ငါ့ဇနီးကို ဘယ်သူအနိုင်ကျင့်ရဲသလဲ
Vol. 5 Ch. 61
“ခင်ဗျားတို့ဘာလို့ သူ့ကိုဝိုင်းကြည့်နေကြတာလဲ”
ထိုအခိုက်အတန့်၌ စူးစမ်းလိုစိတ်ပြင်းထန်သော အိမ်အစေခံတစ်ဦးသည် စူးယွင်ကျင်းကိုကြည့်နေသည်။ သူမ၏ ဗြောင်ကျသောအဝတ်အစားဖြင့်ပင် ထင်ရှားပေါ်လွင်သော အလှတရားကို သတိထားမိနေ၏။
ထိုအိမ်အစေခံသည် သိချင်စိတ်ပြင်းပြမှုကို မထိန်းချုပ်နိုင်ပေ။
“ဒီမိန်းမငယ်လေးက ဘယ်သူလဲ။ တကယ့်ကို ချစ်စရာလေးပဲ!”
ထိုအခါ အဒေါ်အာ့ပါးသည် စူးယွင်ကျင်း၏ရှေ့၌ ကာရပ်လိုက်သည်။
“သူတို့မျက်လုံးတွေမှာ ပြဿနာရှိနေတာ၊ သူတို့က ကြုံရာလူကို အကြောင်းအရင်းမရှိ ဝိုင်းအုံစိုက်ကြည့်နေကျပဲ။ သူတို့ကို ဂရုစိုက်မနေနဲ့။ မင်းတို့မှာ မေးစရာရှိရင် ငါ့ကိုမေး။ ငါက ဒီရွာမှာ သတင်းအချက်အလက် အစုံဆုံးသူပဲ”
အိမ်အစေခံများသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် အိမ်အစေခံတစ်ဦးမှ ပြောလာသည်။
“ဒါဆိုကောင်းပြီ၊ ကျွန်တော် ခင်ဗျားကိုမေးမယ်။ ခင်ဗျားတို့ရွာမှာ မာလျို့နဲ့ ပြဿနာဖြစ်ထားတဲ့သူရှိလား”
အိမ်အစေခံထံမှ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နေရာရှိ အမျိုးသမီးများသည် စူးယွင်ကျင်းအား ဝိုင်းအုံကြည့်လာကြပြန်သည်။
အဒေါ်အာ့ပါးမှ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်။
“နင်တို့ ဘာတွေကြည့်နေကြတာတုန်း? အဲဒီမာလျို့ကို ခွေးတောင် သဘောကျတာ မဟုတ်ဘူး။ သူနဲ့ပြဿနာမတက်ဖူးတဲ့သူရယ်လို့ ရှိနိုင်ပါ့မလား”
ထိုအခါ အမျိုးသမီးများအားလုံး တိတ်ဆိတ်သွား၏။ အိမ်အစေခံများသည် အကြည့်ချင်းဖလှယ်ကြပြန်၏။ အသက်အကြီးဆုံးဖြစ်ဟန်ရှိသော အိမ်အစေခံကြီးမှ ပြော၏။
“ဟုတ်လား။ ဒါပေမဲ့ ကျုပ်ကတော့ တခြားတစ်ခုကို ကြားလာခဲ့တာဗျ”
“အဲဒီမိန်းမငယ်လေးက ချန်ကျိုစစ်ရဲ့မိသားစုဝင် ဟုတ်တယ်မလား။ ကျုပ်ကြားတာတော့ သိပ်မကြာသေးတဲ့ ရက်အနည်းငယ်တုန်းက မာလျို့က ချန်ကျိုစစ်ရဲ့အိမ်ကို အကြွေးတောင်းသွားခဲ့သေးတယ်တဲ့လေ၊ ဟုတ်လား”
ထိုအခါ အမျိုးသမီးများသည် စူးယွင်ကျင်းကို ကြည့်လာကြပြန်သည်။
