ဖိတ်ခေါ်မထားသော ဧည့်သည်
Vol. 5 Ch. 57
ငါးဖမ်းကုန်သည်အဖွဲ့!
ငါးဖမ်းကုန်သည်အဖွဲ့သည် မြို့ရွာများတွင် ငါးလုပ်ငန်းများ မကြာခဏ တည်ထောင်ခြင်းဖြင့် အောက်ခြေအဆင့်မှ စတင်တည်ထောင်ခဲ့ဖြင်းဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့သည် မျန့်ရွှေမြစ်ရှေ့တစ်ခွင်ကို စောင့်ကြပ်ရန်အတွက် သိုင်းပညာရှင်များကို စေလွှတ်သည်။
ကုန်သည်အဖွဲ့၏ အဓိကလုပ်ငန်းမှာ ငါးမျှားမည့် ငါးဖမ်းသမားများကို ငှားရမ်းခြင်းနှင့် တစ်ဦးတည်းသီးသန့် ငါးဖမ်းသမားများထံမှ အခွန်ကောက်ခံခြင်းတို့ ဖြစ်သည်။
မှန်ပါ၏။ ဤခေတ်ကာလ၌ အလကားရသည့် နေ့လယ်စာဟူ၍ မရှိပေ။
မည်သည့်နေရာ၌ အကျိုးအမြတ်ရှာဖွေနိုင်သည်ဖြစ်စေ အဖွဲ့အစည်းကြီးများနှင့် အစိုးရသည် သူတို့ကိုယ်တိုင်အတွက် ခွဲဝေယူကြ၏။ သာမန်ပြည်သူများမှာ သူတို့၏ခြံဝင်းထဲတွင် ပိတ်လှောင်မွေးမြူထားသော မြင်းများ၊ ကျွဲနွား တိရစ္ဆာန်များကဲ့သို့ပင် ဖြစ်ကြလေသည်။
ငါးဖမ်းလျှင် ငါးခွန်ဆောင်ရသည်။ သစ်ခုတ်လျှင် သစ်ခွန်ဆောင်ရသည်။ လယ်ယာမြေလုပ်ကိုင်လျှင် မြေခွန်ဆောင်ရသည်။
ဒါဆို ဘာမှမလုပ်ရင်ရော? အင်း.. အကြံကောင်းပါ၏။ သို့သော် တရားရုံးတော်၌ လူခွန်ပေးဆောင်ရဦးမည်ဖြစ်သည်။
အမျိုးမျိုးသော မတန်တဆ အခွန်များကို အထက်တန်းလွှာများမှ ရေးဆွဲထားခြင်းဖြစ်သည်။ သာမန်လူတန်းစားများတတ်နိုင်သည့် အမြင့်ဆုံးအကန့်အသတ်နှုန်းထားဖြင့် ပေးဆောင်ရန် ရေးဆွဲထားခြင်းဖြစ်ရာ သာမန်ပြည်သူများမှာ မြည်းများအလား တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရလေသည်။ သို့တိုင် အလွန်ခက်ခက်ခဲခဲဖြင့် ထိုနှုန်းထားကို ပေးဆောင်နိုင်ရုံမျှဖြစ်၏။
ထိုအထက်တန်းလွှာသခင်ကြီးများသည် အရိုးထိတိုင် တွက်ချက်ထားကြ၏၊ သူတို့၏ စီမံချက်များအောက်၌ သာမန်လူတန်းစားများသည် ရေကုန်ရေခမ်း အလုပ်လုပ်၍ သူတို့အတွက် အကျိုးအမြတ်များ ထုတ်လုပ်ပေးကြရသည်။
သူတို့၏ အကြီးမားဆုံးသော အကြောက်တရားမှာ သာမန်ပြည်သူများ ချမ်းသာကြွယ်ဝလာခြင်းဖြစ်သည်။ ပြည်သူများ ချမ်းသာကြွယ်ဝလာပါက သူတို့ဘယ်သူ့ကို ခေါင်းပုံဖြတ်အမြတ်ထုတ်ရပါတော့မည်နည်း။
