← Chapters

ထိတ်လန့်သွားရသော ပိုင်မိသားစု

Vol. 5 Ch. 55

ထိတ်လန့်သွားရသော ပိုင်မိသားစု

Vol. 5 Ch. 55

ကျိုစစ်?!

ပိုင်မိသားစုမှာ ထိတ်လန့်သွားရသည်။ *ချောင်ချောင်းအကြောင်း ပြောနေစဉ် ချောင်ချောင်းရောက်လာပေ၏။*

ကျိုစစ်ရောက်လာပြီပဲ!

“အာ သူရောက်လာပြီ!”

ပိုင်သခင်မသည် ခြံတံခါးဝသို့ အပြေးသွား၍ တံခါးဖွင့်လိုက်သည်။ ချန်ကျဲ့သည် ဝင်ပေါက်တွင် ‌မတ်တပ်ရပ်နေ၏။

“ကျိုစစ်! ရောက်လာပြီပဲ”

“အဒေါ် မင်္ဂလာမနက်ခင်းပါ”

ချန်ကျဲ့ ယဉ်ကျေးပျူငှာစွာ ခေါင်းညိတ်၍ ခြံထဲသို့ဝင်လိုက်သည်။ ပိုင်သခင်မမှ အပြုံးဖြင့် စကားဆို၏။

“မင်းစားပြီးပြီလား။ ငါတို့နဲ့အတူ လာစားလေ”

“ကျွန်တော် စားခဲ့ပြီးပါပြီ အဒေါ်”

ချန်ကျဲ့ ခေါင်းညိတ်ဖြေလိုက်သည်။ သို့သော် မည်သည့်အကြောင်းကြောင့်မသိချေ.. သခင်မပိုင်သည် ဒီနေ့ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားရပေသည်။

ချန်ကျဲ့ စဉ်းစားနေစဉ် သမားတော်ပိုင်မှ ပြောလာခဲ့သည်။

“ကျိုစစ် ဒီကိုလာဦး!”

ချန်ကျဲ့ လျှောက်သွားခဲ့သည်။ သမားတော်ပိုင်သည် ချန်ကျဲ့အား ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ပြီးနောက် ပြောလာသည်။

“ထိုင်ဦး ငါမင်းကို မေးစရာရှိတယ်”

“အို မေးပါ ဆရာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း ဆရာ့ကို ပြောစရာရှိနေတာ”

ချန်ကျဲ့ ပြန်ပြောခဲ့သည်။ ထိုအခါ သမားတော်ပိုင်သည် ချန်ကျဲ့ကိုကြည့်၍ မေး၏။

“ငါအရင်မေးမယ်၊ မင်း မာလျို့သေသွားတဲ့အကြောင်း သိလား”

“ဟမ်?”

ချန်ကျဲ့သည် အလွန်တရာစိတ်ရှုပ်ထွေးဟန် ပြောင်းလဲသွား၏။ သူ၏မျက်နှာအမူအရာမှာ တိကျလွန်းပေသည်။ စောင့်ကြည့်နေကြသည့် ဝူဟုန်နှင့် ဝူကျုံးတို့မှာ မည်သည့်ပြစ်ချက်သော်မျှ ရှာမတွေ့ကြချေ။

“သေပြီလား? သေသွားတာကောင်းတယ်!”

ချန်ကျဲ့သည် သူ၏ မာလျို့အပေါ် မုန်းတီးစက်ဆုပ်သည့် သဘောထားကို ဖုံးကွယ်ရန် မကြိုးစားပေ။

သမားတော်ပိုင်နှင့် ဝူဟုန်၊ ဝူကျုံးတို့နှစ်ဦးသည် ပြစ်ချက်တစ်ခုတစ်လေသော်မျှ ရှာ‌မတွေ့ကြလေရာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဝူကျုံးမှ အလျင်အမြန် ပြောလာခဲ့၏။

“ကျိုစစ် မင်းသူ့ကိုသတ်ခဲ့တာ မဟုတ်ဘူးမလား”

“အာ?”

