← Chapters

ချန်ကျိုစစ် မင်းဘယ်လိုလုပ်ပြီး ရာဇဝတ်သားနဲ့ သိကျွမ်းနေရတာလဲ

Vol. 5 Ch. 58

ချန်ကျိုစစ် မင်းဘယ်လိုလုပ်ပြီး ရာဇဝတ်သားနဲ့ သိကျွမ်းနေရတာလဲ

Vol. 5 Ch. 58

“မင်းပဲကိုး!”

သိုင်းသမားသည် ချန်ကျဲ့ကိုကြည့်လျက် မိတ်ဆွေဟောင်းကြီးတစ်ဦးကို မြင်တွေ့လိုက်ရသည့်အလား ပြောလေသည်။

သမားတော်ပိုင်နှင့် ဝူဟုန်တို့နှစ်ဦးလုံးသည် ချန်ကျဲ့ကို လှည့်ကြည့်လာကြ၏။

ချန်ကျဲ့သည် မိမိမှာ စူးချွန်အပ်ချောင်းများထက်တွင် ထိုင်နေရသည့်အလား ခံစားနေရသည်။

ထိုသိုင်းသမားကြီး‌နှင့် နောက်တစ်ကြိမ်ပြန်ဆုံတွေ့ရခြင်းသည် ချန်ကျဲ့အား အမှန်တကယ်ပင် သတိလက်လွတ်ဖြစ်သွားစေခဲ့၏။

ခဏမျှ ကြောင်အသွားခဲ့သည်။

သမားတော်ပိုင်မှ ပြောသည်။

“ကျိုစစ် မင်းတို့နှစ်ယောက် သိကြတာလား”

ချန်ကျဲ့မှ ပြန်မဖြေမီ၌ပင် သိုင်းသမားသည် အားရပါးရရယ်မောလျက် ပြောလာခဲ့သည်။

“ကျုပ်တို့နှစ်ယောက် သိတယ် သိတယ်! ဒီညီငယ်လေးက လူကောင်း‌လေးလေ၊ သူ ကျုပ်ကို ဖက်ထုပ်တစ်ပွဲဝယ်ကျွေးခဲ့တဲ့အပြင် ချမ်းသာကြွယ်ဝနိုင်မယ့် နည်းလမ်းတစ်ခုကိုလည်း လမ်းပြခဲ့သေးတာဗျ။ ဟုတ်တယ်မလား ညီနောင်လေး”

“အဟား ဟား…”

ချန်ကျဲ့မှာ ငိုရမည်၊ ရယ်ရမည် မသိတော့ပေ။ ဝူဟုန်သည်လည်း စိတ်ရှုပ်ထွေးနေ၏။ သို့သော် သမားတော်ပိုင်သည် အတွေ့အကြုံရင့်သန်သူတစ်ဦးဖြစ်သည်။

“အို မင်းတို့က မိတ်ဆွေတွေဆိုတော့ ပိုကောင်းသွားတာပေါ့။ လာ လာ ထိုင်ကြ”

သိုင်းသမားသည် အေးဆေးတည်ငြိမ်စွာဖြင့် ထိုင်လိုက်သည်။ ထို့နောက် ချန်ကျဲ့အား ချက်ချင်း စကားဆက်ပြောတော့သည်။

“ညီနောင်လေး ငါတို့အရင်တစ်ခေါက် ဆုံခဲ့တုန်းက ငါမင်းရဲ့နာမည်ကို မမေးလိုက်ရဘူး။ အဲဒီတော့ မင်းနာမည်က ကျိုစစ်ပေါ့လေ၊ မျိုးရိုးနာမည်ကရော ဘာတဲ့လဲ”

သိုင်းသမားသည် အလွန်စကားများသူဖြစ်ပေသည်။ ထိုအခိုက်အတန့်ကြီးတွင် ချန်ကျဲ့အား ထိုသို့ စကားမပြတ်ပြောနေ၏။

ချန်ကျဲ့ ပြောလိုက်သည်။

“သူရဲကောင်းကြီးရယ် ကျွန်တော့်ရဲ့မျိုးရိုးနာမည်က ထုတ်ပြောဖို့ရာ မထိုက်တန်ပါဘူး။ ဟုတ်သား ခင်ဗျား ရေဆာနေလောက်မှာပဲ၊ လက်ဖက်ရည်သုံးဆောင်ပါဦး”

သိုင်းသမားသည် လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။ ခွက်ထဲတွင် နှပ်ထားသော လက်ဖက်ရည်ပူပူ အပြည့်ရှိ၏။

