← Chapters

တိုက်ခိုက်နိုင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူးလား၊ နောက်ထပ်ဘယ်သူရှိသေးလဲ?

Vol. 5 Ch. 62

တိုက်ခိုက်နိုင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူးလား၊ နောက်ထပ်ဘယ်သူရှိသေးလဲ?

Vol. 5 Ch. 62

“ဘာမှမဖြစ်ပါဘူး။ ကိုယ်ဒီမှာရှိနေတယ်”

ဝန်းရံလာကြသည့် အိမ်အစေခံများကိုကြည့်လျက် ချန်ကျဲ့သည် စူးယွင်ကျင်း၏လက်များကို ပို၍တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

သူမကို စိတ်အေးသက်သာစေရန်အတွက် ဖြစ်၏။

ထို့နောက် ချန်ကျဲ့သည် မြေပြင်သို့ လှဲချခံထားရသည့် အဒေါ်အာ့ပါးသို့ကြည့်၍ ပြောသည်။

“ယွင်ကျင်း အရင်ဆုံး အဒေါ်အာ့ပါးကို ထူပေးလိုက်ဦး။ ကိုယ် ဒီမှာက ခဏလေးဆိုပြီးပြီ”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် အင်္ကျီလက်များကိုခေါက်တင်လိုက်ပြီး သူ့ကိုဝန်းရံထားသည့် ယွီမိသားစုအစေခံများနှင့် ရင်ဆိုင်သည်။

ချန်ကျဲ့သည် စကားတစ်လုံးတစ်လေသော်မျှ ဖြုန်းတီးမနေဘဲ ရုတ်ချည်း စတင်တိုက်ခိုက်သည်။

“တက်ကြ!”

အိမ်အစေခံလေးဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် လက်သီးလက်မောင်းတန်း၍ ရှေ့သို့ချီတက်လာကြသည်။

ထိုအိမ်အစေခံများသည် သာမန်လက်ပါးစေမျှသာ ဖြစ်ကြသော်ငြား အရည်အချင်း အနည်းငယ်တော့ ရှိကြသည်ပင်။ သိုင်းပညာကို ပုံမှန်လေ့ကျင့်သင်ကြားပေးထားသောကြောင့် လှုပ်ရှားမှုများသည် စနစ်တကျရှိကာ သူတို့ထဲမှ နှစ်ဦးဆိုလျှင် အတော်လေးဆင်တူသည့် တိုက်ခိုက်မှုပုံစံရှိနေပေသည်။

ယွီမိသားစု၏ အိမ်အစေခံများသည် ပုံမှန်အားဖြင့် ချောင်ကုန်သည်အဖွဲ့အတွက် အရန်ထားရှိသည့် လူအင်အားဖြစ်သည်။

ဤအခြေအနေကို လွန်ခဲ့သည့်ရက်အနည်းငယ်၌ ရင်ဆိုင်ခဲ့ရလျှင် ချန်ကျဲ့သည် ထိုအိမ်အစေခံများကို မည်သို့မျှ ရင်ဆိုင်ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် လက်ရှိချန်ကျဲ့မှာမူ မတူညီတော့ပေ။

မနေ့က ဆေးရည်စိမ်ခြင်း၏ လှုံ့ဆော်မှုကြောင့် ချန်ကျဲ့သည် အရေပြားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။ သူ၏ဘိုးဘေးကြီးလက်သီးသိုင်းသည်လည်း တတ်မြောက်ခြင်းအဆင့်ကို ကျော်လွန်သွားပြီးဖြစ်၏။ အောင်မြင်မှုငယ်အဆင့်ကို ရောက်လုနီးလေပြီ။

