ယွီပင်း : လတ်တလောမှာ ဘာပြဿနာမှ မဖြစ်စေနဲ့!
Vol. 5 Ch. 65
ရှန်းထောင်မြို့၊ ယွီမိသားစု။
ယွီပင်းသည် ပုဝါနွေးတစ်ထည်ကိုကိုင်၍ နီရဲရောင်ရမ်းနေသည့်မျက်နှာကို ဖိကပ်နေသည်။ အိမ်တော်ထိန်းသည် ယွီပင်း၏ဘေးတွင် ရပ်နေကာ ယွီစန်းလျို့သည် ယွီပင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
“ကျစ်… အား…”
ယွီပင်း စကားပြောရန်ကြိုးစားလိုက်သည်။ သို့သော် နှုတ်ခမ်းလှုပ်လိုက်တိုင်းတွင် မျက်နှာကြွက်သားများကိုပါ အားယူရသည်ဖြစ်ရာ နာကျင်မှုကြောင့် ပင့်သက်ရှိုက်မိသွားရသည်။
တစ်ပြိုင်နက်တည်းပင် ယွီပင်းသည် နီမန့်ဇစ်ကိုလည်း နက်နက်ရှိုင်းရှိုင်း မုန်းတီးနေတော့သည်။
ထိုအရိုင်းအစိုင်းကောင်သည် သူ့အကြောင်းများ စုံစမ်းခဲ့ဖူးသည့်အကြောင်းကို ဘယ်လိုသိလာခဲ့သည် မသိပေ။ ညဉ့်နက်အချိန်ကြီးတွင် သူ့အခန်းထဲသို့ ခိုးဝင်လာခဲ့ပေသည်။
ယခုအချိန်ထိတိုင် ယွီပင်းမှာ ကြောက်မက်ဖွယ်မြင်ကွင်းကြီးကို ဝိုးတဝါး အမှတ်ရနေဆဲဖြစ်သည်။
ထိုနေ့က ယွီပင်းသည် သူ၏တတိယမြောက်ကြင်ယာတော်ကို ပွေ့ဖက်၍ အဝတ်ချွတ်နေစဉ် နောက်ဘက်မှ အသံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။
“အကူအညီလိုသေးလား”
ယွီပင်းသည် လက်နက်ထုတ်ယူရန် ပြင်လိုက်သော်ငြား အသံသည် သူ့ကို အလွန်တရာ ထိတ်လန့်သွားစေခဲ့သောကြောင့် ခေါင်းငုံ့လိုက်မိသည်။
အမျက်ဒေါသဖြင့် ယွီပင်း ကျိန်ဆဲလိုက်သည်။
“ငါ့ရဲ အချိန်ကောင်းလေးကို ဖျက်ဆီးတာ ဘယ်မျက်စိကန်းနေတဲ့ ငတုံးကောင်လဲကွ။ မင်းမေ…”
ယွီပင်းမှာ ကျိန်ဆဲသည့်စကားလုံးကို အဆုံးမသတ်နိုင်လိုက်ပေ။ ထိပ်ပြားဇွန်းကားကဲ့သို့ လက်သဏ္ဍာန်ကြီး သူ့ထံသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရ၏။
ထိုအချိန်တွင် ယွီပင်းသည် ရှန်းထောင်မြို့၌ မိမိအား ယှဉ်နိုင်သူမရှိဟု ယုံကြည်ချက်အပြည့်ရှိနေခဲ့သည်။ သို့သော် သူ့ထံဦးတည်တိုက်ခိုက်သည့် ထိုလက်ဖဝါးရိုက်ချက်မှာမူ ကြောက်မက်ဖွယ်ကောင်းလှ၏။
ယွီပင်းသည် ထိုလက်ဖဝါးရိုက်ချက် နီးကပ်လာနေသည်ကို ခံစားမိနိုင်သည့် အသိသတိရှိသည်။ သို့သော် ၎င်းကို မဟန့်တားနိုင်ပေ။ သို့ဖြင့် ဖြန်းခနဲအသံနှင့်အတူ သူ၏ဘယ်ဘက်ပါးပြင်မှာ ရောင်ကိုင်းသွားခဲ့သည်။
“မင်းမေယိုးတဲ့မှ~”
