ဘာ၊ ငါးဖမ်းကုန်သည်အဖွဲ့က ကျူးကျော်လာတာလား!
Vol. 5 Ch. 66
“တံခါးဖွင့်စမ်း! တံခါးဖွင့်စမ်း!”
အပြင်ဘက်ရှိ တံခါးကိုထုရိုက်သံများသည် ပို၍ပြင်းထန်လာသည်။ ယွီပင်းသည် သားဖြစ်သူအား စူးရဲစွာစိုက်ကြည့်နေ၏။
ယွီစန်းလျို့မှ မကျေမနပ်ဖြင့်ပြောသည်။
“ကျွန်တော် တကယ်မဟုတ်ဘူး”
ယွီပင်းသည် ယွီစန်းလျို့ကို လျစ်လျူရှုလိုက်ပြီး ခါးထက်ရှိဓားကို တင်းတင်းဆုပ်ကိုင်ကာ တင်းမာခက်ထန်သောအသံဖြင့် အမိန့်ပေးသည်။
“တံခါးဖွင့်လိုက်!”
သခင်၏အမိန့်ကိုကြားသည်နှင့်တစ်ပြိုင်နက် အစေခံများသည် ချက်ချင်း တံခါးသွားဖွင့်ကြသည်။
ကျွီ…
သစ်သားတံခါးထူထူသည် တွန်းဖွင့်ခံလိုက်ရပြီးနောက် အဖွဲ့နှစ်ဖွဲ့မှာ အမှန်တကယ်ပင် မျက်နှာချင်းဆိုင်အနေအထား ဖြစ်သွားကြသည်။
တစ်ဖက်အဖွဲ့သည် သူတို့၏ကြေးညိုရောင်အသားအရေနှင့် တောင့်တင်းသောကြွက်သားတို့ကို လှစ်ဟပြသနေသော ရင်အုံပွင့်အင်္ကျီတို့ကို ဝတ်ဆင်ထားသည့် ငါးဖမ်းကုန်သည်အဖွဲ့သားများဖြစ်ကြသည်။
တစ်ဖက်အဖွဲ့သည် မီးခိုးရောင်အဝတ်အစားများကို ဝတ်ဆင်ထားကြ၍ တုတ်လက်နက်တို့ကိုင်ဆောင်ကာ တိုက်ပွဲအတွက် အသင့်အနေအထားရှိနေသည့် ယွီမိသားစု၏အိမ်တော်အစေခံများ ဖြစ်သည်။
နှစ်ဖက်အဖွဲ့သည် ရုတ်ချည်း အမူအရာကင်းမဲ့စွာ သတိအနေအထားဖြစ်သွားကြသည်။
ထိုစဉ် ယွီပင်းသည် ခါးချိတ်ဓားကို လက်တွင်ကိုင်ဆောင်၍ ရှေ့သို့ လျှောက်လာသည်။ သူ၏ အေးစက်သည့်အကြည့်တို့သည် နေရာတစ်ခုလုံးကို လွမ်းခြုံသွားခဲ့လျက် အရေပြားသန့်စင်ခြင်းအထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါများ ထုတ်လွှတ်နေပေသည်။
သူ၏မျက်နှာတွင် ဝတ်ဆင်ထားသည့် အနည်းငယ် ရယ်စရာကောင်းနေသော အမျိုးသမီးမျက်နှာလွှားဇာကြောင့် မဟုတ်ခဲ့လျှင် ယွီပင်းသည် လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါမျိုး သေချာပေါက် တည်ရှိပေလိမ့်မည်။
“ညီနောင်ဝူ”
ယွီပင်းမှ ခေါ်သည်။
“ကျုပ်တံခါးရှေ့ကို လူတွေခေါ်လာပြီး ပိတ်ဆို့တာက ဘာသဘောလဲဗျ။ ညီနောင်ဝူက ချောင်ကုန်သည်အဖွဲ့နဲ့ တိုက်ပွဲစတင်ချင်နေတာလား!”
