တောင်းပန်ခြင်း
Vol. 5 Ch. 67
“အို ညီနောင်ယွီ၊ ကြည့်ရတာ မင်းရဲ့တရားမျှတမှုက နည်းနည်း မလုံလောက်ဘူးများလား!”
ဝူကျုံးသည် ယွီစန်းလျို့အား တည့်တည့်ကြည့်ရန်ပင် အရေးတယူမလုပ်ချင်ပေ– သူတို့နှစ်ဦးကြား အဆင့်အတန်းကွာခြားမှုမှာ ရှင်းလင်းပြတ်သားလွန်းလှသည် မဟုတ်ပါလော။
ထိုအစား ဝူကျုံးသည် ယွီပင်းကို ဖိအားပေးသည်။
ယခုအခြေအနေကို အခွင့်ကောင်းယူ၍ ဝူကျုံးသည် ယွီပင်းမှ သဘောတူညီချက်အား ငြင်းပယ်လိမ့်မည်ကို မစိုးရိမ်ပေ။
သေချာပေါက်ပင် ယွီပင်းသည် ဖိအားဒဏ်ကို မခံနိုင်ချေ။
တစ်အချက်၊ ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်ဘဲနှင့်ဖြစ်စေ သူ့ဘက်မှ မှားယွင်းခဲ့သည်မှာ အမှန်တရားဖြစ်သည်။
နှစ်အချက်၊ ယွီပင်းသည် ဒဏ်ရာရထားသောကြောင့် သူ၏အင်အားမှာ ဝူကျုံးထက် အနည်းငယ် အားနည်းနေခဲ့သည်။
တိုက်ခိုက်ခြင်းငှာလည်း မတတ်နိုင်လေရာ ဆက်လက်၍ အားမာန်အပြည့်နှင့် တင်းခံမနေနိုင်ပေ။
“အမ်း ညီနောင်ဝူ၊ ကျုပ်တို့ မင်းရဲ့တောင်းဆိုချက်တွေကို သဘောတူပါတယ်။ ဒါပေမဲ့ လူသိရှင်ကြားတောင်းပန်တာကတော့ ကျုပ်တို့ကို တကယ်အခက်တွေ့စေပါတယ်။ ဒီကိစ္စကို ငွေတုံးနည်းနည်းလောက် ပိုပေးပြီး ဖြေရှင်းဖို့ ကမ်းလှမ်းလို့ရနိုင်မလား”
“မဖြစ်နိုင်ဘူး!”
ဝူကျုံး ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“ကျုပ်တို့က တရားမျှတမှုကို တောင်းဆိုနေတာ၊ ခြိမ်းခြောက်ငွေညှစ်နေတာ မဟုတ်ဘူး။ မျက်နှာချင်းဆိုင်တောင်းပန်တာက ကျိန်းသေပေါက် ဖြစ်သင့်တဲ့အရာပဲ!”
ဝူကျုံးသည် ချန်ကျိုစစ်စား ဒဏ်ခတ်ပေးရန် စီစဉ်ထား၏။ ထို့ပြင် မိမိမှာ ချန်ကျိုစစ်၏နောက်ခံအဖြစ် ခိုင်မာစွာရပ်တည်ပေးနေကြောင်းကိုလည်း ယွီမိသားစုအား ထုတ်ဖော်ပြောခဲ့သည်။
ယွီပင်း တိတ်ဆိတ်သွား၏။ ထို့နောက် အချိန်အတော်ကြာမြင့်ပြီးနောက်မှ ပြောလာခဲ့သည်။
“ကောင်းပြီ၊ လူကိုယ်တိုင် သွားတောင်းပန်မယ်!”
“အဖေ!”
ယွီစန်းလျို့သည် သဘောမတူလိုပေ။ သို့သော် ယွီပင်းမှ အေးစက်စွာပြောသည်။
“ပါးစပ်ပိတ်ထား! မင်းသာ မင်းရဲ့အစေအပါးတွေအပေါ် စည်းကမ်းလျော့ရဲနေခဲ့တာကြောင့် မဟုတ်ခဲ့ရင် ဒီပြဿနာတွေ ဖြစ်လာခဲ့မှာမဟုတ်ဘူး!”