ယွီပင်းမှ နောက်ထပ် ညစ်ပတ်သည့်စကားလုံးများ ထပ်မပြောနိုင်မီတွင် မျက်နှာပေါ်သို့ နောက်ထပ် ရိုက်ချက်တစ်ချက် ထပ်မံကျရောက်လာခဲ့သည်။
ထိုရိုက်ချက်သည် ယွီပင်ကို ရုတ်ချည်းနိုးကြားသွားစေခဲ့သည်။ တစ်ပြိုင်နက်တည်းပင် သူ၏ညာဘက်ပါးသည်လည်း ရောင်ကိုင်းသွားခဲ့၏။ ပါးနှစ်ဖက်မှာ အတော်လေး အချိုးညီသွားခဲ့ပေပြီ။
နောက်ဆုံးတွင်တော့ ယွီပင်းသည် သူ၏အခန်းထဲသို့ ဝင်ရောက်လာသူမှာ မည်သူဖြစ်ကြောင်းကို မြင်တွေ့သွားခဲ့ပြီဖြစ်၏။
သိုင်းလောကအဝတ်အစားများ ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ကန်တော့ချွန်ဝါးခမောက်ကို ဆောင်းထားသည်။ မျက်နှာကို သေချာကြည့်ရှုလိုက်သောအခါ ထိုလူ၏မျက်နှာထက်တွင် ကြမ်းကြုတ်သည့်အမာရွတ်ကြီး ရှိနေ၏။
“နီမန့်… မဟုတ်ဘူး သူရဲကောင်းနီ!”
သိုင်းသမားသည် သွားပေါ်သည်အထိ ပြုံးရယ်ပြ၏။
“ငါ့အထင် မင်းက သခင်ကြီးယွီမလား”
“သူရဲကောင်းကြီးက နောက်နေပါပြီဗျာ၊ ကျွန်တော့်ကို ယွီပင်းလို့ပဲ ခေါ်ပါ။ သူရဲကောင်းကြီးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သခင်ကြီးလို့ မသတ်မှတ်ရဲပါဘူး”
“အို အချိန်အခါသိတတ်သားပဲ။ ဒါပေမဲ့ ငါကြားတာတော့ မင်းငါ့ကိုရှာနေတာဆို”
“မဟုတ်ပါဘူး မဟုတ်ပါဘူး!”
“ဟက် မဟုတ်ဘူးတဲ့လား။ ဒါပေမဲ့ မင်းရဲ့စာဖတ်ခန်းထဲမှာ ဒါကိုရှာတွေ့ခဲ့တယ်ကွ၊ အဲဒါလည်း မဟုတ်သေးဘူးလား”
သိုင်းသမားသည် ယွီပင်း၏မျက်နှာကို ဖမ်းဝရမ်းစာရွက်ဖြင့် ရိုက်လိုက်သည်။ ဖမ်းဝရမ်းကိုမြင်သောအခါ ယွီပင်မှာ ကြောက်ရွံ့မှုကြောင့် မလှုပ်မရှားဝံ့ဘဲ ဖြစ်သွားရ၏။ ထို့ေနာက် ဒုန်းခနဲ အသံနှင့်အတူ ဒူးထောက်ချလိုက်သည်။
“သူရဲကောင်းကြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ!”
သိုင်းသမားသည် ယွီပင်းကိုကြည့်လျက် ပြောသည်။
“ဒါဆို ငါ့ကိုပြောပါဦး၊ ဒီဟာကို ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ”
“အင်း ကျွန်တော့်ရဲ့တတိယမြောက်ကြင်ယာတော်ကို သူရဲကောင်းကြီးကို ဆက်သလို့ရမလား”
ယွီပင်းသည် မျှော်လင့်ချက်ကြိုးတစ်မျှင်ကို ဖက်တွယ်ထားလျက် အလှလေးဖြင့် ကမ်းလှမ်းသည်။ သို့သော် သိုင်းသမားမှ ပြန်ပြောသည်။
“ငါက သုံးပြီးသားပစ္စည်းတွေကို မကြိုက်ဘူး!”
