မင်းက တကယ့်ကို ပါရမီရှင်ပဲ
Vol. 5 Ch. 56
“ဘာ?”
ချန်ကျဲ့၏စကားတွင် သမားတော်ပိုင်သာမက ဝူကျုံးနှင့် ဝူဟုန်တို့သည်လည်း မတ်တပ်ထရပ်မိကုန်ကြသည်။
သမားတော်ပိုင်ရဲ့ဆေးညွှန်း.. အဲဒါက ဘာမလို့လဲ။ သမားတော်ပိုင် ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အထိုင်သမားတော်ဖြစ်ခဲ့စဥ်တုန်းက ငါးဖမ်းကုန်သည်အဖွဲ့က ရတနာတစ်ပါးလို မှတ်ယူခဲ့ကြတဲ့အရာလေ။
အဲဒီဆေးညွှန်းကို မှီခိုပြီးတော့ပဲ သူ့ရဲ့နေရာကို ခြေကုပ်ရယူနိုင်ခဲ့တာ။
အဲဒီလိုနဲ့ပဲ အတွင်းခန်းမကြီးရဲ့သမားတော်ရှစ်ပါးအဖြစ် ဖြစ်လာနိုင်ခဲ့တာ။
အဲဒါက လူတစ်ယောက်ရဲ့ စားဝတ်နေရေးကို ကုံလုံစိတ်ချရအောင် စွမ်းဆောင်ပေးနိုင်တဲ့ ဆေးညွှန်းတစ်ခုပဲ။ အဲဒီလိုဆေးညွှန်းကို ဒီလောက်အလွယ်တကူပဲ တိုးတက်ဖော်စပ်လို့ ရနိုင်သလား။
သမားတော်ပိုင်သည် သူ၏ဘဝတစ်ဝက်အား အရေပြားသန့်စင်ဆေးရည်ကို လက်ရှိအခြေအနေသို့ရောက်ရှိသည်အထိ ပြီးပြည့်စုံအောင် ဖော်စပ်ခြင်းဖြင့် ကုန်ဆုံးခဲ့သူဖြစ်သည်။ သို့တိုင် ချန်ကျဲ့သည် ဆေးညွှန်းအား တိုးတက်ဖော်စပ်နိုင်ခဲ့ပြီဟု ရဲတင်းစွာပြောဆိုဝံ့လေသည်။
အဲဒါက ဖြစ်နိုင်လို့လား။
ချန်ကျိုစစ်က ဆေးပညာသင်ယူတာဖြင့် ရက်နည်းနည်းပဲရှိသေးတာကို ဒီလို မတန်တဆစကားမျိုး ထွက်ဆိုရဲတယ်တဲ့!
ဝူဟုန်နှင့် ဝူကျုံးတို့နှစ်ဦးသည် ချန်ကျဲ့ကို မယုံသင်္ကာဖြင့် ကြည့်နေကြသည်။ သူတို့၏မျက်လုံးများ၌ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။ သို့သော် အချိန်ခဏမျှ အံ့အားသင့်နေပြီးနောက်တွင် သမားတော်ပိုင်သည် ချန်ကျဲ့ကိုမေးသည်။
“ကျိုစစ် မင်း နောက်ပြောင်နေတာတော့ မဟုတ်ဘူးမလား”
ချန်ကျဲ့ : “ဆရာ၊ ဆရာလည်း ခုနက ကျွန်တော့်ရဲ့သွေးကြောထဲက ဆေးအာနိသင်ရဲ့အင်အားအချို့ကို စမ်းမိလိမ့်မှာပါ။ ဆေးညွှန်းအပြည့်အစုံရဲ့ ဆေးရဲ့အာနိသင်က ဒီလောက်အထိ မပြင်းထန်သင့်ဘူး ဟုတ်တယ်မလား”
ချန်ကျဲ့၏အမေးစကားကို သမားတော်ပိုင်မှ အသာအယာခေါင်းညိတ်သည်။
“ငါဒီအကြောင်းကို မေးတော့မလို့ပဲ။ မင်း ကောင်းကင်ရတနာ၊ မြေကြီးရတနာတစ်မျိုးမျိုးကို စားသုံးခဲ့သေးလား”
“မဟုတ်ပါဘူး၊ ကျွန်တော် ဆရာ့ရဲ့ဆေးထဲကို ပါဝင်ပစ္စည်းတစ်မျိုး ထပ်ထည့်လိုက်တာပါ။ အဲဒီလိုထည့်လိုက်ပြီးတော့ ယေဘုယျဆေးအာနိသင်က အများကြီးတိုးတက်သွားတာကို ခံစားမိခဲ့ပါတယ်”