“ဒါပေမဲ့…”
“သခင်လေး သခင်လေး…”
အိမ်တော်ထိန်းသည် ယွီစန်းလျို့၏လက်မောင်းကို ကိုင်ဆွဲ၍ ကြားဝင်ပြောလာ၏။
ယွီစန်းလျို့သည် အိမ်တော်ထိန်း၏ ထိန်းထားခံလိုက်ရသည်။ ယွီပင်းမှ ဝူကျုံးကို ပြောခဲ့သည်။
“အဲဒီတော့ ဘယ်အချိန် သွားတောင်းပန်ရမှာလဲ”
ဝူကျုံး အပြုံးဖြင့် ပြန်ပြောခဲ့သည်။
“ဘာလို့ ရက်ရွေးနေမလဲ။ သံပူတုန်းလေး ထုရိုက်လိုက်ကြတာပေါ့။ အခုပဲ သူ့ကို ငါနဲ့အတူ လိုက်ခိုင်းလိုက်။ လမ်းပိတ်ပြီး အိမ်နီးချင်းတွေကြား လူမြင်ခံရတဲ့အဖြစ်မျိုး မဖြစ်ရအောင်လေ”
ယွီပင်း ခေါင်းညိတ်သည်။
ယွီပင်း ဘေးဘက်သို့လျှောက်သွား၏။ ယွီစန်းလျို့၏ အကျင့်စရိုက်ဖြင့် အဘယ်သို့များ အလွယ်တကူ တောင်းပန်ပါအံ့နည်း။ ယွီစန်းလျို့သည် မကျေမချမ်းဖြစ်နေဆဲပင်။
“အခုထိ မကျေမနပ်ဖြစ်နေတုန်းပဲလား။ စန်းလျို့ သွားတောင်းပန်ခဲ့”
“အဖေ!”
“မင်း မတရားခံစားရတာကို ငါသိတယ်။ ဒါပေမဲ့ 'သေးငယ်တဲ့စိတ်မရှည်မှုက ကြီးမားတဲ့အစီအစဉ်တွေကို ပျက်စီးစေနိုင်တယ်'။ ငါအခု ဒဏ်ရာရထားတယ်၊ ငါတို့အနေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မတတ်နိုင်ဘူး။ အခုတော့ သည်းခံလိုက်ပါ၊ အလျင်မလိုနဲ့။ သူတို့ ငါတို့အပေါ် အကြွေးတင်နေတာအတွက် နှစ်ဆပြန်ပေးဆပ်ရလိမ့်မယ်!”
ယွီပင်းသည် ယွီစန်းလျို့ကို အလေးအနက်ကြိုးစား၍ လမ်းညွှန်သင်ကြားသည်။
အဆိပ်ပြင်းသော မြွေတစ်ကောင်မှ သူ၏ကြမ်းကြုတ်သော်ငြား တုံးအသည့် သားဖြစ်သူကို သင်ကြားပေးနေသည့်အလားပင်။
ငါတို့က စပါးအုံးမြွေတွေ မဟုတ်ဘူး။ ငါတို့အနေနဲ့ လျှို့ဝှက်စွာလှုပ်ရှားခြင်းနဲ့ သည်းခံနိုင်ခြင်းတွေကို နားလည်ရမယ်။ မြက်ပင်တွေကြား ပုန်းအောင်းနေနိုင်ပြီး ငါတို့ရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့ဦးခေါင်းတွေကို အောက်နှိမ့်ထားမယ်။ ငါတို့ရဲ့ အဆိပ်ပြင်းတဲ့အစွယ်တွေကို ဖုံးကွယ်ထားပြီး လှောင်ပြောင်အရှက်ခွဲမှုတွေကို သည်းခံရမယ်။ ဒီတစ်လျှောက်လုံးမှာ ကျိုးနွံတဲ့အပြင်ပန်းပုံစံကိုပဲ ပြသရမယ်။
ဒါပေမဲ့ သားကောင်ရဲ့ အားနည်းချက်ထွက်ပေါ်လာပြီဆိုတာနဲ့
ငါတို့ရဲ့အဆိပ်ပြင်းတွေအားလုံးကို ထိုးသွင်းပြီး တိုက်ခိုက်မယ်။ ငြိမ်းချမ်းစွာအနားယူခြင်းဆိုတာမျိုး လုံးဝ မရှိစေရဘူး!