ထို့ပြင် ဆင်းရဲနွမ်းပါးသော သာမန်ပြည်သူများသည် မျိုးရိုးစဉ်ဆက်များစွာ ဦးနှောက်ဆေးခံခဲ့ရလေရာ ခုခံရကောင်းမှန်း မသိကြတော့ပေ။ သူတို့သည် ကြီးလေးပြင်းထန်သည့် အခက်အခဲ၊ဒုက္ခများကို ကြံ့ကြံ့ခံခြင်းသည် အထက်တန်းစားတစ်ယောက်၏ အမှတ်အသားဟုပင် မိမိကိုယ်မိမိ အတွေးရိုက်သွင်းထားကြလေသည်။
တကယ်တမ်းတွင် သူတို့သည် အမှန်တကယ် အထက်တန်းစားများသည် ဒုက္ခခံခြင်းမရှိ၊ မြင်းများ၊ ကျွဲနွားတိရစ္ဆာန်များသာလျှင် အဆိုးရွားဆုံးသော အခက်အခဲ၊ဒုက္ခများကို ကြံ့ကြံ့ခံကြရသည်ဟူသော အမှန်တရားကို မသိကြချေ။
မိမိစားသုံးသောအရာသည် မိမိကို အားဖြည့်ပေး၏။ ဒုက္ခခံခြင်းသည် ဒုက္ခများကိုသာ ပို၍ယူဆောင်လာနိုင်သည်။ အထက်သို့တက်လှမ်းလိုလျှင် အခြားသူများအပေါ် အမြတ်ထုတ်ရန်လည်း ဆန္ဒရှိရပေမည်။
ချန်ကျဲ့သည် ဤကမ္ဘာသို့ ဒုက္ခခံရန် ရောက်လာခဲ့ခြင်း မဟုတ်ပေ၊ အခက်အခဲဒုက္ခများကို သူ မခံစားလိုပါချေ။
ချန်ကျဲ့သည် အထက်တန်းစားတစ်ယောက် ဖြစ်လိုသည်။ ထို့ကြောင့် အခြားသူများအပေါ် အမြတ်ထုတ်တတ်ရန် သင်ယူခဲ့သည်။
သို့မှသာ မိမိကိုယ်တိုင်အတွက် အလားအလာရှိသော အနာဂတ်ကို ရှာဖွေတွေ့နိုင်မည်ဖြစ်၏။ ငါးဖမ်းကုန်သည်အဖွဲ့သည် ချန်ကျဲ့၏ ပထမဆုံးရွေးချယ်မှုဖြစ်သည်။
အစိုးရရုံးသို့ဝင်ရောက်ခြင်းသည် ခက်ခဲ၏။ မုလန်လူမျိုးများကို ခစားရခြင်းသည် မြောက်များစွာသော ကန့်သတ်ထိန်းချုပ်မှုများကြောင့် မည်သို့မျှ မလွယ်ကူပေ။
သို့သော် ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်ခြင်းသည် ချန်ကျဲ့အား သူ၏အရည်အချင်းများကို ဖော်ထုတ်ပြသခွင့် ရရှိစေနိုင်၏။ ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်နိုင်ရန်အတွက် ချန်ကျဲ့သည် ဦးစွာ သမားတော်ပိုင်ကို ကယ်တင်ခဲ့သည်၊ ထို့နောက် သမားတော်ပိုင်၏ တပည့်တစ်ဦးဖြစ်လာခဲ့ပြီး ကွေ့ဝိုက်သောနည်းဗျူဟာကို အသုံးပြု၍ တစ်ဆင့်ချင်း လှမ်းလျှောက်ကာ နောက်ဆုံးတွင်တော့ ဝူကျုံးထံမှ ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်ရန်ခွင့်ပြုချက်အား ရယူနိုင်ခဲ့သည်။
ချန်ကျဲ့၏ ပထမဆုံးခြေလှမ်းမှာ အလွန်တည်ငြိမ်သည်ဟု ဆိုနိုင်ပေသည်။