အိမ်အစေခံများသည် ချန်ကျဲ့ကို တစ်ပြိုင်တည်း တိုက်ခိုက်ကြသည်။

ချန်ကျဲ့သည်လည်း ရုတ်ချည်း ‘ပင်လယ်ယက်သဲ့ခြင်း’သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။ ခန္ဓာကိုယ်ကို တစ်ဝက်တစ်ပြတ် ကွေးညွှတ်၍ မြေပြင်မှ သဲလက်တစ်ဆုပ်ကို ဆတ်ခနဲဆွဲယူခဲ့ကာ ရှေ့သို့ချီတက်လာနေသည့် အိမ်အစေခံလေးဦး၏ မျက်လုံးများသို့ ပက်ဖျန်းလိုက်သည်။

သူဒီနေ့ အိတ်ထဲတွင် အချဉ်ရည်အချို့ ထည့် သယ်လာခဲ့လျှင် အကျိုးသက်ရောက်မှုမှာ ပို၍ကောင်းမွန်နိုင်ပေလိမ့်မည်။

သို့သော် အချဉ်ရည် မပါဝင်သည့်တိုင် သဲမှုန်များသည်လည်း အလုပ်ဖြစ်သည်ပင်။ သဲမှုန်များပျံသန်းသွားပြီး အိမ်အစေခံလေးဦး၏မျက်လုံးများကို ရုတ်ချည်း ကန်းသွားစေခဲ့သည်။

အာ…

ချီးပဲ…

မျက်လုံးထဲသို့ သဲများဝင်သွားလေရာ အိမ်အစေခံများအားလုံးမှာ နာကျင်မှုကြောင့် အော်ဟစ်ကြလေသည်။ ချန်ကျဲ့ အလျင်အမြန် ရှေ့တိုးသွား၍ ဒုတိယသိုင်းကွက်ထုတ်လိုက်သည်။

“ယင်လက်တံ”

ချန်ကျဲ့သည် အမည်ကို ရေရွတ်လိုက်ခြင်းနှင့်အတူ ညာလက်မောင်းကို နာရီချိန်သီးကဲ့သို့ ဝှေ့ရမ်းသည်။ အနီး‌ဆုံးရှိ အိမ်အစေခံ၏ ပေါင်ခြံကို အားပြင်းပြင်း ထိုးလိုက်သည်။

ဂျွတ်

“အာ~”

ဥကွဲသံဖြစ်ပေသည်။ ထိုအိမ်အစေခံမှ ကိုယ်ကိုကွေးညွှတ်သွားသောအခါ ချန်ကျဲ့သည် ထိုအိမ်အစေခံ၏မျက်နှာကို ဒူးဖြင့်တိုက်လိုက်သည်။ ထို့နောက် ညာတံတောင်ကို မြင့်မြင့်မြှောက်၍ ဦးခေါင်းနောက်ဘက်သို့ ရိုက်ချလိုက်သည်။ အိမ်အစေခံမှာ ရုတ်ချည်း မစွမ်းမသန်ဖြစ်သွားရပြီး မြေပြင်သို့လဲကျသွားကာ ပါးစပ်မှ အမြှုပ်တစီစီထွက်နေတော့သည်။

ထိုစဉ် အခြားသောအိမ်အစေခံများသည် ပြန်လည်တုံ့ပြန်လာကြသည်။ သွားကိုတင်းတင်းကြိတ်၍ သွေးရူးသွေးတန်းဖြင့် လက်သီးများဖြင့် ဆက်တိုက်ထိုးနေတော့သည်။

ချန်ကျဲ့ သိုင်းကွက်တစ်ခု အယောင်ပြ၍ သူ့ထံဦးတည်လာနေသော ရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် “မျက်နှာလက်ဖဝါးရိုက်ချက်နှင့် ယင်ရိုက်ချက်”သိုင်းကွက်တို့ဖြင့် ပူးပေါင်းတိုက်ခိုက်‌လိုက်သည်။

တစ်ဖက်လူ၏လက်သီးထိုးချက်လွဲချော်သွားပြီး အံ့အားသင့်နေသည့်မျက်လုံးများကို မြင်လိုက်သောအခါ ချန်ကျဲ့သည် ထိုမျက်လုံးများကိုဦးတည်၍ လက်သီးဖြင့် အလျင်အမြန် လှမ်းထိုးသည်။ သို့ဖြင့် ထိုအိမ်အစေခံမှာ အလိုအလျောက် မျက်လုံးများကို ကာကွယ်လိုက်ရ၏။ ထို့နောက်တွင် ချန်ကျဲ့သည် ယင်ရိုက်ချက်ကို အသုံးပြုလိုက်သည်။

ဂျွတ်!

