ညီနောင်တို့ ဓားကိုလက်မှာ မြဲမြဲကိုင်ပြီး လိုက်ခဲ့ကြပါ
Vol. 5 Ch. 64
အိမ်ပြန်လမ်း၌ ချန်ကျဲ့သည် စူးယွင်ကျင်း၏လက်ကလေးကို သေချာဆုပ်ကိုင်ထားခဲ့သည်။
ထိုကဲ့သို့ သာမန်ဖြစ်ရပ်လေးသည် ဤခေတ်ကာလတွင်မူ အလွန်တရာ မြင်တွေ့ရခဲသော မြင်ကွင်းတစ်ခုဖြစ်နေခဲ့လေသည်။
မြေရှင်ပဒေသရာဇ်စနစ်ယဉ်ကျေးမှုသည် ချစ်ခြင်းမေတ္တာအား လူမြင်ကွင်းတွင် ထုတ်ဖော်ပြသခြင်းကို အားမပေးချေ။
သူတို့နှစ်ဦးလက်ကိုင်ထားသည့်မြင်ကွင်းသည် ဦးလေးအာ့ပါး၏အိမ်တွင်မူ အထူးအထွေ ကိစ္စမရှိပေ။ သို့သော် ဦးလေးအာ့ပါး၏ခြံဝင်းအပြင်သို့ ခြေချ၍ အခြားရွာသားများနှင့် ဆုံတွေ့သည့်အခါတွင်မူ စူးယွင်ကျင်းမှာ နားလည်သွားရသည်။
စူးယွင်ကျင်းသည် သူမ၏လက်ကို ချန်ကျဲ့လက်ထဲမှ ရုန်းထွက်ရန်ကြိုးစားသည်။
သို့သော် ချန်ကျဲ့သည် သူမ၏ အရိုးမရှိသည့်အလား နူးညံ့ပျော့ပျောင်းလှပါသော လက်ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
“ကျိုစစ် ဟေး ယောင်းမ!”
“ကျိုစစ် အပြင်သွားမလို့လား”
“ကျိုစစ် လမ်းလျှောက်ထွက်လာတာလား”
ရွာသားများသည် တစ်ယောက်ပြီးတစ်ယောက် ချန်ကျဲ့ကို နှုတ်ဆက်သွားကြသည်။ စူးယွင်ကျင်း၏မျက်နှာသည် ဆူပွက်အောင်တည်ထားသည့် ရေနွေးအိုးအလား နီရဲနေတော့သည်။
အထူးသဖြင့် ရွာသားများသည် သူမကိုပါ နှုတ်ဆက်သွားသည့်အခါတွင် ဖြစ်သည်။ တစ်ယောက်ယောက်မှ သူမ၏ခြေဖဝါးကို ကုတ်ခြစ်နေသည့်အလား အသည်းယားစေ၏– ခံနိုင်ရည်ရှိဖို့ရာအတွက်မူ များလွန်းနေပြီး ထူးထူးဆန်းဆန်း ပီတိလည်းဖြစ်စေသည်။ သို့ဖြစ်ရာ သူမ၏တစ်ကိုယ်လုံးမှာ အပူချိန်လွန်ကဲနေတော့သည်။
ဤခေတ်ကာလကို မဆိုထားနှင့် လက်ရှိရောက်ရှိနေသော နောက်ဆုံးသောရာစုနှစ်တွင်ပင် ကျေးလက်ဒေသတွင် စုံတွဲတစ်တွဲ လက်တွဲလမ်းလျှောက်ခြင်းသည် လက်ညှိုးထိုးခံရကာ လှောင်ပြောင်ခံရနိုင်ပေသည်။
လမ်းတစ်လျှောက်လုံး၌ စူးယွင်ကျင်းသည် စာကလေးငှက်လေးကဲ့သို့ ပါးပြင်တို့မှာ ရှက်သွေးဖြာနေကာ သူမ၏ဦးခေါင်းအား သူမ၏ရင်အုံအတွင်း ကွယ်ဝှက်ထားချင်သည့်အလား ခေါင်းငုံ့ထားပေသည်။
ထိုအခိုက်အတန့်၌ ချန်ကျဲ့မှ ပြောသည်။
“ယွင်ကျင်း ကိုယ်မင်းကို ပြောစရာရှိတယ်။ ကြည့်ရတာ ကိုယ်တို့ဒီနေ့ ဈေးကိုမသွားနိုင်တော့ဘူးထင်တယ်။ ကိုယ် ဆရာ့အိမ်ကို ပြန်သွားရမယ်”