“ခွင့်ပြုချက်မရှိဘဲ ဒီလိုပဋိပက္ခမျိုးဖန်တီးခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ခံယူနိုင်မှာလား”
ထိုအခါ ဝူကျုံးသည် အူလှိုက်သည်းလှိုက်ရယ်မော၏။
“ညီနောင်ယွီ မင်းငါ့ကို အတော်ကြီးလေးတဲ့ပြစ်မှုကြီးနဲ့ စွပ်စွဲလိုက်တာပဲနော်!”
“ခွင့်ပြုချက်မရှိဘဲ ပဋိပက္ခဖန်းတီးတယ်တဲ့လား။ ငါတို့က ချောင်ကုန်သည်အဖွဲ့က အနိုင်ကျင့်တာကို ခံပဲခံနေရပြီး ပြန်တိုက်ခိုက်ခွင့်မရှိဘူးလား”
ထိုသို့ပြောလျက် ဝူကျုံးသည် လူအုပ်ထဲမှ ရှေ့ထွက်လာသည်။ သူ၏စူးစိုက်မှုအပြည့်သော မျက်လုံးတို့သည့် ယွီပင်း၏မျက်လုံးများနှင့် ဆုံစည်းသွား၏။
“မင်းဘာကိုဆိုလိုတာလဲ”
“ဟက် ငါဘာကိုဆိုလိုတာလဲတဲ့လား”
ဝူကျုံး လက်ခုပ်တီးလိုက်သည်။
“သူတို့ကို ခေါ်လာခဲ့!”
ထို့နောက် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ယွီမိသားစုအိမ်တော်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငါးဦးကို ခေါ်ဆောင်လာခဲ့ကာ ထိုလူများကို မြေပြင်သို့ပစ်ချလိုက်သည်။ ဒဏ်ရာများကို ထိခိုက်မိသွားလေရာ ထိုလူများသည် ပေါင်ခွကြားနေရာကို ဆုပ်ကိုင်လျက် နာကျင်စွာညည်းတွားကြလေသည်~~
“အား နာတယ်…”
ထိုမြင်ကွင်းကိုမြင်သောအခါ ယွီပင်းမှာ ဒေါသထွက်လာတော့သည်။
“ဝူကျုံး မင်းဒါ ဘာကိုဆိုလိုတာလဲ! ငါတို့ကုန်သည်အဖွဲ့တပည့်တွေကို အကြောင်းအရင်းမရှိ တိုက်ခိုက်တယ်။ မင်းဒီနေ့ သေချာရှင်းမပြဘူးဆိုရင် ချောင်ကုန်သည်အဖွဲ့က ဒီကိစ္စကို သေချာဖြေရှင်းမပြီးသ၍ ရပ်တန့်မှာမဟုတ်ဘူးပဲ!”
“ငါလည်း ဒီကိစ္စဖြေရှင်းမပြီးသ၍ အနားယူမှာ မဟုတ်သလို မင်းလည်း အနားမနေစေရဘူး!”
“သူတို့ဘာလုပ်ခဲ့လဲ မင်းသိလား!”
ဝူကျုံးမှ ထက်ရှစွာ မေးခွန်းထုတ်သည်။ ယွီပင်းသည် အံ့အားသင့်သွား၏။ သူသည် ဤရက်အနည်းငယ်အတွင်း၌ သူ၏ဒဏ်ရာများကို ပြုစုကုသခြင်းဖြင့် အလုပ်များနေခဲ့ပေသည်။
“မသိဘူးလား”
“မသိရင် လုံးဝ ဥပဒေကင်းမဲ့နေပြီး လူတွေကို လွန်လွန်ကျူးကျူး တွန်းအားပေးနေတဲ့ မင်းရဲ့သားကို မေးလိုက်လေ!”
