ငါ့အသက် ၃၆နှစ်သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ ဒီလောက်ထိ အရှက်မကွဲခဲ့ရဖူးဘူး!
Vol. 5 Ch. 68
“ကိုယ် သွားကြည့်လိုက်မယ်”
အပြင်ဘက်မှ ဆူညံသံများကိုကြားသောအခါ ချန်ကျဲ့ မတ်တပ်ထရပ်လိုက်သည်။ စူးယွင်ကျင်းသည် အလွန်တရာ စိုးရိမ်ပူပန်နေ၏။
ကလေးမလေးသည်တော့ ပျော်မွေ့စွာ စားသောက်နေဆဲပင်။
“ဘာမှမဖြစ်ပါဘူး။ ခုနကအသံက ဦးလေးကျုံးရဲ့အသံပါ”
ချန်ကျဲ့သည် ဝူကျုံး၏အသံကို ခွဲခြားမှတ်မိသည်။ စူးယွင်ကျင်းမှ ပြောသည်။
“ဒါဆိုရင် ကျွန်မ ရှင်နဲ့အတူ လိုက်ကြည့်မယ်”
အမ်း!
သူတို့နှစ်ဦး အပြင်ထွက်ကြည့်သောအခါ လူအုပ်စုကြီး စုဝေးနေခဲ့သည်။ ပွဲကြည့်ရခြင်းကို နှစ်ခြိုက်ကြသော ရွာသားများသည် လူစုဝေးနေကြပြီဖြစ်သည်။
ညိုမဲစွဲနေသောမျက်နှာများဖြင့် ယွီစန်းလျို့နှင့် လုစန်းတို့ပင်လျှင် ပွဲကြည့်ရန် ထွက်လာကြသည်။
ငါးဖမ်းကုန်သည်အဖွဲ့သားတစ်စုသည် လူတစ်ဦးကို ဝန်းရံထား၏။ ယွီအိမ်တော်အစေခံများသည် ခပ်ဝေးဝေးမှ စောင့်ဆိုင်းနေသည်။
ပွဲကြည့်သူများအားလုံးသည် လက်ညှိုးတထိုးထိုးဖြင့် ဆွေးနွေးပြောဆိုနေကြသည်။ ပုံမှန်အားဖြင့် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် သူရဲကောင်းများအလား ဝံ့ကြွားဟန်ရှိကြ၍ ယခု၌မူ လူ၅၀၊၆၀ခန့် စုဝေးနေကြလေရာ ထိုမြင်ကွင်းမှာ အတော်လေး တောက်ပနေပေသည်။
အချို့သည် ဝန်းရံခံနေရသည့်လူကို မှတ်မိလိုက်ကြသည်။
“အဲဒါ အဲဒါက သခင်လေးယွီ မဟုတ်လား”
“အင်း သူပဲ၊ သေချာတယ်။ ငါသူ့ကို အရင်က မြင်ဖူးတယ်”
“သူက ဘာလို့ ဒီကိုရောက်လာရတာလဲ”
ရွာသားများသည် မရပ်မနား ဆွေးနွေးပြောဆိုနေကြသည်။ အကြောင်းအရင်မှာ မရှင်းလင်းသော်ငြား ပွဲကြည့်ပရိသတ်အရေအတွက်သည်တော့ ဆက်တိုက် တိုးပွားလာနေသည်ပင်။
ရွာသားများ ပို၍များပြားလာနေသည့် လူအုပ်စုကိုကြည့်လျက် ယွီစန်းလျို့၏မျက်နှာမှာ မခံမရပ်နိုင်ခြင်းသော အမျက်ဒေါသများဖြင့် ပြည့်နှက်လာတော့သည်။
သို့သော် သူ့ကိုကြည့်နေသည့် ဝူကျုံးကို မြင်သောအခါ သူ၏အမျက်ဒေါသတို့အား ထုတ်ဖော်မပြဝံ့ပါချေ။
ထိုစဉ် ချန်ကျဲ့နှင့်စူးယွင်ကျင်းတို့လည်း အိမ်ရှေ့ထွက်လာကြသည်။ ချန်ကျဲ့မှ ရှေ့မှထွက်လာ၍ စူးယွင်ကျင်းသည် နောက်မှလိုက်ထွက်လာသည်။
“ဦးလေးကျုံး”
