ဤကြင်နာမှုအား ဘဝတစ်သက်တာ အမှတ်ရသွားရမည်!
Vol. 5 Ch. 63
လူတို့သည် ပင်ကိုအားဖြင့် ရည်မှန်းချက်ကြီးမားကြ၏။ အဘယ်သူကများ ထင်ပေါ်ကျော်ကြားလိုခြင်း မရှိပါအံ့နည်း။
သို့သော် လူမှုအဆင့်အတန်း တိုးတက်မှုဆိတ်သုဉ်းခြင်းကြောင့် လူမှုအဖွဲ့အစည်း၏အရွေ့မှာ ပိတ်ဆို့နေခဲ့သည်။ လူတို့၏ ဘဝသက်တမ်းတစ်လျှောက်၌ ထင်ပေါ်ကျော်ကြားနိုင်မည့် အခွင့်အရေးများစွာကို ပျက်စီးသွားစေသည်။
သာ့ချန်ပြည်ကြီး၌ တင်းကျပ်သော အဆင့်အတန်းအလွှာခွဲခြားသတ်မှတ်မှုကို လက်ကိုင်ပြုကာ ပြည်သူများ အထက်သို့တက်လှမ်းနိုင်မည့် လမ်းကြောင်းများကို တားဆီးပိတ်ဆို့သည့် တော်ဝင်မင်းဆက်မှ စိုးစံအုပ်ချုပ်သည်။
တိုင်းတစ်ပါးသားမျိုးနွယ်စုမှ တည်ထောင်ထားခြင်းဖြစ်သောကြောင့် လူတန်းစားခွဲခြားသောစနစ်သည် တင်းကျပ်တိကျသည်။ ၎င်းစနစ်တွင် ဟန်လူမျိုးများသည် တတိယတန်းစားပြည်သူများဖြစ်ကြ၏။
အစိုးရစာမေးပွဲများကို ဖြေဆိုနိုင်သည့်လမ်းကြောင်းအား ဖြတ်တောက်ခြင်းသည် လှုမှုအဖွဲ့အစည်း၏အရွေ့ကို ပိတ်ဆို့ခြင်းအား ထင်ရှားမြင်သာစေသည်။ ဟန်လူမျိုးတစ်ဦးအနေဖြင့် အရာရှိတစ်ဦးဖြစ်လိုပါက ဦးစွာ သခင်ကောင်းတစ်ယောက်ကို ရှာဖွေရမည်။ ထိုသခင်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီးနောက် အိမ်အစေခံအဖြစ် အင်အားအာဏာအချို့ ရရှိပိုင်ဆိုင်ရပေမည်။
ဤအချက်သည်လည်း တိုင်းတစ်ပါးသားမျိုးနွယ်စုများ၏ စိတ်မလုံခြုံမှုကို ပြသနေပေသည်။
ဟန်လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်သည် အလွန်တရာကြီးမားကျယ်ပြန့်၏။ သို့သော် မုလန်လူမျိုးများမှာမူ အတော်လေး နည်းပါးကြသည်။ သို့ဖြစ်လေရာ မုလန်လူမျိုးများသည် တစ်နေ့နေ့တွင် ဟန်လူမျိုးများမှ အင်အားအာဏာကို ပြန်လည်သိမ်းယူသွားနိုင်ကာ သူတို့အား ကျရှုံးစေလိမ့်မည်ကို ကြောက်ရွံ့ကြသည်။
လက်ရှိတရားရုံးတော်၏အရာရှိ ပေါ်ရန်ပင်လျှင် ဧကရာဇ်ရွှင်းအား အရေးပါသော မျိုးရိုးနာမည်ငါးခုအား အမြစ်ဖြတ်သုတ်သင်ရန် မူဝါဒတစ်ခုကို အဆိုတင်သွင်းခဲ့သည်။
အကျဉ်းချုပ်ရသော် ဟန်လူမျိုးစု လူဦးရေသည် အလွန်တရာများပြားလွန်းပြီး မတည်ငြိမ်ပေ။ လူဦးရေအရေအတွက် လျှော့ချရန်အတွက် ကျန်း၊ ဝမ်၊ လျို့၊ လီနှင့် ကျောင်းမိသားစုများသည် လူဦးရေအများဆုံးဖြစ်ကြသည်။ ထိုမျိုးရိုးငါးခုအား သတ်ဖြတ်ခြင်းဖြင့် ဟန်လူမျိုးများ၏ လူဦးရေငါးပုံတစ်ပုံကို လျှော့ချခဲ့သည်။