အဒေါ်အာ့ပါးသည် စူးယွင်ကျင်းကို ရှေ့မှ ဆက်လက်၍ကာကွယ်ပေးချင်သည်။ သို့သော် စူးယွင်ကျင်းသည် ပြဿနာမှာ အစပျိုးနေပြီးပြီဖြစ်၍ အလွယ်တကူ ဖြေရှင်းမရနိုင်ကြောင်း နားလည်သည်။
အချို့အရာများသည် သူမကိုယ်တိုင် ရင်ဆိုင်ရမည်ဖြစ်၏။
“ယွင်ကျင်း”
စူးယွင်ကျင်း ရှေ့တက်သွားလိုက်သည်။ အဒေါ်အာ့ပါးသည် သူမကို ဟန့်တားရန်ကြိုးစား၏။ သို့သော် စူးယွင်ကျင်းသည် အပြုံးဖြင့်ပြော၏။
“အဆင်ပြေပါတယ်။ ဒီက အစ်ကိုတွေက မေးခွန်းနည်းနည်းလောက် မေးရုံပါပဲ။ ကျွန်မကို အခက်တွေ့အောင်လုပ်မှာ မဟုတ်ပါဘူး”
“လူကြီးမင်းတို့ မေးပါ”
အိမ်အစေခံများသည် အကြည့်ချင်းဖလှယ်လိုက်ကြပြန်ကာ ပြောသည်။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က မာလျို့ မင်းတို့အိမ်ကို အကြွေးလာတောင်းခဲ့လား”
“ဟုတ်ကဲ့ လာခဲ့ပါတယ်”
စူးယွင်ကျင်း ခေါင်းညိတ်သည်။
“သူမင်းကို အရမ်းအခက်တွေ့ရအောင် လုပ်ခဲ့သလား”
“ထိန်းသိမ်းညှိနှိုင်းလို့ရတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်”
“မင်းသူ့ကို အရမ်းမုန်းတီးသလား”
အိမ်အစေခံတစ်ဦးမှ စစ်ဆေးသည်။ စူးယွင်ကျင်းမှ ပြန်ဖြေသည်။
“မုန်းတီးမှုဆိုတဲ့စကားလုံးက အရမ်းပြင်းထန်လွန်းပါတယ်။ ဒီတိုင်း မနှစ်မြို့ခဲ့ရုံပါပဲ”
“ဪ အဲ့တော့ မင်းတို့ သူ့ကိုသတ်ပစ်ဖို့ တွေးခဲ့ဖူးသလား”
“သူ့ကို သတ်ပစ်မယ်တဲ့လား။ ကျွန်မကို အဲဒီလိုကြီး မခြောက်လှန့်ပါနဲ့ရှင်။ ပြီးတော့ ကျွန်မတို့နဲ့ မာလျို့ရဲ့ ကြားကပြဿနာကို ဦးလေးဝူကျုံးက ဖြေရှင်းပေးခဲ့ပြီးပြီလေ။ ကျွန်မတို့မှာ မာလျို့ကို သတ်ဖို့အကြောင်းအရင်း မရှိဘူး”
စူးယွင်ကျင်း တည်ငြိမ်စွာပြောလိုက်သည်။
အိမ်အစေခံများမှ ထပ်မံမေးမြန်းသည်။
“တစ်နေ့ညက ချန်ကျိုစစ် ဘယ်မှာရှိနေခဲ့လဲ”
“အိမ်မှာပါ”
“ဘာလုပ်နေခဲ့လဲ”
“လက်ထပ်ပြီးကာစ ဇနီးမောင်နှံက ဘာလုပ်နိုင်မှာလဲ…”
“ချန်ကျိုစစ် အပြင်မသွားခဲ့ဘူးလား”
“ဟင့်အင်း ကျွန်မတို့ အိပ်ရာထဲကတောင် မထွက်ခဲ့ကြဘူး”
“တကယ်လား”
“ကျွန်မ ရှင်တို့ကို ဘာလို့လိမ်ရမှာလဲ”
စူးယွင်ကျင်းသည် တစ်ခွန်းချင်း ပြန်လည်တုံ့ပြန်သည်။ သူမ၏အဖြေများသည် ကျစ်လျစ်လွန်းကြသည်မှာ ကွဲလွဲမှုစိုးစဉ်းသော်မျှ မရှိချေ။