ချန်ကျဲ့သည် အပြင်ရောက်သည်နှင့် ဝူကျုံးကို နှုတ်ဆက်သည်။ ဝူကျုံးမှ ပြုံးလိုက်သည်။
“ကျိုစစ် ငါမင်းကို မနှောင့်ယှက်မိပါဘူးနော်”
“ဦးလေးကျုံး ဘယ်လိုပြောလိုက်တာလဲဗျာ။ ဦးလေးကျုံး ဘာကိစ္စရှိလို့လဲဗျ”
ချန်ကျဲ့ ဝူကျုံး၏လာရင်းကိစ္စကို မေးမြန်းလိုက်သည်။
ဝူကျုံးသည် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“မင်းရဲ့အမျက်ဒေါသကို ဖြေဖျောက်ဖို့”
ဝူကျုံးသည် ထိုသို့ပြော၍ ယွီစန်းလျို့ကို လှည့်ကြည့်လိုက်သည်။
“မင်းအလှည့်ရောက်ပါပြီ သခင်လေးယွီ”
ထိုအခါ ယွီစန်းလျို့ ခေါင်းမော့လာပြီး ချန်ကျဲ့၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။
ယွီစန်းလျို့၏မျက်လုံးများ၌ အဆိပ်ပြင်းသောအကြည့်အချို့ တဒင်္ဂ ထင်ဟပ်သွားခဲ့သည်။ သို့သော် ချန်ကျဲ့မှာ ထင်ထင်ရှားရှား သတိထားမိလိုက်ပါ၏။ သို့သော်ငြား ချန်ကျဲ့ မကြောက်ရွံ့ပါချေ။ သူနှင့် ယွီစန်းလျို့တို့သည် အမြဲတစေ ပဋိပက္ခအတွင်း ရှိနေခဲ့ကြသည် မဟုတ်ပါလော။
ယွီစန်းလျို့၏ သူ့အပေါ်ထားရှိသည့် အငြိုးအတေးများ ပို၍ပြင်းထန်လာမည်ကို ချန်ကျဲ့ ဂရုမစိုက်ပါ။
ချန်ကျဲ့သည် မိမိကိုယ်ကိုယ် လွတ်မြောက်နိုင်မည်ဟု ဘယ်သောအခါမျှ တွေးမထားခဲ့ပေ။
ယွီစန်းလျို့ကို ဖျက်ဆီးနိုင်မည့်နည်းလမ်းကိုသာ တွေးတောနေခဲ့သည်။
ယွီစန်းလျို့ ရှေ့သို့လျှောက်လာသည်။ ဝူကျုံးမှ ပြောသည်။
“ယွင်ကျင်း ဒီကိုလာ”
စူးယွင်ကျင်းသည် ဝူကျုံးအနီးသို့ လျှောက်သွား၍ နှုတ်ဆက်လိုက်သည်။
“ဦးလေးကျုံး”
ဝူကျုံးမှ ပြောသည်။
“အရှေ့ဘက်မြစ်က အဖြစ်အပျက်က မင်းကို ဒေါသဖြစ်စေမှာပဲ။ ဦးလေးသူ့ကို မင်းကို တောင်းပန်ခိုင်းဖို့အတွက် ခေါ်လာခဲ့တာ”
တောင်းပန်မယ်??
ထိုစကားကိုကြားသောအခါ ရွာသားများသည် အံ့ဩထိတ်လန့်စွာဖြင့် ကြောင်အလျက် ကြည့်နေကြသည်။ စကားလုံးတစ်လုံးမျှ ထွက်မလာနိုင်ကြတော့ပေ။
သူခုနက ဘယ်သူ့ကို တောင်းပန်ခိုင်းမယ်လို့ ပြောလိုက်တာလဲ။
ယွီစန်းလျို့ကိုလား။
အဲဒီသခင်လေးယွီက ရှန်းထောင်မြို့ရဲ့ နံပါတ်တစ်လူ့ပေါ်ကြော့၊ ချောင်ကုန်သည်အဖွဲ့ ဦးစီးမှူးရဲ့သား၊ ယွီရတနာစံအိမ်ရဲ့ သခင်လေးယွီလေ!
အဲဒီသူကို တောင်းပန်ခိုင်းမယ်တဲ့လား။
သူက လူသတ်ရင်တောင် တောင်းပန်မယ့်သူမျိုး မဟုတ်ဘူးလေ!