သို့ဖြင့် သာ့ချန်အတွက် ခြိမ်းခြောက်မှုဖြစ်နိုင်တော့မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် အစိုးရရုံးတော်၌ ၎င်းအဆိုကို ပယ်ချသည့် စဉ်းစားဉာဏ်ရှိသူများလည်း ရှိပါသေးသည်။ သို့မဟုတ်ပါက ဤကမ္ဘာကြီးသည် ဤအချိန်တွင် ရှန်းကျောက်ဂိုဏ်း၏ပုန်ကန်သူများဖြင့်ပင် ရင်ဆိုင်နေရလိမ့်မည်မဟုတ်ပေ။
ဤသည်မှာ ဟန်လူမျိုးများအပေါ် မုလန်လူမျိုးများ၏ သဘောထားကို ပြသနေပေသည်။
ထို့ကြောင့် ဤခေတ်ကာလ၌ လူတစ်ဦးသည် မိမိ၏လက်ရှိအဆင့်အတန်းထက် မြင့်မားလိုလျှင် အစိုးရရုံးတော်သို့ ဝင်ရောက်နိုင်မည့်လမ်းကြောင်းမှာ ပိတ်ပင်ထားခံရ၏။ သို့ဖြစ်ရာ အောက်ခြေလူတန်းစားများ၏ အခွင့်အာဏာများကို ဆုပ်ကိုင်ထားသည့် ကုန်သည်အဖွဲ့များသာလျှင် သာမန်လူတန်းစားများ၏ ပြင်းပြသောရည်မှန်းချက်များ ဦးတည်မျှော်မှန်းရာ ဖြစ်ပေသည်။
ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားရာထူးကို ကြည့်ပါလေ။ အလွန်တရာကောင်းမွန်သည့် အလုပ်နေရာတစ်ခု ဖြစ်ပေသည်။ ပုံမှန်နေ့ရက်များ၌ မိုး၊လေများထံမှ မိုးကာပေးထားခံရကာ ငါးဖမ်းသမားများကိုလည်း စီမံခန့်ခွဲနိုင်ပေသည်။ လူမှုအဖွဲ့အစည်းတွင် အဆင့်အတန်း အတော်လေးမြင့်မားသွားပေလိမ့်သည်။
ကျေးလက်ဒေသများ၌ လူတစ်ယောက်အား “ငါက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အလုပ်သမား”ဟု ပြောလိုက်လျှင် လူအားလုံးသည် သင့်အား အဆင့်အတန်းမြင့်မားသူအဖြစ် ဆက်ဆံကြလိမ့်မည်ဖြစ်သည်။
မည်သည့်စားသောက်ဧည့်ခံပွဲ၌ဖြစ်စေ ထိပ်ဆုံးစားပွဲတွင် နေရာပေးခံရကာ အခြားသူများမှ သင့်အား ဦးစွာလာရောက်၍ သေရည်ဖြင့် အရိုအသေပေးနှုတ်ဆက်ကြလိမ့်မည်။ ၎င်းမှာ အဆင့်အတန်း၏ အဓိပ္ပာယ်ပင်ဖြစ်သည်။
ရှောင်ဟူသည် အလွန်တရာ စိတ်လှုပ်ရှားပျော်ရွှင်နေသည်။ သူသည် ချန်ကျဲ့ထက် တစ်နှစ်ငယ်သောကြောင့် ယခုနှစ်တွင် ၁၇နှစ်ပြည့်ပြီဖြစ်၏။ ရှောင်ဟူ၏ စိတ်နှလုံးမှာ စိတ်အားထက်သန်မှုအပြည့်ရှိသည်။ ရှောင်ဟူသည် သူ၏ဘဝအား ဖခင်ဖြစ်သူကဲ့သို့ တစ်သက်လုံး ခြင်းတောင်းများရက်လုပ်၍ အချိန်မဖြုန်းလိုပါချေ။
ထိုအချိန်တွင် ချန်အာ့ပါးသည် အံ့ဩမင်သက်လျက် ချန်ကျဲ့အား ကြောင်အစွာဖြင့် ငေးစိုက်ကြည့်နေခဲ့သည်။