သိုင်းသမားသည် အပူချိန်ကို လုံးဝ မခံစားမိသည့်အလား တစ်ကျိုက်တည်းဖြင့် တစ်ခွက်လုံး မော့ချလိုက်သည်။ လက်ဖက်ရည်ပန်းကန်လုံးအောက်ခြေရှိ လက်ဖက်ရွက်လေးများပင်လျှင် သူ၏အစာအိမ်အတွင်း သက်ဆင်းသွားကြရပေသည်။

“ငါတကယ် ရေနည်းနည်းဆာနေတာ”

လက်ဖက်ရည်သောက်ပြီးနောက် သမားတော်ပိုင်သည် သွေးခုန်နှုန်းစမ်းခေါင်းအုံးကိုယူ၍ သိုင်းသမားအား ထိုခေါင်းအုံးပေါ်တွင် လက်တင်စေသည်။ ထို့နောက် စတင်၍ သွေးခုန်နှုန်းစမ်းသည်။

ထိုအချိန်တွင် သိုင်းသမားသည် ချန်ကျဲ့ကို စကားဆက်ပြော၏။

“ဟေး ညီနောင်လေး၊ ငါမင်းကို ကျေးဇူးတင်ရဦးမယ်။ မင်းအကြံပြုခဲ့တဲ့ ချမ်းသာကြွယ်ဝမယ့်နည်းလမ်းက တကယ်အလုပ်ဖြစ်တယ်။ ငါ ယွီမိသားစုခေါင်းဆောင်ဆီ သွားခဲ့တာ အဲဒီလူက အတော်လေး ဧည့်ဝတ်ကျေတယ်ကွ။ ငါသူ့ကို နှစ်ချက်လောက်ရိုက်လိုက်တာနဲ့ ငါ့ကို ငွေတုံးတစ်ထောင်ပေးလိုက်တယ်လေ…”

ထိုစကားကို ချန်ကျဲ့သည် ဘာမျှမတုံ့ပြန်ပေ။ ဘေးရှိ ဝူဟုန်သည်တော့ ထခုန်လုမတတ်ပင်..

ရဲမက်တစ်ယောက်ရှေ့မှာ ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ဓားပြတိုက်မှုအကြောင်း ပြောနေတယ်ပေါ့လေ ဟမ်?

ပြီးတော့ ချန်ကျဲ့လည်း ပါဝင်ပတ်သက်နေတယ်လား။

ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ဝူဟုန်အား ထပ်ခါထပ်ခါ မျက်လုံးအချက်ပြနေခဲ့သည်။

‘ကျွန်တော့်ရဲ့ကောင်းမွန်လှတဲ့အစ်ကိုကြီးရယ် စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းထားပါဦး။ ကျွန်တော်တို့အရင်ဆုံး ဒီလူကို ထွက်သွားအောင်လုပ်ဖို့ နည်းလမ်းစဉ်းစားရအောင်ပါ’

ချန်ကျဲ့သည် ဝူဟုန်ကို အသံတိတ် တောင်းပန်နေခဲ့သည်။

ဝူဟုန်သည် ဒေါသကို ချုပ်တည်းထားရ၏။ သူသည် မကောင်းမှုကို စက်ဆုပ်ရွံမုန်းသော်ငြား မတုံးအပါချေ။ ခုနက တံခါးဝတွင် အကြမ်းဖျင်းတိုက်ခိုက်မှုအရ မိမိမှာ ထိုလူ၏ပြိုင်ဘက်မဟုတ်ကြောင်း ဝူဟုန် သိထားပါ၏။

ယခုအချိန်သည် အလျင်စလိုပြုမူသင့်သည့် အချိန်မဟုတ်ပေ။ ထို့ပြင် ကျိုစစ်နှင့် အဖိုးတို့လည်း ရှိနေသေးသည်။

ထိုသို့တွေးတော၍ ဝူဟုန်သည် ဒေါသကိုချုပ်တည်း၍ သမားတော်ပိုင်၏ဘေးသို့ ရွှေ့သွားလိုက်သည်။ အကယ်၍များ သိုင်းသမားဧည့်သည်မှ အကြမ်းဖက်လာခဲ့လျှင် မိမိဘက်မှ ခုခံရန် အသင့်ဖြစ်နေရမည်။ သူသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်သည့်တိုင် အဖိုးဖြစ်သူနှင့် ကျိုစစ်တို့ထက်တော့ ပို၍သန်မာသေးသည် မဟုတ်ပါလော။