သိုင်းပညာရှင်များကောင်းစားသည့် ဤကမ္ဘာ၌ ချန်ကျဲ့သည် ခေတ်စနစ်နှင့် ရင်ဆိုင်ရန်ပင် အင်အားလုံလောက်ခြင်းမရှိသူ ဖြစ်သည်။ ချန်ကျဲ့မှာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိလေရာ ပူးပေါင်းဝင်ရောက်ရန်သာ တတ်နိုင်ပေသည်။ ဤကမ္ဘာ၏ အင်အားအာဏာဆိုင်ရာ ရာထူးဂုဏ်သိမ်အဆင့်ဆင့်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေရမည်။ သို့မှသာ အခြားဖြစ်နိုင်ခြေများကို စဉ်းစားနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။
ဝူဟုန်သည် ပျော်ရွှင်နေသော ချန်ကျဲ့ကိုကြည့်လျက် စကားပြောရန် တွန့်ဆုတ်နေ၏။
သမားတော်ပိုင်သည် အားလုံးကို ထွက်သွားစေခဲ့သည်။ ထိုစဉ် ချန်ကျဲ့မှ ဝူဟုန်ကို ဦးစွာချဉ်းကပ်လိုက်သည်။
“အစ်ကိုဝူ ခုနက အစ်ကို တစ်ခုခုပြောချင်နေသလိုပဲ”
ချန်ကျဲ့ မေးလိုက်သည်။ ထိုအခါ ဝူဟုန်မှ ပြန်ပြောသည်။
“ဘာမှမဟုတ်ပါဘူး”
“အစ်ကို ကျွန်တော်တို့နှစ်ယောက်က ညီအစ်ကိုတွေလိုပဲဆိုရင် အစ်ကို့စိတ်ထဲ ဘာရှိနေလဲဆိုတာကို ဒီညီလေးကို ပြောပြမှပေါ့။ ဖုံးကွယ်မထားနဲ့လေ”
ချန်ကျဲ့ ပြောခဲ့သည်။ ထိုအခါ ဝူဟုန်သည် အချိန်ခဏမျှစဉ်းစားလိုက်ပြီးနောက် ပြော၏။
“ကျိုစစ် ငါးဖမ်းကုန်သည်အဖွဲ့က ကောင်းတဲ့နေရာမဟုတ်ဘူး။ သူတို့တွေက ရက်စက်ကြမ်းကြုတ်ကြတယ်၊ ကြင်နာစိတ်ထားကောင်းတဲ့သူတွေ မဟုတ်ကြဘူး”
ဝူဟုန်သည် မွေးစားဖခင်၏လက်ထဲတွင် အတော်လေးခေါင်းမာသည့်အကျင့်စရိုက်ဖြင့် ပျိုးထောင်ခံခဲ့ရသူဖြစ်သည်။ ဝူဟုန်သည် ကုန်သည်အဖွဲ့များကို မနှစ်မြို့ပေ။ ၎င်းကုန်သည်အဖွဲ့များသည် ဥပေဒေ၏အစွန်းဖျားလေးတွင် ရပ်တည်နေကြပြီး လူကောင်းများဟုလည်း မမြင်ပေ။ သူကိုယ်တိုင်မှာ ငါးဖမ်းကုန်သည်အဖွဲ့အတွင်း မွေးဖွားလာခဲ့သူဖြစ်သည့်တိုင် ဝူဟုန်သည် ငါးဖမ်းကုန်သည်အဖွဲ့အား မှောင်ခိုလောက၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲတစေ သဘောထားခဲ့သည်။
ချန်ကျဲ့သည် ဝူဟုန်၏စကားကို မငြင်းခဲ့ပါ။ သို့သော် ဝူဟုန်အား မေးမြန်းခဲ့သည်။
“ဒါဆိုရင် အစ်ကိုဝူ ကျွန်တော်ဘယ်လိုလုပ်သင့်တယ်ထင်လဲ”
ဝူဟုန်သည် အချိန်ခဏမျှ ထပ်စဉ်းစားပြီးနောက် ပြောသည်။
“ကျိုစစ် အကယ်၍ မင်းနောက်တစ်နှစ် စောင့်နိုင်ဦးမယ်ဆိုရင် အစိုးရရုံးမှာ ရဲမက်ရာထူးအတွက် အလုပ်ခေါ်တာရှိလိမ့်မယ်။ အဲဒါဆို မင်း ငါနဲ့အတူတူ အလုပ်လုပ်လို့ရပြီ”