ဝူကျုံးမှ ဒေါသတကြီးဖြင့် ကြိမ်းမောင်းပြောဆို၏။ သူ၏နောက်ရှိ ငါးဖမ်းကုန်သည်အဖွဲ့တပည့်များသည်လည်း မျက်နှာအမူအရာများ မည်းမှောင်နေကြကာ အလွန်တရာ တင်းမာသည့် လေထုအခြေအနေကို ဖန်တီးနေတော့သည်။
ယွီပင်း ယွီစန်းလျို့ကို ကြည့်လိုက်သည်။
ယွီစန်းလျို့သည် မတရားခံရသည်ဟု ခံစားနေရ၏။
“ကျွန်တော် ကျွန်တော် သူတို့ကို မာလျို့ကိုသတ်လိုက်တဲ့ လူသတ်သမားကို မြင်လိုက်တဲ့သူရှိလားဆိုတာပဲ စုံစမ်းခိုင်းလိုက်တာပါ။ အဲဒါလည်း ခွင့်မပြုဘူးလား”
“ဟက် ဟက်…”
ဝူကျုံး လှောင်ရယ်လိုက်သည်။
“မင်း ဝန်ခံမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ”
“လူသတ်သမားအကြောင်း စုံစမ်းတယ်လို့ ပြောနေသေးတယ်။ ငါမသိဘူးများ မင်းထင်နေလား။ မင်းက စုံစမ်းစစ်ဆေးမှုကို အမည်ခံအသုံးချပြီး ငါ့ရဲ့ ငါးဖမ်းကုန်သည်အဖွဲ့က ညီနောင်တွေရဲ့ ဇနီးသည်တွေကို အဓမ္မခေါ်ဆောင်ပြီး အရှက်ခွဲဖို့လုပ်နေတာလေ!”
“ကျွန်တော် ကျွန်တော် မလုပ်ခဲ့ဘူး!”
“ဟက် မင်းမလုပ်ခဲ့ဘူးလား”
“တရားခံတွေကို လက်ပူးလက်ကြပ်ဖမ်းမိထားတာတောင် မင်းက ဝန်မခံသေးဘူးလား”
ဘေးတွင်ရပ်နေသော ယွီပင်းမှ ကြားဖြတ်ပြောသည်။
“ညီနောင်ဝူ ဒီကိစ္စမှာ အထင်လွဲမှားမှုတစ်ခုခုရှိနေတာများလား”
“အထင်လွဲတယ် ဟားဟား… ကောင်းပြီ ညီနောင်ယွီ၊ မင်းကိုယ်တိုင် မေးကြည့်လိုက်! သူတို့ဘာလုပ်ခဲ့လဲဆိုတာ မေးကြည့်လိုက်!”
ဝူကျုံးသည် မြေပြင်ရှိ ယွီအိမ်တော်အစေခံများကို ဒေါသတကြီးညွှန်ပြလျက် ပြောခဲ့သည်။
ယွီပင်းသည် ယွီစန်းလျို့ကို ကြည့်နေ၏။ ယွီစန်းလျို့၏မျက်နှာမှာ မကျေချမ်းမှုများဖြင့် ပြည့်နှက်နေသည်။
ကျွန်တော် မသိဘူးလို့!
ယွီပင်းသည် မြေပြင်ရှိ ပေါင်ခွကြားနေရာကိုကိုင်လျက် ဝေဒနာကြောင့်လူးလွန့်နေသည့် အိမ်အစေခံများကို မျက်မှောင်ကြုတ်ကြည့်နေသည်။
“ပြောစမ်း မင်းတို့ငါ့နောက်မှာ တကယ်ပဲ ဘာတွေလုပ်ခဲ့တာလဲ!”