ချန်ကျဲ့ ဝူကျုံးအား အံ့ဩမင်သက်စွာဖြင့် ကြည့်လိုက်သည်။

“ဦးလေးကျုံး အဲဒါက ဘာကိုဆိုလိုတာလဲဗျာ”

ဝူကျုံးမှ ပြောသည်။

“ဘာမှ မဟုတ်ပါဘူး၊ ဒီတိုင်း စကားတီးခေါက်ကြည့်ရုံပါပဲ။ မင်းသတ်ခဲ့တာဆိုရင် မင်းငါ့ကို ပြောပြရမယ်။ မာလျို့က ယွီမိသားစုရဲ့လူပဲ၊ ပြဿနာတွေ ရှုပ်ထွေးလာနိုင်တယ်ကွ”

ချန်ကျဲ့မှ ပြော၏။

“ဦးလေး တကယ် ကျွန်တော်သတ်တာ မဟုတ်ပါဘူး။ ကျွန်တော် မာလျို့ကို မုန်းတီးပြီး သူ့ကို သေစေချင်စိတ်ရှိပေမဲ့လည်း အမှန်အတိုင်းပြောရရင် ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဖြေရှင်းမရနိုင်လောက်အောင် နက်ရှိုင်းတဲ့ အမုန်းတရားနဲ့ အငြိုးအတေးရယ်လို့ မရှိပါဘူး”

“ဘယ်လိုကြောင့်လဲ”

ဝူကျုံးသည် ချန်ကျဲ့ကို အကြည့်မလွှဲပေ။

“ဦးလေးကျုံးသိတဲ့အတိုင်းပဲ အရင်တုန်းက

ကျွန်တော့်ကို လောင်းကစားလုပ်ဖို့ ဦးဆောင်လမ်းပြခဲ့တဲ့သူက မာလျို့ပါ။ အဲဒီအချိန်တုန်းက ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း နိမ့်ပါးခဲ့တယ်။ ကျွန်တော်သူ့ကို မုန်းတီးရတဲ့အကြောင်းရင်းက လွန်ခဲ့တဲ့နှစ်ရက်ကဖြစ်ခဲ့တဲ့ အကြွေးတောင်းတဲ့ကိစ္စကြောင့်ပါပဲ။ အဲဒီတုန်းကတော့ ကျွန်တော် တကယ် သူ့ကိုသတ်ချင်နေခဲ့တာ!”

“အဲဒါက သည်းခံဖို့ရာ အရမ်းလွန်လွန်းတယ်လေ.. ငွေတစ်တုံးကနေ ငွေနှစ်ဆယ့်ငါးတုံးဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီကိစ္စကလည်း ဦးလေးပဲ ဖြေရှင်းပေးပြီးခဲ့ပြီမဟုတ်လားဗျာ”

“အင်း အဲဒီကိစ္စက ဖြေရှင်းပြီးသားပဲ”

ဝူကျုံးမှ ပြန်ပြောသည်။

“ဟုတ်ပြီ၊ ပြဿနာကိုလည်း ဖြေရှင်းပြီးသွားပြီ၊ ကျွန်တော်တို့နှစ်ယောက်ကြားမှာ သေရေးရှင်ရေးလောက်ကြီးမားတဲ့ အမုန်းတရားလည်းမရှိဘူး။ သူလည်း ကျွန်တော့်ကို ထပ်ပြီးမခြိမ်းခြောက်နိုင်တော့ဘူး။ ကျွန်တော့်မှာလည်း သူ့ကို သွားပြီးရန်စ,စရာ အကြောင်းရင်းမရှိဘူး။ ကျွန်တော်တို့နှစ်‌ယောက်အတွက် အပြန်အလှန် လွှတ်ထားပေးလိုက်တာက အကောင်းဆုံးပဲကို ကျွန်တော်က ဘာလို့သူ့ကိုသတ်ရမှာလဲ။ အဓိပ္ပာယ်မရှိတာ!”

