လုစန်း အကူအညီရှာဖွေ။
Vol. 5 Ch. 59
“ကောင်းပြီ၊ မြက်စားငါးကြင်း ၆ကောင်၊ ငါးဝါ ၂ကောင်၊ ငါးသေးမျိုး ၄ကောင် စုစုပေါင်း ၁၂ကောင်။ ဆိုတော့ အခွန်ငွေ ၄၄ပြား ကောက်ခံမယ်!”
“နောက်တစ်ယောက်!”
…
မျန့်ရွှေမြစ်ဆိပ်ကမ်းရှိ ရှန်းထောင်မြို့သား ငါးဖမ်းသမားများသည် နေ့ပိုင်းအလုပ်များ ပြီးဆုံး၍ သူတို့၏ တစ်နေ့တာဖမ်းမိခဲ့သည့် ငါးများကို ယူဆောင်နေကြသည်။
ဆိပ်ကမ်းသို့ခြေချပြီးသည်နှင့် ပထမဆုံးပြုလုပ်ရသည့်အရာမှာ ငါးဖမ်းကုန်သည်အဖွဲ့အား အခွန်ပေးဆောင်ခြင်းဖြစ်သည်။
ဤသို့အချိန်မျိုးတွင် ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမား၏ အဓိကလုပ်ငန်းတာဝန်မှာ အခွန်ကောက်ခံခြင်းဖြစ်၏။
မြက်စားငါးကြင်းတစ်ကောင်၏ ရောင်းဈေးသည် ၈ပြားဖြစ်သောကြောင့် ငါးဖမ်းကုန်သည်အဖွဲ့သည် အခွန်ငွေအဖြစ် ၃ပြား ကောက်ခံသည်။ ငါးဝါသည် တန်ကြေးမြင့်၏။ ၎င်း၏ရောင်းဈေးမှာ တစ်ကောင်လျှင် ၁၂ပြားဖြစ်သည်။ ထို့ကြောင့် ငါးဖမ်းကုန်သည်အဖွဲ့သည် ငါးဝါအတွက် အခွန်ငွေကို ၅ပြား ကောက်ခံသည်။ ငါးသေးမျိုးများ၏ ရောင်းဈေးသည် များသောအားဖြင့် ၉ပြား၊ ၁၀ပြားဖြစ်သောကြောင့် အခွန်ငွေ ၄ပြား ပေးဆောင်ရသည်။
ထို့ပြင် ငါးဖမ်းသမားတစ်ယောက်လျှင် တစ်နေ့တာအတွက် သင်္ဘောကျင်းသွင်းခ ၁၀ပြား ပေးဆောင်ရသည်။
ငါးဖမ်းသမားတစ်ဦး၏ တစ်နေ့ဝင်ငွေမှာ ပြား၅၀၊ ၆၀ ဝန်းကျင်ခန့်ဖြစ်သည်။ ထိုပမာဏသည် ပြောင်းဆန် ၅ပေါင်၊၆ပေါင်ခန့်၏တန်ဖိုးနှင့် အကြမ်းဖျင်းညီမျှ၏။
၎င်းပမာဏသည် မိသားစုဝင် ၅ယောက်၊၆ယောက်ခန့်ရှိသော မိသားစုတစ်စုအတွက်မူ များပြားသည့်ပမာဏ မဟုတ်ချေ။
ထို့ပြင် ငါးဖမ်းသမားများမှာ ပိုက်ကွန်များ၊ လှေများကို ပြင်ဆင်ထိန်းသိမ်းရန်လည်း လိုအပ်သေး၏။ သို့ဖြစ်ရာ အခြေအနေမှာ ဗိုက်ပြည့်သည်လည်း မဟုတ်၊ ဆာလောင်ငတ်မွတ်နေရသည်လည်း မဟုတ်ပေ။
ဤသည်မှာ ငါးဖမ်းကုန်သည်အဖွဲ့၏ အကြံပေးပုဂ္ဂိုလ်များမှ အသေးစိတ် စီမံတွက်ချက်ထားခြင်းဖြစ်ပါ၏။
ဤနည်းဖြင့်သာ ငါးဖမ်းသမားများသည် နေ့စဉ်နေ့တိုင်း မမောနိုင်မပန်းနိုင် ငါးဖမ်းကြကာ ကုန်သည်အဖွဲ့အတွက်လည်း ဝင်ငွေများဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်။ အခွန်ငွေကို လျှော့ပေါ့ကောက်ခံခဲ့လျှင် ငါးဖမ်းသမားများအနေဖြင့် ငွေပိုရှိလာကြလိမ့်မည်၊ သို့ဖြစ်ပါက အလုပ်လုပ်ကြတော့မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်များမှာ မည်သူတို့ကို ခေါင်းပုံဖြတ်အမြတ်ထုတ်ရပါတော့မည်နည်း။