“အမ်း”
ထိုအခါ စူးယွင်ကျင်း ခေါင်းမော့လာသည်။
ချန်ကျဲ့ ဆက်ေပြာသည်။
“ယွီစန်းလျို့ရဲ့အစေခံတွေကို ရိုက်လိုက်တာနဲ့ပတ်သက်ပြီးတော့ ကိုယ် ဦးလေးကျုံးနဲ့ ဆွေးနွေးဖို့လိုတယ်။ မဟုတ်ရင် ပြဿနာဖြစ်လာနိုင်တယ်”
“အင်းပါ ယောက်ျား၊ အရေးကြီးကိစ္စတွေက နှောင့်နှေးလို့မဖြစ်ဘူးလေ”
“ပြီးတော့ ကျွန်မလည်း ရှင့်ကို ကျွန်မ ဈေးကို မသွားချင်တော့ဘူးဆိုတဲ့အကြောင်း ပြောမလို့ပဲ။ မြို့က ယွီမိသားစုရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာ။ သူတို့က ရွာထဲမှာတောင် ပေါ်ပေါ်ထင်ထင်ပဲ လူကိုအတင်းခေါ်ယူရဲကြတယ်၊ မြို့မှာဆို ပိုလို့တောင် အန္တရာယ်များနိုင်တယ်…”
ထိုအခါ ချန်ကျဲ့ အသိအမှတ်ပြုသံတစ်ချက်ပြုလိုက်သည်။
သူ၏မျက်လုံးများထဲတွင် လူသတ်လိုခြင်းအငွေ့အသက်များ ထင်ဟပ်နေသည်။
ဒီယွီစန်းလျို့ကို သည်းခံနေလို့ မဖြစ်တော့ဘူး။ ငါ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် အန္တရာယ်ပေးဖို့ကြိုးစားနေတဲ့အပြင် ငါ့ဇနီးကိုတောင် ကြံစည်လိုက်သေးတယ်။ သူ့ကို အသက်ရှင်လျက် ဆက်ထားရင် ဘေးဒုက္ခတွေကို ဖိတ်ခေါ်သလိုပဲ ဖြစ်နေလိမ့်မယ်။
ဒါပေမဲ့ ငါ့မှာ အခုထိ သူ့ကိုသတ်ဖို့အတွက် လိုအပ်ချက်တွေ မပြည့်စုံသးဘူး။
တစ်အချက် ယွီစန်းလျို့က လွန်ခဲ့တဲ့သုံးနှစ်က အရေပြားသန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး အစစ်အမှန် သိုင်းပညာရှင်တစ်ဦးဖြစ်တယ်ဆိုတာကို မကြာခင်က သိခဲ့ရတယ်။
ငါ မြန်မြန်ဆန်ဆန်တိုးတက်ရင်တောင်မှ ငါက အရေပြားသန့်စင်ခြင်းအဆင့်ကို ရောက်နိုင်ဖို့ဆို နည်းနည်းအလှမ်းဝေးနေသေးတယ်။ ပြီးတော့ ယွီစန်းလျို့ရဲ့ အရေပြားသန့်စင်ခြင်းအဆင့်က ဒီသုံးနှစ်အတွင်းမှာ တိုးတက်နေပြီးလောက်ပြီ မဟုတ်ဘူးလား။
ပြီးတော့လည်း ချောင်ကုန်သည်အဖွဲ့ရဲ့ အင်အားနောက်ခံနဲ့ ကျေးလက်ဒေသအာဏာရှင်လေးအဆင့်ပဲရှိတဲ့ ယွီမိသားစုက လူကိုရှိန်စေလောက်တဲ့ သိုင်းကျင့်စဉ်အချို့ကို ပိုင်ဆိုင်ထားတယ်တဲ့လေ။
ငါက အခြေခံကျတဲ့ ဘိုးဘေးကြီးလက်သီးသိုင်းကိုပဲ သိသေးတာ။ ငါတို့ တကယ်ပဲ တိုက်ခိုက်ကြမယ်ဆိုရင် အသာစီးရမယ့်သူက ငါမဟုတ်နေမှာ စိုးရိမ်ရတယ်။