“ပြီးတော့ ကျွန်တော်က အခု ဆရာ့နောက်လိုက်ပြီး ဆေးပညာသင်ယူနေပြီ။ ကျွန်တော် အနာဂတ်မှာ သမားတော်တစ်ယောက်ဖြစ်လာချင်တယ်။ ကျွန်တော့်ရဲ့ရှေ့မှာ အကန့်အသတ်မဲ့တဲ့ အနာဂတ်ကြီးရှိနေတယ်။ အခုအချိန်မှာ သူ့အတွက်နဲ့ ကျွန်တော့်ဘဝကို စွန့်စားပစ်လိုက်ဖို့ မတန်ပါဘူး!”

ထိုအခါ ဝူကျုံးတို့အားလုံးသည် ခပ်ဖျော့ဖျော့ ခေါင်းညိတ်ကြ၏။ ချန်ကျဲ့၏ဖြေရှင်းချက်မှာ ကျိုးကြောင်းဆီလျော်ပေသည်။

ပထမအချက်၊ ချန်ကျိုစစ်သည် အကြောင်းပြချက်မရှိပါဘဲ လူသတ်မည့်အရူးကောင်မဟုတ်ဟု သတ်မှတ်နိုင်သူဖြစ်သည်။

ဒုတိယအချက်၊ ချန်ကျိုစစ်မှ မာလျို့ကိုသတ်ဖြတ်ရန်အတွက် လုံလောက်သည့် လှုံ့ဆော်မှုအကြောင်းအရင်း မရှိပေ။

သူတို့နှစ်ဦးကြားရှိ အကြီးမားဆုံးသောပဋိပက္ခမှာ မာလျို့မှ အကြွေးတောင်းရမ်းသည့်ဖြစ်ရပ် ဖြစ်သည်။ သို့သော် ၎င်းကို ဝူကျုံးမှ ဖြေရှင်းပေးခဲ့ပြီး ဖြစ်ပေသည်။

ဖြေရှင်းပြီးသားကိစ္စတစ်ခုအတွက်နဲ့ လူသတ်မတဲ့လား။

လူသတ်ဖို့လှုံ့ဆော်မှုအကြောင်းအရင်းက လုံလောက်မနေတာ ရှင်းလင်းနေတာပဲလေ!

ချန်ကျိုစစ်ရဲ့အကျင့်စရိုက်အရဆို ဖြေရှင်းပြီးသားကိစ္စတစ်ခုကြောင့်နဲ့ လူသတ်မှာမဟုတ်ဘူး။ သူသာ တကယ်သတ်ချင်စိတ်ရှိရင် အစကတည်းက ပြဿနာကိုဖြေရှင်းဖို့ အကူအညီတောင်းခဲ့မှာ မဟုတ်ဘူး!

ပြဿနာဖြေရှင်းပြီးသွားမှ လူသတ်မှတော့ ကိုယ့်ဒုက္ခကိုယ် မီးထွန်းရှာလိုက်တာပဲမဟုတ်လား!

အဲဒီလိုက လုံးဝအဓိပ္ပာယ်မရှိဘူး!

ဝူကျုံးနှင့်သုံးဦးသားမှာ တိတ်ဆိတ်သွားကြသည်။

ချန်ကျဲ့သည် သူတို့သုံးဦးထံမှ ချင့်ချိန်ဆုံးဖြတ်ချက်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

အချိန်အတော်ကြာမြင့်ပြီး နောက်ဆုံးတွင်တော့ ဝူးကျုံးမှ စကားပြောလာခဲ့သည်။

“အမ်းး ကျိုစစ်ပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျိုစစ်က ဒီကိစ္စလေးကြောင့်နဲ့ မာလျို့ကိုသတ်တဲ့အထိ လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျိုစစ်၊ မင်းနဲ့မာလျို့ကြားမှာ ရန်ငြိုးရန်စတော့ ရှိနေတယ်။ ယွီမိသားစုက မင်းအပေါ် ဒေါသလာဖြေမှာ စိုးရိမ်ရတယ်”