မျက်မှောက်ခေတ် လူမှုအဖွဲ့အစည်းသည်လည်း အလားတူပင်။ လူတိုင်း၏ အခြေခံလိုအပ်များ ပြည့်စုံနေနိုင်ပါက မည်သူမျှ အလုပ်လုပ်ကြတော့မည် မဟုတ်ပေ။
အဲဒီလိုက ဒီလူမှုစနစ်ကို ထိခိုက်ချွတ်ယွင်းသွားစေမှာ မဟုတ်ပေဘူးလား။
ထို့ကြောင့်ပင် လူငယ်အလုပ်သမားများ လှုပ်ရှားလုပ်ကိုင်နေစေရန် ဆွဲဆောင်မှုအမျိုးမျိုးဖြင့် မြှူဆွယ်ကြသည်။ အိမ်၊ ကားနှင့် ဇိမ်ခံပစ္စည်းများ ဝယ်ယူနိုင်မည်ဟူသော ကတိကဝတ်များကိုပေးကြကာ အလုပ်သမားများ၏စိတ်ဆန္ဒကို ပိုမိုပြင်းပြစေသည်။
အလုပ်သမားများအဖြစ် အမြဲစဉ်ဆက် ဆက်လက်လုပ်ကိုင်နေစေသည်။
ထို့နည်းတူပင် အထက်တန်းလွှာများ၏အမြင်၌ ဤခေတ်ကာလ၏ သာမန်လူတန်းစားပြည်သူများမှာ ဝန်တင်တိရစ္ဆာန်များကဲ့သို့ ဖြစ်လေသည်။ အလုပ်သမားများအဖြစ် ဆက်လက်အလုပ်လုပ်နေကြရန်နှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းအား ခေါင်းငုံ့လက်ခံနေကြစေရန်အတွက် သာမန်ပြည်သူများကို နည်းမျိုးစုံဖြင့် ထိန်းချုပ်ကြသည်။
ဤသို့နည်းစနစ်အား ငါးဖမ်းကုန်သည်အဖွဲ့မှ ကျင့်သုံးလုပ်ဆောင်သကဲ့သို့ ချောင်ကုန်သည်အဖွဲ့လည်း ကျင့်သုံးလုပ်ဆောင်သည်။ နိုင်ငံတော်အစိုးရသည်လည်း ထို့နည်းတူပင်ဖြစ်၏။
၎င်းသည် သာမန်ပြည်သူများကို အမြဲတစေ ဆင်းရဲနွမ်းပါးနေစေရန်အတွက် ရေးဆွဲထားသော အလွန်တရာပြီးပြည့်စုံသည့် စနစ်ကြီးဖြစ်ပေသည်။ ဆင်းရဲနွမ်းပါးမှုတွင် နစ်မြုပ်နေကြမှသာ လူတို့သည် ကြိုးစားရုန်းကန်ကြပြီး သူတို့အတွက် အကျိုးအမြတ် အမြောက်အများ ဖြစ်ထွန်းစေနိုင်ပေမည်။
မျက်မှောက်ခေတ်လူမှုအဖွဲ့အစည်း၌ လူတန်းစားကွာခြားမှု အတားအဆီးကို ချိုးဖျက်နိုင်သည့်အရာမှာ ပညာရေးဖြစ်သည်။
သို့သော် ဤကမ္ဘာတွင်တော့ ၎င်းမှာ သိုင်းပညာဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့၏ အလုပ်သမားများသည် အခွန်ငွေကောက်ခံပြီးနောက် ရရှိထားသည့် ငွေများကို အိတ်ထဲသို့ ကျွမ်းကျင်စွာ သိမ်းထည့်သည်။ ငွေပြန်အပ်သည့်အခါတွင်လည်း အဂတိလိုက်စားမှု အနည်းငယ်ရှိကြ၏။
ဤအချက်သည်လည်း ငါးဖမ်းကုန်သည်အဖွဲ့၏ အလုပ်သမားရာထူးကို လူအများ တပ်မက်ကြသည့် အကြောင်းအရင်းတစ်ခု ဖြစ်ပေသည်။