သမားတော်ပိုင်သည် အပြင်ဘက်ရှိ ထူး‌ဆန်းသည့်အခြေအနေကို သတိမမူမိပုံပင်။

သွေးခုန်နှုန်းစမ်းခြင်းကိုသာ အာရုံစိုက်ထားပေသည်။

သွေးကြောကျမ်းစာ၌ ဖော်ပြထားသည်မှာ: ချွင့်ခုံ(ငါးအရိုးစွန်း)မှ ကောင်းကူ(အရိုးမြင့်)အထိ တစ်လက်မဆုတ်လျှင် ချွင့်(လက်မ အဟ)ဟု ခေါ်သည်။

ချွင့်၏ အောက်ဘက်သည် ကွမ်း(သွေးခုန်နှုန်း အဟန့်)ဖြစ်ပြီး ၎င်း၏အောက်ဘက်၌ ချီ(အခြေ)ဖြစ်သည်။

သို့ဖြစ်၍ တရုတ်ရိုးရာဆေးပညာ၌ ‘ချွင့်၊ ကွမ်း နှင့် ချီ’ ဟူ၍ သွေးခုန်နှုန်း သုံးမျိုးရှိသည်။

လက်နှစ်ဖက်စလုံးရှိ ‘ချွင့်၊ ကွမ်း နှင့် ချီ’ တို့သည် လူ့ခန္ဓာကိုယ်၏ ယင်ကိုယ်တွင်းအင်္ဂါငါးပါး (နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်၊ ကျောက်ကပ်)၊ ယန်ကိုယ်တွင်းအင်္ဂါခြောက်ပါး (သည်းခြေအိတ်၊ အူသိမ်၊ အစာအိမ်၊ အူမကြီး၊ ဆီးအိမ်၊ စန်းကျောင်း)တို့နှင့် ဆက်နွယ်နေသည်။ ထို့ကြောင့် တရုတ်ရိုးရာသမားတော်တစ်ဦး ကျွမ်းကျင်မှုရှိခြင်း၊ မရှိခြင်းအား အကဲဖြတ်လိုပါက သမားတော်၏ သွေးခုန်နှုန်းစမ်းသပ်ပုံကို ‌စူးစမ်းကြည့်နိုင်ပါ၏။ TVဇာတ်လမ်းများထဲတွင် ပါဝင်သည့် လက်ဖြင့်တစ်ချက်ထိရုံမျှဖြင့် ချက်ချင်း ရောဂါနာမည်တပ်ပေးနိုင်ခြင်းမှာ လှပစွာဖန်တီးထားသော စိတ်ကူးယဉ်များသာ ဖြစ်ပေသည်။

'ချွင့်၊ ကွမ်း နှင့် ချီ' သွေးခုန်နှုန်းအားလုံးကို တိုင်းတာနိုင်ရန်အတွက် လက်နှစ်ဖက်စလုံး အသုံးပြုရန် လိုအပ်သည်။

သမားတော်ပိုင်သည် သွေးခုန်နှုန်းစမ်းသပ်ကြည့်၍ ပြောသည်။

“အူသိမ်ကိုလွှမ်းမိုးတဲ့ ဘယ်ဘက်ချွင့်က ခုန်နှုန်း အားနည်းနေတယ်။ အဲဒါကြောင့် ဧည့်သည်ကြီးက ညာဘက်နံရိုးအောက်မှာ ဒဏ်ရာရထားတာဖြစ်လိမ့်မယ်

ပြီးတော့ ညာဘက်ချွင့်က နက်ရှိုင်းတယ်: လက်ဖဝါးရိုက်ချက်ကြောင့် ဘယ်ဘက်အဆုတ် ဒဏ်ရာရထားတာ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အဆုတ်သွေးကြောရဲ့ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတာပဲ။ ညဉ့်နက်ချိန်တွေဆို ချောင်းဆိုးတာ မရပ်တော့ဘူး ဟုတ်တယ်မလား”

သမားတော်ပိုင်သည် သိုင်းသမားကို ကြည့်နေသည်။

သိုင်းသမား၏မျက်လုံးများ တောက်ပသွား၍ ပြောသည်။

“သမားတော်ပိုင်က တကယ့်ကို ထူးခြားပြောင်မြောက်လှပါပေတယ်။ ခင်ဗျားပြောတာအကုန် ကွက်တိအမှန်ပါပဲ။ ကျုပ်ရဲ့ ဘယ်ဘက်အဆုတ်က အရိုက်ခံထားရပြီး ညာဘက်နံရိုးအောက်က ဓားထိုးခံထားရတယ်ဗျ”

“သမားတော်ပိုင်က တကယ်ကြီး အတိအကျကိုမှန်တာပဲ။ ရှန်းထောင်မြို့ရဲ့ နံပါတ်တစ်သမားတော်ကြီးက တကယ့်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်!”