ဘယ်လိုအခြေအနေမျိုးကများ သူ့ကိုဦးညွှတ်အောင် ပြုလုပ်နိုင်ရသလဲ။
စူးယွင်ကျင်းကို တောင်းပန်မယ်တဲ့။
ဒါက လုံးဝ မယုံကြည်နိုင်စရာပဲ။
စူးယွင်ကျင်းက ဘယ်သူမလို့လဲ။
ရွာထဲမှာ ဂြိုဟ်ဆိုးလို့ သမုတ်ခံရတဲ့ စူးယွင်ကျင်းကို မသိတဲ့သူ ဘယ်သူရှိလို့လဲ။
ဝေးဝေးသွားကြည့်ဖို့ မလိုဘူး။ လွန်ခဲ့တဲ့ ၇ရက်၊၈ရက်ကိုပဲ ပြန်ကြည့်ပါဦး။ အဲဒီတုန်းက စူးယွင်ကျင်းက ဒီလောက်အရေးပါတဲ့သူလို့ ဘယ်သူကများ သတ်မှတ်ခဲ့ဖူးလို့လဲ။
ဒါပေမဲ့ အခုတော့ သခင်လေးယွီက လူကိုယ်တိုင် လာတောင်းပန်တယ်တဲ့!
ဒီပြောင်းလဲမှုတွေအားလုံးက ချန်ကျိုစစ်ကြောင့်ပဲ!
ထိုအခိုက်အတန့်၌ အားလုံးသည် ဖယ်ကြဉ်ခံရလေ့ရှိခဲ့သော အထင်မြင်သေးဖွယ် လောင်းကစားသမားမှာ အဆင့်အတန်းမြင့်မားသွားပြီဖြစ်ကြောင်းကို နားလည်လိုက်ကြသည်။
သူတို့ သတိမထားမိလိုက်မီ၌ပင် ယွီစန်းလျို့ကို ဦးညွှတ်စေနိုင်သူတစ်ဦး ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ရွာသားများ၏ ချန်ကျဲ့ကိုကြည့်နေသည့် အကြည့်တို့မှာ ပုံစံအသစ်ပြောင်းလဲသွားကြလေပြီ။
သုံးရက်အချိန်ဟူသည် ကိစ္စအများအပြား ပြောင်းလဲသွားနိုင်၏။
သူတို့ ရက်အနည်းငယ်မျှ မတွေ့လိုက်ရသော ချန်ကျိုစစ်သည် ယခုတွင်တော့ သူတို့နှင့် အဆင့်အတန်း မတူတော့ပေ။
စူးယွင်ကျင်းသည် ဝူကျုံး၏စကားများကြောင့် ထိတ်လန့်သွား၏။
ယွီစန်းလျို့အား သူမကို တောင်းပန်ခိုင်းလိုက်ခြင်းသည် သူမ၏ယောက်ျားဖြစ်သူအတွက် ဒုက္ခများစေရန် တောင်းဆိုလိုက်ခြင်းပင် မဟုတ်ပါလော။
ယွီစန်းလျို့သည် သူမ၏ယောက်ျားအပေါ် မူလကတည်းက ရန်လိုနေခဲ့သူဖြစ်သည်။
အဲဒါကို အခုနေ ငါ့ကိုတောင်းပန်လိုက်ရပြီး အရှက်ရသွားခဲ့ရင်…
ယွီစန်းလျို့က ဘယ်လိုလုပ်ပြီး အတိတ်မှာဖြစ်ခဲ့တာကို အတိတ်မှာပဲ ထားခဲ့နိုင်မှာတဲ့လဲ။
ငါနည်းနည်းလောက် ဒုက္ခခံစားလိုက်ရလို့ ဘာမှမဖြစ်ဘူး။ ငါ ယောက်ျားအတွက် ရန်သူဖန်တီးလို့ မဖြစ်ဘူး!