ကျေးလက်ဒေသ၌ ငါးဖမ်းကုန်သည်အဖွဲ့၏ အလုပ်သမားဖြစ်လာခြင်းသည် အောက်ခြေအဆင့် အစိုးရအမှုထမ်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခြင်းနှင့် အလားတူသည်။ သာ့ချန်အစိုးရသည် ကျေးလက်ဒေသများကို တိုက်ရိုက်မအုပ်ချုပ်သောကြောင့် ဤသို့အောက်ခြေအဆင့်ရှိ လုပ်ပိုင်ခွင့်အနည်းငယ်ရှိသော နေရာလွတ်များကို အမျိုးမျိုးသော အဖွဲ့အစည်းများမှ ဖြည့်ဆည်းထားကြပေသည်။
“သင်္ဘောခေါင်းဆောင်ခင်ဗျ!”
အလုပ်သမားတစ်ယောက်သည် ဆိပ်ကမ်းဘေးဘက်ရှိ နားနေဆောင်သို့ အလျင်စလို ပြေးသွား၏။
နားနေဆောင်ထဲ၌ အသက်၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးရှိနေသည်။ သူ၏ရှေ့တွင် မျက်နှာလိုမျက်နှာရလုပ်လိုသော အလုပ်သမားတစ်ဦးမှ ပြင်ဆင်ပေးထားသည့် ရာသီပေါ် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် လက်ဖက်ရည်ပူတစ်ခွက်တို့ကို ခင်းကျင်းထားသည်။
ထိုအမျိုးသားမှာ သင်္ဘောခေါင်းဆောင် ကျောင်းရွှမ်မှတစ်ပါး အခြားသူမဖြစ်နိုင်လေပြီ။
“သင်္ဘောခေါင်းဆောင်!”
အလုပ်သမားသည် အပြေးတစ်ပိုင်း ရောက်လာသည်။ သင်္ဘောခေါင်းဆောင်သည် ထိုအလုပ်သမားကို လှည့်ကြည့်လာ၍ မေး၏။
“ဘာဖြစ်လို့လဲ”
“သင်္ဘောခေါင်းဆောင် လုစန်းက ခေါင်းဆောင်ကို တွေ့ခွင့်တောင်းနေပါတယ်”
“လုစန်းလား”
ကျောင်းရွှမ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“သူက ဘာကိစ္စရှိလို့လဲ။ သူ လူတစ်ယောက်ကြောင့် ခြေထောက်ကျိုးထားတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား”
ထိုအခါ အလုပ်သမားမှ ပြောသည်။
“သူ့လက်ထဲမှာ ပစ္စည်းတွေသယ်လာပါတယ်။ သေရည်တစ်အိုးနဲ့ ကြက်ကင်နှစ်ကောင်ပါ။ ပြောတာတော့ ခေါင်းဆောင် အရင်တစ်ခေါက်က သူ့ကိုကူညီပေးဖို့ သဘောတူထားတဲ့ကိစ္စအတွက်ပါတဲ့”
ကျောင်းရွှမ် ခဏမျှစဉ်းစားလိုက်သည်။
“သူ့ကို ဝင်လာခိုင်းလိုက်ပါ”
လွန်ခဲ့သည့်ရက်များအတွင်း၌ လုစန်းသည် ကျောင်းရွှမ်ကို အထူးတလည် ဂရုစိုက်ပေးနေခဲ့သည်ဖြစ်၏။ ကျောင်းရွှမ်အား သူ့အတွက် ငါးဖမ်းကုန်သည်အဖွဲ့၏ အလုပ်သမားရာထူးတစ်နေရာကို ရရှိနိုင်အောင် ကူညီပေးပါရန် တောင်းဆိုထားခဲ့သည်။ ထိုအတွက် ငွေနှစ်တုံးကိုလည်း ပေးအပ်ပါမည်ဟု ပြောထားခဲ့ပေသည်။
သူအခု ခြေထောက်ကျိုးနေတာကို အခုထိ အဲဒီကိစ္စအကြောင်း တွေးနေသေးတယ်လား။
ကျောင်းရွှမ် ထိုသို့တွေးတောနေစဉ် လုစန်းရောက်ရှိလာပြီး ဦးညွှတ်အရိုအသေပြုသည်။
“သင်္ဘောခေါင်းဆောင်! ဒါက ခေါင်းဆောင်အတွက်ပါ”