“ကောင်းပြီ၊ င့ါစာဖတ်ခန်းထဲမှာ သွားပြောကြရအောင်”
သမားတော်ပိုင်သည် ထရပ်လိုက်ပြီးနောက် ပိုင်မိသားစုအား တံခါးကိုမင်းတုန်း သေချာချရန် ညွှန်ကြားခဲ့သည်။ ဤအကြောင်းအရာအား ဆဌမမြောက်နားသို့ ရောက်ရှိစေ၍ မဖြစ်ချေ။ ဤသို့သော ဆေးဝါးတစ်ခု၏အာနိသင်အား သိသိသာသာတိုးမြှင့်ပေးနိုင်သည့် ဆေးနည်းသည် အလွန်တရာတန်ဖိုးကြီးမား၏။
အထူးသဖြင့် ဂိုဏ်းအဖွဲ့တစ်ခုအတွက် ဖြစ်သည်။
စဉ်းစားကြည့်ပါလေ၊ အရေပြားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် အရေပြားသန့်စင်ဆေးရည်ကို ၅ကြိမ်သုံးစွဲရမည်။ ယခု၌ ချန်ကျဲ့၏ဆေးညွှန်းသည် ဆေးအာနိသင်ကို ၄၀ရာခိုင်နှုန်းတိုးမြှင့်ပေးနိုင်သည်။ ဆိုလိုသည်မှာ ယခင်က ၅ကြိမ်သုံးစွဲရန် လိုအပ်ခဲ့သောဆေးသည် ယခုတွင် ၃ကြိမ်သုံးစွဲရန်သာ လိုအပ်တော့မည်ဟူ၍ ဖြစ်သည်။
ကုန်ကျစရိတ် ၅ပုံ၂ပုံခန့် လျှော့ချပေးနိုင်၏။
ဒါက ဂိုဏ်းအဖွဲ့တစ်ခုရဲ့ အောက်ခြေသိုင်းပညာရှင်တွေရဲ့ တိုးတက်မှုအတွက် ဘယ်လောက်တောင် အကူအညီဖြစ်လိမ့်မလဲ။
ထိုသိုင်းပညာရှင်များသည် ဂိုဏ်းအဖွဲ့၏ အခြေခံအုတ်မြစ်များဖြစ်ကြပေသည်။
သမားတော်ပိုင်သည် ငါးဖမ်းကုန်သည်အဖွဲ့တွင် နေရာတစ်ခု ခြေကုပ်ရယူနိုင်ရန်အတွက် ထိုဆေးညွှန်းတစ်ဖုံကို စတင်အသုံးပြုခဲ့စဉ်က ဆေးညွှန်း၏အဖိုးတန်မှုကို ပြသခဲ့ပြီးဖြစ်သည်။
လေးဦးသားသည် စာဖတ်ခန်းထဲသို့ဝင်ခဲ့ကြပြီး ဝူဟုန်မှ တံခါးပိတ်လိုက်သည်။ သမားတော်ပိုင်သည် ချန်ကျဲ့အား ဆေးညွှန်းကိုတိုးတက်စေခဲ့သည့် နည်းလမ်းကို မေးမြန်းသည်။
ဒီနေ့အတွက် ချန်ကျဲ့၏ရည်ရွယ်ချက်မှာ တိုးတက်ဖော်စပ်နိုင်ခဲ့သော ဆေးညွှန်းကိုအသုံးပြု၍ အကျိုးအမြတ်အချို့ဖြင့် လဲလှယ်ရန်ဖြစ်သောကြောင့် စိုးစဉ်းသော်မျှ ချန်လှပ်ထားခဲ့ခြင်းမရှိပေ။ ထို့ပြင် သမားတော်ပိုင်ကို ဆေးညွှန်းပြောပြလိုက်ခြင်းသည် သမားတော်ပ်ိုင်အား ဉာဏ်ကွန့်မြူးမှုဖြစ်ပေါ်စေနိုင်ပြီး ကိုယ်တိုင်၏အဆင့်တက်လှမ်းခြင်းအတွက်လည်း ပိုမိုကောင်းမွန်သည့်ဆေးဝါးများကို ဖော်စပ်နိုင်ပေလိမ့်မည်။
ချန်ကျဲ့၏ရှင်းပြချက်ကို နားထောင်ပြီးနောက်၌ သမားတော်ပိုင်သည် အတွေးများထဲ ရုတ်ချည်းနစ်မြုပ်သွားတော့သည်။
“မရင့်မှည့်သေးတဲ့ ဂျုံကြမ်း!”
