ခွေး ခွေးချင်း ကိုက်ကြပြီ။
Vol. 5 Ch. 60
နေ့လယ်ခင်း၌ ချန်ကျဲ့သည် သမားတော်ပိုင်မှ ‘ကျားဖြူဆေးရည်'ဟု အမည်ရသော ဆေးညွှန်းအကြောင်း ရှင်းပြခြင်းကို နားထောင်နေသည်။
ဤဆေးညွှန်းသည် အလွန်ထိရောက်မှုရှိပြီး ကလေးများ ကိုယ်အပူချိန်မြင့်တက်ခြင်းကို ကုသရာ၌ အထူးအသုံးဝင်သည်။ ကလေးများ ဖျားနာသည့်အခါ ၎င်းဆေးညွှန်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်၏။
သို့သော် ဤဆေးညွှန်းသည် ၎င်း၏သဘာဝအလျောက်ပြင်းထန်သည့် အာနိသင်သည် ကလေးများကို သေဆုံးစေနိုင်ခြေအချို့လည်း ရှိသောကြောင့် အလွန်အန္တရာယ်များသည်။
သို့ဖြစ်ရာ ဤကုသမှုကို လုပ်ဆောင်သည့်အခါ အထူးဂရုပြုရန် လိုအပ်ပေသည်။ လမ်းလျှောက်နေစဉ် သမားတော်ပိုင်သည် သမားတော်များသည် အဘယ့်ကြောင့် မိမိ၏မိသားစုဝင်များကို မကုသသင့်ကြောင်းကိုလည်း ဇာတ်လမ်းတစ်ပုဒ်ဖြင့် ရှင်းပြခဲ့သည်။
သမားတော်ပိုင်သည် အခြားသူများကို ကုသပေးရာ၌ အလွန်ထူးချွန်သည့် နာမည်ကျော်သမားတော်ကြီးတစ်ယောက်အကြောင်းကို ပြောပြသည်။ ထိုသမားတော်ကြီးသည် များသောအားဖြင့် ဆေးတစ်ဖုံဖြင့်ပင် လူနာကို သက်သာပျောက်ကင်းစေနိုင်သည်။ သို့သော် သမားတော်ကြီး အသက်အရွယ်ကြီးရင့်လာခဲ့ပြီး နောက်ကျမှ ကလေးရလာခဲ့သည်။ တစ်နေ့တွင် သမားတော်ကြီး၏ ငယ်ရွယ်သောသားငယ်လေးမှာ နာမကျန်းဖြစ်ခဲ့သည်။
သမားတော်ကြီး၏မိသားစုသည် သမားတော်ကြီးအား ဆေးညွှန်းတစ်ခုပေးပါရန် တောင်းဆိုခဲ့သည်။ သို့သော် ဆေးညွှန်းအတိုင်း အကြိမ်ပေါင်းများစွာ ဆေးတိုက်ပြီးသည့်တိုင် စိုးစဉ်းသော်မျှ အလုပ်မဖြစ်ခဲ့ပေ။
နောက်ဆုံးတွင်တော့ သမားတော်ကြီးသည် ရွေးချယ်စရာမရှိတော့ဘဲ သူ့ထက် များစွာပို၍ ဂုဏ်သတင်းနိမ့်ပါးသည့် အနီးအနားရှိ ဆေးဆိုင်တစ်ဆိုင်မှ သမားတော်ဆီသို့ ကလေးကို ခေါ်သွားရတော့သည်။
ထိုအခါ အံ့အားသင့်ဖွယ်ကောင်းလှစွာဖြင့် ထိုအရည်အချင်းနိမ့်သမားတော်၏ ဆေးတစ်ဖုံသည် ကလေးကို သက်သာပျောက်ကင်းသွားစေခဲ့သည်။
အရည်အချင်းနိမ့်ပါးသည့် သမားတော်သည် အမည်ကျော်ကြားလှသော ထိုသမားတော်ကြီးမှာ အဘယ်ကြောင့် မိမိ၏သားဖြစ်သူအား မကုသနိုင်ရသနည်းဟု သိချင်စိတ်ပြင်းပြနေခဲ့သည်။