သမားတော်ပိုင်မှ လက်ဝှေ့ရမ်း၏။

“အို ဧည့်သည်ကြီးက ကျုပ်ကို ‌မြှောက်ပင့်‌လွန်းနေပါပြီ!”

သိုင်းသမားမှ ပြန်ပြောသည်။

“နှိမ့်ချမနေပါနဲ့ဗျာ။ ဒါနဲ့ ဒီဒဏ်ရာတွေက ကုသလို့ပျောက်နိုင်ရဲ့လား”

သမားတော်ပိုင်မှပြောသည်။

“အကယ်၍များ သာမန်လူတစ်ယောက်မှာ ဒီလိုဒဏ်ရာတွေဖြစ်ခဲ့မယ်ဆိုရင် မစွမ်းမသန်ဖြစ်ရင်ဖြစ် ဒါမှမဟုတ် သေလူတစ်ပိုင်းဖြစ်လိမ့်မှာပါ။ ဒါပေမဲ့ ဧည့်သည်ကြီးအတွက်တော့ ဒါတွေက အရေးပါလှတဲ့ ထိခိုက်ဒဏ်ရာတွေ မဟုတ်ပါဘူး။ ဆေးညွှန်းနည်းနည်းနဲ့ ရက်နည်းနည်းလောက် အားပြန်ဖြည့်လိုက်ရင် အပြည့်အဝ ပျောက်ကင်းသွားမှာပါ”

သိုင်းသမားမှ ပြောသည်။

“ဒါဆိုလည်း သမားတော်ပိုင် ကျေးဇူးပြုပြီး ဆေးညွှန်းလေး အမြန်ရေးပေးပါဦး”

သမားတော်ပိုင်မှ ပြောသည်။

“ဟမ်း… ကျုပ် ဧည့်သည်ကြီးရဲ့ ရက်လကြာရှည်နေတဲ့ ချောင်း‌ဆိုးဝေဒနာကိုတော့ အမြန်သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ ဒါပေမဲ့ ဓားဒဏ်ရာ ပျောက်ကင်းဖို့လိုသေးတယ်။ ဓားဒဏ်ရာပျောက်ကင်းဖို့အတွက်က အနည်းဆုံး ၁၀ရက်ကနေ လဝက်အထိ ကြာနိုင်ပါတယ်”

သိုင်းသမားမှ ပြောသည်။

“ဓားဒဏ်ရာအတွက် စိုးရိမ်ဖို့မလိုပါဘူး၊ သူ့ဘာသူ ပျောက်သွားပါလိမ့်မယ်။ ကျုပ်က သမားတော်ပိုင်ကို ချောင်းဆိုးဝေဒနာကိုပဲ ကုသပေးစေချင်တာပါ။ အမြဲ ညသန်းခေါင်ဆို စပြီး ချောင်းဆိုးပြီ၊ ချောင်းဆိုးတော့ ဒဏ်ရာကို လှုံ့ဆော်မှုဖြစ်ရော။ အတွင်းအားကိုသုံးပြီး ဖိနှိပ်တော့လည်း ချောင်းဆိုးတာက ပိုပြီးတော့ပဲ ဆိုးလာတယ်။ အရမ်းစိတ်အနှောင့်အယှက်ပေးတာပဲဗျာ!”

ထိုအခါ သမားတော်ပိုင်မှ ပြောသည်။

“အမ်း.. ဧည့်သည်ကြီးရဲ့အဆုတ်တွေက အပြင်းအထန် ထိခိုက်ပျက်စီးမှုကို ခံစားထားရတာကြောင့် စွမ်းအင်စီးဆင်းမှု ရပ်တန့်သွားတယ်။ အဲဒီအချိန်မှာ ချောင်းဆိုးဝေဒနာကိုဖိနှိပ်ဖို့ အတွင်းအားသုံးလိုက်တော့ တန်ပြန်တုံ့ပြန်မှုကို ဦးတည်သွားတာပါ”

“ကျိုစစ်”

သမားတော်ပိုင်မှ ခေါ်သောကြောင့် ချန်ကျဲ့ သွားလိုက်သည်။

“ဆရာ”