သမားတော်ပိုင်သည် ပုတီးစေ့များကို လှည့်နေရင်းဖြင့် အချိန်ခဏမျှစဉ်းစားနေခဲ့သည်။
“မရင့်မှည့်သေးတဲ့ ဂျုံကြမ်း၊ တကယ့်ကို အဲဒါပဲ! ငါဘာလို့ အဲဒါကို မစဉ်းစားမိရတာလဲ!”
ထို့နောက် သမားတော်ပိုင်မှ ဆက်ပြောသည်။
“ငါက မှားယွင်းတဲ့အတွေးအမြင်ထဲမှာ ပိတ်မိနေခဲ့တာပဲ။ ငါအမြဲ တန်ဖိုးအကြီးဆုံးဆေးဝါးတွေကပဲ အကောင်းဆုံးလို့ ယုံကြည်ထားခဲ့တာ။ တစ်ခါတလေ ပြီးပြည့်စုံတဲ့ဆေးဝါးအာနိသင်အတွက် လိုအပ်နေတာက ဓာတ်ကူပစ္စည်းလေးတစ်ခုပဲဆိုတာကို ငါအခုချိန်အထိ နားမလည်နိုင်ခဲ့ဘူး။ မရင့်မှည့်တဲ့ဂျုံးကြမ်းဆိုတာက ဆေးကျမ်းအရ: ‘ဂျုံကြမ်းက လေးပင်တဲ့အခါ အစေ့အဆန်(စားသောက်ကုန်)ဖြစ်တယ်၊ ဒါပေမဲ့ ပေါ့တန်တဲ့အခါ ဆေးဖက်ဝင်တယ်'။ လယ်သမားနတ်ဘုရားက ရာချီတဲ့ဆေးပင်တွေကို စမ်းသပ်ကြည့်ခဲ့ပြီး ဂျုံကို စားစရာအဖြစ်သတ်မှတ်ခဲ့တာ အကြောင်းအရင်းရှိနေတာပဲ”
“ဒီမရင့်မှည့်သေးတဲ့ဂျုံကြမ်းမှာ ချွေးကိုရပ်တန့်အောင် အပြင်ပိုင်းကို ခဲစေနိုင်တဲ့ အကျိုးသက်ရောက်မှုရှိတယ်။ ချီစွမ်းအင်ကို အာဟာရပြုနိုင်ပြီး အပူကိုဖယ်ရှားနိုင်တယ်။ ငါ့ရဲ့အရေပြားသန့်စင်ဆေးရည်က အဆုံးထိ ဆေးရည်စိမ်တဲ့အခါ အလွယ်တကူ ချွေးထွက်စေတယ်။ ချွေးထွက်တာနဲ့ ဆေးက ပြန့်ကျဲသွားပြီး အာနိသင်လည်း အလိုအလျောက် လျော့ပါးသွားတယ်။ အားကောင်းတဲ့ကျင့်ကြံသူတွေကတော့ သူတို့ရဲ့အရေပြားကို ထိန်းချုပ်ပြီး ဆေးအာနိသင်လျော့ပါးမှုကို နည်းပါးအောင် ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ အရေပြားသန့်စင်ခြင်းအဆင့်ကို မရောက်သေးတဲ့သူတွေအတွက် အဲဒီလိုထိန်းချုပ်ဖို့က အရမ်းခက်ခဲတယ်”
“မရင့်မှည့်သေးတဲ့ဂျုံကြမ်းရဲ့ ချွေးပေါက်တွေကို ပိတ်ကာပေးပြီး ချွေးထွက်ရပ်စေတဲ့ ဂုဏ်သတ္တိနဲ့ဆိုရင် ဆေးအာနိသင်ကို သိသိသာသာ တိုးတက်သွားစေမှာပဲ။ အရမ်းကောင်းတယ်.. အရမ်း အရမ်းကောင်းတယ်!”