ထိုအခါ ချန်ကျဲ့ ဝူဟုန်အား ကျေးဇူးတင်ခဲ့သည်။
“အစ်ကိုဝူ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တစ်နှစ်ဆိုတာ အရမ်းရှည်ကြာလွန်းတယ်။ ကျွန်တော့်အိမ်မှာ ကျွေးမွေးစောင့်ရှောက်ဖို့ ပါးစပ်နှစ်ပေါက်ရှိနေသေးတယ်လေ။ အကယ်၍ အစိုးရရုံးမှာ အလုပ်ခေါ်တာရှိခဲ့ရင် အစ်ကို ကျွန်တော့်ကို သတိရပေးပါ။ အဲဒီမတိုင်ခင်တော့ ကျွန်တော်လည်း ရှင်သန်ဖို့လိုအပ်တာမလို့ အရင်ဆုံး ငါးဖမ်းကုန်သည်အဖွဲ့ထဲဝင်ပြီး ဦးလေးကျုံးကို ကူညီပေးပါရစေ”
“အဆင်ပြေမလား”
ချန်ကျဲ့၏စကားတို့ကို နားထောင်ပြီးနောက် ဝူဟုန်သည် ပြန်လည်ချေပနိုင်ခြင်း မရှိတော့ဘဲ ခေါင်းညိတ်သဘောတူခဲ့သည်။
ချန်ကျဲ့ ရယ်မော၍ပြောလိုက်သည်။
“အစ်ကိုဝူ ကျွန်တော် အချိန်ရတဲ့အခါ အစ်ကို့ကို သေရည်တစ်ခွက်လောက် တိုက်ရပါဦးမယ်”
“ဘာလို့လဲ”
“အစ်ကိုက ကျွန်တော့်ရဲ့အနာဂတ်အတွက် အမြဲ စိုးရိမ်ပူပန်ပေးနေတာလေ၊ ကျွန်တော် အဲဒါကို ဘယ်လိုလုပ်ပြီး မသိဘဲနေပါ့မလဲ။ သေချာပေါက် အစ်ကို့ကို သေရည်တစ်ခွက်လောက် တိုက်သင့်တာပေါ့ဗျာ”
ဝူဟုန်သည် အလွန်ရိုးသားပွင့်လင်းသည့် ချန်ကျဲ့ကိုကြည့်လျက် ပြုံး၏။
“ကောင်းပြီ၊ ငါတခြားသူတွေတိုက်တဲ့သေရည်ကို မသောက်ပေမဲ့ ကျိုစစ်.. မင်းတိုက်တဲ့သေရည်ကိုတော့ သေချာပေါက်သောက်ပါ့မယ်”
“ကတိတည်ပါ!”
“ကတိတည်မယ်!”
ဖျန်း! သူတို့နှစ်ဦးသည် လက်များကို တင်းတင်းဆုပ်ကိုင်ဖျစ်ညှစ်ခြင်းဖြင့် အမျိုးသားနှစ်ဦးကြား ကတိကဝတ်ထားရှိခြင်းကို ဖော်ပြနေသည်။
ချန်ကျဲ့သည်လည်း ဝူဟုန်နှင့်သူ့အကြားရှိ ဆက်နွယ်မှုတစ်မျိုးကို ရုတ်ချည်းခံစားလိုက်ရသည်။
စကားအနည်းငယ် အပြန်အလှန်ပြောဆိုပြီးနောက် ချန်ကျဲ့ကို သမားတော်ပိုင်မှ ခေါ်ခဲ့သည်။ သမားတော်ပိုင်သည် ချန်ကျဲ့ကို ဆေးအမျိုးအစားများ ခွဲခြမ်းစိတ်ဖြာစေ၍ ဆေးပညာကို ရှင်းလင်းပြောပြသည်။
ချန်ကျဲ့သည် သူ၏မိသားစုနောက်ခံကြောင့် ဆေးပညာရပ်တွင် ခိုင်မာသည့်အခြေခံရှိသည်။ သို့ဖြစ်ရာ ဆေးဖက်ဝင်အပင်များနှင့် ဆေးကျမ်းများ၌ အတော်လေး ကျွမ်းကျင်မှုရှိ၏။ ထို့ကြောင့် သမားတော်ပိုင်သည် ချန်ကျဲ့အား ဆေးညွှန်းများ ခွဲခြားခြင်းကို စတင်ပြုလုပ်စေခဲ့သည်။ ရှေးယခင်ဆေးညွှန်းများ၏ မှန်ကန်မှု၊ မှားယွင်းမှုတို့ကို ခွဲခြမ်းစိတ်ဖြာစေပြီး အမျိုးမျိုးသော ဆေးဖက်ဝင်ဆေးဝါးများ၏ ပေါင်းစပ်မှုကို အပြည့်အဝနားလည်သဘောပေါက်စေသည်။