၎င်းသည် ယွီပင်းအတွက် ရှင်သန်ခြင်းနည်းလမ်းဖြစ်သည်။
ယွီပင်း၏ ဖျောင်းဖျခံရပြီး နောက်ဆုံးတွင်တော့ ယွီစန်းလျို့သည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်–
နားလည်ပါပြီ။
အရှက်တကွဲဖြစ်ရခြင်းအတွက် ပြန်လည်ပေးဆပ်နိုင်၏။ ဒီနေ့အတွက် သူ အရှက်တကွဲဖြစ်ရသည့် ပမာဏသည် သူ၏အနာဂတ် လက်စားချေမှု၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ညီမျှပေလိမ့်မည်။
ချန်ကျိုစစ်၊ စူးယွင်ကျင်း မင်းတို့ ငါ့ရဲ့ အဆိပ်ပြင်းအစွယ်တွေရဲ့ ကိုက်ခဲမှုကို ကျိန်းသေပေါက် ခံစားရစေမယ်!
…
ရှန်းထောင်ရွာ၊ ချန်မိသားစု။
ချန်ကျဲ့သည် လက်ထဲတွင် ငါးကြင်းကြီးတစ်ကောင်ကို ကိုင်၍ အိမ်ပြန်ရောက်လာသည်။ သို့သော် ကလေးမလေးသည် စိတ်ပျော်ရွှင်မနေပေ။
ကလေးမလေးသည် အဝတ်အစားအသစ်လေးကို ဝတ်ဆင်ထားကာ မြို့သို့သွား၍ အရသာရှိသည့် အစားအစာများကို စားသောက်ရန်အတွက် မျှော်လင့်နေခဲ့သည်ဖြစ်၏။ သို့သော် အစ်မဖြစ်သူ ပြန်ရောက်လာပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းသွားခဲ့သည်။ သူမကို အဝတ်ဟောင်းများ အတင်းအကျပ် ပြန်လည်ဝတ်ဆင်စေခဲ့သည်။
သို့ဖြင့် ကလေးမလေးသည် ထိုင်ခုံပုလေးကို ဆွဲယူ၍ ခြတောင်ပို့တစ်ခုရှေ့တွင် ထိုင်နေခဲ့သည်။
သူမသည် နံရံကိုမျက်နှာမူကာ ကိုယ့်ကိုယ်ကိုယ်ဂရုဏာသက်၍ ငိုကြွေးနေခဲ့သည်။
အထူးသဖြင့် ချန်ကျဲ့ အိမ်ပြန်လာသည်ကို မြင်သောအခါ ချန်ကျဲ့၏အာရုံကို ဆွဲဆောင်နိုင်ရန်အတွက် ‘ဟင့်’ဟူသောအသံကို တမင်ထွက်စေသည်။
လက်ပိုက်၊ ခေါင်းစောင်းလျက် ချန်ကျဲ့ကို မကြည့်မိအောင် ငြင်းဆန်နေသည်။
ထိုအခါ ချန်ကျဲ့ သဘောတကျ ပြုံးရယ်၍ ကလေးမလေးအနားသို့ ချဉ်းကပ်သွားလိုက်သည်။
“ဘာဖြစ်လို့လဲ။ တစ်ယောက်ယောက်က ရွေ့ရွေ့ကို အမှားလုပ်သွားသလိုပုံစံကြီးနဲ့ နေ,နေတာ။ ဘယ်သူက ရွေ့ရွေ့ကို ဝမ်းနည်းအောင်လုပ်လိုက်တာလဲ”
“မမ အမ်း အစ်ကိုကြီး!”
“အာ အစ်ကိုကြီးက ရွေ့ရွေ့ကို ဘယ်လိုများ ဝမ်းနည်းအောင်လုပ်မိလို့လဲ”
လုံးဝမွှန်ထူသွားသော ကလေးမလေးသည် ချေပပြောဆို၏။
“အစ်ကိုကြီးတို့ အကုန်လုံးက လူလိမ်ကြီးတွေပဲ။ ဘယ်သူမှလည်း ကတိမတည်ကြဘူး အဟင့် ဟင့်~~”
ထိုသို့ပြောလျက် ကလေးမလေး၏ မျက်လုံးဝိုင်းကြီးများမှာ မျက်ရည်များ စီးကျလာခဲ့ပြီး စတင်၍ တအင့်အင့် ရှိုက်တော့သည်။
ချန်ကျဲ့မှ တစ်ခုခုပြောလုနီးတွင် စူးယွင်ကျင်း ထွက်လာ၍ပြောသည်။
“ယောက်ျား သူ့ကိုလွှတ်ထားလိုက်။ သူငိုချင်ရင် ငိုပါစေ!”