“ကျိုစစ် မင်း ဒီလိုကြံရည်ဖန်ရည်ရှိတဲ့နည်းလမ်းကို ဘယ်လိုများရှာတွေ့ခဲ့တာလဲ”
သမားတော်ပိုင်သည် ကျိုစစ်အား စိတ်လှုပ်ရှားပျော်မြူးစွာဖြင့် ကြည့်နေသည်။
ချန်ကျဲ့ ပြန်ပြောခဲ့သည်။
“ကျွန်တော် မတော်တဆ ရှာတွေ့ခဲ့တာပါ”
ထိုအခါ သမားတော်ပိုင်မှ ပြောသည်။
“အင်း တစ်ခါတလေ မတော်တဆ ရှာဖွေတွေ့ရှိမှုတွေကလည်း ပြဿနာကြီးတွေကို ဖြေရှင်းနိုင်တတ်တယ်။ ငါကိုယ်တိုင်ကလည်း ခေါင်းမာပြီး ဆေးအာနိသင်တိုးတက်ဖို့ကိုပဲ အာရုံစိုက်နေခဲ့လို့ပါ၊ ဆေးအာနိသင်လျော့ပါးမှုကိုတော့ မေ့လျော့ထားမိတယ်လေ။ ကျိုစစ် မင်းအရမ်းတော်တယ်။ မင်း ဒီဆေးကို ပြန်ယူသွားပြီး နောက်ထပ်ဆက်ပြီး စမ်းသပ်ကြည့်ချည်”
“ဟုတ်ကဲ့ပါ ဆရာ”
ချန်ကျဲ့ ချက်ချင်းတုံ့ပြန်ပြောခဲ့သည်။ ထို့နောက် သမားတော်ပိုင်သည် ဝူကျုံးနှင့် ဝူဟုန်တို့ကိုကြည့်၍ ပြောသည်။
“ဒီနေ့ ဒီအခန်းထဲမှာ ဆွေးနွေးခဲ့တဲ့ကိစ္စကို အပြင်မှာ ထုတ်မပြောကြနဲ့။ အကယ်၍ ဆေးညွှန်းအောင်မြင်ခဲ့ရင် အဲဒါက ကျိုစစ်ရဲ့သီးသန့်မူပိုင်ဖြစ်သင့်တယ်။ အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ဖို့ကိုထားဦး၊ တခြားနေရာမှာတောင် အသုံးပြုတာမျိုး မရှိရဘူး။ နားလည်လား”
“ဟုတ်ကဲ့ပါ အဖေ”
“မစိုးရိမ်ပါနဲ့ အဖိုးရယ်၊ ကျွန်တော်တို့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်ပါတယ်။ ဒါပေမဲ့ ကျိုစစ် မင်းအရမ်းတော်တာပဲ။ သိုင်းပညာကို မြန်မြန်သင်ယူနိုင်ရုံတင် မကဘူး ဆေးညွှန်းတွေလည်း တိုးတက်တီထွင်နိုင်တယ်။ ငါတကယ် မင်းနဲ့ မယှဉ်နိုင်ပါဘူးကွာ”
ချန်ကျဲ့ အလျင်အမြန် လက်ဝှေ့ရမ်းလိုက်သည်။
“ဒါတွေအားလုံး ဆရာ့ရဲ့အသင်အပြကောင်းမှုကြောင့်ပါ!”
