← Chapters

သတင်းအချက်အလက်များကို စိစစ်ခြင်း

Vol. 4 Ch. 54

သတင်းအချက်အလက်များကို စိစစ်ခြင်း

Vol. 4 Ch. 54

ဘိုးဘေးကြီးလက်သီးသိုင်း တတ်မြောက်ခြင်းအဆင့်သည် ချန်ကျဲ့၏အရိုးထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့ပြီဖြစ်သည်။ မျက်လုံးမှိတ်ထားလျက်ဖြင့်ပင် လက်သီးသိုင်းတစ်ခုလုံးကို သရုပ်ပြနိုင်၏။

ထို့ကြောင့် ချန်ကျဲ့သည် သိုင်းလေ့ကျင့်ရင်းဖြင့် ဒီနေ့အတွက် အချက်အလက်များကို အဆက်မပြတ် ကြည့်၍ စိစစ်ခွဲခြမ်းနေခဲ့သည်။ ဒီနေ့၏အချက်အလက်များသည် အလွန်အသုံးဝင်သည်ဟု ဆိုရပေမည်။

အချက်အလက်တစ်ခုစီတိုင်းသည် ချန်ကျဲ့၏လက်ရှိအခြေအနေနှင့် အလွန်နီးစပ်မှုရှိပေသည်။

လက်သီးတစ်ချက်စီတိုင်း၌ သူ၏ဘိုးဘေးကြီးလက်သီးသိုင်းမှာ သိသိသာသာ တိုးတက်လာနေသည်ကို ချန်ကျဲ့ ခံစားမိပေသည်။ အောင်မြင်မှုငယ်အဆင့်သို့ တဖြည်းဖြည်းချင်း နီးကပ်လာနေပေပြီ။

ဤသည်မှာ ဆေးရည်စိမ်ခြင်း၏ အကျိုးကျေးဇူးဖြစ်နိုင်ပါ၏။

၁၀ရက်စာ ဆေးအာနိသင်ကို အမှန်တကယ်ပင် အပြည့်အဝစုပ်ယူပြီးခဲ့ခြင်း ဖြစ်ပေသည်။ ချန်ကျဲ့သည် နံပါတ်တစ်အချက်အလက်မှတစ်ဆင့် သမားတော်ပိုင်၏ဆေးညွှန်းကို အမှတ်မထင် အဆင့်မြှင့်တင်နိုင်လိုက်၏။

မရင့်မှည့်သောဂျုံကြမ်းကို ဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ် ပေါင်းထည့်ခဲ့သည်။

ရလဒ်အနေဖြင့် ဆေးအာနိသင်သည် ၄၀ရာခိုင်နှုန်းခန့် တိုးမြင့်သွားခဲ့ပြီး အကျိုးသက်ရောက်မှုကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

အားကောင်းလှစွာသော ဆေးအာနိသင်သည် ချန်ကျဲ့၏အင်အားကို တစ်ဟုန်ထိုးတိုးတက်သွားစေခဲ့သည်။ ဥပမာဆိုရသော် ဆေးရည်မစိမ်မီက ချန်ကျဲ့သည် ကျောက်တုံးကြီးကို မ,မနိုင်ခဲ့ပေ။ ဆေးရည်စိမ်ပြီးနောက်၌ ကျောက်တုံးကြီးကို ခက်ခက်ခဲခဲဖြင့် မြေပြင်နှင့် လွတ်ရုံမျှ မ,နိုင်ခဲ့သည်။ ဤသည်မှာ သိသာထင်ရှားသည့် တိုးတက်မှုကြီးဖြစ်ပေသည်။

သူ၏အင်အားသည် အနည်းဆုံး ပေါင်၅၀ခန့် တိုးတက်လာခဲ့သည်။ အရေပြားသည်လည်း မာကြောခိုင်မာမှုနှင့် တိုက်ခိုက်မှုကို ခံနိုင်ရည်အားများ အဆင့်တစ်ခုအထိ တိုးတက်လာခဲ့သည်။