ထို့ကြောင့် သမားတော်ကြီးအား မေးမြန်းခဲ့သည်။
အမည်ကျော်ကြားသော သမားတော်ကြီးသည် သက်ပြင်းတွင်တွင်ချလျက် ဖြေခဲ့၏။
“ဒီကလေးသာ ငါ့သား မဟုတ်ခဲ့ရင် ငါ ကျားဖြူဆေးရည်ကို သုံးခဲ့လိမ့်မှာပါ”
အမှန်တကယ်ပင် သမားတော်ကြီး၏ကလေးကို ပျောက်ကင်းစေခဲ့သည့် ဆေးမှာ ကျားဖြူဆေးရည်ပင် ဖြစ်ချေသည်။
သမားတော်ပိုင်၏ အတွေးအခေါ်ကြွယ်ဝလှသော ဇာတ်လမ်းကိုနားထောင်ပြီးနောက်၌ ချန်ကျဲ့သည် စိတ်ထဲမှ ကျားဖြူဆေးရည်တေးတစ်ပုဒ်ကို ပုံဖော်မိပေသည်။
“ကျားဖြူလိမ်းဆေးဟာ နွယ်ချိုကိုသိတယ်၊ ဤဆေးနည်းဟာ အပူကိုရှင်းလင်းစေပြီး ပြင်းထန်တဲ့သွေးခုန်နှုန်းနဲ့အတူ ဖြစ်ပေါ်နေတဲ့ အဖျားနဲ့ ချွေးတွေကို လွင့်ပါးစေတယ်။ ဂျင်ဆင်းကိုပေါင်းထည့်ပြီး အသက်စွမ်းအင်ကို အာဟာရပြုစေမယ်”
ဆေးညွှန်းတစ်ခုကို သင်ယူပြီးနောက် ချန်ကျဲ့ အိမ်ပြန်လာခဲ့သည်။ ဝူဟုန်သည် သုန်မှုန်နေ၏။ သိုင်းသမားထွက်သွားပြီးချိန်ကတည်းက ဝူဟုန်သည် သိသိသာသာ စိတ်အနှောင့်အယှက်ဖြစ်နေပေသည်။
ချန်ကျဲ့သည် ဝူဟုန်ကိုလည်း နှုတ်ဆက်ခဲ့ပြီး သမားတော်ပိုင်၏နေအိမ်မှ ထွက်လာခဲ့သည်။ နောက်တစ်နေ့တွင် ငါးဖမ်းကုန်သည်အဖွဲ့သို့ သွားရမည်ဖြစ်သောကြောင့် နောက်ကျမှ ရောက်လာမည်ဟုလည်း ပြောထားခဲ့သည်။
သမားတော်ပိုင်မှ ပြောသည်။
“အဲဒါကို မစိုးရိမ်နဲ့ သွားပါ”
ချန်ကျဲ့ ပိုင်မိသားစုနေအိမ်မှ ထွက်ခွာလာပြီးနောက် အချိန်မှာ နေ့လယ်ခင်း ၃နာရီဝန်းကျင်ခန့် ရှိနေလေပြီ။ ချန်ကျဲ့သည် စူးညီအစ်မနှစ်ယောက်ကို မြို့သို့ခေါ်သွား၍ ကြက်၊ဘဲများဝယ်ယူပေးရန်အတွက် အိမ်သို့ပြန်လာခဲ့သည်။
ချန်ကျဲ့သည် ပုံမှန်အတိုင်းပင် အိမ်သို့လမ်းလျှောက်ပြန်လာခဲ့သည်။ သို့သော် လုစန်း၏နေအိမ်ရှေ့မှ ဖြတ်သွားချိန်၌ ပွဲကြည့်နေကြသည့် လူအုပ်စုကြီးကို မြင်တွေ့လိုက်ရသည်။
ဤသည်မှာ ရွာ၏အလေ့အထ ဖြစ်နေခဲ့လေပြီ။ မည်သည့်မိသားစုတွင် အငြင်းပွားသည်ဖြစ်စေ ရွာသားများသည် ဝိုင်းဖွဲ့ကြည့်ရှုကြပြီး ပွဲကြီးပွဲကောင်းအား ပျော်မွေ့ကြသည်။