ချန်အာ့ပါးသည် လုံးဝ တွေဝေမိန်းမောနေခဲ့၏။ ကောင်းကင်ထက်မှ ပိုင်မုန့်ပြုတ်ကျလာခြင်းတည်းသော ဖြစ်ရပ်အား သူ ဘယ်သောအခါမှ မယုံကြည်ခဲ့ပေ။ သို့သော် ယနေ့တွင်မူ…
ချန်အာ့ပါး၏လက်အစုံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တုန်ယင်နေကြသည်။
ချန်အာ့ပါးသည် ဘဝတစ်သက်တာလုံးကို ခြင်းတောင်းရက်လုပ်သူတစ်ဦးအဖြစ် ကုန်ဆုံးခဲ့ရသည်ဖြစ်ရာ ဤအလုပ်၏ ခါးသီးမှုတို့ကို သူ ကောင်းကောင်းသိသည်။ သူ၏လက်များကို ကြည့်ပါလေ.. သစ်ကိုင်းများ စူးခြစ်မှုကြောင့် မရေမတွက်နိုင်သော ဒဏ်ရာအမာရွတ်များရှိနေသည်။ ဒဏ်ရာဟောင်းများအပေါ် ဒဏ်ရာအသစ်များ စဉ်ဆက်မပြတ် လဲထပ်ဖြစ်ပေါ်နေခဲ့သည်။
အရေပြားအဟောင်းတစ်လွှာကို ခွာထုတ်၍ အရေပြားအသစ်တစ်လွှာဖြင့် လဲလှယ်လိုက်သည့်အလားပင်။
ဝါးခြင်းတောင်းရက်လုပ်သူ၏ နာကျင်မှုကို သူသာလျှင် ကောင်းကောင်းသိပေသည်။
ချန်အာ့ပါးသည် မိမိ၏သားဖြစ်သူအား မိမိကဲ့သို့ အဆုံးမသတ်စေချင်ပါ။
သူသည်လည်း မိမိ၏သားဖြစ်သူအား ထင်ပေါ်နိုင်၍ မိမိကိုယ်တိုင်ထက် ပိုမိုကောင်းမွန်သည့်ဘဝကို ပိုင်ဆိုင်စေလိုပါသည်။
သို့သော် ၎င်းမှာ မဖြစ်နိုင်ပေ၊ လုံးဝ မဖြစ်နိုင်ပေ!
ငါးဖမ်းကုန်သည်အဖွဲ့၏ အလုပ်သမားဟူသည် သူတို့အနေဖြင့် အိပ်မက်ပင် မမက်ဝံ့သည့် ရာထူးတစ်ခုဖြစ်၏။
ပထမအချက် သူတို့တွင် အဆက်အသွယ်မရှိပေ။ ဒုတိယအချက် မျက်နှာချိုသွေး၍ အကူအညီတောင်းဆိုရန်အတွက် ငွေကြေးမရှိပေ။
သို့သော် ယနေ့၌ ချန်ကျဲ့သည် သူတို့အတွက် ဖြည့်ဆည်းပေးခဲ့သည်။ မိမိ၏သားဖြစ်သူအတွက် တောက်ပသည့်အနာဂတ်ကို ကမ်းလှမ်းပေးခဲ့သည်။
“ကျိုစစ်… ငါ…”
ဦးလေးအာ့ပါးမှာ စကားလုံးများပျောက်ဆုံးနေခဲ့သည်။
မိမိကိုယ်တိုင်အတွက် ရည်မှန်းချက်ကြီးကြီးမားမား မရှိသည့်တိုင် သားဖြစ်သူအတွက်မူ အဘယ်သူကများ ပိုမိုကောင်းမွန်သည့်အရာများကို မလိုလားဘဲ ရှိပါလိမ့်မည်နည်း။
ထိုအခိုက်အတန့်တွင် ချန်အာ့ပါးသည် ချန်ကျဲ့အပေါ် နက်ရှိုင်းလှစွာသော နှလုံးသည်းပွတ်ထိတိုင်သည့် ကျေးဇူးတရားကို ခံစားလိုက်ရပေသည်။
အဒေါ်အာ့ပါးသည်လည်း အလွန်ဝမ်းသာပီတိဖြစ်လွန်းသောကြောင့် စကားမဆိုနိုင်တော့ပေ။ စူးယွင်ကျင်း၏လက်ကိုသာလျှင် ပို၍တင်းတင်းကျပ်ကျပ် ဖိညှစ်ဆုပ်ကိုင်လေသည်။
စူးယွင်ကျင်းသည် ခပ်ဖျော့ဖျော့ပြုံးနေခဲ့သည်။
သူမ၏ ချန်ကျဲ့ကိုကြည့်သော အကြည့်များသည်လည်း နူးညံ့မှုများပြည့်နှက်နေပေသည်။