နောက်ဆုံးအနေဖြင့် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုများသည် ဘိုးဘေးကြီးလက်သီးသိုင်းကိုလည်း တိုးတက်စေခဲ့သည်။

မင်ကျင့်သိုင်းပညာ၏ရည်ရွယ်ချက်သည် ခန္ဓာကိုယ်ကို သန့်စင်မွမ်းမံရန်ဖြစ်သည်။ ခန္ဓာကိုယ်တွင် တိုးတက်မှုများရှိလာပါက သိုင်းပညာလည်း အလိုအလျောက် တိုးတက်သည်။

သဘောပေါက်နားလည်ခြင်းအတွက်မူ… အမှောင်စွမ်းအင်အဆင့်သို့ မရောက်ခင်အထိ သဘောပေါက်နားလည်ခြင်းအား လောဘတက်ရမည့် အချိန်မကျသေးပါချေ။

မင်ကျင့်သိုင်းပညာ၌ လုံလောက်သည့် ကြိုးစားအားထုတ်မှုနှင့် အပိုရင်းနှီးမြှုပ်နှံမှုများ ရှိနေသ၍ အောင်မြင်မှုရရှိနိုင်သည်ဖြစ်၏။

ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် စူးယွင်ကျင်းမှာ သူ၏ကံကောင်းမှုကြယ်လေးဟု ခံစားလိုက်ရသည်။ သူမ၏မျက်ရည်များသည် မထင်မှတ်ပါဘဲ ဆေးညွှန်းကို တိုးတက်မှုဖြစ်စေခဲ့သည်။ သူ့အနေဖြင့် စူးယွင်ကျင်းအား ရက်ရက်ရောရော ဆုချသင့်ပေသည်။

ထို့နောက် နံပါတ်နှစ်အချက်အလက်ဖြစ်သည့် ရွှေကြက်ကိစ္စကို ယွီပင်း ဆက်လိုက်ရန် ဆန္ဒမရှိတော့ဟူသည် ယွီပင်းသည် ရွာသားများ လုပ်ကြံပြောဆိုခဲ့သည့် သိုင်းသမားဇာတ်လမ်းကို ယုံကြည်သွားခဲ့ပြီဟု ဆိုလိုပေသည်။

မဟုတ်သေးဘူး။ အဲဒါက လုံးဝ အလိမ်ဇာတ်လမ်းချည်းပဲတော့လည်း မဟုတ်ဘူးလေ။

အဲဒီသိုင်းသမားက တကယ်ကြီး ရှိနေတာဟ!

ချန်ကျဲ့သည် နံပါတ်လေးအချက်အလက်နှင့် သူဒီနေ့ဆုံတွေ့ခဲ့သည့် သိုင်းသမားကို ဆက်စပ်တွေးတောလိုက်သည်။

ဟွမ်ကျိုးစီရင်စု၊ တင်းပြည်နယ်၊ ဘေးစီရင်စုရဲ့မြို့က အရာရှိအမှုထမ်းတွေကို ပုန်ကန်သတ်ဖြတ်တဲ့ ရှန်းကျောက်ဂိုဏ်း!

ဟုတ်ပါတယ်လေ။ သာ့ချန်ရဲ့စနစ်လက်အောက်မှာ ဟန်လူမျိုးတွေ သေချာပေါက် ပုန်ကန်ကြလိမ့်မယ်ဆိုတာကို ငါသိပြီးသားပဲဟာ။ ပြီးတော့ အဲဒီရှန်းကျောက်ဂိုဏ်း.. ကြားရတာ အရမ်းရင်းနှီးနေသလိုပဲ။

ငါ့အထင် ရှေးခေတ်တုန်းက ပုန်ကန်တဲ့ အဓိကဂိုဏ်းကြီး‌တွေက– ပိုင်လျန်ဂိုဏ်း၊ ရှန်းကျောက်ဂိုဏ်းနဲ့ ထျန်းတိဂိုဏ်း‌‌ဆိုပြီး ဂိုဏ်းကြီးသုံးဂိုဏ်း ရှိခဲ့တာထင်တယ်။