ဘာမျှလုပ်စရာလည်း ရှိမနေရာ ချန်ကျဲ့သည်လည်း ခြံဝင်းရှေ့မှ လူစုကြီးထဲသို့ ဝင်ရောလိုက်သည်။ ခြံဝင်းထဲတွင် လုစန်းနှင့် ချန်ရှုံးတို့ အငြင်းပွားနေကြသည်။
လုချင်းစစ်သည် ချန်စန်းလျို့၏ ခပ်ပါးပါးသာရှိသည့် ဆံပင်များကို အားကုန်ဆောင့်ဆွဲထားလျက် လုံးဝမလွှတ်ပေးပေ။
ချန်စန်းလျို့သည် နာကျင်မှုကြောင့် အော်ဟစ်၏။
“ဖြည်းဖြည်း ဖြည်းဖြည်း အရှေ့ဘက်ကို မဆွဲနဲ့ဟ၊ ဆွဲချင် အနောက်ကိုဆွဲ၊ အရှေ့မှာ ဆံပင်သိပ်မကျန်တော့ဘူးဟ! အားး…”
ဤသို့ အခြေအနေတင်းမာလှသော ‘ခွေး ခွေးချင်း ကိုက်ခြင်း’မြင်ကွင်းကို ကြည့်နေရင်း ချန်ကျဲ့ စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။
“သူတို့ ဘာလို့ရန်ဖြစ်နေကြတာလဲ’
“အာ ကျိုစစ် မင်းဒီနေ့ စောစောပြန်လာတာပဲ”
“တကယ်တော့ ဒီလိုကွာ၊ လုစန်းက ကတိပေးထားတာ…”
ရွာသားတစ်ယောက်သည် ချန်ကျဲ့ကို ဖြစ်ကြောင်းကုန်စင်အား ရှင်းပြသည်။ ချန်ကျဲ့သည် ဤပြဿနာမှာ မိမိနှင့်ဆက်နွယ်နေကြောင်း နားလည်လိုက်သည်။
လုစန်းသည် မနက်က ချန်စန်းလျို့ထံမှ ပိုက်ဆံတောင်းခဲ့သည်– ငွေတစ်တုံးနှင့် ငွေရှစ်စဖြစ်သည်– ၎င်းသည် သင်္ဘောခေါင်းဆောင်အား ငွေတစ်တုံးပိုပေးရန်အတွက်ဖြစ်ပြီး ကျန်ငွေရှစ်စကိုတော့ လုစန်းမှ ယူထားမည်ဖြစ်သည်။
သို့သော် နေ့လယ်ခင်း၌ လုစန်းသည် သင်္ဘောခေါင်းဆောင်သို့ ငွေသွားပေးသောအခါ သင်္ဘောခေါင်းဆောင်သည် ရုတ်ချည်း ငြင်းဆန်ခဲ့သည်။
သို့ဖြင့် အပေးအယူမှာ ပျက်စီးသွားခဲ့သည်။
အလုပ်ကိစ္စမှာ မအောင်မြင်လေရာ ငွေပြန်အမ်းရမည်ဖြစ်သည်။
ချန်စန်းလျို့တို့သားအဖသည် လုစန်းထံမှ ငွေပြန်တောင်းရန် ရောက်လာခဲ့၏။ သို့သော် ငွေလေးတုံးနှင့် ငွေခြောက်စသာလျှင် ပြန်ရခဲ့သည်။ ငွေနှစ်စ လိုနေခဲ့၏။
ထိုငွေနှစ်စကို လုစန်းနှင့်ဇနီးသည် နေ့လယ်စာအဖြစ် သေရည်နှင့်ကြက်ကင်တို့ ဝယ်ယူရာ၌ သုံးစွဲထားခဲ့ပြီးဖြစ်သည်။
ချန်စန်းလျို့တို့နှစ်ဦးမှာ ဒေါသအကြီးအကျယ်ထွက်သွားတော့၏။
အလုပ်ကိစ္စ အဆင်မပြေရုံတင် မကဘူး ငါတို့ပိုက်ဆံကိုပါ သေရည်နဲ့အသား ဝယ်စားပစ်လိုက်တယ်ပေါ့လေ။ လျော်ကြေးတောင်းရလောက်အောင်ထိ လုစန်းက ဘယ်လောက်တောင် ရဲတင်းနေလိုက်သလဲ!