“ဒါဆို ကျွန်တော် မနက်ဖြန်ကျ သူရဲကောင်းကြီးအတွက် အသစ်တစ်ယောက် ရှာပေးရမလား”
ယွီပင်းသည် မဝံ့မရဲဖြင့်မေးသည်။
သိုင်းသမားသည် ယွီပင်းကို တစ်ချက်ကန်ထည့်လိုက်ပြီး ပြော၏။
“မနက်ဖြန်အထိ မစောင့်နိုင်ဘူး!”
“ဒါက… သူရဲကောင်းကြီးရယ် ကျွန်တော့်ကို တမင်အခက်တွေ့အောင် လုပ်နေတာတော့ မဟုတ်ပါဘူးနော်။ အိမ်ကြက်တွေတောင်မှ မငယ်ရွယ်နိုင်တော့တာကို သူရဲကောင်းကြီးက…”
“ငွေပဲပေး…”
သို့ဖြင့် ယွီပင်းသည် ငွေတုံးတစ်ထောင် ခြိမ်းခြောက်ငွေညှစ်ခံလိုက်ရပေသည်။
ငွေလက်မှတ်စာရွက်ကို အိတ်ထဲသို့သိမ်းယူ၍ ထွက်သွားသည့် သိုင်းသမားကိုကြည့်လျက် ယွီပင်း၏စိတ်နှလုံးမှာ ယူကျုံးမရ ခံစားနေရတော့သည်။
ဒီငွေတုံးတစ်ထောင် စုဆောင်းမိဖို့အတွက် ငါ့မှာ ဘယ်လောက်များတဲ့ မသမာမှုတွေကို ကျူးလွန်ခဲ့ရသလဲကွာ!
ယွီမိသားစု၏ လောင်းကစားရုံသည် သင့်တင့်လျောက်ပတ်သည့် ငွေကြေးပမာဏကို ရှာဖွေပေးနိုင်သည့်တိုင် ၈၀ရာခိုင်နှုန်းကို ကုန်သည်အဖွဲ့သို့ ပြန်လည်ပေးအပ်ရပြီး သူတို့အတွက် ၂၀ရာခိုင်နှုန်းသာ ရရှိသည်ဖြစ်၏။
ယွီပင်းသည် ရောင်ကိုင်းနေသည့်မျက်နှာကို ပုဝါနွေးဖြင့် ဖိနေရင်း မည်သည့်သတင်းပေး၏လက်ချက် ဖြစ်လိမ့်မည်နည်းဟု တွေးတောနေခဲ့သည်။ သို့သော် ဤအခြေအနေတွင် စုံစမ်းစစ်ဆေးရန်လည်း ပေါ်ပေါ်ထင်ထင် လူမလွှတ်ရဲပါချေ။
အကယ်၍ နီမန့်ဇစ်သာ သူ့နဲ့ပတ်သက်တဲ့ကိစ္စကို စုံစမ်းနေတဲ့အကြောင်း ထပ်သိသွားခဲ့ရင်…
ငါသူ့ကို လက်စားချေဖို့ စီစဉ်နေတာလို့ တွေးသွားနိုင်လောက်တယ်…
အဲဒီအခါကျရင် နှစ်ချက်လောက် အရိုက်ခံရရုံနဲ့ ဖြေရှင်းနိုင်ပါတော့မလား။
ယွီပင်းသည် သူ၏မျက်နှာကို ဆေးထည့်နေရင်း မချိတင်ကဲ စဉ်းစားနေသည်။
ရှေ့ဖြစ်ဟောဆရာက ဒီနှစ်က သူ့အတွက် ကံမကောင်းတဲ့နှစ်မလို့ အနီရောင်အတွင်းခံ ဝတ်သင့်တယ်လို့ပြောခဲ့တာ မထူးဆန်းတော့ပါဘူး။ အခုတော့ ရှေ့ဖြစ်ဟောဆရာပြောတာကို နားမထောင်ခဲ့လို့ ကံကြမ္မာရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားနေရပြီ။
အရင်ဆုံး မျက်လုံးနီရွှေကြက်ကိုဖမ်းတာမှာ လွဲချော်သွားပြီး ထွက်ပြေးသွားတယ်။
နောက်တော့ နီမန့်ဇစ်ရဲ့ ခြိမ်းခြောက်ငွေညှစ်ခံရတယ်။
အဲဒါတောင် အခုမှ ပထမနှစ်ဝက်ပဲရှိသေးတယ်။ နောက်ဒုတိယနှစ်ဝက်မှာ ဘယ်လိုကံဆိုးမှုတွေ စောင့်ဆိုင်းနေလဲဆိုတာ ဘယ်သူသိနိုင်မှာတဲ့လဲ။ ငါ အထူးသတိထားမှ ဖြစ်မယ်။
“အမ်း လိုင်ဖူ!”