…

ချန်ကျဲ့သည် ထိုအချက်အလက်ကို ပြန်ပြောင်းတွေးတောပြီးနောက် မာလျို့၏အလောင်းကို ရှာတွေ့ပြီး ယွီစန်းလျို့သို့ ပို့ပေးခဲ့သည်၊ ယွီစန်းလျို့သည် သူ့ကို သံသယဝင်နေသည်ဟူသော နံပါတ်သုံးအချက်ကို ကြည့်ရှုနေခဲ့သည်။

ကြည့်ရတာ ငါနဲ့ ယွီစန်းလျို့က ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်လို့ကို မရတာထင်တယ်။

ငါယွီစန်းလျို့ကို ရှင်းပစ်ဖို့ အခွင့်အရေးရှာရမယ်။

နောက်ဆုံးနံပါတ်ငါးအချက်သည်တော့ စိတ်ပျက်ဖွယ်ကောင်းသည့် ချန်စန်းလျို့နှင့် လုစန်းတို့ ဖားပြုပ်နှစ်ကောင်အကြောင်းဖြစ်ပေသည်။ သူတို့သည် ချန်ကျဲ့အပေါ် အငြိုးအတေးထားရှိကာ သူတို့၌ အင်အားရှိလာသည်နှင့် ချန်ကျဲ့ကို ဒုက္ခခံစားစေရမည်ဟုပင် ရဲတင်းစွာ စကားဆိုနေကြသေးသည်။

အင်း.. အဲ့တော့လည်း သူတို့ ဘယ်တော့မှ အင်အားရှိမလာအောင် လုပ်ရုံပဲပေါ့!

ထိုသို့အတွေးဖြင့် ချန်ကျဲ့၏မျက်လုံးများ စူးရှတောက်ပသွား၏။

ဒီလောကမှာ သာမညောင်ညလူတွေပဲ အမုန်းမခံရတာတဲ့။

ဒါပေမဲ့ ငါ့ကို လာထိပါးရဲလို့ကတော့ မင်းတို့မှာ သာယာဖြောင့်ဖြူးတဲ့နေ့ရက်တွေ မရှိစေ‌ရအောင် သေချာပေါက် လုပ်ပစ်မယ်!

ငါ့အနာဂတ်က ငါ့လက်မှာ မူတည်နေတယ်။ တစ်ကြိမ်ကို လက်သီးတစ်ချက်နှုန်းနဲ့ တိုက်ခိုက်နေရမှာပဲ!.

…

ချန်ကျဲ့သည် သူ၏ဘိုးဘေးကြီးလက်သီးသိုင်းမှာ လျင်မြန်စွာ တိုးတက်နေလျက် အောင်မြင်မှုငယ်အဆင့်နှင့် နီးကပ်‌လာနေသည်ကို ခံစားရင်းဖြင့် တစ်ညလုံး သိုင်းလေ့ကျင့်ခဲ့သည်။

မနက်စာစားပြီးနောက်၌ ချန်ကျဲ့သည် စူးယွင်ကျင်းနှင့် ကလေးမလေးတို့ကို မှာခဲ့သည်။

“မင်းတို့ နေ့ဘက်ကို အပြင်မထွက်ကြနဲ့။ ကိုယ် နေ့လည်ပြန်လာရင် မင်းတို့ကို မြို့ကိုခေါ်သွားပြီး ကြက်နဲ့ဘဲတွေ လိုက်ဝယ်ပေးမယ်”

အမျိုးသမီးနှစ်ယောက်မှ ခေါင်းညိတ်သဘောတူသည်။ ကလေးမလေးသည် စိတ်လှုပ်ရှားပျော်ရွှင်‌လျက် ချန်ကျဲ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်၍ အားရပါးရနမ်းရှိုက်၏။