အိမ်အစေခံများသည် စူးယွင်ကျင်း၏စကားများထဲမှ ကွဲလွဲမှုကို ရှာမတွေ့နိုင်ကြပေ။
အိမ်အစေခံများသည် အခြားအမျိုးသမီးတစ်ဦးကို ထပ်မံမေးမြန်းခဲ့သည်။ သို့သော် အခြားအမျိုးသမီးများသည် ဘာမျှမသိကြပေ။ သူတို့အားလုံးသည် စူးယွင်ကျင်းနှင့် ဆက်ဆံရေးကောင်းမွန်ကြသောကြောင့် လုပ်ကြံပြောဆိုရန် အကြောင်းပြချက်မရှိပေ။
အကယ်၍များ လုချင်းစစ်နှင့် ဆုံတွေ့ခဲ့လျှင်တော့ လုချင်းစစ်သည် ပေါက်ကရဇာတ်လမ်းများကို ထွင်ပြောလောက်သည်။ သို့သော် လက်ရှိအချိန်၌ လုချင်းစစ်သည် ချန်စန်းလျို့ကိုဆံပင်ဆွဲခြင်းဖြင့် အလုပ်များနေပေသည်။
ယွီအိမ်တော်၏အစေခံများသည် ကြိမ်ဖန်များစွာ စုံစမ်းစစ်ဆေးပြီးသည့်တိုင် မည်သည့်အရာမျှ ရှာမတွေ့ခဲ့ပေ။ ကောက်ကျစ်စဉ်းလဲဟန်ရှိသော အိမ်အစေခံတစ်ဦးသည် စူးယွင်ကျင်းကို ကြည့်နေခဲ့သည်။
ထိုအိမ်အစေခံသည် ယွီစန်းလျို့၏ ယုံကြည်ရသောအစေအပါးတစ်ဦးဖြစ်၏။ ထို့ကြောင့် သူသည် သခင်ဖြစ်သူ၏စိတ်ဒုက္ခကို သတိထားမိပေသည်။
ထိုအစေခံသည် တခစ်ခစ်ရယ်မောလျက် စူးယွင်ကျင်းကို ပြောသည်။
“ချန်သခင်မ ခင်ဗျား ခုနက ဖြေပေးခဲ့တာတွေက ကျုပ်တို့အတွက် တကယ်ကို အကူအညီဖြစ်ပါတယ်။ ဒီရက်အနည်းငယ်အတွင်းမှာ ကျုပ်တို့ရဲ့သခင်လေးက လူသတ်သမားကို နေရာအနှံ့မှာ မရပ်မနားရှာဖွေနေခဲ့တာဗျ။ ပြီးတော့ အဲဒီလူသတ်သမားက ချန်ကျိုစစ်လို့ သူအမြဲသံသယဝင်နေခဲ့တာ”
ထိုအိမ်အစေခံ၏ စကားတို့ကိုကြားသည့်တိုင် စူးယွင်ကျင်းသည် တည်ငြိမ်အေးဆေးနေမြဲပင်။ သို့သော် အင်္ကျီလက်ဖြင့်ကွယ်ဝှက်ထားသော လက်များကိုမူ လက်သီးတင်းတင်းဆုပ်ထားမိလေသည်။
“ ချန်ကျိုစစ်က ဒီလိုပြစ်မှုကျူးလွန်လိမ့်မယ်လို့ ကျုပ်တို့လည်း မယုံကြည်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့သခင်လေးက ကျုပ်တို့ကိုယုံကြည်မှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ချန်သခင်မ အချိန်ရရင် ကျုပ်တို့နဲ့အတူလိုက်ခဲ့ပြီး သခင်လေးနဲ့ ကိုယ်တိုင်ကိုယ်ကျ ပြောလိုက်ပါလား။ အဲ့လိုဆို သခင်လေး ချန်ကျိုစစ်အပေါ် သံသယဝင်နေတာကို ဖျောက်ဖျက်နိုင်သွားတာပေါ့ မဟုတ်ဘူးလား”
“မင်းတို့နဲ့လိုက်ခဲ့ရမယ်?”