ချန်ကျဲ့မှ ပြောသည်။

“အပြစ်ကင်းတဲ့သူက အပြစ်ကင်းမြဲဖြစ်ပြီး အပြစ်ရှိတဲ့သူက အပြစ်ရှိနေမှာပါပဲ။ ကျွန်တော့်အထင် ယွီမိသားစုလည်း အမှားအမှန်ကို ကောင်းကောင်းသိမြင်နိုင်လောက်မှာပါ”

ဘေးတွင်နားထောင်နေသည့် ဝူဟုန်သည် သူ၏ရင်ဘတ်ကိုပုတ်၍ ပြော၏။

“မင်းကြောင့် ငါ့မှာလန့်သွားတာပဲကွာ။ ငါတကယ် မင်းသတ်ခဲ့တာလို့ တွေးမိတော့မလို့ကွ ကျိုစစ်ရ!”

ချန်ကျဲ့ ပြုံး၍ပြောလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ။ ကျွန်တော့်မှာ အဲဒီလောက်သတ္တိမရှိပါဘူး”

ထိုသို့ပြောဆိုရင်းဖြင့် နှစ်ဦးလုံးရယ်မောလိုက်ကြသည်။ ဝူဟုန်သည် ရယ်မောနေရင်းမှ ရုတ်ချည်း မျက်နှာတည်တံ့သွားကာ ချန်ကျဲ့၏ပခုံးကိုဆွဲရန် လျင်မြန်သည့်အရှိန်နှုန်းဖြင့် လက်လှမ်းလိုက်သည်။

လန့်သွားသော ချန်ကျဲ့သည် ဘိုးဘေးကြီးလက်သီးသိုင်းဖြင့် လက်သီးတစ်ချက်ကို အလိုအလျောက် ထိုးသွင်းတုံ့ပြန်မိလိုက်သည်။ သူတို့နှစ်ဦး၏လက်များ ဖြတ်တိုက်သွား၏။ ချန်ကျဲ့သည် ကြီးမားသည့်အင်အားကြီးတစ်ခုမှ သူ၏လက်ကို အလွယ်တကူ ပိတ်ပင်ကာဆီးလိုက်ခြင်းအား ခံစားလိုက်ရသည်။ ထို့နောက် တဒင်္ဂလေးအတွင်း ဝူဟုန်၏လက်သည် သူ၏လည်တိုင်သို့ ရောက်ရှိနေခဲ့လေသည်။

အသေအကြေတိုက်ပွဲဖြစ်ခဲ့လျှင် ချန်ကျဲ့မှာ သေလူဖြစ်သွား‌ခဲ့လောက်ပေပြီ။

“အာ~”

သို့သော် ဤသို့ကြီးလေးသည့်အပြောင်းအလဲ၏ ရှေ့မှောက်၌ ချန်ကျဲ့သည် ပျာယာခတ်မသွားပေ။ ဝူဟုန်‌သည်တော့ အံ့ဩမှုနှင့် မယုံကြည်နိုင်ခြင်းတို့ကြောင့် အာမေဋိတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဘေးရှိ ဝူကျုံးမှ အော်ပြော၏။

“ဟုန်အာ မင်းဘာလုပ်နေတာလဲ”

ထို့နောက်တွင်မှ ဝူဟုန်သည် အသိပြန်ဝင်လာခဲ့ပြီး မိမိ၏လုပ်ရပ်မှာ အနည်းငယ်ရိုင်းပျသွားကြောင်း နားလည်လိုက်သည်။

သို့သော်ငြား ဝူဟုန်သည် အရေးထားမနေဘဲ အံ့အားသင့်စွာဖြင့် မေးမြန်းလာသည်။

“ကျိုစစ် မင်း‌အာနိသင်‌ပြင်းတဲ့ အားဖြည့်ဆေးတွေဘာတွေ သောက်ထားသေးလား။ ဘယ်လိုလုပ်ပြီး အားအင်တွေ ဒီလောက်အထိ တိုးတက်လာရတာလဲ။ မင်းအခု အရေပြားသန့်စင်ခြင်းအဆင့်ကို ရောက်လုနီးနေပြီ!”