ဗရုတ်သုတ်ခဖြစ်ခြင်းနှင့်တစ်ဆက်တည်း ဥကွဲသံကို ကြားလိုက်ရပေသည်။

ထိုအစေခံမှာ ရုတ်ချည်း မစွမ်းမသန်ဖြစ်သွားတော့၏။

ထိုမှသာ အခြားအိမ်အစေခံနှစ်ယောက်မှာ အသိပြန်ဝင်လာကြကာ ချန်ကျဲ့ဆီသို့ ပြေးဝင်လာကြသည်။ ချန်ကျဲ့သည် ရေတွင်လျင်မြန်စွာ ကူးခတ်သွားနေသည့် ငါးတစ်ကောင်ကဲ့သို့ ရှေ့သို့ဆတ်ခနဲလှမ်းလျှောက်၍ “အနီးကပ်တံတောင်သိုင်းကွက်”ဖြင့် တိုက်ခိုက်သည်။

နှလုံးတည့်တည့်သို့ရည်ရွယ်တိုက်ခိုက်ခဲ့ရာ ရိုက်ချက်တစ်ချက်သည်ပင် ယာယီနှလုံးရပ်ခြင်းကို ဖြစ်စေနိုင်လေသည်။ ထို့နောက် ချန်ကျဲ့သည် ပေါင်ကြားတည့်တည့်သို့ ကန်ပေးလိုက်ခြင်းဖြင့် ထိုအစေခံအား နောက်မျိုးဆက်မရှိစေရန် သေချာစေခဲ့သည်။

နောက်ဆုံးသော အိမ်အစေခံသည် ကြောက်ရွံမှုကြောင့် ဦးခေါင်းခွံစူးကိုက်လာရသည်။ သို့သော် ချန်ကျဲ့သည် သနားညှာတာမှု မရှိပါချေ။ ထိုအစေခံအနီးသို့ ချဉ်းကပ်သွားလိုက်ပြီး “ပုလဲတစ်လုံးနှင့် နဂါး‌နှစ်ကောင်ဆော့ကစားခြင်း”သိုင်းကွက်ဖြင့် တိုက်ခိုက်သည်။

အိမ်အစေခံ၏ မျက်လုံးနှစ်လုံးသို့ လက်ချောင်းနှစ်ချောင်း ထိုးစိုက်လိုက်ပြီးနောက် ပေါင်ခွကြားသို့ ဒူးဖြင့်တိုက်ပေးလိုက်သည်။

အချိန်ခဏလေးအတွင်း၌ပင် အိမ်အစေခံလေးဦးမှာ မေ့မျောသွားကြကုန်၏။ သို့ဖြင့်ပင် အိမ်အစေခံလေးဦးမှာ ချန်ကျဲ့လက်အောက်၌ ရှုံးနိမ့်သွားကြလေသည်။

အားလုံးသည် ချန်ကျဲ့အား ကြောက်ရွံ့မှုလွှမ်းသော မျက်နှာအမူအရာတို့ဖြင့် ကြည့်နေကြသည်။ ချန်ကျဲ့၏တိုက်ခိုက်မှုသည် ရက်စက်စဉ်းလဲ၏။ သူ၏သိုင်းကွက်တစ်ချက်ပင်လျှင် လူကို ပရမ်းပတာဖြစ်စေလျက် ဥကွဲသွားစေနိုင်သည်။ ကြည့်ရုံဖြင့်ပင် အလွန်တရာနာကျင်လိမ့်မည်ဟု ခံစားသိနိုင်ပေသည်။

ချန်ကျဲ့ တိုက်ခိုက်မှုကို အဆုံးသတ်လိုက်ပြီးနောက် သူ့လက်ချက်ဖြင့် လဲကျသွားရသည့် ပထမဆုံးအိမ်အစေခံကို စူးရဲစွာစိုက်ကြည့်သည်။

“မင်းအလှည့်ပဲ!”