ဤသည်မှာ ‘ယဉ်ကျေးမှုရှိစွာပြုမူခြင်း’ဖြစ်ပေသည်။

ချန်ကျဲ့ အိမ်မှထွက်လာ၍ သမားတော်ပိုင်၏အိမ်သို့ ဦးတည်ခဲ့သည်။

ထိုစဉ် သမားတော်ပိုင်၏နေအိမ်၌

မနက်စာစားနေစဉ် သခင်မပိုင်မှ ပြောသည်

“ယောကျာ်း ရှင်ကြားပြီးပြီလား။ မာလျို့သေပြီတဲ့”

“ဟမ်?”

သမားတော်ပိုင်သည် ဆန်ပြုတ်သောက်နေ၏။

“မာလျို့က ဘယ်သူလဲ”

“ကျိုစစ်ကို အကြွေးလာတောင်းတဲ့တစ်ယောက်လေ”

“အို ဘယ်လိုသေသွားတာတဲ့လဲ”

သမားတော်ပိုင်မှ မေးလိုက်သောအခါ သခင်မပိုင်မှ‌ ဆက်ပြောသည်။

“ရေနစ်တာထင်တာပဲ။ သူ့အလောင်းက ကျုံးထောင်ရွာ မြစ်ကွေ့နားက သစ်ကိုင်းတစ်ကိုင်းမှာ ငြိနေခဲ့တာတဲ့။ ရေကူးနေတဲ့ ကလေးတွေနဲ့ ရေချိုငါးဖမ်းနေတဲ့သူတွေ အရမ်းလန့်သွားခဲ့ကြတာတဲ့လေ”

ဝူဟုန်မှ မျက်မှောင်ကြုတ်လျက် မေးသည်။

“တရားခံကို ဖမ်းမိပြီလား”

“မမိသေးဘူး။ စန်းလျို့က တရားခံရှာဖို့ လူတွေအများကြီး လွှတ်ထားတယ်။ ဒါပေမဲ့ မာလျို့က နှစ်တွေအကြာကြီးအတွင်းမှာ မသမာမှုတွေ အများကြီးလုပ်ထားပြီး ရန်သူတွေဆိုတာလည်း နည်းတာမဟုတ်ဘူးလေ”

“သူတို့ အရာရှိတွေကို တိုင်ကြားပြီးပြီလား”

“ဘယ်အရာရှိကို တိုင်ကြားမှာလဲ။ ချောင်ကုန်သည်အဖွဲ့ထဲမှာ ဒီလိုကိစ္စအကြီးကြီးဖြစ်တာကို ရုံးတော်ကို သွားတိုင်ကြားလိုက်ရင် သူတို့မှာ မျက်နှာရစရာရှိပါဦးမလား”

သခင်မပိုင်မှ ပြောသည်။

ဝူဟုန်သည် တူနှင့်ပန်းကန်တို့ကို ချလိုက်ပြီး မတ်တပ်ထရပ်၍ ပြော၏။

“ကျွန်တော် သွားစစ်ဆေးကြည့်မယ်”

“ထိုင်စမ်း!”

ဝူကျုံး မျက်မှောင်ကြုတ်လျက် ဝူဟုန်အား စူးရဲစွာ စိုက်ကြည့်နေသည်။

ဝူဟုန်မှ ပြောသည်။

“အဖေ လူသတ်မှုဖြစ်သွားတာလေဗျ။ ရဲမက်တစ်ယောက်အနေနဲ့ ကျွန်တော် သွားကြည့်ဖို့လိုအပ်တယ်”