“လူလည်ကောင်လေးပဲ”
သမားတော်ပိုင်မှ ရယ်မောလျက်ပြောသည်။
လေထုအခြေအနေသည် ပုံမှန်ကဲ့သို့ သက်သောင့်သက်သာရှိ၍ ပျော်မြူးဖွယ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပေသည်။
ထိုစဉ် ဝူကျုံးမှ ရယ်မောလျက် ပြောသည်။
“အဖေ ကျိုစစ်က ကျွန်တော့်ထက်ပိုပြီး အလားအလာရှိတဲ့ တပည့်ပဲနော် မဟုတ်ဘူးလား”
သမားတော်ပိုင်သည် ဝူကျုံးသို့လှည့်ကြည့်လိုက်ပြီး ပြောသည်။
“မင်းသူ့ကို မနာလိုဘူးလား။ ကျိုစစ်သာ မင်းနဲ့သက်တူရွယ်တူဖြစ်ခဲ့ရင် ငါ့ရဲ့လန်အာလေးက မင်းနဲ့မတန်တော့ဘူးပဲ”
ထိုအခါ ဝူကျုံးမှာ အားရပါးရရယ်မောတော့သည်။
“အဖေရယ်၊ အဖေ့မှာ အဲ့လိုဆန္ဒရှိရင်တောင် လန်အာကတော့ မဖြစ်နိုင်ဘူးရယ် ဟားဟား…”
ထို့နောက် ချန်ကျဲ့သို့ လှည့်ကြည့်လာကာ အချိန်ခဏမျှ တွေးတောနေပြီးနောက် ပြောလာခဲ့သည်။
“ကံကောင်းလို့ပဲ လူငယ်လေး မင်းက ငါနဲ့သက်တူရွယ်တူဟုတ်မနေခဲ့ဘူး! မဟုတ်ရင်တော့ တကယ်ကြီး မသေချာနိုင်ဘူးကွ– မင်းရဲ့ရုပ်ရည်က ငါငယ်ငယ်ကလိုပဲ ချောမောခန့်ညားတော့ ၈မှတ်လောက် ကောင်းကောင်းပေးလို့ရတယ်!”
သမားတော်ပိုင်နှင့် ဝူဟုန် : (⊙o⊙)... (အရှက်ရောရှိသေးရဲ့လား?)
လေထုအခြေအနေမှာ အတိုင်အဖောက်ညီနေ၏။ ထိုစဉ် ချန်ကျဲ့မှလည်း ချီးမွမ်းစကားတစ်ခွန်း ပြန်လည်ပစ်သွင်းလိုက်သည်။
“အတိတ်အကြောင်းပဲ ပြောမနေပါနဲ့ ဦးလေးကျုံးရာ၊ ဦးလေးက အခုထိလည်း တည်ကြည်ခန့်ညားမြဲ သူရဲကောင်းဆန်မြဲပါပဲ!”
ဝူကျုံးမှ ရယ်မောလျက် ပြောသည်။
“ကျိုစစ်က တကယ်အမြင်ရှိတာပဲ”
ထိုသို့ စနောက်ပြောဆိုနေကြစဉ် ချန်ကျဲ့မှ ရုတ်တရက် ပြောခဲ့သည်။
“ဦးလေးကျုံး ကျွန်တော် ဦးလေးကျုံးကို အကူအညီတစ်ခုလောက် တောင်းချင်ပါတယ်”
“ဒါပေါ့ ပြောလေ”
ဝူကျုံးသည် စိတ်အခြေအနေကောင်းမွန်နေသည်။ ထို့အပြင် ဝူကျုံးသည် ချန်ကျဲ့အား သူ၏လူအဖြစ် သတ်မှတ်ထားပြီးဖြစ်ပေသည်။ အထူးသဖြင့် ချန်ကျဲ့သည် ဤသို့အရေးပါလှသည့်ဆေးညွှန်းကို မျှဝေရန်ဆန္ဒရှိကြောင်း မြင်တွေ့လိုက်ရချိန်မှစတင်၍ ဖြစ်သည်။
ချန်ကျဲ့သည် သူတို့အား အပြင်လူအဖြစ် မသတ်မှတ်သည်မှာ ထင်ရှားလှပါ၏။ သို့ဖြစ်ရာ သူတို့သည်လည်း အဘယ်ကြောင့်များ ချန်ကျဲ့အပေါ် ထိုသို့ပြုမူရပါအံ့နည်း။