“သခင်ကြီး ကျွန်တော်တို့ တကယ်ဘာမှမလုပ်ခဲ့ပါဘူး။ မာလျို့သေတဲ့ညတုန်းက သံသယဖြစ်ဖို့ကောင်းတဲ့လူတစ်ယောက်ယောက်များ တွေ့မိခဲ့သေးလားလို့ ရွာသားတွေကို မေးနေခဲ့ရုံပါပဲ”
ယွီပင်းသည် ဝူကျုံးကို ပြန်လှည့်ကြည့်လာ၏။
ဝူကျုံး ရယ်မောလိုက်သည်။
“ရတယ်၊ သူတို့ ဘယ်သူ့ကို မေးခဲ့တာလဲဆိုတာ မေးကြည့်လိုက်!”
ဟမ်?
ယွီပင်း အစေခံများဘက်သို့ ပြန်လှည့်လိုက်သည်။
“ရှန်းထောင်ရွာက အမျိုးသမီးတချို့ကိုပါ…”
“အတိအကျပြောစမ်း!”
ဝူကျုံး၏ စိုက်ကြည့်ခံလိုက်ရသောအခါ အိမ်အစေခံတစ်ဦးမှ ပြောလာခဲ့သည်။
“ချန်ကျိုစစ်ရဲ့ဇနီး စူးယွင်ကျင်းကိုပါ”
ဟမ်??
ယွီစန်းလျို့ ခေါင်းမော့ကြည့်လာ၏။ သူ၏မျက်လုံးများမှာ အံ့အားသင့်မှုတို့ ပြည့်နှက်သွားရကာ မကောင်းသည့်ခံစားချက်အချို့လည်း ဝင်ရောက်လာခဲ့သည်။ ထိုအစေခံများသည် သူနှင့်အတူ မောက်မာခက်ထန်စွာ ပြုမူလေ့ရှိကြသူများဖြစ်၏။
မဟုတ်မှလွဲရော သူတို့…
“အဲဒီအမျိုးသမီးကို မေးခွန်းနည်းနည်း မေးခဲ့ရုံပဲလား”
ဝူကျုံးသည် သူတို့ကို စူးရဲစွာစိုက်ကြည့်နေသည်။
“အမ် အစတုန်းကတော့ မေးခွန်းနည်းနည်းမေးရုံပါပဲ။ ဒါပေမဲ့ နောက်တော့ သူက အဲဒီနေ့က ချန်ကျိုစစ် အပြင်မထွက်ခဲ့ဘူးလို့ ပြောခဲ့တယ်။ ကျွန်တော်တို့လည်း ချန်ကျိုစစ်နဲ့ သခင်လေးတို့မှာ ပဋိပက္ခအသေးလေးရှိခဲ့ကြတာကို အမှတ်ရလိုက်ပြီး ကျွန်တော်တို့အိမ်တော်ကို လိုက်ခဲ့ဖို့ သူ့ကို ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်ခဲ့ပါတယ်။ သခင်လေးနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ကိစ္စတွေကို ဖြေရှင်းဖို့အတွက်ပါ…”
“တကယ်ပါ၊ ကျွန်တော်တို့က သူ့ကို သခင်လေးနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ကိစ္စတွေကို သေချာရှင်းလင်းနိုင်ဖို့ ဖိတ်ခေါ်ချင်ခဲ့ရုံပါပဲ။ တကယ့်ကို တခြားရည်ရွယ်ချက် လုံးဝမရှိရပါဘူး”
ထိုစကားများကိုကြားသောအခါ ယွီပင်းနှင့် ယွီစန်းလျို့တို့၏ မျက်နှာများမှာ အိုးအောက်ခြေအလား မည်းညစ်လာတော့သည်။
တခြားရည်ရွယ်ချက်မရှိဘူးတဲ့လား၊ လာနောက်နေတာပဲ!
ယွီစန်းလျို့ စူးယွင်ကျင်းကို တပ်မက်နေသည့်အကြောင်းမှာ လျှို့ဝှက်ချက်မဟုတ်ချေ။ လူများစွာတို့ သတိထားမိကြပြီးဖြစ်၏။
သူ စူးယွင်ကျင်းကို စကားစမြည်ပြောဖို့ ဖိတ်ခေါ်တယ်ဆိုတာကြီးကို ဘယ်သူက ယုံကြည်မှာတဲ့လဲ!