ချန်ကျဲ့၏ ကျေးဇူးတရားကို အသိအမှတ်ပြု၍ မှတ်သားထားကာ ပြန်လည်ပေးဆပ်တတ်သော အကျင့်စရိုက်ကို သူမ သဘောကျသည်။
ဦးလေးအာ့ပါးသည် သူမတို့ မိသားစုလေးအား အများကြီးကူညီပေးခဲ့ဖူးသူ ဖြစ်ပေသည်။
သူ၏စွမ်းဆောင်နိုင်စွမ်းမှာ အကန့်အသတ်ရှိနေသည့်တိုင် ချန်ကျဲ့သည် အကူအညီလိုအပ်ချိန်တိုင်းတွင် အကြောင်းမဲ့သက်သက် ဘေးရပ်ကြည့်နေတတ်သူ မဟုတ်ပေ။
ယခု၌ ချန်ကျဲ့သည် ကောင်းမွန်သည့်ဘဝအခြေအနေကို စတင်ရရှိလာခဲ့ပြီဖြစ်ရာ မိတ်ဆွေဟောင်းများအား လက်တစ်ဖက်ကမ်းပေးရန် မမေ့လျော့ချေ။
ဤသည်မှာ လူသားများအကြား ဆက်ဆံရေးများ၏ နွေးထွေးမှုဖြစ်သည်။ စူးယွင်ကျင်း မြတ်နိုးတန်ဖိုးထားသည့်အရာလည်း ဖြစ်ပေသည်။
ဘယ်သူကများ ကိုယ့်ရဲ့ခင်ပွန်းသည်ကို ခံစားချက်ကင်းမဲ့ပြီး တစ်ကိုယ်ကောင်းဆန်တဲ့၊ လူသားဆန်တဲ့ နွေးထွေးမှုကင်းမဲ့တဲ့လူ ဖြစ်စေချင်ပါ့မလဲ။
ချန်ကျိုစစ်သည် အမှန်တကယ်ပင် အတိတ်ကာလများထက် များစွာပြောင်းလဲသွားခဲ့ပေသည်။
လက်ရှိအချိန်၏ချန်ကျိုစစ်သည် ယခင်အတိတ်က ချန်ကျိုစစ်နှင့် လုံးဝကွာခြားကြောင်းကို စူးယွင်ကျင်းသည်လည်း ခံစားမိသည်။
သို့သော် သူမ ဂရုမစိုက်ပါ။
သူမသည် လက်ရှိချန်ကျိုစစ်ကို ပို၍နှစ်ခြိုက်သည်။
“ကောင်းပြီ ဦးလေးအာ့ပါး၊ ကျွန်တော်တို့မှာ ကိစ္စလေးတွေရှိသေးလို့ ကြာကြာမနေတော့ပါဘူး။ ဟူဇစ် မနက်ဖြန် မနက်စောစော ငါ့ကိုလာရှာလှည့်။ ငါတို့ ငါးဖမ်းကုန်သည်အဖွဲ့ကို သွားရမယ်၊ ပထမဆုံးနေ့မှာ နောက်မကျစေနဲ့”
“အင်း သိပါပြီ အစ်ကို”
ရှောင်ဟူသည် စိတ်လှုပ်ရှားတက်ကြွစွာ ပြန်လည်တုံ့ပြန်သည်။
ထိုစဉ် အဒေါ်အာ့ပါးမှ မတ်တပ်ထရပ်လာ၍ ပြောသည်။
“ကျိုစစ် ဘာလို့အလျင်လိုနေတာလဲ။ ညစာစားသွားလိုက်ပါလား။ အဒေါ် အသားတချို့ လှီးချက်ပေးမယ်။ မင်းဦးလေးနဲ့အတူ သေရည်လေးဘာလေး သောက်သွားပေါ့”
“ဟားဟား မလုပ်ပါနဲ့၊ ကျေးဇူးတင်ပါတယ် အဒေါ်၊ ကျွန်တော်နဲ့ယွင်ကျင်းတို့ လုပ်စရာကိစ္စလေးရှိသေးလို့ သွားရတော့မှာမလို့ပါ။ ညစာက နောက်မှစားလို့ရပါတယ်”
“ကောင်းပြီ ဒါဆို အဒေါ်၊ ဦးလေး၊ ဟူဇစ် ငါတို့သွားပြီ”
ချန်ကျဲ့သည် စူးယွင်ကျင်းကို လက်ဆွဲခေါ်၍ ဦးလေးအာ့ပါး၏အိမ်မှ ထွက်ခွာလာခဲ့သည်။
ဦးလေးအာ့ပါး : “ခဏလေး၊ ငါမင်းတို့ကို လိုက်ပို့ပါရစေ…”