သမားတော်ပိုင်မှ ပြောသည်။

“စာရွက်နဲ့စုတ်တံယူလာခဲ့”

“ဟုတ်ကဲ့”

ချန်ကျဲ့ စာရွက်နှင့်စုတ်တံကို အမြန်ယူပေးခဲ့သည်။ သမားတော်ပိုင်သည် သွက်လက်စွာဖြင့် ဆေးညွန်းကို ရေးချသည်။

“ကျုပ်မှာ လိုအပ်တဲ့ ဆေးဝါးအစုံအလင်မရှိတာမို့ ဧည့်သည်ကြီးအနေနဲ့ အချို့အဝက်ကို ဆေးဆိုင်မှာ ဝယ်ယူရပါလိမ့်မယ်။ ဆေးညွှန်းအတိုင်းလိုက်နာပြီး ရေသုံးခွက်စာကို တစ်ခွက်စာဖြစ်တဲ့အထိ ဆေးကျိုပါ။ ဆေးကို နေ့တိုင်း ညမအိပ်ခင် သောက်သုံးပါ။ နှစ်ရက်အတွင်း ဆေးအာနိသင်ပြပါလိမ့်မယ်”

ထိုအခါ သိုင်းသမားသည် ဆေးညွန်းကိုကြည့်လျက် ရယ်မော၏။

“ကောင်းပါပြီ၊ သမားတော်ပိုင်ကို ကျေးဇူးတင်ပါတယ်။ ဆေးက အလုပ်ဖြစ်ခဲ့ရင် ကျုပ်သေချာပေါက်ပြန်လာပြီး ကျေးဇူးတင်ကြောင်း ပြသပါဦးမယ်”

သိုင်းသမားသည် သမားတော်ပိုင်အား အနည်းငယ် စနောက်ကျီစယ်ဟန်သော အကြည့်တို့ဖြင့်ကြည့်လျက် ထိုသို့ပြောခဲ့၏။ သမားတော်ပိုင်သည် ထိုလူ၏ဆိုလိုရင်းကို နားလည်ပါသည်:

ဆေးက အလုပ်ဖြစ်ခဲ့ရင် သူပြန်လာပြီး ကျေးဇူးတင်မယ်၊ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ရင်ရော? သူပြန်လာပြီး တစ်မိသားစုလုံးကို သတ်ပစ်မယ်လို့ ဆိုလိုချင်တာလား။

ပြီးတော့ အကယ်၍များ သမားတော်ပိုင်က ဆေးညွှန်းကို လက်ဆော့လိုက်ရင် ဘယ်လိုလုပ်မလဲ။

သိုင်းလောကသားများသည် ဆေးကုသမှုခံယူရာ၌ တစ်ဖက်လူအား အပြည့်အဝ မယုံကြည်ကြပေ။ တစ်ခါတရံတွင် လုံးဝ သတိကပ်ထားတတ်၏။

ကန်တော့ချွန်ဝါးခမောက်နှင့်သိုင်းသမား၏ ထိုစကားသည်လည်း သတိပေးချက်တစ်ခုပင် ဖြစ်သည်။

ချန်ကျဲ့လည်း ဆေးယူနေစဉ် ဤသို့ခံစားမိခဲ့၏။ သိုင်းသမားသည် ဆေးညွှန်းအား အခြားသူတစ်ယောက်ကို အရင်စမ်းသပ်ကြည့်စေလောက်ပေသည်။

သမားတော်ပိုင်သည် သိုင်းသမားကိုကြည့်၍ ပြောသည်။

“ဒါနဲ့ ဧည့်သည်တော်ကြီး၊ အရည်အသွေးအကောင်းဆုံးဆေးဝါးတွေကိုပဲ သေချာရွေးချယ်ဝယ်ယူပါ၊ အလိမ်မခံရစေနဲ့”

ထိုအခါ သိုင်းသမားမှ ပြုံးလိုက်သည်။

“မစိုးရိမ်ပါနဲ့။ ကျုပ်ဘာလုပ်နေလဲ ကျုပ်သိပါတယ်။ အကယ်၍ ဆေးမှားယွင်းမှုဖြစ်ခဲ့ရင် ကျုပ် ခင်ဗျားကို လာမရှာပါဘူး”

“ဒါနဲ့ သမားတော်ကြီး၊ သမားတော်ကြည့်ခက ဘယ်လောက်လဲ‌ဗျ”