အိမ်အစေခံ၏ ထိုစကားကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် အဒေါ်အာ့ပါးသည် ဒေါသထွက်လာတော့သည်။
“ငါတို့က ဘာလို့ မင်းတို့နဲ့လိုက်ခဲ့ရမှာလဲ။ မလိုက်နိုင်ပါဘူး”
စူးယွင်ကျင်းလည်း ငြင်းဆန်သည်။
“အမ်းး ကျွန်မယောက်ျားက အိမ်မှာ ကျွန်မ ညစာချက်ပေးဖို့ စောင့်နေလို့ပါ”
“ချန်သခင်မ ခင်ဗျား ကျုပ်တို့နဲ့အတူလိုက်ခဲ့ပြီး သခင်လေးကို ကိုယ်တိုင်ရှင်းပြဖို့ အကြံပြုချင်တယ်။ မဟုတ်ရင် သခင်လေးက ချန်ကျိုစစ်ကို တကယ်ကြီး လူသတ်သမားအဖြစ် သတ်မှတ်လိုက်တဲ့အခါကျ ယွီမိသားစုရဲ့လက်တုံ့ပြန်မှုက ချန်ကျိုစစ် ခံနိုင်ရည်ရှိနိုင်မယ့်အရာ မဟုတ်ဘူးနော်”
ထိုအခါ စူးယွင်ကျင်း၏မျက်နှာ ဖြူဆုတ်သွား၏။
ယွီမိသားစု၏လက်တုံ့ပြန်မှုသည် အမှန်တကယ်ပင် လူကိုခြိမ်းခြောက်နိုင်ပါ၏။ သို့သော် ထိုအိမ်အစေခံများနှင့် လိုက်သွားခဲ့လျှင် မိမိမှာ စဉ်းနှီးတုံးပေါ်မှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားလိမ့်မည်ကိုလည်း စူးယွင်ကျင်း သိနေပေသည်။ သူမ လိုက်မသွားနိုင်ပေ။
စူးယွင်ကျင်း ပြောလိုက်သည်။
“ဒါဆိုလည်း မတတ်နိုင်ဘူးပေါ့။ သခင်လေးယွီက ကျွန်မယောက်ျားကို သံသယဝင်နေတယ်ဆိုရင် ကျွန်မတို့အတွက် ဦးလေးဝူကျုံးက ရှင်တို့ရဲ့သခင်လေးနဲ့ စကားလာပြောရပါလိမ့်မယ်”
“ဟား ချန်သခင်မရယ် ဒါက အသေးအဖွဲကိစ္စလေးပါဗျာ။ ဘာလို့များ ဦးစီးမှူးဝူကို သွားပြီး အနှောင့်အယှက်ပေးနေမှာလဲ။ ဒီတိုင်း ကျုပ်တို့နဲ့သာ အတူလိုက်ခဲ့လိုက်ပါ”
“ဟုတ်ပါတယ်။ ချန်သခင်မ ကျုပ်တို့ရဲ့သခင်လေးက အမျိုးသမီးတွေကို ဘယ်လိုထောက်ထားညှာတာရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ သခင်လေးက ခင်ဗျားကို အခက်တွေ့အောင် လုပ်မှာမဟုတ်ပါဘူး။ အခြေအနေကို မျက်နှာချင်းဆိုင်တွေ့ပြီး ရှင်းပြလိုက်ပါ”
“ဟုတ်တယ်၊ ကျုပ်တို့ ခင်ဗျားကို ဒီနေ့ညပဲ ပြန်လိုက်ပို့ပါ့မယ်။ အဲဒီလိုဆို မိသားစုနှစ်စုလည်း ရန်လိုနေတာမျိုး မရှိတော့ဘဲ ငြိမ်းချမ်းရေးယူနိုင်သွားမှာ မကောင်းဘူးလားဗျာ”