“ဘယ်သူက အမှုတိုင်ကြားထားလို့လဲ။ ဟိုးအရင်ခေတ်တွေကတည်းက ပြည်သူတွေသာ မတိုင်ကြားဘူးဆိုရင် အရာရှိတွေက စုံစမ်းစစ်ဆေးမှုမလုပ်ရဘူး။ စုံစမ်းစစ်ဆေးဖို့အတွက် မင်းမှာ ဘာအကြောင်းပြချက်ရှိလို့လဲ။ ပြီးတော့ မင်းက ဒီကို ဆွေမျိုးသားချင်းတွေဆီ အလည်ပြန်လာတာ။ ရှန်းထောင်မြို့ရဲ့ အများဆိုင်အမှုအခင်းတွေကို ရှန်းထောင်မြို့ကလူတွေ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်။ မင်းကြားဝင်နှောင့်ယှက်ရင် ဘယ်လိုဖြစ်သွားမလဲ။ မင်းဆရာက မင်းကို ဒီလိုပဲသင်ပေးထားလား”

“ဒါပေမဲ့…”

“မင်းအဖေ စကားနားထောင်၊ ပြန်ထိုင်”

ဝူဟုန် ပြန်ထိုင်လိုက်သည်။ သခင်မပိုင်သည် မနက်စာ ဆက်စားနေရင်းမှ ရုတ်တရက်ပြောလာသည်။

“ရှင်တို့ တရားခံက ကျိုစစ်လို့ ထင်ကြလား”

“ကျိုစစ်လား”

ဝူဟုန် မျက်မှောင်ကြုတ်သွား၏။ ဝူကျုံးသည်လည်း စားသောက်နေခြင်းမှာ နှေးကွေးသွားသည်။

သမားတော်ပိုင်သည်လည်း တူကို လက်မှချ၍ စဉ်းစားနေသည်။

အားလုံး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ သခင်မပိုင်သည် ထိတ်လန့်သွား၍ ပြောလာ၏။

“ဘာလဲ။ ကျွန်မက ဒီတိုင်း လျှောက်ပြောလိုက်တာကို။ မာလျို့က သိုင်းလေ့ကျင့်ထားတဲ့သူလို့ ကျွန်မ ကြားခဲ့တယ်။ သိုင်းပညာအရည်အချင်းမရှိရင် သတ်ဖို့လွယ်တဲ့သူ မဟုတ်ဘူး။ သူကလည်း များသောအားဖြင့် ရိုးအေးတဲ့ သာမန်လူတွေကိုပဲ အနိုင်ကျင့်တတ်တာ။ သူ အနိုင်ကျင့်တဲ့သူအများစုက သိုင်းပညာတတ်ကြတာ မဟုတ်ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကျိုစစ်က သူတို့ထဲက တစ်ယောက်ဖြစ်နေရုံပါပဲ”

ဝူဟုန် နောက်တစ်ကြိမ် မတ်တပ်ထရပ်လိုက်သည်။

“ကျွန်တော် ညီလေးကျိုစစ်ကို သွားမေးလိုက်မယ်!”

“ပြန်ထိုင်စမ်း!”

ဝူကျုံး မျက်မှောင်ကြုတ်လိုက်ပြန်ကာ သမားတော်ပိုင်ကို ကြည့်သည်။

“အဖေ ဘယ်လိုထင်လဲ”

ဝူကျုံးမှ မေးသည်။

သမားတော်ပိုင်သည် ဆန်ပြုတ်ပန်းကန်ကို ကောက်ယူလိုက်ပြီး ပြောသည်။

“ကျိုစစ်က လူကောင်းလေးပါ”

ထို့နောက် ဘာမျှဆက်မပြောတော့ပေ။ ထိုစဉ် ဝူကျုံးသည်တော့ မျက်လုံးအိမ်တို့ မှေးကျုံ့နေ၏။ ဝူဟုန်မှ ပြောသည်။

“အဖိုး လူကောင်းတွေလည်း လူသတ်နိုင်တာပဲဗျ”

“အဖေ ဘာပြောမလဲ”

ဝူဟုန်သည် ဝူကျုံးကို ကြည့်နေခဲ့သည်။ ဝူဟုန်သည် ဆရာဖြစ်သူ၏ လွှမ်းမိုးမှုကြောင့် အနည်းငယ်ခေါင်းမာ၏။

ဝူကျုံးလည်း ဝူဟုန်ကို ပြန်ကြည့်လိုက်သည်။ ဝူကျုံးသည် ဝူဟုန်၏ မျက်လုံးများထဲသို့ စိုက်ကြည့်လျက် မေးသည်။

“တကယ်ပဲ ကျိုစစ်‌ဖြစ်နေရင်ရော မင်းက ဘာလုပ်ချင်လို့လဲ။ သူ့ကို ဖမ်းမှာလား သတ်ပစ်မှာလား”

“ကျွန်တော်!”