လုစန်းသည်လည်း ရုတ်ချည်း ဒေါသထွက်လာ၏။
“ကျုပ်မှာ ခြေတစ်ချောင်းထောက်နဲ့ကို ခင်ဗျားတို့အတွက် ခရီးတစ်ထောင့် အပြေးသွားပေးရသေးတယ်။ ကျုပ်အနေနဲ့ ခင်ဗျားတို့ရဲ့ငွေနည်းနည်းကို သုံးမိတော့ရော ဘာဖြစ်သလဲ”
ချန်ရှုံးမှ ပြန်ချေပသည်။
“အလုပ်ကိစ္စဖြင့် သေချာမပြီးမြောက်သေးဘဲ ခင်ဗျားက ပိုက်ဆံတွေကို ဇိမ်ခံသုံးစွဲရဲတယ်ပေါ့လေ။ ခင်ဗျားလူလိမ်ကောင်ပဲ!”
ထို့နောက် ချန်ရှုံးသည် ဒေါသတကြီးဖြင့် ရှေ့သို့ခုန်ဝင်လိုက်သည်။
လုစန်းသည်လည်း ခြေကျိုးထားသူဟူ၍ အထင်မသေးသင့်ပေ။ သူ၏ကြမ်းကြုတ်မှုသည်လည်း ချန်ရှုံးထက် မလျော့နည်းပါချေ။ ချန်ရှုံးမှ သူ့ကို ခုန်အုပ်လိုက်သည်နှင့်တစ်ပြိုင်နက် နှစ်ဦးသားသည် အပြင်းအထန် လုံးထွေးသတ်ပုတ်တော့သည်။
ချန်စန်းလျို့သည် ကူညီပေးချင်သော်ငြား လုချင်းစစ်၏ ဆံပင်ဆွဲခံထားရသည်။
အချိန်ခဏလေးအတွင်း၌ပင် သူတို့အားလုံးမှာ အပြင်းအထန် သတ်ပုတ်ရင်းဖြင့် လုံးထွေးပေပွကုန်ကြတော့သည်။
တကယ့်ကို ခွေး ခွေးချင်း ကိုက်ကြတာပါပဲ။
နှစ်ဖက်အဖွဲ့မှာ အပြင်းအထန် သတ်ပုတ်ကုန်ကြသော်ငြား ဝိုင်းအုံကြည့်နေကြသော အိမ်နီးချင်းများသည် ရန်ပွဲကို အပျော်ကြည့်ရန်စိတ်ကူးသာရှိကြ၍ ကြားဝင်ဖျန်ဖြေလိုခြင်း မရှိကြပေ။ ချန်စန်းလျို့နှင့် လုစန်းတို့သည် ရွာထဲတွင် ချစ်ခင်နှစ်သက်ခံရသူများ မဟုတ်ကြပါချေ။
သူတို့တိုက်ခိုက်ကြပါက ရွာသားများသည် လက်ခုပ်ဩဘာပေးကြရုံမျှသာ စိတ်ကူးရှိကြ၏။
ချန်ကျဲ့သည် ထိုမြင်ကွင်းအား စိတ်ကျေနပ်စွာဖြင့် လက်ပိုက်ကြည့်နေခဲ့သည်။ ချန်ကျန့် တစ်ဖက်သို့ခေါင်းလှည့်လိုက်ရာ လုစန်း၏ဝမ်းကွဲဖြစ်သူ လီအာ့ကွားကို မြင်လိုက်ရသည်။ လီအာ့ကွားသည်လည်း မကူညီဘဲ စောင့်ကြည့်နေလေသည်။
ချန်ကျဲ့ လီအာ့ကွားကိုကြည့်လျက် နှုတ်ဆက်လိုက်သည်။
“အာ့ကွား”
“ကျိုစစ်”
လီအာ့ကွားလည်း ချန်ကျဲ့ကို ခေါင်းညိတ်နှုတ်ဆက်သည်။
“လုစန်းက မင်းရဲ့ဝမ်းကွဲမဟုတ်လား။ မင်း ဒီမှာပဲရပ်ကြည့်နေပြီး မကူညီဘူးလား”
လီအာ့ကွားမှ ပြန်ပြောသည်။
“မလိုပါဘူး၊ ချန်ရှုံး တိုက်ခိုက်တာ အတော်လေး ရက်စက်ကြမ်းကြုတ်တာ ငါမြင်တယ်လေ”
ချန်ကျဲ့ : (⊙o⊙)… (မင်းက ဘယ်သူ့ဘက်ကလဲဟ)
“ငါဆိုလိုတာက မင်း လုစန်းကို သွားမကူညီဘူးလားလို့ပါ”
“ငါကလား သူ့ကိုကူညီရမယ်?”