“ဦးလေး၊ ဦးလေး ကျွန်တော်တို့ကို လိုက်ပို့ဖို့ မလိုပါဘူး။ ဟူဇစ် မင်းပဲ မင်းအဖေအစား ငါတို့ကို လိုက်ပို့လိုက်တော့”
ချန်ကျဲ့ ထိုသို့ပြောလိုက်ပြီး ဦးလေးအာ့ပါးကို သူ၏ထိုင်ခုံဆီသို့ ညင်သာစွာဖြင့် ပြန်လည်ထိုင်စေခဲ့သည်။ ထိုအစား ဟူဇစ်ကို လိုက်ပို့စေသည်။
ထွက်ခွာသွားစဉ် ချန်ကျဲ့သည် ဟူဇစ်၏ပခုံးကို ဖွဖွပုတ်၍ပြောသည်။
“မင်း ကြိုးစားရမယ်နော် ကောင်လေး။ မင်းအဖေနဲ့ အမေကို မျက်နှာမပျက်စေနဲ့”
“ဟုတ်ကဲ့ပါ အစ်ကို၊ ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ”
ချန်ကျဲ့ ပြုံးလိုက်ပြီး စူးယွင်ကျင်းနှင့်အတူ ထွက်ခွာလာခဲ့သည်။
သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်နေရင်းဖြင့် အဒေါ်အာ့ပါးသည် ဦးလေးအာ့ပါးဘက်သို့ လှည့်ကြည့်၍ ပြောသည်။
“လူအိုကြီး ကျွန်မကို ဆွဲဆိတ်ပေးစမ်းပါ။ ကျွန်မ အိပ်မက်မက်နေတာလား သိရအောင်။ ကျွန်မတို့သားက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အလုပ်သမားဖြစ်လာတော့မှာလား”
“ဘာကိုဆွဲဆိတ်ရမှာလဲ။ မင်းက ဘာမဟုတ်တာလေးကို အရမ်းတွေစိတ်လှုပ်ရှားနေတော့တာပဲ။ ကျိုစစ်က ဘယ်တုန်းက လိမ်ပြောဖူးလို့လဲ”
“ဟုတ်တယ် ဟုတ်တယ် ဟီးဟီး…”
အဒေါ်အာ့ပါးသည် ကြောင်တိကြောင်တောင်နိုင်စွာ တစ်ခစ်ခစ်ရယ်မောနေ၏။
ဦးလေးအာ့ပါးမှ ပြောသည်။
“မင်းသိတာဆိုလို့ ရယ်ဖို့ပဲ။ ငါတို့ ကျိုစစ်ရဲ့ကြင်နာမှုကို မှတ်သားထားရမယ်။ အနာဂတ်မှာ ရှောင်ဟူကိုယ်တိုင် တစ်ခုခုစွမ်းဆောင်နိုင်တဲ့အခါကျရင် ငါတို့ ကျိုစစ်ကို ကျေးဇူးတင်မယ်”
“ဟုတ်တယ် ကျွန်မတို့ တကယ့်ကို သူ့ကိုကျေးဇူးတင်သင့်တယ်”
အဒေါ်အာ့ပါးသည် ဆက်လက်၍ ကြောင်တိကြောင်တောင်နိုင်စွာ ရယ်မောနေတော့သည်။
ဦးလေးအာ့ပါးမှ ပြောသည်။
“မင်းရဲ့ ရူးကြောင်ကြောင်ရယ်သံကြီးကို ရပ်လိုက်စမ်းပါ။ မင်းသာ ငါအရင်က ကျိုစစ်ကို ဂရုစိုက်ပေးဖို့ပြောတာကို နားမထောင်ခဲ့ရင် အခုလို သူအောင်မြင်တဲ့အချိန်မှာ ငါတို့ကို စဉ်းစားမိပါတော့မလား။ မိန်းမတွေက ကိုယ့်မျက်စိရှေ့ကအရာလောက်ကိုပဲ ကြည့်တတ်၊တွေးတတ်ကြတယ်”
အဒေါ်အာ့ပါးသည် ဦးလေးအာ့ပါးအား စိတ်မကောင်းဖြစ်ဟန်သော အမူအရာဖြင့် လှမ်းကြည့်သည်။
“ကျိုစစ်က အဲဒီလိုအခြေအနေဖြစ်နေမှတော့ ဘယ်သူက သူ့ကို ဂရုစိုက်မှာလဲ။ ရှင်တစ်ယောက်ပဲ၊ တုံးအလွန်းတဲ့ ရှင်တစ်ယောက်တည်းပဲ သူ့ကို အတင်းတွေ ကူညီချင်နေတာလေ!”