လုစန်းသည် သေရည်အိုးနှင့် ကြက်ကင်တို့ကို နေရာချလျက် ပြောသည်။
“ပြောပါ”
လုစန်းသည် မျက်နှာချိုသွေးလျက် ပြောသည်။
“သင်္ဘောခေါင်းဆောင် အရင်တစ်ခေါက်က ခေါင်းဆောင် ကျွန်တော့်ကို ကတိပေးထားတာကို မှတ်မိသေးရဲ့လား။ ဒီမှာ ငွေ၂တုံးပါ”
ကျောင်းရွှမ်သည် စားပွဲပေါ်ရှိ ငွေနှစ်တုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှောင်ပြုံး၏။
“လုစန်း မင်းရဲ့အဲဒီခြေထောက်တွေနဲ့ ဒါက ငါ့ကို တမင်အခက်တွေ့အောင် လုပ်နေတာများလား”
“ဟုတ်ပါတယ် ဟုတ်ပါတယ် သင်္ဘောခေါင်းဆောင်၊ ခေါင်းဆောင်ပြောတာ မှန်ပါတယ်။ ကျွန်တော်လည်း အဲဒါကြောင့်ပဲ အကြီးအကဲနဲ့ ဆွေးနွေးမလို့ပါ။ ကျွန်တော့်မှာ ငါးဖမ်းကုန်သည်အဖွဲ့ထဲကို အရမ်းဝင်ချင်နေတဲ့ ညီနောင်တစ်ယောက်ရှိပါတယ်။ ခေါင်းဆောင်အနေနဲ့ ကျွန်တော့်အတွက်နေရာကို သူ့ကိုလွှဲပြောင်းပေးနိုင်မလား”
“အဲဒါတော့ မဖြစ်ဘူး”
ကျောင်းရွှမ်မှ ခေါင်းခါသည်။
“ငါတို့မှာ အဲဒီလိုစည်းမျဉ်းမျိုး မရှိဘူး။ မရဘူး မရဘူး”
“သင်္ဘောခေါင်းဆောင် ကျေးဇူးပြုပြီး ချွင်းချက်ထားပေးပါလားဗျာ…”
လုစန်းမှ တောင်းပန်တိုးလျှိုးသည်။ ကျောင်းရွှမ်သည် ခေါင်းတရမ်းရမ်းဖြင့် စားပွဲပေါ်ရှိ ငွေနှစ်တုံးကို ကိုင်မြှောက်ကြည့်နေသည်။
လုစန်းအား အချိန်အတော်ကြာ တောင်းပန်တိုးလျှိုးနေစေခဲ့ပြီး နောက်ဆုံးတွင်တော့ ကျောင်းရွှမ်သည် အလျှော့ပေးလာ၏။
“ဟူး လုစန်း၊ မင်းမလို့သာ ငါလိုက်လျောပေးတာနော်။ ကောင်းပြီ ငွေတစ်တုံးထပ်ပေး၊ အဲဒါဆို ငါမင်းအတွက် ချွင်းချက်ထားပေးမယ်”
“အာ ဒါက…”
“ဘာလဲ ခက်ခဲလို့လား။ ခက်ခဲနေရင်တော့ ဒီကိစ္စကိုထားလိုက်တော့”
“မဟုတ်ပါဘူး မဟုတ်ပါဘူး မခက်ခဲပါဘူး။ လုံးဝ မခက်ခဲပါဘူး”
“ဒါဆိုရင် ငါ မင်းအကြောင်းပြန်တာကို စောင့်နေမယ်”
“အမ်း”
ကျောင်းရွှမ်သည် ငွေနှစ်တုံးကို လုစန်းသို့ ပြန်ပစ်ပေးလိုက်သည်။ တုတ်ကောက်ကိုအားပြု၍ ထော့နဲ့ထော့နဲ့နှင့် ထွက်ခွာသွားသည့် လုစန်း၏ပုံရိပ်ကိုကြည့်လျက် ကျောင်းရွှမ်သည် တခစ်ခစ်ရယ်မာနေတော့သည်။
“ဒီလိုပဲ ငွေတစ်တုံးပိုရှာနိုင်သွားပြီပေါ့လေ”
လုစန်း အိမ်သို့ အမြန်ပြန်လာခဲ့သည်။
လုချင်းစစ်မှ မေးသည်။
“ဘယ်လိုလဲ”
လုစန်း ပြန်ပြောပြသည်။
“ဈေးနှုန်းတက်သွားပြီ။ အဲဒီကျောင်းရွှမ်က ငွေတစ်တုံး ပိုလိုချင်နေတယ်။ မပေးရင် မလုပ်ပေးနိုင်ဘူးတဲ့!”