ဝူဟုန်မှာ အဘယ်အရာကို ‌ရွေးချယ်ရမည်အား မသိနိုင်ဘဲ ကြောင်အသွားတော့သည်။ သူနှင့် ကျိုစစ်သည် စတွေ့ချိန်ကတည်းက အတွဲညီညီဖြစ်ခဲ့ပြီး နှစ်ဦးကြား၌ ညီအစ်ကိုသံယောဇဉ် ဖြစ်တည်နေခဲ့ပြီးဖြစ်သည်။ သို့သော် ရဲမက်တစ်ဦး‌အနေဖြင့် သူ၏ကိုယ်ကျင့်တရား၊ကျင့်ဝတ်များသည် ဘာမျှမဖြစ်ခဲ့သည့်အလား ထားရစ်လိုက်ရန် ခွင့်မပြုနိုင်ပါချေ။

သို့တိုင် ဆုံးဖြတ်ချက်ချရမည်ဟု ဆိုသောအခါ သူ စိတ်ရှုပ်ထွေးတွေဝေနေခဲ့သည်။ သမာသမတ်ကျစွာ ဥပဒေကို လိုက်နာရမည်လော၊ သို့တည်းမဟုတ် ကိုယ်ရေးကိုယ်တာဘဝရှိ သစ္စာတရားအတွက် ဥပဒေကို မသိကျိုးကျွံပြရမည်လော မသိတော့ချေ။

ညီအစ်ကိုကို သစ္စာဖောက်ခြင်း မဟုတ်လျှင် သူ၏အလုပ်အကိုင်ကျင့်ဝတ်ကို သစ္စာဖောက်ရပေမည်။ ဤရွေးချယ်မှုသည် အလွန်တရာ ခက်ခဲလွန်း၏။

ဝူကျုံးသည် သားဖြစ်သူအား နားလည်သည်။ ထို့ကြောင့် အချိန်ခဏမျှ စဉ်းစားပြီးနောက် ပြော၏။

“ကျိုစစ် မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။ ခဏနေ သူရောက်လာရင် တိုက်ရိုက်ပဲ မေးကြည့်လိုက်ပေါ့”

ထိုစကားကိုကြားသောအခါ ဝူဟုန် တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်၌ပင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

ဒေါက် ဒေါက် ဒေါက်…

“ဘယ်သူလဲ”

သခင်မပိုင် မေးလိုက်သည်။

“‌အဒေါ် ကျွန်တော်ပါ ချန်ကျိုစစ်!”

တံခါးအပြင်ဘက်မှ ပြန်ဖြေသည်။

(အမှာ - ပုံမှန်ဆိုရင် ‘ကြိုး’ စာစဉ် ၄ က အခန်း ၅၆ မှာ ပြီးရမှာပါ။ ဆရာမစူးထက်နေတဲ့နေရာက ငလျင်ကြောင့် ဓာတ်အားပေးစက်ရုံပြိုသွားပြီး မီးအခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ လက်ထဲရှိသလောက်အပိုင်းနဲ့ပဲ စာစဉ်၄ကို ထွက်ပေးလိုက်ပါတယ်။ စာစဉ် ၅ မှာ လိုသွားတဲ့ ၂ပိုင်းကို ပြန်ပေါင်းထည့်ပေးလိုက်ပါ့မယ်

-Zeus )

စာစဉ်ပြီး၏

All Chapters