“အဲ့တော့ မင်းအခုအခြေအနေကို ဘယ်လိုထင်လဲ”
“ဟီးဟီး အခုကတော့ သေချာပေါက် ကျွန်မတို့အိမ်ရဲ့ အိမ်ထောင်ဦးစီးက အရမ်းအမြော်အမြင်ရှိတာပဲလို့ ပြောရမှာပေါ့ရှင်”
“အမြော်အမြင်တဲ့ ဟူး… အဲဒါက လူတွေမှာ တကယ်ရော ရှိရဲ့လား။ ငါက အင်း.. ငါက ငါ့စိတ်နှလုံးအတိုင်း မှန်မှန်ကန်ကန်နေထိုင်ဖို့ ကြိုးစားခဲ့ရုံပဲ။ ငါတို့ဦးလေးက တစ်ချိန်က ငါ့အပေါ် ကောင်းပေးခဲ့တယ်။ အဲဒါကြောင့် ငါတို့ကလည်း အပြန်အလှန်အနေနဲ့ ကျိုစစ်အပေါ် သေချာပေါက် ကောင်းပေးဖို့လိုတာပေါ့”
ဦးလေးအာ့ပါးမှ စကားပြောနေစဉ် ရှောင်ဟူ ပြန်ရောက်လာခဲ့သည်။ ရှောင်ဟူမှာ စိတ်လှုပ်ရှားနေကြောင်း အလွန်အမင်း သိသာနေပေသည်။
ဦးလေးအာ့ပါးသည် သားဖြစ်သူအား ခေါ်လိုက်သည်။
“ဟူဇစ်”
“အဖေ!”
ဟူဇစ်သည် ချန်အာ့ပါး၏အနီးသို့ လျှောက်လာနေပြီး ချန်အာ့ပါးမှ ပြောသည်။
“ငါမင်းကို ပြောစရာရှိတယ်”
“အဖေ ပြောပါ”
ဟူဇစ်သည် ချန်အာ့ပါးထံမှ အကြံပြုချက်များကို နားထောင်ရန်အတွက် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
“ဟူဇစ် ဒီလောကကြီးက အကြင်နာကင်းမဲ့တယ်။ ကိုယ်ကိုယ်တိုင် တစ်ဦးတည်းအားနဲ့ တစ်ခုခုစွမ်းဆောင်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး။ လူတွေအများကြီးက ကျေးလက်ဒေသမှာပဲ တစ်ဘဝလုံး ပိတ်မိနေကြရတာ”
“မင်းအစ်ကိုကျိုစစ်က သူ တစ်ခုခုစွမ်းဆောင်နိုင်တော့ မင်းကိုကူညီဖို့ သတိရတယ်။ ဒါက ငါတို့ တစ်မိသားစုလုံး ကျေးဇူးတင်နေရမယ့် အရမ်းကြီးမားတဲ့ ကျေးဇူးတရားပဲ”
“အဲဒါကြောင့် အနာဂတ်မှာ မင်းဘာပဲလုပ်ပါစေ မင်းအစ်ကိုကျိုစစ်ကို သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်မိစေဖို့ အမှတ်ရပါ။ မဟုတ်လို့ကတော့ တခြားသူတွေက မင်းအပေါ် ခွင့်လွှတ်မပေးနိုင်ရုံတင်မကဘူး၊ မင်းအဖေအရင်း ငါတောင်မှ မင်းကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ နားလည်လား”
ချန်အာ့ပါးသည် အလွန်အလေးအနက် ပြောဆိုခဲ့သည်။
ဟူဇစ် ခေါင်းညိတ်သည်။
“အဖေ မစိုးရိမ်ပါနဲ့။ အခုကစပြီး အစ်ကိုကျိုစစ် လုပ်ခိုင်းတာမှန်သမျှ ဘာဖြစ်ဖြစ် ကျွန်တော် အကုန်လုပ်မှာပါ။ ကျွန်တော် အဖေ့ကိုရော၊ အစ်ကိုကျိုစစ်ကိုရော စိတ်မပျက်စေရပါဘူး!”