အိမ်အစေခံသည် စူးယွင်ကျင်းအနီးသို့ ဝိုင်းဝန်းချဉ်းကပ်လာနေကြသည်။ အဒေါ်အာ့ပါးသည် စူးယွင်ကျင်းကို ရှေ့မှရပ်၍ ကာကွယ်ပေးသော်ငြား အိမ်အစေခံတစ်ဦး၏ တွန်းလှဲခြင်းကို ခံလိုက်ရသည်။ ထိုအိမ်အစေခံများသည် တစ်ပါးသူအပေါ် ဗိုလ်ကျခြင်းနှင့် ကျင့်သားရနေကြလေရာ ရွာသားများ၏အတွေးအမြင်ကို ဂရုမစိုက်ကြပေ။
အထူးသဖြင့် သူ၏တန်ဖိုးကိုသက်သေပြရန် စိတ်အားထက်သန်နေသော အစေခံသည် စူးယွင်ကျင်း၏လက်ကို ဖမ်းဆွဲခေါ်လုနီးပင် ဖြစ်နေခဲ့လေပြီ။
သို့သော် ထိုအစေခံ၏လက်သည် စူးယွင်ကျင်း၏လက်ကို ဆွဲလိုက်တော့မည်တွင် နာကျင်မှုကို ရုတ်တရက်ခံစားလိုက်ရသည်။ နာကျင်မှုလားရာသို့ကြည့်လိုက်သောအခါ စူးယွင်ကျင်းသည် ငွေဆံထိုးတစ်ချောင်းကို လက်ထဲတွင်ဆုပ်ကိုင်လျက် သူ၏လက်ကို ထိုးစိုက်ပစ်ခဲ့ကြောင်း မြင်တွေ့လိုက်ရသည်။
အိမ်အစေခံသည် နာကျင်မှုကြောင့် လက်ပြန်ရုတ်လိုက်သည်။ ထိုအစေခံသည် သူ၏ ထိုးဖောက်ခံလိုက်ရ၍ သွေးများစီးကျနေသော လက်ဖမိုးကိုကြည့်၍ ဒေါသတကြီး အော်ငေါက်တော့သည်။
“သောက်မိန်းမယုတ်! မျက်နှာသာပေးနေတာကို ကျေးဇူးတင်ရကောင်းမှန်း မသိဘူးပေါ့လေ ဟမ်!”
ထိုသို့အော်ဟစ်လျက် စူးယွင်ကျင်းကို ရိုက်နှက်ရန် လက်မြှောက်လိုက်သည်။
ဝူကျုံးသည် သူတို့အတွက် အတော်လေးကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည့်တိုင် ဝူကျုံးသည် ငါးဖမ်းကုန်သည်အဖွဲ့မှဖြစ်ပြီး ယွီမိသားစုသည် ချောင်ကုန်သည်အဖွဲ့မှ ဖြစ်သည်။ သူတို့သည် မူလအစကတည်းက ရန်သူများဖြစ်ကြလေရာ နှစ်ဖက်အဖွဲ့သားများ နှစ်ကိုယ်ကြားတိုက်ခိုက်ကြသည်မှာ ထူးခြားကြီးကျယ်သည့်အရာ မဟုတ်ပေ။
ထို့ကြောင့် သမားတော်ပိုင်၏တပည့်ဖြစ်သော ချန်ကျိုစစ်သည် ခြိမ်းခြောက်မှုဖြစ်စေသော အင်အားအာဏာတစ်ခု ခြံရံသွားခဲ့ပြီးဖြစ်ပေသည်။ သို့ဖြစ်ရာ ချောင်ကုန်သည်အဖွဲ့ဖြစ်သော ယွီမိသားစု၏လူများဖြစ်သည့် သူတို့သည်လည်း တိုက်ခိုက်ဖို့ရာ တွန့်ဆုတ်နေကြမည် မဟုတ်ပါချေ။
ထို့ပြင် ချန်ကျဲ့သည် တပည့်လေးတစ်ယောက်မျှသာ ဖြစ်၏။ ငါးဖမ်းကုန်သည်အဖွဲ့သား မဟုတ်ပေ။
ဝူကျုံးက ဒီလိုအသေးအဖွဲကိစ္စလေးအတွက်နဲ့ ငါးဖမ်းကုန်သည်အဖွဲ့ကိုဦးဆောင်ပြီး ချောင်ကုန်သည်အဖွဲ့နဲ့ အသေအကြေတိုက်ခိုက်ပါ့မလား။
လုံးဝ မဖြစ်နိုင်ပေ။
ဒေါသထွက်နေသော အိမ်အစေခံသည် စူးယွင်ကျင်းကို ရိုက်နှက်ရန် လက်မြှောက်လိုက်သည်။ ဤအမျိုးသမီးကို သင်ခန်းစာပေးသင့်၏!