“ဘာရယ်။ ကျွန်မတို့က ချန်စန်းလျို့ဆီက ငွေသုံးတုံးပဲ တောင်းထားခဲ့တာလေ၊ ရှင်သူ့ကို အကုန်ပေးလိုက်မှာလား”
လုစန်း ရယ်မောလိုက်သည်။
“သိုးမွေးဆိုတာ ခွေးရဲ့ကျောပြင်က ရတာတဲ့။ ငါ ချန်စန်းလျို့ကို သွားရှာမှာပေါ့”
…
“ညီနောင်လုစန်း ဒါကတော့ မဟုတ်သေးဘူးလေ။ ငါတို့ ငွေသုံးတုံးနဲ့ သဘောတူထားပြီးပြီလေ။ အဲဒါကို ရုတ်တရက်ကြီး ဈေးမြှင့်လိုက်တာတော့ မဖြစ်သင့်ပါဘူး။ ဒါတော့ တကယ်မဟုတ်သေးဘူး”
ချန်စန်းလျို့မှာ ထပ်မပေးလိုကြောင်း သိသာလှသည်။
လုစန်းမှ ပြောသည်။
“ဒါဆိုလည်း ကောင်းပြီ။ အကယ်၍ ကျွန်တော် ဒီကိစ္စကို ဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့ရင် ဦးလေးတို့ ကိုယ့်ဘာကိုယ် တခြားနည်းလမ်းရှာလိုက်ကြပါ။ ဦးလေးတို့ပေးထားတဲ့ငွေတွေကို ကျွန်တော်ပြန်ပေးမယ်”
“ကျစ်”
ချန်စန်းလျို့သည် မျက်မှောင်ကြုတ်လျက် ခဏမျှစဉ်းစားနေခဲ့သည်။ ထို့နောက် အိမ်ထဲသို့ဝင်သွား၍ ရှာဖွေရာ ငွေတစ်တုံးနှင့် ငွေရှစ်စသာ ရှာတွေ့နိုင်ခဲ့သည်။ ချန်စန်းလျို့သည် ထိုငွေများကို လုစန်းသို့ပေးလိုက်၏။
“ငါ့မှာရှိတာ ဒါအကုန်ပဲ။ ညီနောင်လုစန်း ငါ့မှာတစ်ပြားမှ မကျန်တော့ဘူးကွ!”