“ကျိုစစ် မင်းမသိပါဘူး။ လုစန်းက တကယ် မျိုးမကောင်းတဲ့ကောင်။ ငါတို့မိသားစုတွေရဲ့ လယ်မြေတွေက ဘေးချင်းကပ်တွေလေ။ အရင်တုန်းက မြေကွက်တွေကြားထဲမှာ မြေလမ်းလေးရှိခဲ့ပေမဲ့ လုစန်းက မြေနေရာကို ပိုကျူးကျော်ချင်တယ်။ ငါ့အဖေက သူ့ကိုသွားပြောတော့ သူက သူ့ရဲ့ဦးလေးအရင်းကြီးဖြစ်တဲ့ ငါ့အဖေကိုတောင် ရိုက်နှက်ရဲတယ်လေ”
“သူကိုယ်တိုင်က မကောင်းတဲ့ကောင်ဆိုမှတော့ ဒီလိုပဲဆက်ဆံခံရသင့်တာပေါ့။ သူ့ကို ဒီလိုပြဿနာတက်အောင် ဘယ်သူလုပ်ခဲ့လဲ မသိပေမဲ့ အတော်လေး စိတ်ကျေနပ်စရာကောင်းတာတော့ အမှန်ပဲ”
“သူတို့သာ တကယ်ကြီး ငါးဖမ်းကုန်သည်အဖွဲ့ထဲကို ဝင်နိုင်သွားရင် ဘယ်လောက်တောင် လူတွေကိုဒုက္ခပေးဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”
လီအာ့ကွား စကားအဆုံး၌ ချန်ကျဲ့ ပြုံးလိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့သည်။
ထိုစဉ် လီအာ့ကွားမှ အော်ခေါ်သည်။
“ကျိုစစ် ဘယ်သွားမလို့လဲ။ နည်းနည်းလောက် ထပ်မကြည့်တော့ဘူးလား”
“မကြည့်တော့ဘူး၊ အိမ်ပြန်တော့မယ်။ အိမ်မှာ ညီအစ်မနှစ်ယောက်က ငါနဲ့အတူ ထမင်းစားဖို့စောင့်နေတယ်”
ထိုအခါ လီအာ့ကွားမှ ပြောသည်။
“ကျိုစစ် မင်းအိမ်က ညီအစ်မနှစ်ယောက် အိမ်မှာမရှိလောက်ဘူး။ သူတို့တွေ အဒေါ်အာ့ပါးနဲ့ အရှေ့ဘက်မြစ်မှာ တောဟင်းရွက်ခူးနေကြတာကို ငါလာရင်းနဲ့ တွေ့ခဲ့တယ်”
“အရှေ့ဘက်မြစ်လား”
“အင်း ကျေးဇူးပဲ အာ့ကွား”
“ညီနောင်ရာ ကျေးဇူးတင်ဖို့မလိုပါဘူး။ ငါတို့က တစ်ရွာတည်းသားတွေပဲဟာ”
ထို့နောက် ချန်ကျဲ့သည် လီအာ့ကွားကို နှုတ်ဆက်ခဲ့ပြီး အရှေ့ဘက်မြစ်သို့ ဦးတည်ထွက်လာခဲ့သည်။ မြစ်ကမ်းဘေးတစ်ဝိုက်သည် ရေနေအပင်များဖြင့် စိမ်းလန်းစိုပြည်နေသောကြောင့် တောဟင်းရွက်များစွာ ပေါက်ရောက်သည့်နေရာဖြစ်သည်။