“ချန် ချန်ကျိုစစ် မင်းလျှောက်မလုပ်နဲ့ ငါက…”

“စကားတောင် သေချာမပြောနိုင်ဘူး၊ အသုံးမကျလိုက်တာ”

ဘန်း! ချန်ကျဲ့သည် ရှေ့သို့ပြေးဝင်လျက် ‌ထိုအစေခံ၏ပေါင်ခွကြားကို ကန်ပစ်လိုက်သည်။ အစေခံသည် ကာကွယ်ရန်ကြိုးစားခဲ့သော်ငြား သူ၏အရှိန်နှုန်းမှာ ချန်ကျဲ့လောက် မမြန်ဆန်ပေ။ သို့ဖြင့် ပေါင်ခွကြားကို ဆုပ်ကိုင်ထားလျက် မျက်နှာကြီးဖြူ‌ဖျော့လျက် တအီအီမြည်တမ်းနေတော့သည်။

“အားရိုး ရို့…”

ထို့နောက် ချန်ကျဲ့ ပြောလိုက်သည်။

“ငါ့ကိုကူညီပြီး ယွီစန်းလျို့ကို စကားပါးပေးပါဦး။ ငါသူ့ကို မထိပါးချင်သလို သူလည်းငါ့ကို လာမထိတာ ကောင်းလိမ့်မယ်လို့။ ငါဒီအကြောင်းကို ဦးစီးမှူးဝူနဲ့ သေချာဆွေးနွေးလိုက်မယ်။ ပြီးတော့ ငါမနက်ဖြန်ကျ ငါးဖမ်းကုန်သည်အဖွဲ့မှာ အလုပ်စလုပ်တော့မှာ။ မင်းတို့ငါ့ကို ထပ်ပြီးနှောင့်ယှက်လာမယ်ဆိုရင် အဲ့အခါကျ ကိုယ်ရေးကိုယ်တာကိစ္စလေးတစ်ခုပဲ ဖြစ်‌လိမ့်မှာ မဟုတ်တော့ဘူး!”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် မျက်နှာဖြူဖျော့နေဆဲဖြစ်သော စူးယွင်ကျင်းဘက်သို့ လှည့်သွားပြီး မေးသည်။

“မင်းအဆင်ပြေရဲ့လား”

“ဟင့်အင်း ဘာမှမဖြစ်ပါဘူး၊ သူတို့ကိုဘယ်လိုလုပ်မလဲ?”

ချန်ကျဲ့မှ ပြောသည်။

“အဆင်ပြေပါတယ်။ အဒေါ်အာ့ပါး အဆင်ပြေရဲ့လား”

“ဘာမှမဖြစ်ဘူး၊ ဘာမှ မထိခိုက်လိုက်ဘူး။ ဒီတိုင်း လဲသွားရုံလေးပဲ”

ချန်ကျဲ့သည် အဒေါ်အာ့ကို တွဲထူပေးလိုက်သည်။ ထို့နောက် စူးယွင်ကျင်းအား အဒေါ်အာ့ပါးကို တွဲထားပေးစေသည်။ သူသည်တော့ မြေပေါ်ပြုတ်ကျနေသော တောဟင်းရွက်ခြင်းတောင်းကို ကောက်ယူလိုက်ပြီး သုံးယောက်အတူတူ ရွာထဲသို့ပြန်ခဲ့ကြသည်။

အရှေ့ဘက်မြစ်၌ မိမိတို့၏ပေါင်ခွကြားနေရာကို ဖိကိုင်လျက် နာကျင်စွာ ညည်းတွားနေကြသော လူတစ်အုပ်သာ ကျန်ရစ်ခဲ့လေသည်။