“အစ်ကိုကြီး အစ်ကိုကြီးရဲ့မိန်းမကိုကြည့်ဦး!”
“အစ်ကိုကြီး ဘာလို့သူ့ကို ဘာမှမပြောတာလဲ!”
ကလေးမလေးသည် ပို၍ဒေါသကြီးလာတော့သည်။ ယခု၌ သူမ၏ထိုင်ခုံပုလေးတွင် ထိုင်၍ ခြေထောက်များကို ကန်ကျောက်နေလေသည်။
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ခုတလော မြို့ပေါ်မှာ ဘာမှစည်စည်ကားကားမရှိဘူး။ မြို့ပေါ်မှာ စည်ကားလာတာနဲ့ အစ်ကိုကြီးတို့ သွားကြမယ်လေ။ ရွေ့ရွေ့လေးက လိမ္မာပါတယ် ကောင်းပြီလား”
“အဟင့်ဟင့်…”
ကလေးမလေးမှာ ပို၍ မတရားသလို ခံစားသွားရလေသည်။
အစ်ကိုကြီးကလည်း ငါ့ဘက်က ပြောမပေးဘူး!
သူတို့နှစ်ယောက်ပေါင်းပြီး ငါ့ကိုလိမ်တာပဲ!
စူးယွင်ကျင်းမှ ပြောသည်။
“သူ့ကို ဂရုစိုက်မနေနဲ့ ယောက်ျား။ ကျွန်မတို့ ခုနောက်ပိုင်း သူ့ကို အရမ်းအလိုလိုက်နေမိတာ။ ဟုတ်သားပဲ ယောက်ျား၊ ယွီမိသားစုကိစ္စရော ဘယ်လိုဖြစ်သွားပြီလဲ”
“အာ အဲဒီကိစ္စက ဘာမှမဟုတ်ပါဘူး။ ဦးလေးကျုံးက သူဖြေရှင်းပေးမယ်ပြောတယ်။ ငါတို့ကို ငါးတစ်ကောင်တောင် ပေးလိုက်သေးတယ်”
ချန်ကျဲ့သည် လက်ထဲရှိငါးကို စူးယွင်ကျင်းကို ပေးလိုက်သည်။
စူးယွင်ကျင်းသည် ငါးကိုယူလိုက်ပြီး ပြောသည်။
“ကျွန်မတို့ ထပ်ပြီး ဦးလေးကျုံးကို အလုပ်ရှုပ်စေမိပြန်ပြီ။ ယောက်ျား ကျွန်မမှာ ပြားတစ်ရာရှိသေးတယ်။ ရှင် မနက်ဖြန်ကျ အဲဒီပိုက်ဆံနဲ့ ဦးလေးကျုံးအတွက် သရေစာအချို့ ဝယ်သွားပေးလိုက်ပါ။ ဦးလေးကျုံးက ကျွန်မတို့ကို အများကြီးကူညီပေးထားတာ။ ကျွန်မတို့က ဆင်းရဲရင် ဆင်းရဲမယ်၊ ဒါပေမဲ့ ကျွန်မတို့ ကျေးဇူးတင်ကြောင်းကိုတော့ ဖော်ပြရမယ်လေ”
“အင်း ကိုယ်သိပါတယ်။ ဒါပေမဲ့ ပိုက်ဆံကို မင်းပဲ သိမ်းထားလိုက်ပါ။ ကိုယ့်မှာလည်း ပိုက်ဆံရှိသေးတယ်”
ချန်ကျဲ့တွင် ငွေသုံးလေးတုံးခန့်ပမာဏ ကျန်နေသေးသည်။ စူးယွင်ကျင်း မပြောလျှင်သော်မှ ချန်ကျဲ့သည် ဦးလေးကျုံးအတွက် တစ်ခုခုဝယ်သွားသင့်ကြောင်းကို သိထားပါ၏။
သို့သော်ငြား စူးယွင်ကျင်းမှ သူ့ကို သတိပေးသည့်အတွက် ချန်ကျဲ့ ပျော်ရွှင်မိသည်။
ဉာဏ်ပညာရှိသော ဇနီးသည်သည် ဒုက္ခကင်းဝေးသော ဂုဏ်ယူထိုက်သည့် ခင်ပွန်သည်ကို ဖန်တီးပေးသည်ဟူသော ဆိုရိုးစကားရှိ၏။
အရည်အချင်းရှိသော ဇနီးသည်ဟူသည် ရုပ်ရည်ချောမောလှပရုံသက်သက် မဟုတ်ပေ။