သို့ဖြစ်ရာ ချန်ကျဲ့ နောက်ထပ်လုပ်ဆောင်ရမည့် တာဝန်များမှာ အရေပြားသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန်၊ အင်အားကြီး သိုင်းကျင့်စဉ်အချို့ ရှာဖွေရန်နှင့် နောက်ဆုံးတာဝန်မှာ ယွီစန်းလျို့ကို သတ်ဖြတ်ရန်အတွက် သင့်တော်သည့်အခွင့်အရေးကို ရှာဖွေရန်တို့ဖြစ်သည်။
ယွီစန်းလျို့ကို မသတ်ရသေးခင်တော့ ယွင်ကျင်းကို အပြင်မထွက်ခိုင်းပဲ ကန့်သတ်ထားဖို့ပဲ တတ်နိုင်တော့မယ်။
ကံကောင်းထောက်မစွာဖြင့် စူးယွင်ကျင်းသည် ဉာဏ်ထက်မြက်သော အမျိုးသမီးဖြစ်လေရာ သူမကိုယ်တိုင်ကပင် မြို့သို့မသွားတော့ရန် ဦးစွာပြောလာခဲ့ပေသည်။
ချန်ကျဲ့ လမ်းတစ်လျှောက်လုံး တွေးတောနေစဉ် စူးယွင်ကျင်းမှ ရုတ်တရက် မေးလာခဲ့သည်။
“ယောက်ျား ရှင် မာလျို့ကို သတ်ခဲ့တာလား”
ချန်ကျဲ့ ထိတ်လန့်သွား၏။ ချန်ကျဲ့ သူမကို လှည့်ကြည့်လိုက်ပြီး ဘာမျှမပြောဘဲ ပြုံးပြလိုက်သည်။
စူးယွင်ကျင်း နားလည်လိုက်သည်။ ခေါင်းငုံ့လျက် ရှေ့မှလျှောက်သွားသည့် ချန်ကျဲ့၏ပုံရိပ်ကိုကြည့်လျက် စူးယွင်ကျင်းသည် မိမိမှာ သူ လူသတ်လိုက်ခြင်းကြောင့် ကြောက်ရွံ့၍ သူနှင့် အကွာအဝေးခြားနားနေလိုသည်ဟု သူ ခံစားသွားရနိုင်ကြောင်း တွေးမိလိုက်သည်။
သို့သော် သူမ အဘယ်သို့များ ထိုသို့ကြောက်ရွံ့စိတ် ခံစားရပါအံ့နည်း။
သူလုပ်ခဲ့သမျှ အရာအားလုံးမှာ သူမတို့မိသားစုအတွက်သာ မဟုတ်ပါလော။
ဤအရာအားလုံးကို တစ်ဦးတည်း ထမ်းပိုးထားရခြင်းမှာ အလွန်တရာ ပင်ပန်းပေလိမ့်မည်။
ထိုအတွေးဖြင့် စူးယွင်ကျင်းသည် သူမ၏သဘောဆန္ဒဖြင့် ချန်ကျဲ့၏လက်ကို ပို၍တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ချန်ကျဲ့ သူမကို လှည့်ကြည့်လာသည်။
နှစ်ဦး၏ အကြည့်များ ဆုံစည်းသွားကြပြီး ချစ်ခြင်းမေတ္တာများ လှိုက်တက်လာသည်။ သူတို့၏နှလုံးသားမှာ ပို၍နီးကပ်သွားသည့်အလား ခံစားရပေသည်။
စူးယွင်ကျင်းကို အိမ်ပြန်လိုက်ပို့၍ တံခါးကို သေချာ မင်းတုံးချစေပြီးနောက် ချန်ကျဲ့သည် ပိုင်မိသားစုနေအိမ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။
အကြောင်းတိုက်ဆိုင်လှစွာ ဝူကျုံးသည် ငါးကြင်းကြီးနှစ်ကောင်ကို သယ်ယူ၍ ငါးဖမ်းကုန်သည်အဖွဲ့မှ ပြန်လာခဲ့သည်တွင် ချန်ကျဲ့နှင့် ခြံတံခါးပေါက်၌ ဆုံတွေ့ကြသည်။
“ဦးလေးကျုံး!”