ဤလုပ်ငန်းစဉ်တွင် ‘စိတ်နစ်မြှုပ်ခြင်း’မှာ အလွန်အရေးပါ၏။
အချိန်ကာလပေါင်းများစွာကို နှစ်မြှုပ်ပြီးမှသာ အောင်မြင်မှုရရှိနိုင်ပေမည်။ ထို့ကြောင့် ချန်ကျဲ့သည် ပိုင်မိသားစုထံတွင် တစ်နေ့လျှင် နှစ်နာရီ ဆေးပညာလေ့လာခဲ့သည်။
ဝူကျုံးသည် သူ၏အိမ်အလုပ်များကို ပြီးဆုံးပြီးနောက် အနည်းငယ် သပ်သပ်ရပ်ရပ်ပြင်ဆင်ကာ ငါးဖမ်းကုန်သည်အဖွဲ့သို့ ဦးတည်ထွက်ခွာသွားသည်။
ပိုင်သခင်မသည်လည်း အိမ်နီးနားချင်းများနှင့် စကားစမြည်ပြောဆိုရန် အပြင်ထွက်သွားရာ အိမ်တွင် ချန်ကျဲ့၊ သမားတော်ပိုင်နှင့် ဝူဟုန်တို့သုံးဦးသာ ကျန်ရစ်ခဲ့တော့သည်။
သမားတော်ပိုင်၏ခြေထောက်သည် လုံးဝမပျောက်ကင်းသေးပေ။ ထို့ကြောင့် လတ်တလောတွင် လူနာမကြည့်ပေ။
ချန်ကျဲ့သည် သမားတော်ပိုင်နှင့်အတူ ဆေးညွှန်းများခွဲခြားနေပြီး ဝူဟုန်သည် ခြံဝင်းထဲတွင် သိုင်းလေ့ကျင့်နေသည်။
ထိုစဉ် တံခါးဝဆီမှ တံခါးခေါက်သံတစ်သီကြီးကို ရုတ်တရက်ကြားလိုက်ရသည်။ ဝူဟုန်သည် သိုင်းလေ့ကျင့်ခြင်းကိုရပ်တန့်၍ ခြံတံခါးသို့သွားကာ တံခါးဖွင့်လိုက်သည်။ ထိုအခါ ရုတ်ချည်း မျက်မှောင်ကြုတ်သွား၏။
ဝူဟုန်သည် တံခါးရှေ့ကို သတိတကြီးကြည့်နေသည်။
“ဘယ်သူ့ကိုရှာတာလဲ”
ကန်တော့ချွန်ဝါးခမောက်၊ အနက်ရောင်ဝတ်ရုံအတိုဖြင့် အမျိုးသားတစ်ဦးသည် ဦးခေါင်းငုံ့လျက် တံခါးဝတွင် ရပ်နေသည်။ ဝူဟုန်၏အမေးစကားကိုကြားသောအခါ ထိုအမျိုးသားသည် ခေါင်းမော့လာ၏။ သူ၏မျက်နှာထက်တွင် ကြမ်းကြုတ်ခက်ထန်သည့် အမာရွတ်ကြီးရှိနေပေသည်။
အမျိုးသားမှ ပြုံး၏
“ဒါ သမားတော်ပိုင်ရဲ့အိမ်လားဗျ”
ဝူဟုန်သည် မျက်လုံးအိမ်တို့မှေးကျုံ့လျက် သူ၏ရှေ့ရှိအမျိုးသားကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်နေသည်။ သူ၏အလိုလိုသိစိတ်မှ ဤအမျိုးသားမှာ အန္တရာယ်များကြောင်း ပြောပြနေခဲ့သည်။ ဝူဟုန် သတိကြီးစွာထားလျက် မေးလိုက်သည်။
“သမားတော်ပိုင်ကို ဘာအတွက်ရှာတာလဲ”
“သမားတော်ပြဖို့!”