“ဖိတ်ခေါ်တယ်တဲ့လား? ဟားဟား… မင်းတို့ လူကိုဖိတ်ခေါ်ရင် လက်သီးသုံးပြီး ဖိတ်ခေါ်ကြတာလား။ အဲဒါကို ပြန်ပေးဆွဲတယ်ခေါ်တယ်ကွ!”
ဝူကျုံးသည် သူတို့၏အပြုအမူအား အတိအကျ ဖော်ထုတ်ပြောဆိုသည်။
ဝူကျုံး ယွီပင်းကို လှည့်ကြည့်လိုက်သည်။
“စူးယွင်ကျင်းက ငါးဖမ်းကုန်သည်အဖွဲ့သား ချန်ကျိုစစ်ရဲ့ဇနီးပဲ။ ချန်ကျိုစစ်က ဒီနေ့ပဲ ငါးဖမ်းကုန်သည်အဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်။ နောက်တော့ ချက်ချင်းပဲ သူ့ရဲ့ဇနီးက မင်းတို့ချောင်ကုန်သည်အဖွဲ့က လူတွေရဲ့ ပြန်ပေးဆွဲခံရတယ်တဲ့လေ”
“မင်းတို့ လူကို အရမ်းအနိုင်ကျင့်လွန်းနေတာ မဟုတ်ဘူးလား။ ဘာလဲ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ လည်ဂုတ်ကို ခွစီးပြီး ငါတို့ကို သောက်ဂရုမစိုက်တာလား!”
“ငါတို့လက်မခံနိုင်ဘူး!”
“လက်မခံနိုင်ဘူး!”
ဝူကျုံး၏စကားအဆုံး၌ အခြားသောငါးဖမ်းကုန်သည်အဖွဲ့ တပည့်များသည်လည်း တစ်ပြိုင်နက်တည်း အော်ဟစ်ကြသည်။
ယွီပင်း၏မျက်နှာမှာ အဖန်တလဲလဲပြောင်းလဲနေတော့သည်။ ထို့နောက် ခက်ခက်ခဲခဲဖြင့် ပြောလာခဲ့သည်။
“ညီနောင်ဝူ စိတ်မဆိုးပါနဲ့ စိတ်မဆိုးပါနဲ့ဗျာ။ ညီနောင်တို့အတွက် သေချာပေါက် တရားမျှတမှု ရစေရပါ့မယ်။ ဒါပေမဲ့ ဒီကိစ္စမှာ အထင်လွဲမှုလေး ရှိနေပါသေးတယ်။ မိန်းကလေးစူးကို အိမ်တော်ကိုလာခဲ့ဖို့ ဖိတ်ခေါ်တာက ကျုပ်ရဲ့သား အမိန့်ပေးတာ မဟုတ်ရပါဘူး။ ဒီအတင့်ရဲလွန်းတဲ့ အစေခံတွေက သူတို့ဘာသူတို့ လုပ်လိုက်ကြတာပါ!”
“ကျုပ်တို့ကလည်း နစ်နာသူတွေပါပဲ!”