ဝူဟုန် စိတ်မြန်လက်မြန်ပြုမူခဲ့သည့် အကြောင်းအရင်းမှာ ချန်ကျဲ့၏အင်အားတိုးတက်မှုကို ခံစားမိလိုက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် စစ်ဆေးကြည့်လိုစိတ်ကို မထိန်းချုပ်နိုင်လိုက်ပေ။ ရလဒ်သည် ‌မျှော်လင့်မထားသည့် ရှာဖွေတွေ့ရှိမှုကြီး ဖြစ်နေခဲ့သည်။

“အရေပြားသန့်စင်ခြင်းအဆင့်လား အဲ့လောက်မြန်တာလား”

ဝူဟုန်၏စကားကိုကြားသောအခါ ဝူကျုံးသည်လည်း ချန်ကျဲ့ဆီသို့ လက်ဖဝါးတစ်ချက် ဦးတည်လာသည်။

ချန်ကျဲ့သည်လည်း ၎င်းမှာ စစ်ဆေးကြည့်ရန်အတွက်သာဖြစ်ကြောင်း နားလည်သောကြောင့် လက်သီးတစ်ချက်ဖြင့် တုံ့ပြန်ခဲ့သည်။ လက်သီးနှင့်လက်ဖဝါးတို့ ထိခတ်သွားသည့် အသံအုပ်အုပ်တစ်ခု ထွက်ပေါ်သွားခဲ့ပြီး ချန်ကျဲ့ ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားရသည်။

ဝူကျုံး အံ့အားသင့်သွား၏။

“သူတကယ် အရေပြားသန့်စင်ခြင်း‌အဆင့်ကို ရောက်တော့မှာပဲ။ ဒီအထုံပါရမီက အရမ်းကိုမှ ကြောက်ခမန်းလိလိပါပဲလား!”

“ကျွန်တော်မှတ်မိတာတော့ ကျွန်တော်ငယ်ငယ်က အရေပြားသန့်စင်ခြင်းအဆင့်ရောက်ဖို့ကို တစ်နှစ်ကျော်ကြာတယ်၊ အဖေ ဟုတ်တယ်မလား”

သမားတော်ပိုင်သည်လည်း အလွန်အံ့အားသင့်နေခဲ့သည်။ သမားတော်ပိုင်သည် ဝူကျုံးကို အာရုံမစိုက်တော့ဘဲ ချန်ကျဲ့အား သံသယဖြင့်တွေဝေစွာကြည့်နေသည်။

“ကျိုစစ် ဒီကိုလာ”

ချန်ကျဲ့ လျှောက်သွားလိုက်သည်။ သမားတော်ပိုင်သည် ချန်ကျဲ့ကို သွေးခုန်နှုန်းစမ်းကြည့်၏။ သမားတော်ပိုင်၏ မျက်နှာအမူအရာမှာ ပို၍ပင် တွေဝေမိန်းမောလာခဲ့တော့သည်။

“မင်း မနေ့က ဆေးရည်ကို အချိန်ဘယ်လောက်ကြာကြာ စိမ်ခဲ့လဲ”

ချန်ကျဲ့ အချိန်ခဏမျှတွေးလိုက်ပြီးနောက် ပြန်ဖြေသည်။

“ကျွန်တော် သိပ်‌တော့ မသေချာဘူး။ ကျွန်တော် ဆေးရည်စိမ်ရင်း အိပ်ပျော်သွားခဲ့တာ၊ ဒါပေမဲ့ အနည်းဆုံး သုံးနာရီလောက်တော့ ကြာမယ်ထင်တယ်”

“ဘယ်လောက်ကြာတယ်?!”