ထိုသို့တွေးတော၍ စူးယွင်ကျင်း ပြောလိုက်သည်။
“ဦးလေးကျုံး မ…”
သူမ၏စကားမဆုံးမီ၌ ချန်ကျဲ့သည် သူမ၏လက်ကို ဆုပ်ကိုင်လာခဲ့သည်။ သူမကို စကားဆက်မပြောစေတော့ပေ။
အချို့သောသူများသည် ရန်သူဖြစ်ရန် ကံကြမ္မာဖန်ထားခဲ့ပြီးဖြစ်သည်။
ဒူးထောက်၍ သူတို့စိတ်ကျေနပ်အောင် ကြိုးစားလျှင်ပင် သူတို့၏ သင့်အပေါ်အမြင်မှာ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။
ဆန့်ကျင့်ဘက်အနေဖြင့် သင်သည် အားနည်းပြီး အနိုင်ကျင့်ရန်လွယ်ကူသည်ဟု တွေးကြလိမ့်မည်။
ယွီစန်းလျို့သည် ထိုကဲ့သို့လူမျိုးဖြစ်သည်မှာ မလွဲဧကန်ပင်။ ချန်ကျဲ့သည် သူ၏စိတ်ကို သိမြင်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၏။
သူ့ကို မထိပါးလျှင်သော်မှ ယွီစန်းလျို့သည် အခွင့်အရေးရသည်နှင့် မိမိကို သတ်ပစ်မည့်သူဖြစ်သည်။
ယွီစန်းလျို့ အခုလက်ရှိတွင် မလှုပ်ရှားရသည့် အကြောင်းရင်းမှာ မိမိဘက်မှ သူ့ကို မထိပါးသောကြောင့် မဟုတ်ပါဘဲ သူ့တွင် အခွင့်အရေးမရှိသေးသောကြောင့် ဖြစ်သည်။
အဆိပ်ပြင်းမြွေသည် အဆိပ်ပြင်းမြွေသာ ဖြစ်၏။
တစ်ဖက်၌ ဝူကျုံး၏ဩဇာလွှမ်းမိုးမှုသည် ဆန့်ကျင်ဘက်အဖွဲ့အား ဖိနှိပ်နိုင်စွမ်းရှိသည်။
ယွီစန်းလျို့ကဲ့သို့သောလူများနှင့် ရင်ဆိုင်ရန် နည်းလမ်းနှစ်ခုသာရှိသည်။
အနာဂတ်တွင် ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် သတ်ဖြတ်ခြင်း သို့တည်းမဟုတ် သူ့အား စိုးရိမ်ကြောက်ရွံ့နေစေရန် မိမိ၏အင်အားကို ထုတ်ဖော်ပြသခြင်းတို့ဖြစ်သည်။
ဤအခြေအနေတွင် ခယဝယလုပ်ခြင်းနှင့် အားနည်းဟန်ပြခြင်းတို့မှာ အသုံးမဝင်ပေ။
အသေအကြေတိုက်ရမယ့် ရန်သူတွေအဖြစ် ကံကြမ္မာပါလာခဲ့တယ်ဆိုရင် ဘာလို့များ အခုတည်းက သူ့ဘဝကို သေတာထက်ပိုဆိုးအောင် မလုပ်ပစ်ရမလဲ။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ ဝူကျုံးကို ပြောလိုက်သည်။
“ဦးလေးကျုံး အားစိုက်ထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်”
ဝူကျုံး ခေါင်းညိတ်ပြလိုက်ပြီးနောက် ယွီစန်းလျို့သို့ လှည့်ကြည့်သည်။
“ကောင်းပြီ၊ အားလုံးနီးပါးလည်း ရောက်နေကြပြီဆိုတော့ အခုပဲ တောင်းပန်လိုက်ပါတော့!”
ထိုအခါ ယွီစန်းလျို့သည် ပွဲလာကြည့်ကြသည့် ရွာသားအုပ်စုကြီးကို ဝေ့ဝဲကြည့်လိုက်သည်။ ရွာသားများ၏ တီးတိုးပြောဆိုသံများကိုလည်း နားစွင့်နေခဲ့သည်။
ယွီစန်းလျို့၏သွားများမှာ အမျက်ဒေါသကြောင့် ကျိုးကြေလုနီးပါးပင်။
စူးယွင်ကျင်းကိုကြည့်လျက် လက်သီးကို တင်းတင်းဆုပ်ထားသည်။
ယွီစန်းလျို့၏ ရက်စက်ကြမ်းကြုတ်သော ဂုဏ်သတင်းမှာ အလွန်ကျော်ကြားလေရာ စူးယွင်ကျင်းမှာ အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။
သို့သော် ချန်ကျဲ့သည် သူမ၏လက်များကို ဆုပ်ကိုင်ပေးထား၍ သူမကို စိတ်လုံခြုံမှုရှိစေသည်။
သူမ၏နှလုံးအိမ်မှာ အနည်းငယ် တည်ငြိမ်သွား၏။
ယွီစန်းလျို့သည် အသက်ပြင်းပြင်းရှူသွင်း၍ စိတ်နှလုံးအတွင်းမှ အမျက်ဒေါသတို့ကို ဖိနှိပ်လိုက်သည်။
ထို့နောက် ပြောသည်။
“မိန်းကလေးစူး တောင်းပန်ပါတယ်”
ထိုအခါ ဝူကျုံးမှ အေးစက်စွာပြောသည်။
“မင်း ဒီလိုမျိုးက တောင်းပန်တာလား။ ငါတို့မင်းကို အလေးအနက် အရိုအသေပြုဖို့လိုအပ်တာကို မလုပ်ခိုင်းတာနဲ့တင် သက်ညှာပေးထားပြီကို ဦးညွှတ်တာလောက်တော့ မလုပ်သင့်ဘူးလား”
ထိုအခါ ရွာသားများမှာ ပို၍စိတ်လှုပ်ရှားလာတော့သည်။
“ဟေး ဦးညွှတ်ရမှာတဲ့ ဟားဟား.. အခုတော့ ယွီစန်းလျို့တစ်ယောက် တကယ်ကြီး အရှက်ရသွားရပြီပဲ!”