ဤနေရာသည် တစ်ချိန်က လုချင်းစစ်အုပ်စိုးသည့်နေရာ ဖြစ်ခဲ့သော်ငြား ချန်ကျဲ့မှ လုချင်းစစ်၏ခြေထောက်ကို ချိုးခဲ့ချိန်မှစတင်၍ မည်သူမဆို ဟင်းရွက်လာခူးနိုင်သည့်နေရာ ဖြစ်လာခဲ့သည်။
ချန်ကျဲ့ အရှေ့ဘက်မြစ်သို့ ဦးတည်လျှောက်လာနေစဉ် အရှေ့ဘက်မြစ်၌ ဖိတ်ခေါ်မထားသည့် ဧည့်သည်တစ်စုထွက်ပေါ်လာခဲ့သည်။ အိမ်အစေခံဝတ်စုံများကို ဝတ်ဆင်ထားကြရာ ယွီမိသားစု၏အစေခံများဖြစ်ကြောင်း သိသာလှပေသည်။
ထိုအိမ်အစေခံအုပ်စုသည် ရောက်ရှိသည်နှင့် တောဟင်းရွက်ခူးနေသည့် အမျိုးသမီးများကို သတိထားမိသွားပြီး အမျိုးသမီးများကို ဝန်းရံလိုက်သည်။ အမျိုးသမီး ၇ယောက်၊ ၈ယောက်ခန့်သည် သူတို့ထံ ချဉ်းကပ်လာနေသည့် အိမ်အစေခံ၅ဦးကိုမြင်သောအခါ စိတ်ရှုပ်ထွေးသွားကြသော်ငြား အန္တရာယ်ရှိသည်ဟု သတိမထားကြပေ။
အဒေါ်အာ့ပါးသည် စူးယွင်ကျင်းကိုမှီထား၏။
အိမ်အစေခံများသည် အမျိုးသမီးများအနီးသို့ ချဉ်းကပ်လာပြီးမေးသည်။
“ကျွန်တော်တို့ ဒီကအမျိုးသမီးတို့ကို တစ်ခုလောက်မေးချင်ပါတယ်”
အမျိုးသမီးများသည် ထိတ်လန့်သွားကြ၏။ အမျိုးသမီးတစ်ဦးမှ ပြောသည်။
“ရှင်တို့ မေးပြီးကြပြီ မဟုတ်ဘူးလား။ ကန်တော့ချွန်ဝါးခမောက်နဲ့ မျက်နှာအမာရွတ်လေ”
“အဲဒါမဟုတ်ဘူး”
အိမ်အစေခံသည် ခပ်ပြတ်ပြတ်ပြန်ပြောပြီးနောက် ဆက်ပြောသည်။
“မာလျို့ သေသွားပြီဆိုတာ သိကြလား”
“အာ?”
အားလုံးထိတ်လန့်သွားကြသည်။ မကြာသေးမီက စူးယွင်ကျင်း၏အိမ်တွင် ပြဿနာရှာသွားသည့်မာလျို့ကို သူတို့သိကြပါ၏။
ထိုအတွေးဖြင့် အမျိုးသမီးများသည် စူးယွင်ကျင်းကို အလိုအလျောက် လှည့်ကြည့်မိကြလေသည်။ စူးယွင်ကျင်းမှာ ကြက်သီးမွေးညင်းထသွားရပြီး တစ်စုံတစ်ရာကို နားလည်လိုက်သည်။
ဟုတ်သားပဲ၊ အဲဒီညက ယောကျ်ားက ဘာလုပ်ဖို့ အပြင်ထွက်သွားခဲ့တာလဲ။ လူသတ်ဖို့များ ဖြစ်နေမလား။