ကန်တော့ချွန်ဝါးခမောက်ဖြင့် အမျိုးသားမှ ပြန်ဖြေသည်။
ဝူဟုန် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။ သမားတော်ပိုင် ဆေးမကုသနိုင်သေးကြောင်းပြော၍ ဤအန္တရာယ်များဟန်ရသော အမျိုးသားကို ပြန်လွှတ်လိုက်တော့မည်တွင် သမားတော်ပိုင်သည် တုတ်ကောက်တစ်ချောင်းနှင့် လမ်းလျှောက်ထွက်လာခဲ့သည်။
“ဟုန်အာ ဘယ်သူလဲ”
ဝူဟုန်မှ ပြန်မဖြေသေးမီ၌ပင် ကန်တော့ချွန်ဝါးခမောက်နှင့်အမျိုးသားသည် ပြုံးရယ်လျက် ရှေ့သို့လျှောက်လာ၏။
“သမားတော်ပိုင်ခင်ဗျ၊ ခင်ဗျားရဲ့ဂုဏ်သတင်းတွေကို ကြားသိခဲ့တာကြောင့် ကျုပ် ခင်ဗျားဆီမှာ ဆေးကုသမှုခံယူဖို့ လာခဲ့တာပါ”
ဝူဟုန်သည် ထိုအမျိုးသား ရှေ့တိုးလာသည်ကိုမြင်သောအခါ ညာဘက်လက်ကို လက်သည်းကုတ်သဏ္ဍာန်ဖြင့် ထိုအမျိုးသား၏ပခုံးသို့ ဦးတည်၍ လျင်မြန်ဖျတ်လတ်စွာ ဆန့်ထုတ်လိုက်သည်။
ကန်တော့ချွန်ဝါးခမောက်နှင့်အမျိုးသားသည် တွန့်ဆုတ်သွားခြင်း အလျဉ်းမရှိပေ။ ဝူဟုန်အား သူ၏ပခုံးကို ကုတ်ဆွဲခွင့်ပြုထားခဲ့ပြီးနောက် ညင်သာစွာပင် ရှေ့သို့တွန်းထုတ်လိုက်သည်။ ဝူဟုန်သည် သူ၏လက်ကို အားကောင်းသည့် အင်အားတစ်ခုမှ တွန်းကန်လိုက်ခြင်းအား ရုတ်တရက် ခံစားလိုက်ရသည်။
ဝူဟုန် ထိတ်လန့်သွား၏။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်၏ သိုင်းပညာကို သူ ရုတ်ချည်း သတိရလိုက်သည်။
ဝူဟုန်မှ နောက်တစ်ကြိမ် တိုက်ခိုက်တော့မည်အပြုတွင် သမားတော်ပိုင်မှ ပြောလာ၏။
“ဟုန်အာ ဧည့်သည်ကို ဝင်ခွင့်ပြုလိုက်ပါ”
“ဟုတ်ကဲ့ အဖိုး!”
ဝူဟုန်မှ ပြန်ပြောသည်။ သို့တိုင် ယခင်ထက်ပို၍ သတိတကြီးထားနေခဲ့သည်။
မျက်နှာအမာရွတ်နှင့်အမျိုးသားသည် ဝူဟုန်ကို ဖြတ်လျှောက်သွားစဉ်၌ ပြုံးလျက် ပြောခဲ့သည်။
“မင်းရဲ့ အရိုးချိုးသိုင်းက နည်းနည်းလိုအပ်ချက်ရှိနေသေးတယ်။ ဒီသိုင်းကွက်ကို အသုံးပြုတာက မင်းရဲ့ဆရာဆိုရင် ငါဒီလောက်လွယ်လွယ်နဲ့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ထို့နောက် အမျိုးသားသည် ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။
ဝူဟုန်၏ မျက်နှာအမူအရာမှာ မည်းမှောင်နေ၏။ ဝူဟုန်သည် သူ၏ အနည်းငယ် တုန်ယင်နေသောလက်ကိုကြည့်၍ လက်သီးကျစ်ကျစ်ဆုပ်ကာ နောက်ကျောသို့ ကွယ်ဝှက်လိုက်သည်။
သမားတော်ပိုင်သည် ထိုအမျိုးသားအား ထိုင်စေကာ အော်ပြောသည်။
“ကျိုစစ် ငါ့ရဲ့သွေးခုန်နှုန်းစမ်းခေါင်းအုံး ယူခဲ့ပေးပါဦး။ ဧည့်သည်အတွက် လက်ဖက်ရည်ကောင်းကောင်းလည်း နှပ်လိုက်ဦး”
“ဟုတ်ကဲ့ပါ ဆရာ!”
ချန်ကျဲ့သည် သွေးခုန်နှုန်းစမ်းခေါင်းအုံးနှင့် လက်ဖက်ရည်ဗန်းကို သယ်လျက် ထွက်လာခဲ့ရာ သိုင်းလောကသူရဲကောင်းကြီးကို ထိပ်တိုက်မြင်တွေ့လိုက်ရလေသည်။ သိုင်းလောကသူရဲကောင်းကြီးသည်လည်း ချန်ကျဲ့ကို ကြည့်နေခဲ့၏။
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားခဲ့ရာ ကန်တော့ချွန်ဝါးခမောက်နှင့်အမျိုးသားသည် ရုတ်ချည်း စကားဆိုလာ၏။
“မင်းပဲကိုး!”