“အို ကျိုစစ်၊ မင်းရောက်လာတာ အချိန်ကိုက်ပဲ။ ငါ ငါးနှစ်ကောင်ဖမ်းမိလာတယ်။ မင်းအဒေါ်ကို ဒီည ငါးချိုချဉ်ဟင်းလေး ချက်ခိုင်းရမယ်”
“ကျေးဇူးတင်ပါတယ် ဦးလေးကျုံး၊ ဒါပေမဲ့ ကျွန်တော် ဦးလေးနဲ့ ဆွေးနွေးချင်တာလေးရှိပါတယ်”
“ပြောပါ”
ချန်ကျဲ့၏ တည်ကြည်လေးနက်နေမှုကို မြင်သောအခါ ဝူကျုံးသည်လည်း ချန်ကျဲ့ကို လေးနက်စွာ ပြန်ကြည့်လာသည်။
ဒီလိုပါ…
ချန်ကျဲ့ အဖြစ်အပျက်တစ်ခုလုံးကို ရှင်းပြခဲ့သည်။ ဝူကျုံးမှ မျက်လုံးတို့မှေးကျဉ်းလျက် မေး၏။
“အခု အဲဒီလူတွေ ဘယ်မှာလဲ”
“ကျွန်တော် ဒီကိုလာတဲ့လမ်းမှာ တစ်ချက်ကြည့်ခဲ့တာတော့ သူတို့တွေ အရှေ့ဘက်မြစ်မှာ လဲနေကြတုန်းပါပဲ”
“ကောင်းပြီ၊ မင်းဒီကိစ္စကို နောက်ထပ် စိုးရိမ်နေဖို့ မလိုတော့ဘူး။ ငါဖြေရှင်းလိုက်မယ်”
ထို့နောက် ဝူကျုံးသည် ချန်ကျဲ့ကို ငါးကြင်းကြီးတစ်ကောင် ကမ်းပေး၍ ပြောသည်။
“ဒီငါးကို ယွင်ကျင်းစားဖို့ အိမ်ပြန်ယူသွားလိုက်။ သူ့လို မိန်းကလေးငယ်လေးက အတော်လေး ကြောက်သွားမှာပဲ။ သူ့အနားမှာ များများသွားပြီး အဖော်ပြုပေးလိုက်ပါ။ ငါမင်းကို ညစာအတူစားဖို့ ဆွဲမထားတော့ဘူး”
“အာ ဦးလေး ဒါက…”
“ရပြီ၊ ငါ့အပေါ် ယဉ်ကျေးနေဖို့မလိုဘူး၊ သွားတော့”
ဝူကျုံးသည် လက်ဝှေ့ရမ်းလိုက်ပြီး ချန်ကျဲ့ကို အိမ်သို့ တန်းတန်းမတ်မတ် ပြန်လွှတ်လိုက်လေသည်။
ထို့နောက် ဝူကျုံးသည် ခြံဝင်းထဲသို့ဝင်၍ ငါးကြင်းကို မီးဖိုချောင်ထဲတွင် သွားထားသည်။ သခင်မပိုင်အား ဖြေရှင်းစရာ ကိစ္စလေးရှိသည်ဟု ပြောခဲ့ပြီးနောက် ချက်ချင်း အိမ်မှ ပြန်ထွက်လာခဲ့သည်။
ဝူကျုံးသည် အကွာအဝေးတစ်ခုသို့ လျှောက်လာခဲ့ပြီးနောက် အိမ်တံခါးတစ်ခုရှေ့တွင်ရပ်၍ တံခါးခေါက်လိုက်သည်။ ထိုအခါ ငါးဖမ်းကုန်သည်အဖွဲ့ တပည့်တစ်ဦး ထွက်လာသည်။
“ဦးစီးမှူး!”