“ဟုတ်ပ၊ အဲဒီမှာ ကြည့်ပါဦး…”
…
ယွီစန်းလျို့သည် ဦးညွှတ်ရင်းဖြင့် အနီးဝန်းကျင်တွင် ရစ်ဝဲနေသော တီးတိုးပြောစကားများကို နားစွင့်နေခဲ့သည်။
စိတ်နှလုံးအတွင်း၌ အကြွင်းမဲ့သော အရှက်တကွဲဖြစ်မှုကို ခံစားနေရကာ ခက်ခက်ခဲခဲဖြင့် သည်းခံနေရသည်။
လူတို့၏ အရှက်ရခြင်းအပေါ် ခံနိုင်ရည်မှာ မတူညီကြပေ။ သူတောင်းစားတစ်ဦးသည် အရိုအသေပြုရခြင်းအတွက် ရှက်ရွံ့လိမ့်မည် မဟုတ်ပေ။
သို့သော် အချို့သူများသည်တော့ တောင်းပန်စကားတစ်ခွန်း ဆိုရခြင်းဖြင့်ပင် လူသတ်ချင်သည်အထိ အမျက်ဒေါသထွက်နိုင်ပေသည်။
ယွီစန်းလျို့သည် ဒုတိယအမျိုးအစားဖြစ်၏။
ဤအချိန်ကာလ၌ ယွီစန်းလျို့၏မျက်လုံးများမှာ အမုန်းအာဃာတများ ပြည့်နှက်နေသည်။ မျက်လုံးအစုံတို့ စူးရဲနေကြသည်မှာ သွေးများစီးကျလာတော့မည့်အလား.. သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ကိုလည်း အလွန်ခက်ခက်ခဲခဲ ထိန်းချုပ်ထားရသည်။
ချန်ကျိုစစ်၊ စူးယွင်ကျင်း၊ စက်ဆုပ်ဖို့ကောင်းလိုက်တဲ့ လူတွေ၊ မင်းတို့နှစ်ယောက် စောင့်နေလိုက်! ငါ မင်းတို့နှစ်ယောက်လုံးကို သေဖို့တောင်းဆိုလာရအောင် လုပ်ပစ်မယ်!
ငါ့ကို ဒီလိုမျိုးအရှက်ရစေတဲ့အတွက် မင်းတို့ကို ဒီလောကမှာရှိတဲ့ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို ခံစားရစေမယ်!
မင်းတို့ကို သတ်ပစ်မယ်!
ဒေါသကြောင့် ယွီစန်းလျို့၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေသည်။
ချန်ကျဲ့သည် ယွီစန်းလျို့၏မျက်လုံးများကို မမြင်ရပေ။ သို့သော် ယွီစန်းလျို့သည် သူနှင့် ဇနီးဖြစ်သူအား အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ချင်နေလိမ့်မည်ကို ခန့်မှန်းနိုင်ပါ၏။
ကံဆိုးစွာဖြင့် သူ မလုပ်နိုင်သေးပေ!
ချန်ကျဲ့သည်လည်း ယွီစန်းလျို့အား ထိုသို့ပြုလုပ်ရန် သေချာပေါက် အခွင့်အရေးပေးလိမ့်မည် မဟုတ်ပေ။ သူ၏သိုင်းပညာတိုးတက်မှုများအရ ချန်ကျဲ့သည် ဒီနေ့ညတွင် အရေပြားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိမည်ဖြစ်၏။
သို့ဖြစ်ရာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့်စွမ်းရည် ရှိသွားလိမ့်မည်။ ထို့နောက် အင်အားကြီးမားသည့် သိုင်းကျင့်စဉ်တစ်ခုကို သင်ယူနိုင်မည့်အခွင့်အရေးကို ရှာဖွေရပေမည်။
ထိုအချိန်ကျလျှင် ယွီစန်းလျို့မှ မိမိကို သတ်ဖြတ်လိုခြင်းတစ်ခုတည်း မဟုတ်နိုင်တော့ပေ။ မိမိမှ ယွီစန်းလျို့ကို သတ်ဖြတ်ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ပြင် ထိုနေ့မှာ မကွာဝေးတော့ပေ။