သမားတော်ပိုင် ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။

“သိုင်းလောကထဲက အရေးပေါ်လိုအပ်နေသူတွေကို ကူညီပေးတာမှာ သမားတော်ကြည့်ခဆိုတာ ဘာကြောင့်များ လိုအပ်နေပါ့မလဲ”

သိုင်းသမားသည် သူ၏အိတ်ကပ်ထဲမှ ငွေ၁၀တုံးကို ထုတ်ယူပြီး စားပွဲပေါ်သို့ ခပ်ပြင်းပြင်း ဆောင့်ချလိုက်သည်။

“ဒီပမာဏက အရမ်းမများပါဘူး။ ပြီးတော့ ဒီငွေတွေက တကယ်တော့ ခင်ဗျားတပည့်လေးရဲ့ လမ်းညွှန်ပြသမှု ကျေးဇူးကြောင့် ရခဲ့တာပါပဲ။ ပိုငွေကို ကျုပ် ကျေးဇူးတင်ကြောင်း ဖော်ပြတယ်လို့ သတ်မှတ်လိုက်ပေါ့”

သောက်ရမ်းကွာ…

ပြန်ထွက်မသွားခင် သူ့အား ထိုးနှက်ခဲ့ရန် မမေ့လျော့သော ထိုသိုင်းသမားကိုကြည့်လျက် ချန်ကျဲ့မှာ အော်ဆဲချင်သွားရသည်။ သို့သော် ချန်ကျဲ့သည် သေချာစဉ်းစားဆင်ခြင်ပြီးနောက် စိတ်လျှော့လိုက်၏။

သိုင်းသမား၏စကားတွင် သမားတော်ပိုင်နှင့် ဝူဟုန်တို့သည် ချန်ကျဲ့အား တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြပြန်သည်။

“ကျိုစစ် တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ မင်းဘယ်လိုလုပ်ပြီး အဲဒီလို သိုင်းလောကသား ရာဇဝတ်သားတစ်ယောက်နဲ့ သိကျွမ်းနေရတာလဲ”

ဝူဟုန်မှ လေးနက်တည်ကြည်စွာ မေးမြန်းသည်။ သမားတော်ပိုင်လည်း ချန်ကျဲ့ကို ကြည့်နေခဲ့သည်။

ချန်ကျဲ့သည် ‘ငါတော့ သွားပါပြီ'ဟူသော မျက်နှာအမူအရာဖြင့် ပြော၏။

“ဆရာ၊ အစ်ကိုဝူ ဒါက.. ဒါက တိုက်ဆိုင်မှုပဲဖြစ်လိမ့်မှာပါ”

“ဘာအဓိပ္ပာယ်လဲ”

ချန်ကျဲ့ ဆက်ပြောသည်။

“ဆရာတို့ မျက်လုံးနီရွှေကြက်ကို မှတ်မိသေးလား”

ဝူဟုန်မှ ပြောသည်။

“အဲဒါက တစ်နေ့ကမှ ရှိခဲ့တဲ့ကိစ္စလေ၊ ဘယ်လိုလုပ် မေ့ဦးမလဲ။ အဲဒါက ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ”

စူပုတ်နေသော မျက်နှာအမူအရာဖြင့် ချန်ကျဲ့မှ ပြောသည်။

“ဆိုင်တာပေါ့ဗျာ။ ကျွန်တော် နောက်မှသိလိုက်ရတာ အဲဒီမျက်လုံးနီရွှေကြက်က ယွီပင်းရဲ့လက်ထဲက လွတ်လာခဲ့တာတဲ့၊ ယွီပင်းက ရွှေကြက်ပျောက်တဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ လူတွေတောင် စေလွှတ်လိုက်သေးတယ်။ ကျွန်တော်လည်း လူမိမှာကြောက်လို့ ကျွန်တော့်ရဲ့ဝမ်းကွဲညီလေးကို ကန်တော့ချွန်ဝါး‌ခမောက်ဆောင်းထားပြီး မျက်နှာမှာ အမာရွတ်ရှိတဲ့ သိုင်းသမား‌တစ်ယောက်က ရွှေကြက်ကိုယူသွားတယ်လို့ ကောလာဟလလွှင့်ခိုင်းလိုက်တယ်။ အဲဒီလိုပေါက်ကရ ကောလာဟလတွေ လွှင့်ပြီးတာနဲ့ အဲဒီလိုလူကို မြို့ပေါ်က ဖက်ထုပ်ဆိုင်မှာ မျက်မြင်တွေ့လိုက်ရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ…”

All Chapters