“သခင်ကြီး!”
“သခင်မကို ငါ့အတွက် အနီရောင်အတွင်းခံတစ်စုံပြင်ဆင်ခိုင်းလိုက်ပါ၊ ပြီးရင် အဲဒီအတွင်းခံကို သာ့ထုန်ဘုရားကျောင်းကို ယူသွားပြီး ဘုန်းတော်ကြီးတစ်ပါးဆီက ကောင်းချီးခံယူပေးဖို့ ပြောလိုက်ပါ။ ငါ့ကံတရားကို ပြောင်းလဲဖို့လိုအပ်နေပြီ!”
“ဟုတ်ကဲ့ သခင်ကြီး ကျွန်တော် ချက်ချင်းအကြောင်းကြားလိုက်ပါ့မယ်”
“ပြီးတော့ လတ်တလောမှာ ဘာပြဿနာမှ မဖြစ်စေနဲ့လို့လည်း စကားပါးလိုက်ပါ။ ငါက အခု ဂြိုဟ်ဆိုးမိနေတာ၊ ဘယ်လိုဘေးအန္တရာယ်တွေ ငါ့ကိုစောင့်ဆိုင်းနေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ!”
“ဟုတ်ကဲ့ပါ သခင်ကြီး!”
“ပြီးတော့ စန်းလျို့၊ မင်းလည်း လတ်တလောမှာ ပြဿနာမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနေတာကောင်းလိမ့်မယ်။ ရွာအကြီးအကဲရာထူးအတွက် ပြိုင်ပွဲက တစ်လပဲ လိုတော့တာ၊ ငါနောက်ထပ် ဘာအရှုပ်ထုပ်ပြဿနာမှဖြစ်တာ မလိုချင်တော့ဘူး။ ငါပြောတာကြားလား”
ထိုအခါ ယွီစန်းလျို့ ခေါင်းညိတ်လိုက်သည်။
“အကျယ်ကြီးနဲ့ ရှင်းရှင်းလင်းလင်းကြားရပါတယ် အဖေရဲ့။ ကျွန်တော်က ဘာပြဿနာတွေများ ဖြစ်စေမှာမလို့လဲ!”
“အမ်း-ဟမ်း ဘာပြဿနာပဲဖြစ်ဖြစ် ရှောင်သာရှောင်နေလိုက်၊ ရှီး… အာ့~”
ယွီပင်းသည် သူ၏ရောင်ရမ်းနေသည့်မျက်နှာကို လက်ဖြင့်အုပ်ကိုင်လိုက်သည်။ အလွန်အမင်းနာကျင်နေသောကြောင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရပြန်သည်…
ပုဝါနွေးဖြင့် ဖိအုပ်လိုက်ပြီးနောက်တွင်လည်း နောက်တစ်ကြိမ် ညည်းတွားသံ ထွက်ပေါ်လာပြန်သည်…
တစ်ချိန်လုံးလည်း ဤသို့ရေရွတ်နေ၏။
“မင်းတို့အားလုံး ကောင်းကင်ဘုံရဲ့အလိုအရ ဘာပြဿနာမှ မမွှေကြစမ်းနဲ့!”
…
ထို့နောက်တွင် အိမ်အစေခံတစ်ဦး ကသုတ်သရက် ပြေးဝင်လာ၏။
“သခင်ကြီး သခင်ကြီး မကောင်းတော့ဘူး မကောင်းတော့ဘူး!”