ဝူကျုံး အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ချက်ချင်းပြောသည်။
“ငါးဖမ်းကုန်သည်အဖွဲ့ကို သွားပြီး ညီနောင်နည်းနည်းလောက်ကို ငါနဲ့အတူ လိုက်ခဲ့ဖို့ပြောလိုက်ပါ။ ငါတို့ တခြားသူ အနိုင်ကျင့်ခံရတယ်လို့!”
“ဟုတ်ကဲ့ပါ”
အမိန့်ကို လက်ခံရရှိပြီးသည်နှင့် ငါးဖမ်းကုန်သည်အဖွဲ့ တပည့်သည် အမိန့်ကို တစ်ဆင့်ပြန်ကြားရန်အတွက် ငါးဖမ်းကုန်သည်အဖွဲ့သို့ ချက်ချင်း အပြေးသွား၏။
ထိုအချိန်၌ ငါးဖမ်းကုန်သည်အဖွဲ့သည် အလုပ်မသိမ်းသေးပေ။ ဦးစီးမှူးဖြစ်သော ဝူကျုံးသည် အလုပ်စောစောသိမ်း၏။ သို့သော် ငါးဖမ်းကုန်သည်အဖွဲ့၏ အခြားအလုပ်သမားများမှာမူ နောက်ကျမှ အလုပ်သိမ်းကြပေသည်။
ငါးဖမ်းကုန်သည်အဖွဲ့ တပည့်သည် အမိန့်ကိုလက်ခံပြီးသည်နှင့်တစ်ပြိုင်နက် ငါးဖမ်းကုန်သည်အဖွဲ့သို့ ပြေးသွား၍ အော်ပြောခဲ့သည်။
“ညီနောင်တို့ အဖွဲ့ကိုစောင့်ကြပ်ဖို့ နှစ်ယောက်ပဲ ချန်ခဲ့ပြီး ကျန်တဲ့သူတွေက ကိုယ့်လက်နက်ကိုဆွဲယူပြီး ငါနဲ့အတူ လိုက်ခဲ့ကြပါ။ ငါတို့ညီနောင် အနိုင်ကျင့်ခံရတယ်!”
ထိုစကားတို့ကိုကြားသည်နှင့်တစ်ပြိုင်နက် ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားများသည် အားမာန်ကင်းမဲ့လျက် ထိုင်းမှိုင်းနေကြသော အခြေအနေမှ ရုတ်ချည်း လန်းဆန်းတက်ကြွလာကြလေသည်။
မည်သူမှန်း မသိရေသာ အလုပ်သမား တစ်ယောက်မှ အော်ပြော၏။
“-ျီးပဲ!”