လူမှုဆက်ဆံရေးများကို နားလည်ရပေမည်။ အရာရာတိုင်းတွင် ပြီးပြည့်စုံနေရန် မဖြစ်မနေ လိုအပ်ခြင်းမဟုတ်ပါ။ သို့သော် အနည်းဆုံးတော့ အခြေခံ လူမှုဆက်ဆံရေးဆိုင်ရာ လောကဝတ်များကို သိရှိရပေမည်။
သို့မှသာ အမျိုးသားကို အမှန်တကယ် အကူအညီပေးနိုင်မည်ဖြစ်၏။
ချန်ကျဲ့သည် ငါးကိုင်ရန် တွေးထားခြင်းဖြစ်သည်။ သို့သော် သူ၏ဇနီးလေးသည် ထိုအကြောင်းပြောဆိုပြီးကတည်းက ခွင့်မပြုတော့ပေ။
ထိုအချိန်မှစတင်၍ စူးယွင်ကျင်းသည် ချန်ကျဲ့ကို ချက်ပြုတ်ခွင့်မပြုတော့ပေ။
'အမျိုးသားများသည် မီးဖိုချောင်နှင့် ဝေးဝေးနေသင့်သည်’ဟူသော မြင့်မြတ်သော အကြောင်းပြချက်အရ ဖြစ်ပေသည်။
တကယ်တမ်းတွင် စူးယွင်ကျင်းသည် အခြားသူများ မြင်သွားခဲ့ပြီး သူမ၏ဂုဏ်သိက္ခာ ကျဆင်းသွားမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ချန်ကျဲ့ သိပါသည်။
ငါးကြင်းကို သန့်ရှင်းရခြင်းမှာ မခက်ခဲပါ။
ချန်ကျဲ့သည် ချိုချိုချဉ်ချဉ် ငါးကြင်းဟင်းတစ်ခွက် ချက်လိုခဲ့သည်။ သို့သော် အိမ်တွင် သကြားမရှိ၊ သူ၏ဇနီးလေးသည် ဆီနှင့်ကြော်ဖို့ရာ တွန့်ဆုတ်နေသည့်အတွက် နောက်ဆုံးတွင်တော့ အရည်ဟင်းချက်လိုက်ရန်သာ တတ်နိုင်တော့သည်။
ခက်ခဲသောအချိန်များသည် ယခုမှ ကောင်းမွန်စပြုလာနေခဲ့ပြီဖြစ်၏။
သို့သော် သူ၏ဇနီးသည် ယခင်က သူမ၏နေထိုင်မှုပုံစံများကို ဆက်လက်စွဲကိုင်ထားမြဲဖြစ်သည်။
ငါးချက်သည် လျင်မြန်စွာပင် ချက်ပြုတ်ပြီးသွားသည်။ ရနံ့မွှေးမွှေးသည် လေထုထဲတွင် စိမ့်ဝင်ပျံ့နှံ့သွား၏။ ပြောင်းဆန်နှင့် ဆန်ကွဲတို့ ရောချက်ထားသည့် ထမင်းတစ်အိုးသည် အနည်းငယ်ပို၍ အရသာကောင်းပေလိမ့်မည်။
အပြင်ဘက်တွင် ကလေးမလေးသည် နင့်နင့်သည်းသည်း ငိုကြွေးနေ၏။
သူမသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ရနံ့သည် သွားရည်ကျဖွယ်ကောင်းပေသည်ဟု တွေးနေခဲ့သည်။
ငါးဟင်းနှင့် ထမင်းတို့ကျက်သောအခါ ထမင်းစားစားပွဲတွင် နေရာချသည်။ စူးယွင်ကျင်း ခေါ်လိုက်သည်။
“ရွေ့ရွေ့ ထမင်းစားကြမယ်!”
“မစားချင်ဘူး!”
ကလေးမလေးသည် ခေါင်းမာ၏။
သူတို့ မမြင်နိုင်ဘူးလား။ ငါစိတ်ဆိုးနေတယ်လေ၊ လုံလုံလောက်လောက် မချော့မော့သ၍ ပြန်မကောင်းနိုင်ဘူးလို့!