“ရှီး… ဘာဖြစ်တာလဲ”
ယွီပင်း အခုမှ စိတ်တည်ငြိမ်နိုင်ရုံရှိသေးသည်၊ အိမ်အစေခံမှာ ကသုတ်ကရက်ဖြင့် ပြေးဝင်လာပြန်သည်။ သို့ဖြင့် ယွီပင်းမှာ မျက်နှာကိုအုပ်ကိုင်လျက် ပင့်သက်ရှိုက်မိရပြန်သည်။
“သခင်ကြီး ငါးဖမ်းကုန်သည်အဖွဲ့ ငါးဖမ်းကုန်သည်အဖွဲ့က ကျူးကျော်ဝင်ရောက်လာပါတယ်!”
“ဘာပြောတယ်! ရှီး ရှီး…”
အစေခံ၏စကားကိုကြားလိုက်သည်တွင် ယွီပင်းမှ ထခုန်လုမတတ် ဖြစ်သွားခဲ့၏။ မျက်နှာဒဏ်ရာမှာ ပို၍ဆိုးဆိုးရွားရွား နာကျင်သွားလေရာ ပင့်သက်ပြင်းပြင်းရှိုက်လိုက်ရပြန်သည်။
“ဝူကျုံး ဝူကျုံးက လူတွေခေါ်လာပြီး တံခါးဝမှာ ပိတ်ဆို့ထားပါတယ်။ သခင်ကြီး သွားကြည့်သင့်ပါတယ်! ကျွန်တော်တို့ညီနောင်တွေ သူတို့ကို ထိန်းမထားနိုင်တော့ပါဘူး!”
“ရှီးး ရှီးး… ဝူကျုံးက စိတ်ဖောက်ပြန်သွားပြီပဲ။ ငါ့အိမ်တံခါးရှေ့ လာပိတ်ဆို့နေတာ သူက ပြဿနာအကြီးအကျယ်ဖြစ်ချင်နေတာလား။ အမြန် ငါ့ဓားယူလာခဲ့စမ်း၊ သွားကြည့်ရအောင်… ရှီး!”
ယွီပင်း ခပ်တိုးတိုး ဆဲရေးလိုက်သည်။
ယွီပင်းသည် သူတို့အကြား ကတောက်ကဆဖြစ်ပွားမှု အသေးလေးများကို သတိထားမိပါ၏။ သို့သော် ဤသို့ထိပ်တိုက်ရင်ဆိုင်ခြင်းမှာမူ အလွန်ရှားပါးပေသည်။
သို့ဖြစ်ရာ ယွီပင်းအား အခြေအနေကို သတိတကြီး ချဉ်းကပ်မိစေသည်။
အိမ်တော်ထိန်းသည် ယွီပင်းကို ဓားယူလာပေးသည်။ ယွီပင်းသည် ပုဝါကိုဖယ်၍ သူ၏မျက်နှာကို မှန်လှည့်ကြည့်လိုက်သည်။ ရောင်ရမ်းနေမှုကြောင့် ပိတ်လုနီးပါးဖြစ်နေသည့် မျက်လုံးများကို မြင်တွေ့လိုက်ရ၏။
ဒီလိုပုံစံနဲ့ အပြင်ထွက်သွားရင် လူရယ်စရာကြီး ဖြစ်နေလိမ့်မယ်!
ထိုသို့တွေးတော၍ ယွီပင်းသည် အနီးရှိ အစေခံမလေးတစ်ဦး၏ ပိုးလက်ကိုင်ပုဝါတစ်ထည်ကိုယူ၍ ယာယီအကာအဖြစ် မျက်နှာကိုဖုံးလိုက်သည်။
“သွားမယ်၊ အဲဒီငါးဖမ်းကုန်သည်အဖွဲ့က လူတွေကို သွားတွေ့ရအောင်။ ဒီလိုအရေးကြီးတဲ့အချိန်ကြီးမှာ သူတို့ဘာတွေတွေးနေလဲ သိရအောင်လို့!”
