပြီး ဒေါသထွက်နေပုံရသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များက ထိုအမူအရာကို မြင်လျှင် ကြိတ်ရယ်လိုက်ကြသည်။ ရီဖူရှင်းက သူလိုချင်သည့် အဖြေအား မရခဲ့ခြင်းကို သူတို့ ဝမ်းသာနေကြပေသည်။

“မှော်ဝိဇ္ဇာ” ထိုအချိန်တွင် ကျယ်လောင်သည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုသည်က တံခါးစောင့်၏ အသံဖြစ်သည်။ ထိုအချိန်၌ လူအများသည် ထိတ်လန့်သွားကြပြီး မှော်ဝိဇ္ဇာနန်းတော်ဘက်သို့ ကြည့်လိုက်ကြလျှင် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် စွမ်းအားများအား မြင်တွေ့ရလေသည်။ ကောင်းကင်ထက်တွင် ကြီးမားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အဖြူရောင် ဆံပင်များနှင့် ထိုလူအိုကြီးသည် မှော်ဝိဇ္ဇာ နတ်ဆိုးသားရဲ ဖြစ်လေသည်။

ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်အထက်၌ မီးတောက်များက လောင်ကျွမ်းနေသည်။ ကြောက်မက်ဖွယ် စွမ်းအားများက ကောင်းကင်ထက်မှ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။

“မှော်ဝိဇ္ဇာ” ရောက်ရှိနေကြသော လူသားများနှင့် နတ်ဆိုးသားရဲများ၏ စိတ်ထဲတွင် တုန်လှုပ်နေကြသည်။ မည်သည့်အကြောင်းအရာတို့ ဖြစ်ပျက်နေသနည်း။

“ကျုပ်က ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို အများကြီး ဖော်ထုတ်ခဲ့တယ်။ အထူးသဖြင့် ဒီတစ်ခေါက်ပဲ။ အဲဒါကြောင့် ကောင်းကင်က အပြစ်ပေးတာကို ခံရမယ်။ ဒီနေ့က ကျုပ်ရဲ့ ဘဝကို စွန့်ခွာသင့်တဲ့ နေ့ပဲ။ နောက်ဆိုရင် နတ်ဆိုးဘုံမှာ မှော်ဝိဇ္ဇာဆိုတာ ရှိတော့မှာမဟုတ်ဘူး” ခပ်အက်အက် အသံတစ်ခုက ကျယ်ပြောသည့် နေရာကို ဖြတ်ကာ ပေါ်ပေါက်လာပြီး လူတိုင်း၏ နှလုံးသားများကို အပြင်းအထန် ခုန်ပေါက်လာစေသည်။

ရီဖူရှင်းပင်လျှင် လှည့်ကာ ကောင်းကင်ထက်ရှိ ပုံရိပ်ကို ကြည့်လိုက်ပြီး သူ၏ နှလုံးသားက လျင်မြန်စွာ ခုန်လှုပ်နေသည်။

ဘာ့ကြောင့်လဲ…

***

All Chapters