ထိုအခါ လုစန်းမှ ပြန်ပြောသည်။
“မစိုးရိမ်ပါနဲ့ဗျာ။ ကျွန်တော်က ဦးလေးတို့ဆီက ငွေလိမ်ယူပါ့မလား”
လုစန်း အိမ်ပြန်လာခဲ့သည်။ သူတစ်ကိုယ်တည်း ရယ်မောနေမိ၏။
ငွေရှစ်စတောင် ပိုရခဲ့တာပဲ၊ မဆိုးပါဘူးလေ။
“အိမ်သားတို့ ငါ့အတွက် သေရည်ပြင်ပေးကြစမ်း၊ စားကောင်းသောက်ဖွယ်တွေလည်း ချက်ပေးကြ၊ ကြက်ကင်တစ်ကောင်လည်း ဝယ်စားကြမယ်။ ငါတို့တွေ နေ့လယ်စာကောင်းကောင်း စားသောက်ပြီး နေ့လယ်ခင်း တစ်ရေးအိပ်ကြရအောင်။ ပြီးတော့မှ ငါ ကျောင်းရွှမ်နဲ့ သွားတွေ့မယ်”
ထိုသို့ပြောလျက် လုချင်းစစ်အား ငွေနှစ်စပေးခဲ့သည်။
“ကောင်းပါပြီ ယောကျ်ား၊ ကျွန်မဒီနေ့ ရှင့်ကို အဖော်ပြုပြီး သောက်ပေးမယ်”
…
ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့၌ ကျောင်းရွှမ်သည် လုစန်းပေးခဲ့သည့် သေရည်နှင့်ကြက်ကင်တို့ကို ဇိမ်ခံစားသောက်နေသည်။ ကြက်ကင်ကို အားရပါးရစားသောက်နေစဉ် သူ့ထံသို့ ဦးတည်လာနေသည့် ခပ်ဝေးဝေးမှ ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။ အနီးသို့ရောက်ရှိလာသည်တွင် ထိုပုံရိပ်မှာ ဝူကျုံးဖြစ်ကြောင်း သိလိုက်ရပေသည်။
ကျောင်းရွှမ် ရုတ်ချည်းထရပ်လိုက်သည်။
“အစ်ကိုဝူ ဘာကိစ္စကြောင့်များ ဒီကိုရောက်လာတာပါလဲ။ ကျေးဇူးပြုပြီး ထိုင်ပါဦး”
ဝူကျုံး စားပွဲပေါ်သို့ ကြည့်လိုက်သည်။ ကြက်ကင်နှင့်သေရည်တို့ကို မြင်သောအခါ ဤသို့ မှတ်ချက်ပြု၏။
“သင်္ဘောခေါင်းဆောင်က ကောင်းကောင်းမွန်မွန် နေထိုင်နေပုံပါပဲ”
“အစ်ကိုဝူကတော့ နောက်နေပြန်ပါပြီ။ ဒီနေ့ ဘာကိစ္စကြောင့်များ ကျွန်တော့်ဆီ ရောက်လာတာလဲ မသိဘူး”
“အို ငါတို့ငါးဖမ်းကုန်သည်အဖွဲ့က အလုပ်သမားနှစ်ယောက် ခေါ်မှာမဟုတ်လား။ ငါ အလုပ်သမားနှစ်ယောက် ခန့်ထားပြီးသွားပြီ။ သူတို့ မနက်ဖြန်ကျ မင်းဆီကို စာရင်းလာသွင်းလိမ့်မယ်။ သူတို့နှစ်ယောက်ကို သေချာလေးစောင့်ရှောက်ပေးပါဦး”
“အာ?”
ကျောင်းရွှမ် တွန့်ဆုတ်သွား၏။ အလုပ်သမားခန့်အပ်ခြင်းကဲ့သို့သော ကိစ္စရပ်များသည် ဝူကျုံး တော်ရုံ ဝင်ရောက်စွက်ဖက်လေ့မရှိသော ကိစ္စရပ်များဖြစ်၏။ များသောအားဖြင့် သူ့ကိုသာ ဆုံးဖြတ်ခွင့်ပေးထားခဲ့သည် ဖြစ်ပေသည်။
“ဘာလို့လဲ၊ ပြဿနာရှိလို့လား”
ဝူကျုံး ကျောင်းရွှမ်အား ကြည့်နေသည်။
ကျောင်းရွှမ်သည်လည်း ချက်ချင်း တောက်တောက်ပပပြုံးလိုက်သည်။
“လုံးဝ ပြဿနာမရှိပါဘူး။ အစ်ကိုဝူ စီစဉ်ထားတဲ့ကိစ္စကို ဘယ်လိုလုပ် ပြဿနာရှိနိုင်မှာလဲ။ အစ်ကိုဝူ စိတ်ချပါ။ ကျွန်တော် သေချာဂရုစိုက်လိုက်ပါ့မယ်”