သို့ဖြင့် ယွီပင်းသည် သူ၏လူများကိုဦးဆောင်၍ ချီတက်လာသည်။ ဘယ်ဘက်တွင် စန်းလျို့၊ ညာဘက်တွင် အိမ်တော်ထိန်းနှင့်အတူ ခြံဝင်းထဲမှ အိမ်အစေခံနှစ်ဆယ်ကျော်ခန့်ကို ဦးဆောင်၍ ဝင်ပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။
ခြံဝင်းတံခါးအတွင်းဘက်၌ အိမ်အစေခံ၁၀ဦးသည် ကိန်းဝပ်နေသော ခြိမ်းခြောက်မှုကြီးတစ်ရပ်ကို ရင်ဆိုင်နေရသည့်အလား စောင့်ကြပ်နေကြသည်။
အပြင်ဘက်၌မူ အော်သံများ၊ ဆဲဆိုကြိမ်းမောင်းသံများဖြင့် လေထုတစ်ခွင် ပျံ့နှံ့လွှမ်းခြုံနေတော့သည်။
“ယွီစန်းလျို့ ထွက်လာစမ်း!”
“မင်းမှာ ငါတို့ငါးဖမ်းကုန်သည်အဖွဲ့သားကို အနိုင်ကျင့်ဖို့ သတ္တိရှိတယ်မဟုတ်ဘူးလား။ အခုကျ ဘာလို့ ပုန်းနေရတာတုန်း။ ထွက်လာခဲ့စမ်း!”
“ထွက်လာစမ်း!”
…
အော်ဟစ်သံ၊ ဆဲရေးသံများ အဆက်မပြတ် ပျံ့လွင့်နေတော့သည်။
ထိုအခိုက်အတန့်၌ ယွီပင်းသည် တံခါးနားသို့ ရောက်လာခဲ့သည်။ ချက်ချင်း တံခါးမဖွင့်ရဲသေးဘဲ ရပ်တန့်လိုက်ပြီး ပြော၏။
“စန်းလျို့ အခုရော မင်းဘာပြဿနာတွေ မွှေထားပြန်ပြီလဲ”
“ငါမင်းကို ပြဿနာမရှာဖို့ ပြောထားခဲ့တယ်မဟုတ်ဘူးလား”
ယွီပင်းသည် ရုတ်ချည်း ဒေါသထွက်လာတော့သည်။
စန်းလျို့သည် မတရားစွပ်စွဲခံရသည်ဟု ခံစားနေရ၏။
ငါဘာလုပ်မိလို့လဲ။
ခုတလော ငါဘာမှလည်း သိပ်မလုပ်ရပါလား။
လောင်းကစားရုံကို စီမံတယ်။ အမျိုးသမီးတွေနဲ့ ကစားတယ်။ မာလျို့သေရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးတယ်လေ။
နေပါဦး?!
မာလျို့! မဟုတ်မှ?!
ယွီစန်းလျို့သည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ရုတ်ချည်း မျက်လုံးပြူးသွား၏။
သို့သော် ထို့နောက် ယွီစန်းလျို့ ခေါင်းခါရမ်းလိုက်သည်။
မဟုတ်ဘူး၊ မဟုတ်သေးဘူး။ အဲဒီကိစ္စက စုံစမ်းစစ်ဆေးရုံလေးပဲလေ။ ဘာမှကို မလှုပ်ရှားရသေးဘူး။ အဲဒါကို ဘယ်လိုလုပ်ပြီး ငါးဖမ်းကုန်သည်အဖွဲ့ကို သွားထိပါးမိပါ့မလဲ။
အခြေအနေမှာ သူနားလည်နိုင်သည်ထက် ကျော်လွန်နေပေသည်။
ရိုးရှင်းသည့် စုံစမ်းစစ်ဆေးမှု တာဝန်လေးတစ်ခုကို ပေးအပ်လိုက်ခြင်းတွင် သူ၏အစေခံများသည် ပြန်ပေးဆွဲသည့်တာဝန်အဖြစ်သို့ ပြောင်းလဲလိုက်မည်ဟု ဘယ်သူကများ ထင်ထားပါအံ့နည်း။ သူ၏အစေခံများသည် ကိစ္စများကို အကြီးအကျယ်ပြုမူသဖြင့် ပျက်စီးသွားရလေသည်။