ထို့နောက် တစ်ခဏအတွင်း၌ လူတစ်အုပ်သည် ငါးဖမ်းကုန်သည်အဖွဲ့ထဲမှ ငါးသတ်ဓားများနှင့် အမျိုးမျိုးသော တုတ်လက်နက်များကို ထုတ်ယူခဲ့ကြပြီး အမိန့်ပြန်ကြားပေးသည့် တပည့်နောက်မှလိုက်၍ အရှေ့ဘက်မြစ်သို့ ချီတက်ခဲ့ကြသည်။
ဝူကျုံးသည် ထိုနေရာတွင် စောင့်ဆိုင်းနေ၏။
လူအုပ်စုကြီးသည် အရှေ့ဘက်မြစ်သို့ရောက်သောအခါ မြေပြင်ပေါ်တွင် လဲကျနေသည့် ယွီမိသားစုအိမ်အစေခံများကို မြင်တွေ့လိုက်ကြသည်။
လူးလဲပေပွနေအောင် အရိုက်ခံထားရသော ထိုအိမ်အစေခံများသည် သတိလစ်နေကြဆဲပင်။ အိမ်အစေခံနှစ်ဦးသည် သတိပြန်လည်နေပြီဖြစ်၏။ သို့သော် သူတို့မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဓားများ၊ တုတ်များ လက်နက်ကိုင်ဆောင်ထားသည့် အမျက်ဒေါသထွက်နေဟန်ရသော လူ၅၀ကျော်ခန့်ကို မြင်တွေ့လိုက်ရလေသည်။ သို့ဖြင့် အသံပင်မထွက်လိုက်နိုင်ဘဲ ကြောက်ရွံ့မှုကြောင့် သတိပြန်လစ်သွားတော့သည်။
ထိုအချိန်တွင် သင်္ဘောခေါင်းဆောင်ကျောင်းရွှမ်လည်း ရောက်ရှိနေခဲ့သည်။ သူသည်လည်း မြေပြင်ပေါ်ရှိ မျက်လုံးအိမ်တို့ လည်ထွက်လျက် ပေါင်ခွကြားနေရာကို ဆုပ်ကိုင်၍ ညည်းတွားနေကြသည့် ယွီမိသားစုအိမ်အစေခံများကို မြင်လိုက်ရသည်။
ကျောင်းရွှမ်မှာ မထိန်းချုပ်နိုင်စွာ အသက်ပြင်းပြင်း ရှူသွင်းမိသွားရသည်။
ဒါကြီးက တကယ့်ကို အကြင်နာကင်းမဲ့လိုက်လေခြင်းပဲ!
အခြားသော ငါးဖမ်းကုန်သည်အဖွဲ့ အလုပ်သမားများသည်လည်း တရွရွခံစားလိုက်ရသည်။
အမျိုးသားတိုင်းသည် ၎င်းနေရာကို အရိုက်ခံရခြင်းအား စာနာပေးနိုင်လေသည်။ ခံစားချက်အား ကိုယ်ချင်းစာပေးနိုင်၏။
၎င်းသည် လက်ရမ်းတစ်ခုပေါ်တွင် စကိတ်စီးနေသည့် ဗီဒီယိုတစ်ခုကို ကြည့်နေစဉ် ရုတ်တရက် စကိတ်ချော်ထွက်သွားပြီး စကိတ်စီးနေသည့်လူမှာ လက်ရမ်းပေါ်သို့ ခွလျက်အနေအထားဖြင့် ပြုတ်ကျသွားခြင်းကို မြင်တွေ့လိုက်ရခြင်းကဲ့သို့ ဖြစ်သည်။ ၎င်းနာကျင်မှုအား ဖန်သားပြင်ကို ဖြတ်သန်း၍ပင် ခံစားမိနိုင်ပေသည်။
ကျောင်းရွှမ်မှ ဝူကျုံးကို ပြောသည်။
“အစ်ကိုဝူ ဒါ အစ်ကိုလုပ်ထားတာလား”
ဝူကျုံး ကျောင်းရွှမ်သို့ ပြန်လှည့်ကြည့်၍ ရယ်မောလိုက်သည်။
“မဟုတ်ပါဘူး”
“ဒါဆို ဘယ်သူလုပ်တာလဲ”
အခြားသော ငါးဖမ်းကုန်သည်အဖွဲ့သားများသည်လည်း ဝူကျုံးကို ကြည့်နေကြသည်။ သူတို့သည် မည်သူကများ ဤသို့ အကြင်နာကင်းမဲ့သော ရိုက်ချက်များဖြင့် တိုက်ခိုက်ခဲ့သည်ကို အရမ်းသိချင်နေကြ၏။ ထိုလူအား သိရလျှင် အနာဂတ်တွင် ထိုလူအား မပြစ်မှားမိစေရန် ဝေးဝေးရှောင်ရပေမည်။
ဝူကျုံး ရယ်မောလျက် ပြောလိုက်သည်။
“ငါ့ယောက္ခထီးရဲ့တပည့် ချန်ကျိုစစ်ပါ။ သူ မနက်ဖြန်ကျ ငါးဖမ်းကုန်သည်အဖွဲ့ကို လာလိမ့်မယ်”
“စစ်… သူလုပ်တာကိုး!”