ဤသည်မှာ တိုက်ပွဲတွင် ရန်သူကို သတ်ဖြတ်ရန်ရည်ရွယ်သော ဘိုးဘေးကြီးလက်သီးသိုင်းဖြစ်သည်။ အမြင်တင့်တယ်မှုကင်းမဲ့၍ အနည်းငယ်ပင် ရက်စက်ယုတ်မာဟန် ရှိပေသည်။

ထို့ကြောင့် မျက်မှောက်ခေတ်လူများသည် ရှေးခေတ်က ရိုးရာသိုင်းများမှာ တိုက်ခိုက်ရန်အတွက် လက်တွေ့မကျဟု ပြောကြခြင်းဖြစ်ပေသည်။

တကယ့်ကိုပင် မျက်မှောက်ခေတ်၏ တိုက်ခိုက်ရေးဆိုင်ရာ အားကစားစည်းမျဥ်းများအရ ဤသိုင်းပညာသည် ပြိုင်ပွဲများအတွက် ရည်ရွယ်ထားခြင်းမဟုတ်သောကြောင့် အသုံးပြုခွင့်ရလိမ့်မည် မဟုတ်ပေ။

ချဲ့ကားပြောဆိုရသော်: သိုင်းပညာဟူသည် ရန်သူများကို သတ်ဖြတ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး သရုပ်ပြရန်အတွက် မဟုတ်ပါချေ။

ထို‌အဆိုသည် မမှားယွင်းပေ။

သိုင်းပညာသည် ထိုမျှ နက်နဲသိမ်မွေ့လှသည် မဟုတ်ပေ။ ရိုးရိုးရှင်းရှင်းဆိုရသော် သိုင်းပညာသည် ပြိုင်ဘက်အား တတ်နိုင်သမျှမြန်မြန် မစွမ်းမသန်ဖြစ်သွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ပြိုင်ဘက်မှ မိမိအား ထပ်မံမတိုက်ခိုက်နိုင်တော့ဘဲ သတ်ဖြတ်ခြင်းငှာ မစွမ်းနိုင်တော့ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့ကြောင့် အပြုအမူလှုပ်ရှားမှုတို့မှာ အမြင်တင့်တယ်လိမ့်မည် မဟုတ်ပေ။ မျက်လုံးကို လက်ချောင်းဖြင့်ထိုးခြင်းဖြစ်စေ၊ ကန်ခြင်းဖြစ်စေ၊ ပေါင်ခွကြားကို ‌ဆွဲဆုပ်ခြင်းဖြစ်စေ၊ လက်သီးဖြင့်ထိုးခြင်းဖြစ်စေ အားလုံးမှာ အမြင်မတင့်တယ်နိုင်ပေ။

မျက်မှောက်ခေတ်၏ သိုင်းပညာပြိုင်ပွဲ၌ သိုင်းပညာရှင်နှစ်ဦးသည် လက်ဝှေ့ထိုးလက်အိတ်များဝတ်ဆင်၍ ကိုယ်နေဟန်ထားကို အသင့်အသွင်ယူထားလိမ့်မည်။ ထိုစဉ် သိုင်းပညာရှင်တစ်ယောက်မှ ရုတ်တရက် သူ၏လက်အိတ်များကိုဆွဲဖြဲ၍ ပြိုင်ဘက်၏မျက်နှာသို့ အချဉ်ရည်ပက်ဖျန်းပြီးနောက် ပြိုင်ဘက်၏ပေါင်ခွကြားကို ဆွဲဆုပ်ဖိညှစ်သည့်မြင်ကွင်းအား စိတ်ကူးကြည့်နိုင်ပါ၏လော။