သမားတော်ပိုင်သည် ထိုင်ခုံလက်တန်းကို အမှီပြု၍ ထရပ်လိုက်၏။

“ဆရာ သုံးနာရီက ဘာမှားနေလို့လဲဟင်”

ချန်ကျဲ့ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းသည်။ သမားတော်ပိုင်မှ ပြောသည်။

“သုံးနာရီ.. အဲဒီဆေးက အရမ်းပြင်းတယ်။ မင်းဘယ်လိုတောင် အဲ့လောက်အကြာကြီး စိမ်နေရဲရတာလဲ။ မသက်မသာခံစားရတာနဲ့ ချက်ချင်းရပ်လိုက်ဖို့ ငါပြောထားတယ် မဟုတ်ဘူးလား”

ချန်ကျဲ့ ပြန်ပြောသည်။

“ဟုတ်ကဲ့ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် အိပ်ပျော်သွားခဲ့တာ၊ ပြီးတော့ မသက်မသာလည်း မခံစားရဘူး။ ပြီးတော့လည်း ကျွန်တော်နိုးလာတော့ ဆေးရည်စိမ်ထားတဲ့ ရေတွေက ကြည်ရှင်းနေပြီ”

“ရှူး~”

ချန်ကျဲ့၏ ထိုစကားများကိုကြားသောအခါ ဝူဟုန်နှင့် ဝူကျုံးတို့နှစ်ဦးမှာ အံ့ဩထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်မိကြလေသည်။

သူတို့နှစ်ဦးလုံးသည် သမားတော်ပိုင်၏ ဆေးရည်စိမ်ခြင်း ဆေးညွှန်းကို အသုံးပြုခဲ့ဖူးသည်။ အချိန်အကြာရှည်ဆုံး ဆေးရည်စိမ်နိုင်ခဲ့သူဖြစ်သည့် ဝူဟုန်ပင်လျှင် တစ်နာရီထက်ပို၍ မစိမ်နိုင်ခဲ့ပေ။ ဝူကျုံးသည် တစ်နာရီ၏တစ်ဝက်ပင် ခံနိုင်ရည်မရှိခဲ့‌ပါချေ။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!

သူ့ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး အဲဒီဆေးအာနိသင်ကို ခံနိုင်ရည်ရှိနေရတာလဲ!

ပိုင်မိသားစု၏ အမျိုးသားသုံးဦးသည် ချန်ကျဲ့ကို အံ့ဩမင်သက်စွာ ကြည့်နေကြသည်။ သမားတော်ပိုင်မှ မေး၏။

“ကျိုစစ် မင်းနည်းနည်းလေးတောင် မသက်မသာ မခံစားရဘူးလား”

ချန်ကျဲ့ ခေါင်းခါရမ်းသည်။

“မခံစားရဘူး”

ထိုအခါ ပိုင်မိသားစု၏အမျိုးသားသုံးဦးသည် အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့၏ ဘဝအပေါ် ရှုထောင့်အမြင်တို့၌ ကြီးမားသည့်သက်ရောက်မှုကြီးကို ခံစားလိုက်ရ၏။

ဆေးရည်ကို အဲဒီလိုစိမ်နိုင်ဖို့ဆိုတာ ဖြစ်နိုင်လို့လား။

ဒါမှမဟုတ် ချန်ကျိုစစ်ရဲ့ခန္ဓာကိုယ်က ဆေးရေစင် ရှေးဦးသိဒ္ဓိခန္ဓာများ ဖြစ်နေမလား။

သုံးဦးသားသည် ချန်ကျဲ့အား အလွန်တရာ အံ့အားသင့်လျက် ကြည့်နေကြသည်။ ထိုစဥ် ချန်ကျဲ့သည် မေးစေ့ကိုပွတ်သပ်နေရင်းဖြင့် ပြော၏။

“အာ ဆရာ ကျွန်တော် ဆရာ့ကိုပြောစရာရှိတယ်။ ကျွန်တော် ဆရာ့ရဲ့ဆေးညွှန်းကို တိုးတက်ဖော်စပ်နိုင်ခဲ့ပြီထင်တယ်!”

All Chapters