အားလုံးသည် ထိုစကားကိုကြားသည်နှင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။ ချန်ကျိုစစ်သည် ခပ်ပေါ့ပေါ့သဘောထား၍ ထိပါးမရသူဟူ၍လည်း မှတ်သားလိုက်ကြသည်။ သူ၏ကြောက်စရာကောင်းလွန်းသည့် တိုက်ခိုက်မှုများကို ကြည့်ပါလေ။ ထိုသို့ မချိမဆံ့နာကျင်မှုမျိုးကို မည်သူမျှ မခံစားလိုကြပါချေ။
ကျောင်းရွှမ်သည်လည်း ချန်ကျိုစစ်အား အပြင်းအထန်တိုက်ခိုက်တတ်သူတစ်ဦးအဖြစ် မှတ်ယူထားလိုက်သည်။
“ဒါဆို အစ်ကိုဝူ၊ ကျွန်တော်တို့က ဘာလုပ်ရမလဲ”
အခြားအဖွဲ့သားများသည်လည်း သိချင်နေကြ၏။
တကယ်ကြီး ချန်ကျိုစစ်က ဒီလူတွေအကုန်လုံးကို ရိုက်လိုက်တာဆိုရင် သူတို့က ဒီမှာဘာလုပ်ရမှာလဲ။ သူတို့ အနိုင်ရပြီးနေပြီ မဟုတ်ဘူးလား။
ထိုအခါ ဝူကျုံးမှ ပြောသည်။
“သူတို့ကိုရိုက်လိုက်တာနဲ့ပဲ ပြဿနာကို ဖြေရှင်းပြီးသွားရောလား”
“ညီနောင်တို့ ချောင်ကုန်သည်အဖွဲ့က ငါတို့ကို အရမ်းအနိုင်ကျင့်လွန်းတယ်!”
ဝူကျုံးသည် အဖြစ်အပျက်ကို ငါးဖမ်းကုန်သည်အဖွဲ့သားများအား ပြန်ပြောပြလိုက်သည်။ အဖွဲ့သားများသည် အံ့ဩနေကြ၏။
ဘာပြောလိုက်တယ်။ ချောင်ကုန်သည်အဖွဲ့က ငါးဖမ်းကုန်သည်အဖွဲ့က ညီနောင်တစ်ယောက်ရဲ့ဇနီးကို နေ့ခင်းကြောင်တောင်ကြီးမှာ လုယက်ရဲတယ်ပေါ့လေ။ ဒါက လုံးဝ သည်းမခံနိုင်စရာပဲ!
သေချာပေါက် တရားမျှတမှု ပြန်ယူရမယ်။
ကျားက ဟိန်းဟောက်မနေတာနဲ့ပဲ ငါတို့ကို နာမကျန်းတဲ့ကြောင်တစ်ကောင်လို့ မြင်နေရော့လား။
ဒီကိစ္စကို သေချာပေါက် စာရင်းရှင်းရမယ်!
ဝူကျုံးသည် စိတ်ခံစားချက်များဖြင့် ဒေါသပေါက်ကွဲနေကြသော ငါးဖမ်းကုန်သည်အဖွဲ့သားများကိုကြည့်၍ တွေးလိုက်သည်။
ကောင်းတယ်၊ အဖွဲ့သားတွေရဲ့နှလုံးသားက ငါနဲ့အတူရှိနေတယ်။
ဝူကျုံး လက်ဟန်ပြလိုက်သည်။
“လာကြ၊ ဒီလူတွေကို သယ်ပြီးတော့ ငါနဲ့အတူ ချောင်ကုန်သည်အဖွဲ့ဆီကို တရားမျှတမှုတောင်းဆိုဖို့ လိုက်ခဲ့ကြ!”
“တရားမျှတမှု တောင်းဆိုမယ်!”