ပိုင်မိသားစုသည် ထိုသို့ပင်ဖြစ်သည်– ကောင်းမွန်သည့်အိမ်ရှင်သည် ကောင်းမွန်သည့်ဧည့်သည်များဖြင့်သာ ချီးမြှင့်ခံရချေသည်။ သင်တို့ဘက်မှ ကောင်းမွန်လျှင် ကျွန်ုပ်တို့ဘက်မှလည်း သေချာပေါက် ကောင်းမွန်လိမ့်မည်ဟူ၏။
သို့ဖြင့် ချန်ကျဲ့မှ ဝူကျုံးအား အကူအညီတောင်းသောအခါ ဝူကျုံးသည် ဘာမျှတွေးတောဆင်ခြင်မနေဘဲ သဘောတူခဲ့သည်။
“ဒီလိုဗျ၊ ဦးလေးတို့ငါးဖမ်းကုန်သည်အဖွဲ့မှာ လတ်တလော အလုပ်သမားခန့်မယ်လို့ ကျွန်တော်ကြားခဲ့တယ်။ အဲဒါ ကျွန်တော် အဖွဲ့ထဲဝင်ဖို့ စိတ်ဝင်စားလို့ပါ။ ဦးလေး ဖြစ်နိုင်မယ်ထင်လားဟင်”
“မင်းက ငါးဖမ်းကုန်သည်အဖွဲ့ထဲ ဝင်ချင်တာလား”
ဝူကျုံး သမားတော်ပိုင်ကို ကြည့်လိုက်သည်။ တကယ်တမ်းတွင် ငါးဖမ်းကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်ခြင်းမှာ ရိုးရှင်းပါ၏– သူ၏စကားတစ်ခွန်းတည်းဖြင့် လုံလောက်ပေသည်။ သို့သော် ချန်ကျဲ့သည် ယောက္ခထီး၏တပည့်ဖြစ်နေသည်။ သို့ဖြစ်၍ ဤသည်မှာ ယောက္ခထီးဖြစ်သူ၏ဆန္ဒအပေါ် မူတည်၏။ သို့မှသာ ချန်ကျဲ့၏ဆေးပညာလေ့လာခြင်းကိုလည်း အနှောင့်အယှက်ကင်းစေမည် ဖြစ်သည်။
ချန်ကျဲ့လည်း သမားတော်ပိုင်ကို ကြည့်နေခဲ့သည်။
သမားတော်ပိုင်သည် အလျင်စလို မတုံ့ပြန်ပေ။ ချန်ကျဲ့၏ရည်မှန်းချက်သည် သမားတော်တစ်ဦးဖြစ်လာရုံမျှ မရိုးရှင်းကြောင်းကို သမားတော်ပိုင် နားလည်သိရှိထားခဲ့ပြီးဖြစ်၏။ ချန်ကျဲ့၌ ပြင်းပြသော စိတ်ဆန္ဒရည်မှန်းချက်များရှိသည်။ သို့သော် သမားတော်ပိုင်သည် ရည်မှန်းချက်ကြီးသူများအား မနှစ်မြို့ခြင်း မရှိပါချေ။
တစ်နည်းဆိုရသော် ဤခေတ်ကာလ၌ ရည်မှန်းချက်မရှိသူသည် တစ်ပါးသူ၏အနိုင်ကျင့်ခံရရုံမှတစ်ပါး အခြားမရှိနိုင်ချေ။
တစ်ဖန်ပြန်လည်စဉ်းစားပြီးနောက် သမားတော်ပိုင်မှ ပြောသည်။
“ငါးဖမ်းကုန်သည်အဖွဲ့ထဲ ဝင်တာက ရတယ်။ နှစ်အနည်းငယ်အတွင်းမှာ မင်းရဲ့ဆေးပညာအရည်အချင်းကို တည်ဆောက်လို့ပြီးတာနဲ့ ငါမင်းကို စီရင်စု ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ လက်ထောက်သမားတော်အဖြစ် ထောက်ခံပေးနိုင်တယ်။ မင်းကိုယ်တိုင်အတွက် နာမည်ရနိုင်စေဖို့ အခွင့်အရေးပေးနိုင်တယ်ပဲဆိုပါတော့”