“အင်း သူ မစားချင်ရင်လည်း မစားခိုင်းနဲ့တော့။ ယောက်ျား ကျွန်မတို့ပဲ စားကြမယ်”
စူးယွင်ကျင်းသည် ချန်ကျဲ့ကို အထဲသို့ပြန်ဆွဲခေါ်သည်။
ချန်ကျဲ့သည် စိတ်ကောက်နေသည့် ကလေးမလေးကိုကြည့်၍ သဘောကျနေမိပေသည်။ ကလေးမလေးသည် သူ ငယ်ငယ်တုန်းကနှင့် အရမ်းတူလွန်းပါ၏။
စူးယွင်ကျင်းနှင့် ချန်ကျဲ့တို့သည် စားသောက်ရန်အတွက် စားပွဲတွင် ထိုင်လိုက်ကြသည်။ ကလေးမလေးသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူမကို မည်သူမျှ လာမခေါ်ပေ။ ကလေးမလေးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မည်သူမျှ သူမကို အာရုံစိုက်မနေကြောင်း သိလိုက်ရသည်။
အချိန်ခဏမျှ စဉ်းစားနေပြီးနောက် ကလေးမလေးသည် သူမ၏ထိုင်ခုံပုလေးကို တံခါးရှေ့သို့ နေရာရွှေ့လိုက်သည်။ ထိုနေရာတွင် အချိန်ခဏကြာ ထိုင်ခဲ့သည်။ ထို့နောက် အိမ်ထဲသို့ ပြန်ရွှေ့သွားသည်။ ထို့နောက် မကြာမီတွင် အခန်းထဲသို့ ရောက်လာခဲ့သည်။
စူးယွင်ကျင်း သူမကို တစ်ချက်လှည့်ကြည့်၏။ ကလေးမလေးသည် ဟွန့်ခနဲအသံပြု၍ တစ်ဖက်သို့ ခေါင်းလှည့်သွားသည်။ အစ်မဖြစ်သူအား မျက်နှာချင်းဆိုင်ခြင်းမှ ရှောင်ဖယ်၏။
ကလေးမလေးသည် ငန်းလေးတစ်ကောင်ကဲ့သို့ ဂုဏ်ယူဝံ့ကြွားနေပြီးနောက်တွင် အားလုံး၏ လျစ်လျူရှုခြင်းကို ခံလိုက်ရလေသည်။
သူမသည် နှုတ်ခမ်းစူ၍ မျက်မှောင်ကြုတ်ထား၏။
စူးယွင်ကျင်းနှင့် ချန်ကျဲ့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ စူးယွင်ကျင်းသည် ချန်ကျဲ့၏ပန်းကန်ထဲသို့ ငါးဥတစ်ပိုင်း ထည့်ပေးလိုက်သည်။
“ယောက်ျား ဒီငါးဥလေး စားကြည့်”
“အင်း”
ချန်ကျဲ့ ကလေးမလေးကို တစ်ချက်ခိုးကြည့်လိုက်သည်။ ခေါင်းမာစွာဖြင့် ခက်ထန်ဟန်ဆောင်နေသည့် ကလေးမလေးသည် တံတွေးမျိုချနေသည်ကို သတိထားမိလိုက်၏။ ချန်ကျဲ့ မထိန်းချုပ်နိုင်စွာ တခစ်ခစ်ရယ်မောမိလေသည်။
ငါးဥကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ချန်ကျဲ့ နှုတ်ခမ်းသပ်လိုက်သည်။
“အမ်းး မိန်းမ ငါးက အရမ်းစားကောင်းတာပဲ”
“စားကောင်းတယ်မလား။ ယောက်ျား ထပ်ထည့်စားဦး”
စူးယွင်ကျင်းသည် နောက်ထပ် ငါးဗိုက်သားကို တူဖြင့်ညှပ်ယူလျက် ပြောသည်။
နောက်ဆုံးတွင်တော့ ကလေးမလေးမှာ မထိန်းချုပ်နိုင်တော့ပေ။ မျက်နှာလေး နီရဲလျက် သူမ၏ထိုင်ခုံလေးကို ထမင်းစားစားပွဲသို့ ရွှေ့လာတော့သည်။
“စားကောင်းလား။ ရွေ့ရွေ့ စားကြည့်ချင်တယ်…”
“စားကောင်းတယ်”
…
ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့သည် ကလေးမလေး၏ အပြုအမူတို့ကိုကြည့်၍ ရယ်မောနေကြသည်။ ထိုစဉ် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။
ထို့နောက် လူတစ်ယောက်၏စကားသံကို ကြားလိုက်ရ၏။
“ကျိုစစ် အိမ်မှာရှိနေလား”