၎င်းသည် TVထဲတွင် မြင်တွေ့နိုင်သည့် မြင်ကွင်းဖြစ်နိုင်ပါ၏လော။

ထိုသို့‌ သေစေနိုင်လောက်သော တိုက်ခိုက်ရေးသိုင်းကွက်များကို ပိတ်ပင်ခြင်းဖြင့် ရိုးရာသိုင်းပညာများသည် သာမန်ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် လက်တွေ့မဆန်‌သော စိတ်ကူးယဉ်လုပ်ဆောင်ချက်များ ဖြစ်သွားခဲ့သည်။

သို့သော် ချန်ကျဲ့သည် တိုက်ပွဲအတွင်း အကြင်နာကင်းမဲ့ပြီး စည်းကမ်းနည်းလမ်း သတ်မှတ်ထားခြင်းမရှိသော စစ်မှန်သည့် ဘိုးဘေးကြီးလက်သီးသိုင်းကို သင်ယူခွင့်ရခဲ့သည်။

မျက်လုံးကို လက်ချောင်းများဖြင့်ထိုးခြင်း၊ ပေါင်ခွကြားကို ကန်ခြင်း!

ကလိမ်ကကျစ်ကျ၍ သူရဲကောင်း‌ဆန်သည့်အငွေ့အသက် မရှိပေ။

သို့သော် အမှန်တကယ် အကျိုးသက်ရောက်မှုရှိသည်။

ဒီနေ့အဖြစ်အပျက်ပြီးနောက်၌ ပေါင်ခွကြားအကာအကွယ်ကို ကြိုတင်ဝတ်ဆင်ထားကြသူမှအပ ချန်ကျဲ့အား ပြဿနာရှာရဲသူဟူ၍ တော်ရုံ ရှိနိုင်တော့မည် မဟုတ်ပေ။

အိမ်ပြန်လမ်းတွင် ချန်ကျဲ့သည် ဒီနေ့တိုက်ခိုက်မှုအတွင်း မိမိ၏လိုအပ်ချက်များကို ပြန်လည်ဆင်ခြင်သုံးသပ်နေသည်။

[အချဉ်ရည်တစ်အိတ် ယူလာခဲ့သင့်တာကွာ!]

သဲ အချိန်ခဏတာ မျက်မမြင်ဖြစ်သွားစေနိုင်ပေမဲ့ အချဉ်ရည်ကျတော့ ဟူး… စိုစွတ်မှုလေးပါ ပေါင်းထည့်လိုက်ရင် သူတို့တွေ အတော်လေး ပိုပြီး မျက်ကန်းသွားနိုင်တာကို။

“ယွင်ကျင်း”

ချန်ကျဲ့ စူးယွင်ကျင်းကို ခေါ်လိုက်သည်။

“ဟင်?”

အဒေါ်အာ့ပါးကို တွဲလျှောက်နေသည့် စူးယွင်ကျင်းသည် ချန်ကျဲ့ကို လှည့်ကြည့်လာသည်။ ချန်ကျဲ့မှ ပြောသည်။

“ဟို.. အိမ်ပြန်ရောက်ရင် မင်းကိုယ့်အတွက် အဝတ်အိတ်လေးတစ်အိတ်လောက် ချုပ်ပေးနိုင်မလား။ ခါးမှာချိတ်ထားနိုင်ရုံလောက် အရွယ်အစားဆိုရပြီ”

ချန်ကျဲ့ အရွယ်အစားကို သရုပ်ဖော်ပြ၏။

စူးယွင်ကျင်းမှ နူးညံ့ညင်သာစွာ ခေါင်းညိတ်သည်။

“အင်း သိပါပြီ”

မကြာမီ ဦးလေးအာ့ပါး၏အိမ်သို့ ရောက်ခဲ့ကြသည်။ ချန်ကျဲ့ ဝါးတံခါးကို ဖွင့်လိုက်သည်။ အဒေါ်အာ့ပါး အိမ်ထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ဟူနှင့်အတူ ခြင်းတောင်းယက်လုပ်နေသည့် ဦးလေးအာ့ပါးသည် အနီးသို့ ရုတ်ချည်းရောက်လာ၏။

“ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ”

ဇနီးဖြစ်သူ ထိခိုက်ထားသည်ကို မြင်သောအခါ ဦးလေးအာ့ပါးသည် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလာသည်။

အဒေါ်အာ့ပါးသည် လက်ဝှေ့ရမ်းပြ၏။

“ဘာမှမဖြစ်ပါဘူး။ နည်းနည်း တွန်းလှဲခံလိုက်ရရုံပဲ။ ကြီးကြီးမားမား မဟုတ်ဘူး”

ချန်ကျဲ့သည် အဖြစ်အပျက်ကို ပြန်ပြောပြခဲ့သည်။ ဦးလေးအာ့ပါး၏မျက်နှာမှာ ဒေါသကြောင့် နီရဲလာခဲ့၏။

“ယွီမိသားစုက အရမ်းလွန်လွန်းနေပြီ!”

ရှောင်ဟူသည်လည်း ‌ဒေါသဖြင့်ပြောသည်။

“နောက်တစ်ကျ အစ်ကိုကျိုစစ်၊ ကျွန်တော့်ကိုလည်း ခေါ်ပါ။ ကျွန်တော် အစ်ကိုနဲ့အတူ သူတို့ကိုတိုက်ခိုက်ပေးမယ်!”

ချန်ကျဲ့ ပြုံးလိုက်သည်။

“ကောင်းပါပြီ။ ဦးလေးအာ့ပါး၊ ဟူဇစ်.. ကျွန်တော် ဦးလေးတို့ကို အရေးတကြီး ပြောစရာရှိတယ်”

ချန်အာ့ပါးနှင့် ဟူဇစ်တို့သည် ချန်ကျဲ့ကို ကြည့်လိုက်ကြသည်။

“ဘာကိစ္စလဲ အရမ်းအရေးကြီးတာလား”

ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည် ။

“ဦး‌ေလးတို့ ငါးဖမ်းကုန်သည်အဖွဲ့က အလုပ်သမားခေါ်နေတာ သိကြလား”

ဦးလေးအာ့ပါးနှင့် ရှောင်ဟူတို့နှစ်ဦးလုံး ခေါင်းညိတ်သည်။

“အင်း၊ အဲဒါကြောင့်ပဲ လုစန်းနဲ့ ချန်စန်းလျို့တို့ ရန်ဖြစ်ကြသေးတယ် မဟုတ်လား။ အဲဒီအကြောင်းက အတော်လေးကို ပွက်လောရိုက်သွားတာ။ ငါကြားတာတော့ အလုပ်သမားက နှစ်ယောက်ပဲခေါ်တာ၊ ဒါပေမဲ့ မြန်မြန်ပဲ ခေါ်ပြီးသွားတယ်ဆိုပဲ”

ချန်ကျဲ့ ပြုံးရယ်လိုက်ပြီး ပြန်ပြောသည်။

“အဲဒါ ကျွန်တော်လုပ်လိုက်တာပါ”

“ဘာ”

ချန်ကျဲ့၏စကားကြောင့် ချန်အာ့ပါးနှင့် ဟူဇစ်တို့ အံ့အားသင့်ကုန်ကြ၏။

ချန်ကျဲ့ ဆက်ပြောသည်။

“အင်း၊ အလုပ်တစ်နေရာက ကျွန်တော့်အတွက်၊ နောက်တစ်နေရာစာကိုတော့ ကျွန်တော် ရှောင်ဟူကို ထောက်ခံပေးခဲ့တယ်”

“ရှောင်ဟူ မင်း မနက်ဖြန်ကျရင် ငါနဲ့အတူ ငါးဖမ်းကုန်သည်အဖွဲ့ကို လိုက်ခဲ့။ မနက်ဖြန်ကစပြီး မင်းက ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ယောက် ဖြစ်သွားပြီပဲ”

“တကယ်ကြီးလား”

ရှောင်ဟူမှာ စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့် ထခုန်မိလေသည်။

All Chapters