ဝူကျုံးသည် ယွီပင်းအား စောင်းငဲ့ကြည့်နေခဲ့သည်။
“မင်းပြောတဲ့စကားကို မင်းကိုယ်တိုင်တောင် ယုံကြည်ရဲ့လား”
“သခင်ဖြစ်သူရဲ့ အမိန့်မရှိဘဲနဲ့ သူတို့က ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ယောက်ရဲ့ ဇနီးကို သူတို့ဘာသာသူတို့ ပြန်ပေးဆွဲရဲကြသလား။ ဟားဟား ကျေးဇူးပြုပြီး ယွီပင်းရယ်၊ ငါဒီနေ့ မင်းဆီက ဖြေရှင်းချက်တစ်ခု လိုချင်တယ်။ မင်း ငါးဖမ်းကုန်သည်အဖွဲ့အတွက် တရားမျှတမှု ပေးနိုင်မလား”
“မင်းအနေနဲ့ တရားမျှတမှု မပေးနိုင်ဘူးဆိုရင် တရားမျှတမှုကို ငါတို့ဘာသာပဲ ပြန်ယူရလိမ့်မယ်။ အဲဒီနောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ငါလည်း အာမ,မခံနိုင်ဘူးနော်”
ဝူကျုံးသည် ယွီပင်းကို အကြည့်မလွှဲတမ်း စိုက်ကြည့်နေသည်။
ယွီပင်း၏မျက်နှာမှာ အမျိုးမျိုးပြောင်းလဲနေ၏။ ယွီပင်းသည် ဒဏ်ရာရထားသောကြောင့် ဝူကျုံးနှင့် အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုပါက သူ့တွင် အနိုင်ရနိုင်သော အခွင့်အရေးမရှိပေ။
တိုက်ခိုက်လို့မဖြစ်ဘူး!
စဉ်းစားဆုံးဖြတ်ပြီးနောက် ယွီပင်း အံကိုတင်းတင်းကြိတ်လိုက်သည်။
“ကျုပ် အလျော်ပေးပါ့မယ်၊ မင်းဘာလုပ်ချင်လဲဆိုတာကိုပဲ ပြောလိုက်ပါ”
ထိုအခါ ဝူကျုံး ယွီပင်းကို တစ်ဖန် စိုက်ကြည့်လိုက်သည်။
“ကောင်းပြီ၊ ဒီလိုပဲ ပြုမူသင့်တာလေ။ မင်းဘက်က ပေးလျော်ဖို့ဆန္ဒရှိမှတော့ ငါလည်း မင်းကို အခက်တွေ့အောင် မလုပ်တော့ပါဘူး။ နှစ်ခုပဲ!”
“ပထမလျော်ကြေး၊ မင်းတို့ မိန်းကလေးစူးကို ထိတ်လန့်စေခဲ့တယ်။ အဲဒီတော့ လျော်ကြေးအချို့ ပေးလျော်တယ်ဆိုတာ ဖြစ်သင့်တာပဲ ဟုတ်တယ်မလား။ ငါအများကြီး မတောင်းဆိုဘူး၊ ငွေတုံး၂၀ပဲ ပေးလျော်ရင်ရပြီ။ အရမ်းမများပါဘူး ဟုတ်တယ်မလား”
“ကောင်းပြီ လျော်ပေးမယ်!”
“ကောင်းပါပြီ၊ ညီနောင်ယွီက ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သဘာထားကြီးတာပဲ။ ဒုတိယလျော်ကြေးက ပိုလို့တောင် ရိုးရှင်းပါသေးတယ်။ မင်းရဲ့သား ယွီစန်းလျို့ကို မိန်းကလေးစူးဆီ လူကိုယ်တိုင်သွားပြီး အမှားဝန်ခံတောင်းပန်ခိုင်းပါ။ အဲဒါလည်း အရမ်းကြီး တောင်းဆိုလွန်းရာမကျပါဘူး ဟုတ်တယ်မလား”
“ဘာ! သူ့ကို တောင်းပန်ရမယ်?!”
ထိုစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ယွီပင်းမှ မတုံ့ပြန်ရသေးမီ၌ပင် ယွီစန်းလျို့မှ ရှေ့ထွက်လာပြီး ငြင်းဆန်သည်။
“အင်း ပြဿနာရှိလို့လား”
ဝူကျုံးသည် မျက်လုံးအိမ်တို့ကိုမှေးကျဉ်းလျက် ယွီစန်းလျို့အား ကြည့်နေခဲ့သည်။