လက်ထောက်သမားတော်ဟူသည် ငါးဖမ်းကုန်သည်အဖွဲ့ အတွင်းခန်းမ၏ သမားတော်တစ်ဦးအတွက် ဒုတိယအဆင့်ရာထူးဖြစ်သည်။ အတွင်းခန်းမသည် ဆေးပညာရပ်ဆိုင်ရာ အရေးကိစ္စများအတွက် တာဝန်ရှိသည်။ ခန်းမသခင်၏လက်အောက်၌ အထိုင်သမားတော်ကြီးရှစ်ဦးရှိသည်။ သမားတော်ပိုင်သည် ထိုသမားတော်ကြီးများထဲမှ တစ်ဦးဖြစ်သည်။
အထိုင်သမားတော်ကြီးတစ်ဦးစီတိုင်း၌ လက်ထောက်သမားတော်များရှိကြသည်။
သမားတော်ပိုင်၏ ခွင့်ပြုချက်ကိုရသောအခါ ဝူကျုံးမှ ပြောသည်။
“ကောင်းပြီ၊ မင်း မနက်ဖြန်ကျရင် ငါးဖမ်းကုန်သည်အဖွဲ့ကို သွားလိုက်ပါ”
ချန်ကျဲ့ ချက်ချင်း ကျေးဇူးတင်စကားဆိုခဲ့သည်။ ထို့နောက် တွန့်ဆုတ်စွာဖြင့် ပြော၏။
“ဦးလေးဝူကျုံး ကျွန်တော့်မှာ အတော်လေးရည်မွန်တဲ့ ဝမ်းကွဲတစ်ယောက်ရှိပါတယ်။ သူ့ကိုရော ကျွန်တော်နဲ့အတူ ခေါ်လာခဲ့လို့ရနိုင်မလားဟင်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စောင့်ရှောက်ပေးမယ့်သူရှိတော့ ပိုကောင်းတာပေါ့”
ချန်ကျဲ့သည် ချန်ရှောင်ဟူကို တွေးမိသွားခြင်းဖြစ်၏။ ဦးလေးအာ့ပါးတို့မိသားစုသည် သူ့ကို အများကြီးကူညီပေးခဲ့ဖူးရာ ချန်ကျဲ့သည်လည်း အခွင့်အရေးရခိုက်တွင် ပြန်လည်ပေးဆပ်လိုခဲ့သည်။
ထိုအခါ ဝူကျုံးမှ ပြောသည်။
“ရတယ်လေ၊ ငါတို့ ဒီတစ်ကြိမ်ရှာနေတာလည်း နှစ်ယောက်ပဲ။ မင်းတို့နှစ်ယောက်လုပ်မယ်ဆိုမှတော့ ငါတခြားလူထပ်ရှာဖို့ မလိုတော့ဘူးပေါ့”
“ကျေးဇူးတင်ပါတယ် ဦးလေးကျုံး!”
ချန်ကျဲ့ ချက်ချင်း ကျေးဇူးတင်စကားဆိုခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်စွန်း၌ အပြုံးဖျော့ဖျော့လေး ဖြစ်တည်နေသည်။
လုစန်း၊ ချန်စန်းလျို့.. ခင်ဗျားတို့တွေ ငါးဖမ်းကုန်သည်အဖွဲ့ကနေ အမြင့်ကိုတက်လှမ်းနိုင်ပြီး ကျုပ်ကိုတောင် နင်းခြေနိုင်ဦးမယ်လို့ ထင်နေကြတယ်မလား။ အင်း စိတ်တော့မကောင်းပါဘူး ဒါပေမဲ့ ခင်ဗျားတို့ရဲ့အဲဒီနေရာကို ကျုပ်ရသွားပြီဗျ။ ခင်ဗျားတို့တော့ တခြားနေရာကို ရှာရတော့မှာပဲ!