သို့သော် သူလက်မြှောက်လိုက်ပြီး ရိုက်မချရသေးမီ၌ ရုတ်တရက်ဆန်လှစွာဖြင့် အဝေးမှ လူတစ်ယောက် ခုန်ဝင်လာခဲ့သည်။ ‘စစ်မှန်သောဘိုးဘေးကြီးကန်ချက်’ဟူသည့် ကန်ချက်ဖြင့် ခုန်ဝင်လာခြင်းဖြစ်သည်။
ကန်ချက်သည် အစေခံ၏ရင်ဘတ်တည့်တည့်သို့ ကျရောက်၏။ အစေခံသည် ပင့်သက်ရှိုက်လျက် နောက်လန်သွားရပြီး မြေပြင်ပေါ်သို့ လဲမကျမိတွင် နှစ်ပတ်မျှ လည်ထွက်သွားရသည်။
အားလုံး အလန့်တကြားဖြင့် ကြည့်လိုက်သောအခါ စူးယွင်ကျင်း၏ရှေ့တွင်ရပ်၍ ကာကွယ်ပေးနေသည့် ချန်ကျဲ့ကို မြင်တွေ့လိုက်ကြရသည်။
“မင်းအဆင်ပြေရဲ့လား”
စူးယွင်ကျင်း ခေါင်းခါပြသည်။ သို့သော် သူမ၏လက်များမှာ တုန်ယင်နေကြ၏။
ချန်ကျဲ့ သူမ၏လက်များကို ဆုပ်ကိုင်လိုက်ရာ လက်ဖျားလေးများ အေးစက်နေသည်ကို ခံစားလိုက်ရသည်။
သို့သော် စူးယွင်ကျင်းသည်တော့ ချန်ကျဲ့၏ လက်ဖဝါးကျယ်ကြီးများထံမှ နွေးထွေးမှုနှင့်အတူ စိတ်ချလက်ချဖြစ်စေသည့် နှစ်သိမ့်အားပေးမှုကို ခံစားလိုက်ရသည်။
အကန်ခံလိုက်ရသည့် အိမ်အစေခံသည် ဒေါသကြောင့် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့၏။ သို့သော် အသက်ရှူနှုန်းကို ချက်ချင်း ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး မျက်နှာကြီးနီရဲလျက် ဟိန်းဟောက်လေသည်။
“မင်းမေတဲ့မှ– သူ့ကိုတိုက်ခိုက်ကြစမ်း!”
အိမ်အစေခံ၏စကားအဆုံး၌ အစေခံလေးဦးသည် ချန်ကျဲ့တို့ကို ဝန်းရံလိုက်သည်။
စူးယွင်ကျင်းမှာ ထိတ်လန့်နေခဲ့၏။ သူမ၏မျက်နှာလှလှလေးမှာ မူလထက် အများကြီးပို၍ ဖြူဆုတ်နေခဲ့တော့သည်။